ထို အနီရောင်သွေးစက် ပေါ်လာသည့်အချိန်တွင် သီခြားဆန်လွန်းသော မီးတောက်တစ်ခုသည် ကောင်းကင်အနှံ့တွင် ရိုက်ခတ်လာ၏။ သည်လောကမှာ အနီရောင်အလင်းနှင့် ထွေးခြုံလာသည်။
လောက၌ မတည်ရှိသင့်သော ယင်းမီးတောက်သည် တောင်ဘက်ခြမ်း ကောင်းကင်အထက်တွင် စုဝေးကာ ဟင်္သာငှက်အသွင် ဆောင်၏။ ၎င်းငှက် မြည်ဟိန်းသံ ပြုကာ အောက်ဘက်ရှိ လူတိုင်းကို ငုံ့ကြည့်သည်။၎င်းငှက်သည် မြင့်မြတ်သောအော်ရာနှင့် ပြည့်နှက်ပေ၏။
တစ်ချိန်တည်းမှာပင် ဟင်္သာငှက်နတ်အင်ပါယာဘေးနားရှိ အဇူရာနဂါးနတ်ကလန်မှ အကြီးအကဲများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ ဝတ်ရုံတွင် အဇူရာနဂါးကိုးကောင် ရေးထိုးထားသည့် ရှေ့ဆုံးမှ အကြီးအကဲက အသက်ဝဝရှုသွင်းကာ သူ့ရင်ဘက်ရှေ့တွင် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက် သူက မာန်သွင်းလိုက်ရာ အစွမ်းထက်အော်ရာတစ်ခု ပျံ့လွင့်လာချေသည်။
တစ်ချိန်တည်းမှာပင် သူသည် နာကျင်ဟန် ပေါက်၏။ သူ့ရင်ဘက်ပတ်လည်ရှိ ဝတ်ရုံအစများမှာ အရည်ပျော်ကကာ သူ့အသားအရည်ကို ပေါ်ထွက်လာစေ၏။ သူ့ရင်ဘက်ကနေ အစိမ်းရောင်အလင်းတစ်ခု လင်းလက်လာပြီး တစ်စုံတစ်ခု ပျံသန်းထွက်လာသည်။
၎င်းမှာ အစိမ်းရောင်သစ်သားပိုင်း ဖြစ်၏။
အစိမ်းရောင်သစ်သားပိုင်း ပေါ်ထွက်လာချိန်၌ နဂါးဟိန်းသံများ လောကတစ်ခွင်တွင် ပဲ့တင်ထပ်သည်။ မရေမတွက်နိုင်သော ပေထောင်ချီ ရှည်လျားသည့် အဇူရာနဂါးများမှာ ကောင်းကင်ထက်တွင် ပေါ်ထွက်လာကြသည်။ အဇူရာနဂါးဟိန်းသံများမှာ ကောင်းကင်အနှံ့တွင် မြည်ဟိန်းနေသည်။
ယင်းအဇူရာနဂါးများက အရှေ့အရပ်တွင် စုစည်းကာ အလွန်ကြီးမားသည့် အဇူရာနဂါးကြီး တစ်ကောင်အဖြစ် ဖြစ်တည်၏။ ၎င်းနဂါးသည် ရစ်ခွေကာ လူတိုင်းအား ကြမ်းကြုတ်စွာ ကြည့်သည်။
အလားတူပင် ကျားဖြူနတ်ကလန်မှ အကြီးအကဲများသည်လည်း အစီအရင်တစ်ခုအသွင် ထိုင်ချကာ ချိပ်ဟန်များ ဖြစ်ပေါ်စေသည်။ သူတို့၏ မျက်ခုံးနှစ်ခုကြားကနေ ရွှေရောင်အလင်းတို့ တလက်လက် တောက်ပကာ သတ္တုအပိုင်းအစခုနစ်ခုသည် ထိုသူတို့၏ ဦးခေါင်းထံကနေ ပျံသန်းထွက်လာကြသည်။
သတ္တုအပိုင်းခုနစ်ခု ထွက်ပေါ်လာသည့်နောက် ၎င်းတို့သည် ပုံပန်းအသွင်မညီညာသော သတ္တုအပိုင်းတစ်ခု အဖြစ်သို့ ပေါင်းစည်း၏။ ထိုသတ္တုများ ပေါင်းစည်းသည့်နောက် နောက်ထပ်ပြောင်းလဲမှုတစ်ခု ကောင်းကင်ထက်တွင် ဖြစ်ပွားလာခဲ့သည်။
ကျားဟိန်းသံ တစ်ခု ရုတ်တရပ် ပေါ်လာကာ လောကကို တုန်လှုပ်စေသည်။ သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ ဤဧရိယာတွင် လွင့်ပျံ့လာတော့၏။
ထိုကျားဟိန်းသံနောက်၌ အံ့မခန်းကြီးမားသည့် ကျားဖြူတစ်ကောင် ပေါ်လာသည်။
ကျားဖြူသည် အလွန်ကြမ်းကြုတ်သည့်ဟန် ရှိ၏။ ၎င်းသည် လေထဲတွင် ရှိနေရင်း နီရဲရဲမျက်လုံးဖြင့် လူတိုင်းအား ကြည့်ကာ ကောင်းကင်ယံ အနောက်ဘက်အရပ်သို့ ရောက်ရှိသည်။
သူတို့၏ တော်ဝင်ရတနာကို နောက်ဆုံး ထုတ်ယူသည်က လိပ်နက်နတ်ကလန် ဖြစ်၏။အတိတ်တုန်းက လိပ်နက်နတ်အင်ပါယာ သစ္စာဖောက်ခဲ့ပြီးသည့်နောက် ကလန်သည် နှစ်ခြမ်းကွဲကာ မဟာမိတ်၏ တိုက်ခိုက်မှုကြောင့် လိပ်နက်ကလန်တွင် လူအနည်းငယ်သာ ကျန်ရစ်ခဲ့လေ၏။
လိပ်နက်ကလန်မှ အကြီးအကဲ သုံးယောက်သာ ထွက်လာ၏။ သူတို့ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် ရေလှိုင်းတစ်ခု ပေါ်လာကာ သည်ဧရိယာကို ရိုက်ခတ်သည်။ မွန်းစတားဆန်သော ရေလှိုင်းက ကောင်းကင်တစ်ခွင် ပျံ့နှံ့နေရင်း ဧရာမလိပ်နက်ကြီး ပေါ်လာသည်။
ထိုလိပ်နက်မှာ အနည်းငယ် မှိုင်းနေဟန် ပေါ်၏။ ၎င်းသည် သံရှည်ဟိန်းသံကို ထုတ်လွှတ်လိုက်ပြီးနောက် မြောက်အရပ်တွင် နေရာယူသည်။
သို့ရာတွင် အခြားနတ်သားရဲ သုံးကောင်နှင့် ယှဉ်ပါက သည်လိပ်နက်မှာ သိသာစွာ အားနည်းနေ၏။
နတ်သားရဲလေးကောင်သည် နေရာ ယူပြီးသွားသည်။ အဇူရာနဂါးမှာ အရှေ့၊ ကျားဖြူသည် အနောက်၊ ဟင်္သာငှက်သည် တောင်၊ လိပ်နက်သည် မြောက်အရပ် တို့၌ နေရာအသီးသီး ယူကြသည်။
နတ်သားရဲလေးကောင်မှာ အချိန်တိုအတွင်း ပေါ်လာကာ ကောင်းကင်အား လွှမ်းခြုံ၏။
ရှေ့ဖြစ်ဟောသူ၏ အသွင်မှာ အတော် သုန်မှုန်နေပေပြီ။ ရှေးဟောင်းမိစ္ဆာတာကျားက သည်နတ်သားရဲလေးကောင်ကို အေးစက်စက် စူးစိုက်ကြည့်၏။
ဟင်္သာငှက်နတ်အင်ပါယာမှာ ကြိုပြင်ဆင်၍ လာခဲ့ခြင်းပင်။ သူသည် သူ့ညာလက်ကို ဝေ့ယမ်းကာ သူ့လက်မှ သွေးစက်ကို တောင်အရပ်ရှိ ဟင်္သာငှက်ထံသို့ ပျံသန်းသွားစေကာ ပေါင်းစည်းစေသည်။
ဟင်္သာငှက်သည် ချက်ခြင်းပင် အော်မြည်သံ ထုတ်လွှတ်၏။ ၎င်းပတ်လည်ရှိ မီးတောက်များမှာ ပို၍ အားကောင်းလာသည်။ ၎င်းသည် ရှေ့ဖြစ်ဟောသူနှင့် ရှေးဟောင်းမိစ္ဆာတာကျားတို့ထံသို့ ဦးတည်ဝင်ရောက်လာတော့၏။
တစ်ချိန်တည်းမှာပင် အဇူရာနဂါး၊ကျားဖြူ၊လိပ်နက် ကလန်တို့သည့်လည်း အလားတူ လှုပ်ရှားသည်။နတ်သားရဲသုံးကောင်သည် ဟိန်းသံပေးကာ အောက်ဘက်သို့ ဆင်းသက်လာ၏။ ထိုအခါ အံ့မခန်းဖိသိပ်အားကို ပျံ့လွင့်စေသည်။
ရှေ့ဖြစ်ဟောသူက သုန်မှုန်စွာ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူသည် ရှေ့သို့ လက်ညွှန်ကာ အော်ပြော၏။ “ကောင်းကင်ဘုံကံကြမ္မာ ခုနစ်ရောင်စုံ ကျားစိတ်ဝိညာဉ်…”
ထိုသို့ ဆိုပြီးနောက် ခုနစ်ရောင်စုံအလင်းတစ်ခု လင်းလက်သည်။ ထိုအလင်းကနေ ခုနစ်ရောင်စုံ ကျားတစ်ကောင် ပေါ်လာ၏။ ထိုကျားမှာ ကျားဖြူလောက် ကြီးမား၏။၎င်းသည် ကျားဖြူထံသို့ ခုန်အုပ်ဝင်လာ၏။
“ကောင်းကင်ဘုံကံကြမ္မာ… ခုနစ်ရောင်စုံ နဂါးစိတ်ဝိညာဉ်…”
“ကောင်းကင်ဘုံကံကြမ္မာ ခုနစ်ရောင်စုံ လိပ်စိတ်ဝိညာဉ်…”
ရှေ့ဖြစ်ဟောသူ ထိုသို့ ဆိုသည့်နောက် ခုနစ်ရောင်စုံနဂါးနှင့် ခုနစ်ရောင်စုံလိပ်နက်တို့သည် ပေါ်လာပြန်သည်။ ၎င်းတို့ကလည်း ဟိန်းသံပေးကာ တိုးဝင်လာကြသည်။
ထို့နောက် ရှေ့ဖြစ်ဟောသူက ချိပ်ဟန်တစ်ခု ဖြစ်စေရင်း ကောင်းကင်ထက်သို့ ထိုးတက်လာသည်။
ရှေးဟောင်းမိစ္ဆာတာကျားသည် နတ်သားရဲလေးကောင်ကို စူးစိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှု အရိပ်အမြွက် ပေါ်နေ၏။ သည်တော်ဝင်ရတနာလေးခုကို သူ သိနေသလို ဖြစ်နေ၏။ သူ့ရှေးဟောင်းမိစ္ဆာမှတ်ဉာဏ်အတွင်းပိုင်း၌ ၎င်းတို့ကို အရင်က တွေ့မြင်ခဲ့ဖူးဟန် တူသည်။ ရှေးဟောင်းမိစ္ဆာတာကျားသည် ကောင်းကင်ထက်သို့ လက်ညွှန်ကာ အော်ပြောလာ၏။ “နေ၊လ၊ကြယ် သုံးခုပြိုင် မြှုပ်နှံ့ခြင်း…”
ထိုအခိုက်အတန့်၌ ကောင်းကင်ထက်ရှိ နတ်သားရဲလေးကောင်အား ကြယ်အလင်းက ရုတ်တရပ် ခြုံလွှမ်းလာ၏။ ထိုကြယ်အလင်းသည် အလွန်လျှပ်တပြတ်ဆန်ကာ နတ်သားရဲလေးကောင်ထံသို့ တိုးဝင်လာသည်။
ကြယ်အလင်းနောက်တွင် လအလင်း ပါလာ၏။ လအလင်းသည် မမြင်ရဘဲ ပုံရိပ်ယောင်ကဲ့သို့ ပေါ်လာဟန် တူသည်။
လအလင်းနောက်တွင် မြှုပ်နှံ့ခြင်းမန္တာန်သုံးခု၌ အားအကောင်းဆုံး နေမြှုပ်နှံ့ခြင်းလည်း ရှိသေး၏။
ရှေးဟောင်းမိစ္ဆာတာကျားသည် ထိုမန္တာန်ကို အသုံးပြုချိန်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ပြင်ပ လေဟာနယ်ထဲမှ အလင်းသည် စုံမှတ်တစ်ခုသို့ စတင်စုစည်းလာသည်။
အလင်းများ ပိုစုစည်းမိလာလေလေ အလင်းစုံမှတ်မှာ ကြီးသထက် ကြီးလာ၏။ ခပ်ရှရှ အလင်းသည် ကောင်းကင်တွင် ပြည့်နှက်လေ၏။
အလင်းစုံမှတ်သည် အလင်းအားလုံးကို စုပ်ယူပြီးသည့်နောက် ပေသောင်းချီထိ ကျယ်ပြော ကြီးမားလာသည်။ ထိုအလင်းမှာ အလွန်အစွမ်းထက်ပေမည်။
ထိုအခိုက်အတန့်၌ သည်အလင်းလုံးမှာ နေမင်းကဲ့သို့အလား။ ၎င်းအလင်းလုံးသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ထံသို့ တိုက်ရိုက် တဝီဝီ မြည်ဟိန်းကာ ဦးတည်လာ၏။
ရှေ့ဖြစ်ဟောသူသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ လေထဲရှိ နတ်သားရဲလေးကောင်ထံသို့ ဦးတည်၏။
ဟင်္သာငှက်နတ်အင်ပါယာက ခေါင်းယမ်းကာ တည်ငြိမ်စွာ ပြောသည်။ “ကြည့်….ငါတို့ နတ်လေးပါးကလန်ရဲ့ တော်ဝင်ရတနာလေးခုမှာ ပုံစံသုံးမျိုးသာ ပိုင်ဆိုင်ထားတော့ပေမယ့် ဒီသုံးမျိုးနဲ့တင် နတ်လေးပါးကလန်ဟာ ထာဝရ တည်ရှိဖို့ရာ လုံလောက်တယ်…”
သူ့စကားများမှာ ဝမ်လင်းထံသို့ တိုက်ရိုက် ရည်ရွယ်သည်။ ဝမ်လင်းသည် အလွန်အမင်း အားနည်းနေပေပြီ။ သို့သော် သူသည် အပေါ်သို့ ခေါင်းမော့၍ ကြည့်နေမြဲပင်။
“အရှေ့အရပ် အဇူရာနဂါး ကျာရီသစ်သား၊ အနောက်အရပ်ကျားဖြူ ကမ်းရှင်သတ္တု၊ တောင်အရိပ်ဟင်္သာငှက် ပိုင်တင်းမီး၊ မြောက်အရပ်လိပ်နက်ရမ်ခွိရေ…”
တစ်ချိန်တည်းမှာပင် ကျန်သည့်နတ်ကလန်သုံးခုမှလည်း တူညီသောစကားများကို ဆိုကြ၏။
“ကျာစိတ်ဝိညာဉ်၊ကမ်းစိတ်ဝိညာဉ်၊ရမ်စိတ်ဝိညာဉ်…”
သည်စကားများ ထွက်လာသည့်နောက်တွင် ကောင်းကင်ထက်ရှိ နတ်သားရဲလေးကောင်သည် ဟိန်းသံပြုကာ လက်နက်များအသွင်သို့ ပြောင်းလဲသွားကြသည်။ အဇူရာနဂါးသည် အပြာရောင်လှံ၊ ကျားဖြူသည် ရွှေရောင်ဓားသွား၊ ဟင်္သာငှက်မှာ အနီရောင်ဓားရှည်၊ လိပ်နက်သည် အနက်ရောင်ပုဆိန် အဖြစ်သို့ အသီးသီး ပြောင်းသွားကြသည်။
နတ်သားရဲလေးကောင်ကနေ ဖြစ်ပေါ်လာသည့် လက်နက်လေးခုသည် အောက်ဘက်သို့ စုန်ဆင်းလာ၏။ ရှေ့ဖြစ်ဟောသူ ဆင့်ခေါ်ခဲ့သော ခုနစ်ရောင်စုံနဂါးစိတ်ဝိညာဉ်မှာ အပြာရောင်လှံ၏ ထွင်းဖောက်ခြင်းကို ခံရကာ ဘာခုခံမှုမှ မပြုနိုင်ဘဲ ချက်ခြင်း ပျက်စီးသွားသည်။
ရှေ့ဖြစ်ဟောသူ ဆင့်ခေါ်ခဲ့သည့် ကျန်သည့် စိတ်ဝိညာဉ်နှစ်ခုမှာလည်း အတူတူပင်။ ၎င်းတို့သည် တော်ဝင်ရတနာလေးခု၏ ပထမပုံစံကိုပင် ရပ်တန့်နိုင်စွမ်း မရှိခဲ့ကြချေ။ တော်ဝင်ရတနာများ၏ လက်နက်များ တိုက်ခိုက်လာသည်နှင့် တစ်ချက်နှင့်ပင် ၎င်းတို့သည် ပျက်စီးကုန်ရသည်။
ရှေးဟောင်းမိစ္ဆာတာကျား၏ ကြယ်အလင်းမှာလည်း ရောက်ရှိလာ၏။ သို့သော် ထိုကြယ်အလင်းသည် တော်ဝင်ရတနာလေးခု၏ ထွင်းဖောက်ခြင်းကို ခံရကာ လွင့်ပြယ်သွား၏။ လအလင်းကတော့ မလွင့်ပျောက်ခင် အနည်းငယ် ခုခံလိုက်နိုင်သေးသည်။
တော်ဝင်ရတနာလေးခုသည် ရှေ့ဖြစ်ဟောသူနှင့် ရှေးဟောင်းမိစ္ဆာတာကျားတို့ထံသို့ ဦးတည်ဝင်လာနေကြ၏။ သည်အခိုက်အတန့်၌ ကောင်းကင်သည် ထိန်လင်းလာ၏။ ၎င်းမှာ ရှေးဟောင်းမိစ္ဆာတာကျား၏ နေမြှုပ်နှံ့ခြင်း နီးကပ်လာခြင်းကြောင့်ပင်။
ဧရာမအလင်းလုံးကြီး တစ်ခု နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ချိုးဖျက်၍ ဝင်လာကာ သည်ကုန်းမြေအား အလင်းနှင့် ထိန်လင်းစေသည်။ နေမြှုပ်နှံ့ခြင်းမှာ ချင်လင်း၏ အစွမ်းထက်ဆုံးမန္တာန်များထဲမှ တစ်ခုအပါအဝင် ဖြစ်ခဲ့၏။ ရှေးဟောင်းမိစ္ဆာတာကျားသည် ၎င်းမန္တာန်ကို မှန်မှန်ကန်ကန် အသုံးမပြုနိုင်ခဲ့သော်လည်း အားနည်းသည်ဟု မဆိုသာပေ။
အလင်းသည် ကောင်းကင်ထက်၌ ပြည့်နှက်နေရင်း နတ်လေးပါးကလန်၏ တော်ဝင်ရတနာလေးခုမှာ စုစည်းကာ ပြင်းထန်သောအော်ရာ ဖြစ်ပေါ်ပြီး ထိုအလင်းနှင့် ထိပ်တိုက်တွေ့သည်။
တုန်ဟိန်းသံများ ပဲ့တင်ထပ်၏။ သည်အခိုက်အတန့်၌ ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်လုံးမှာ အေးစက်လာသည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်၍ အော်၏။ “ဟင်္သာငှက်နတ်အင်ပါယာ တစ်ပါးအနေနဲ့ ငါ့စိတ်ဆန္ဒကြောင့် ငါဟာ ဒီတော်ဝင်ရတနာလေးခုကို တစ်ခုတည်းအဖြစ် ပြောင်းလဲစေဖို့ အမိန့်ပေးတယ်…။ တင်းမြေ…”
တစ်ချိန်တည်းမှာပင် အခြားရတနာသုံခုကို ထိန်းချုပ်ထားသည့်သူများကလည်း အော်ဟစ်လိုက်ကြ၏။
“ရီမြေ၊ ရှင်မြေ၊ခွိမြေ…”
သူတို့အသံ မြည်ဟိန်းထွက်လာနေရင်း တော်ဝင်ရတနာလေးခုသည် တောက်ပကာ ဟင်္သာငှက်ကနေ ဖြစ်ပေါ်သော ဓားရှည်ပေါ်တွင် စုစည်းလာသည်။ ချက်ခြင်းပင် အနီရောင်ဓားရှည်မှာ အရူးအမူး ကြီးထွားလာကာ ကောင်းကင်နှင့်မြေကြီးကို ထက်ပိုင်းခြမ်းပစ်နိုင်ဟန်ထိ ဖြစ်လာ၏။ တစ်ချိန်တည်းမှာပင် အဇူရာနဂါး၊ ကျားဖြူနှင့် လိပ်နက်တို့၏ လက်နက်များမှာလည်း ၎င်းဓားရှည်ကြီးနောက်တွင် ပေါ်လာသည်။
ယင်းအနီရောင်ဓားရှည်မှာ ရှေးဟောင်းမိစ္ဆာတာကျားပေါ်သို့ ခုတ်ပိုင်းချလာ၏။ ဓားသည် အနည်းငယ် သက်ဆင်းကျရုံမျှဖြင့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို ချက်ခြင်း တုန်ခါစေသည်။ မြေကြီးထုသည် ချိုင့်ဝင်ကာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားရ၏။
ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်လုံးမှာ နီရဲနေ၏။ သို့သော် သူသည် သူ့မျက်လုံးထဲရှိ ကြောက်လန့်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
ထိုမြင်ကွင်းမှာ မဟာမိတ်မှ ကျင့်ကြံသူအားလုံးကို လေအေးတစ်ချက် ရှိုက်သွင်းမိစေ၏။ သူတို့၏ မျက်လုံးထဲ၌ အထိတ်တလန့်ဖြစ်မှုတို့ ကြီးစိုးကုန်သည်။ သူတို့သည် နတ်လေးပါးကလန်၏ တော်ဝင်ရတနာလေးခု မည်မျှအစွမ်းထက်ကြောင်း၊ တောက်ပသောလေဟာနယ်နယ်မြေပင် ထိုရတနာလေးခုကို ရှိန်လွန်းရကြောင်း ကြားသိခဲ့ဖူးကြ၏။
ခုချိန်၌ သူတို့သည် ပထမဆုံးအကြိမ်အဖြစ် သည်ရတနာများ၏ အစွမ်းကို ကိုယ်တိုင် တွေ့မြင်ရသည့်အခါ နက်ရှိုင်းစွာ တုန်လှုပ်မိကုန်ကြသည်။ သူတို့သည် မေ့လျော့ခံနတ်လေးပါးကလန်ကို မေ့နိုင်စွမ်း ရှိကြတော့မည် မဟုတ်ပေ။
မူပင်းမေသည် နတ်သားရဲလေးကောင်ကို ကြည့်ကာ တဖြည်းဖြည်း မျက်မှောင်ကြုတ်၏။ သို့ရာတွင် ဝမ်လင်းထံသို့ တစ်ချက်လှမ်းငဲ့ကြည့်သည့်နောက် သူမ၏ စိတ်အခြေအနေမှာ အဆုံးစွန် ရှုပ်ထွေးမိလာ၏။ သူမသည် နတ်လေးပါးကလန်၏ တော်ဝင်ရတနာများအကြောင်း ဆက်၍ အာရုံစိုက်မနေတော့ပေ။
တောက်ပသောလေဟာနယ် အဘိုးအိုက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲ၌ ထိတ်လန့်မှုအရိပ်အမြွက်ပင် ရှိနေသည်။ သူသည် သည်တော်ဝင်ရတနာလေးခုမှာ ပြီးပြည်စုံနေခြင်းမရှိဘဲ ပြစ်ချက်တစ်ခု ရှိနေသည်ကို သိ၏။ ထိုပြစ်ချက်မှာ လိပ်နက်တော်ဝင်ရတနာပင် ဖြစ်သည်။
“အစစ်အမှန် လိပ်နက်တော်ဝင်ရတနာဟာ ကျင့်ကြံခြင်းမဟာမိတ်ရဲ့ လက်ထဲမှာ ရှိနေနိုင်လောက်တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက နတ်လေးပါးကလန်ကို သစ္စာဖောက်ခဲ့တဲ့ လိပ်နက်နတ်အင်ပါယာဟောင်းကြောင့်ပဲ…”
တောက်ပသောလေဟာနယ်အဘိုးအို၏ မျက်လုံးမှာ တလက်လက် ဖြစ်နေချေ၏။
***