Switch Mode

အပိုင်း(၁၁၃၄)

ခုလက်ရှိတွင် လူတိုင်းသည် သူတို့၏ ဦးရေပြား ထုံထိုင်းသွားသည်ဟု ခံစားရကာ အလျင်အမြန် လူစုခွဲကြ၏။ ရှေးဟောင်းမိစ္ဆာကတော့ သူသည် ချဉ်းကပ်လာကြသည့် ရှေးဟောင်းမိစ္ဆာကလန်သားများကို စိတ်လှုပ်ရှားမှုအပြည့်နှင့် ကြည့်နေ၏။

ရှေ့ဖြစ်ဟောသူသည် အကွာအဝေးတစ်ခု၌ မတ်တပ်ရပ်နိုင်ရန် ရုန်းကန်နေရ၏။ သူသည် သွေးအပြည့် အန်ထုတ်ရ၏။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုလည်း ပျက်စီးသွားခဲ့ကာ သူ့ဘယ်လက်ဖြင့် ကျန်သည့် ဒုတိယချိပ်ပိတ်မှုကို အပြီးသတ် စုတ်ဖြဲပစ်သည်။

ချက်ခြင်းလိုလိုပင် ရှေ့ဖြစ်ဟောသူ၏ ဟိန်းသံသည် လောကတခွင်တွင် ပျံ့နှံ့သည်။ သူသည် အရင်ထက် အဆများစွာ သာသော အော်ရာကို ထုတ်လွှတ်လာ၏။

“ဝမ်လင်း…ငါ့အတွက် ထွက်လာခဲ့စမ်း…” ရှေ့ဖြစ်ဟောသူက မာန်သွင်းအော်ဟစ်၏။ သူ့အသွင်သည် ဒုတိယချိပ်ပိတ်မှုကို ဖယ်ရှားပြီးသည့်နောက် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် အသက်ငါးဆယ်လောက်ကနေ အသက်သုံးဆယ် ပတ်လည်အရွယ်သို့ ပြောင်းသွားခြင်းပင်။

သူ့ဆံပင်များက လုံးဝနက်မှောင်နေကာ အဆုံးစွန်စွမ်းအားထက်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေ၏။ ဒုတိယချိပ်ပိတ်မှုကို စုတ်ဖြဲပစ်ခြင်းက သူ့အား ဒုတိယကောင်းကင်ဘုံဒုက္ခအဆင့်သို့ ရောက်ရှိသွားစေသည်။ ထိုအရာက သူ့အကန့်အသတ်ပင။ သူသည် သူ့တတိယကောင်းကင်ဘုံဒုက္ခကိုတော့ လက်လွတ်စပယ် မထုတ်လွှတ်ဝံ့ချေ။

ဝမ်လင်းက သူ့အား ထပ်ခါထပ်ခါ တုန်လှုပ်စေခဲ့သော ကျင့်ကြံသူလေး တစ်ယောက် ဖြစ်ခဲ့၏။ ဝမ်လင်း ထုတ်ဖော်ခဲ့သော မူလဥပဒေသသည်ပင် အလွန်အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ ရှေ့ဖြစ်ဟောသူက ထိုအရာကို ဝမ်လင်း၏ ဝှက်ဖဲဟု ထင်ထားခဲ့၏။ ထို့ကြောင့် သူသည် ဝမ်လင်း ချောင်ပိတ်သွားချိန်၌ အခုလိုမျိုးမန္တာန်ကို ပိုင်ဆိုင်နေဦးမည်ဟု လုံးဝ မထင်ထားမိတော့ချေ။

“ဝမ်လင်း…ထွက်လာခဲ့စမ်း…” ရှေ့ဖြစ်ဟောသူက ဒေါသတကြီး အော်ဟစ်၏။

သို့ရာတွင် သူ့အသံ ပဲ့တင်ထပ်လာချိန်၌ လောကတွင် တောက်ပသောအသံတစ်ခု ထွက်လာ၏။

“ငါ သင့်ရှေ့မှာ…”

ယင်းအသံမှာ မိုးကြိုးပစ်သံထက် အဆများစွာ ပိုပြင်းထန်၏။ ၎င်းအသံသည် ဤတိုက်ပွဲကွင်းပြင်ထဲရှိ အခြားအသံဗလံများအားလုံးကို အစားထိုးသွားသည်။ ယင်းအသံသည် လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သည်။

အချို့ကျင့်ကြံမှုအဆင့် ကင်းမဲ့သူများသည် နားထဲမှပင် သွေးများစီးကျ၏။ သူတို့၏ နာကျင်စွာ အော်သံများလည်း ပဲ့တင်ထပ်ကုန်သည်။

ရှေ့ဖြစ်ဟောသူသည်ပင် မင်သက်သွား၏။ သူသည် ထိုအသံရှိရာသို့ ခေါင်းမော့ကြည့်၏. သို့သော် ထိုအခိုက်မှာပင် သူ့မျက်နှာသည် ဖြူရောသွားကာ သူသည် လေအေးတစ်ချက် ရှိုက်သွင်းမိချေသည်။

ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားများထက် ပိုမိုကြီးမားသည့် ပုံရိပ်ကြီးမှာ ရှေ့ဖြစ်ဟောသူနှင့် လူတိုင်းရှေ့တွင် ပေါ်လာသည်။ ထိုပုံရိပ်က ကြီးမားလွန်းလှ၏။ ဖော်ပြရန်ပင် မဖြစ်နိုင်လောက်အောင် ကြီးမားသည်။ ရှေ့ဖြစ်ဟောသူသည် ထိုပုံရိပ်၏ မျက်နှာကိုပင် မမြင်နိုင်ဘဲ ၎င်း၏ ခါးပိုင်းထိသာ မြင်နိုင်သည်။

ရှေ့ဖြစ်ဟောသူ ခေါင်းမော့လိုက်ချိန်၌ သူသည် ဆန်းကြယ်သောတဝီဝီအသံတစ်ခုကို ကြားရ၏။ သူ့အထက်မှ တစ်ခုခု သက်ဆင်းလာသကဲ့သို့ပင်။ သို့သော် ထိုအရာက မြန်လွန်း၏။

ချက်ခြင်းပင် ကောင်းကင်ထက်မှ ပြင်းထန်သောလေပြင်းတစ်ခု သက်ဆင်းလာ၏။ ထိုလေပြင်းသည် အားကောင်းလွန်းရာ ၎င်း မြေပြင်ထက်သို့ ကျရောက်သည်နှင့် မြေကြီးထုမှာ အက်ကွဲရသည်။

ထိုပြင်းထန်သောလေပြင်းအောက်၌ မဟာမိတ်မှ ကျင့်ကြံသူများစွာ သေဆုံးသွားရသည်။

ကောင်းကင်ဘုံသားများပင် ကြောက်ရွှံ့မှုနှင့် ပြည့်လာ၏။ အထူးသဖြင့် မဟာမိတ်ဘက်မှ ကောင်းကင်ဘုံအရှင်သည် ပြောမပြနိုင်လောက်အောင် ကြောက်ရွှံ့ထိတ်လန့်ဟန် ဖြစ်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်မှာလည်း ၎င်းပုံရိပ်ကြီးကို တွေ့မြင်ချိန်၌ တဆတ်ဆတ် တုန်နေသည်။

သူ့ကျင့်ကြံမှုအဆင့်နှင့်စိတ်ခွန်အားဖြင့်ပင် သူ့ခန္ဓာကိုယ်မှာ တုန်ယင်၍ ချွေးစေများ ပြန်နေရသည်။ သူ့မျက်လုံးသည် ကောင်းကင်ထက်တို့သာ အကြည့်ရောက်နေ၏။ သူသည် တစ်ခုခုကို ပြောချင်နေဟန်လည်း ပေါက်သည်။

သို့သော် သူသည် ရူးသွပ်သွားသကဲ့သို့ စတင် ရယ်မော၏။ သူ ခုလေးတင် ကြုံတွေ့ရသည့် အံ့မခန်းလှုံ့ဆော်မှုတစ်ခက သူ့အား ရူးသွပ်သွားစေသကဲ့သို့ ဖြစ်နေသည်။

သူက သွေးအန်ထုတ်လိုက်၏။ သို့သော် ထိုကောင်းကင်ဘုံအရှင်သခင်မှာ ရူးသွပ်နေဆဲပင်။ သူသည် လောကရှိ တစ်နေရာရာတွင် ပျောက်ကွယ်သွားသည့်အထိ နောက်သို့ ဆက်တိုက် ဆုတ်သွားချေသည်။

ထိုရုတ်ချည်း ပြောင်းလဲမှု မြင်ကွင်းက လူတိုင်းကို မင်သက်သွားစေသည်။

သို့ရာတွင် သူတို့အဖို့ တွေးနေရန် အချိန်မရပေ။ ကောင်းကင်ထက်မှ လေပြင်းသည် ပို၍ ပြင်းထန်လာနေ၏။ တယောက်ယေက်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ အကွာအဝေးတစ်ခုရှိ အနက်ရောင်အစက်အပြောက်တစ်ခုကို တွေ့မြင်ရမည်။

ထိုအစက်အပြောက်မှာ ကြီးမားသထက် ကြီးမားလာ၏။ ချက်ခြင်းလိုလိုပင် လေပြင်းသည် ပိုမိုသိပ်သည်းလာကာ အနက်ရောင်အစက်အပြောက်သည် အံ့မခန်းကြီးမားသည့် လက်သီးကြီးအဖြစ်သို့ ပြောင်းလာ၏။

ရှေ့ဖြစ်ဟောသူ၏အသွင်က အလေးအနက် ဖြစ်လာ၏။ သူ့အော်ရာမှာ အထွတ်အထိပ်သို့ ရောက်သည်။ သူက သူ့လက်ထဲရှိ သုံးမြှောင့်ခရင်းခွကို လေထဲသို့ ပစ်လွှတ်လိုက်၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေနေသည်။ သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ဒုတိယကောင်းကင်ဘုံဒုက္ခကျင့်ကြံမှုအဆင့် ပေါက်ကွဲထွက်လာရင်း သူသည် ကောင်းကင်ထက်သို့ တဟုန်ထိုး ဦးတည်သွားသည်။

ဧရာမလက်သီးကြီးက အရူးအမူး သက်ဆင်းလာကာ အသံပေါက်ကွဲမှုများကို ဖြစ်စေရင်း သုံးမြှောင့်ခရင်ခွ အနားရောက်သွား၏။

ဘန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲ၏။ ထိုခရင်းခွကနေ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းက ပျက်စီးခါနီး ဖြစ်လာချိန်၌ ဧရာမလက်ကြီးသည် ၎င်းခရင်းခွကို ဆုပ်ကိုင်သည်။ လက်သီးချက်သည် လက်ထဲ၌ ခရင်းခွကို ကိုင်ထားရင်း ဆက်လက် ဆင်းသက်လာ၏။ ၎င်းလက်သီးချက်သည် ရှေ့ဖြစ်ဟောသူနှင့် ထိပ်တိုက်တွေ့ချေသည်။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

ကောင်းကင်တုန်ဟိန်းသံနှင့် အံ့မခန်းဖိအားသည် အရူးအမူး ပျံ့လွင့်၏။ ထိုဖိအားအောက်၌ ကမ္ဘာဦးစတိုက်ပွဲကွင်းပြင် မြင်ကွင်းတစ်ခုလုံးပင် ပျောက်ကွယ်သွားတော့သည်။

လောကသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ အစောပိုင်းက ရှိခဲ့သော ဝဲကတော့မှာလည်း ပျောက်ကွယ်သွားခဲ့ပေပြီ။ ဂြိုဟ်များသည်လည်း သူ့နေရာနှင့်သူ ပြန်ဖြစ်သွားကြ၏။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေပင် အစောပိုင်းက အတိုင်း ရှိနေကာ ဘာတစ်ခုမှ ပြောင်းလဲသွားတာ ရှိမနေခဲ့ပေ။

ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ ခုချိန်တွင် ရူးသွပ်သွားသည့် ကောင်းကင်ဘုံအရှင်သခင်၊ ပျောက်ကွယ်သွားသည့် မဟာမိတ်မှ ကျင့်ကြံသူများစွာသာ ရှိ၏။ လူတိုင်းသည် တုန်လှုပ်နေကြသည်။

ရှေ့ဖြစ်ဟောသူ၏ ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာကာ သူသည် မြေပြင်ထက်သို့ လဲကျ၏။ ထို့နောက် သူသည် သူ့ကိုယ်တွင်းအင်္ဂါများ ရောနှောပါဝင်သည့် သွေးအပြည့်အန်ထုတ်ရသည်။ သူ့နောက်တွင် ရှေးဟောင်းမိစ္ဆာတာကျား ရှိနေ၏။

“ကျေးဇူးပဲ…” ရှေ့ဖြစ်ဟောသူ၏အသံမှာ ရှတနေ၏။ သူသည် နောက်ထပ် သွေးအန်လိုက်ရပြန်သည်။

ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်နှာမှာလည်း ဖြူရောနေ၏။ အစောပိုင်း အခိုက်အတန့်၌ သူသည် ရှေ့ဖြစ်ဟောသူနှင့်အတူ ခုခံခဲ့ရပေသည်။ မယုံကြည်နိုင်ဖွယ်ကောင်းသည့် မန္တာန်အောက်တွင် သူ့အသက်ကို ကယ်တင်နိုင်ရန်မှာ ထိုသို့ ရှေ့ဖြစ်ဟောသူနှင့် ပူပေါင်းခုခံရန်တစ်နည်းသာ ရှိခဲ့ပေ၏။

ဝမ်လင်း၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး ရှေ့ဖြစ်ဟောသူ ရှေ့သို့ ရောက်၏။ သူ ဆင်းသက်လာသည့်အခါတွင် သွေးအန်ရ၏။ သူ့ညာမျက်လုံးထဲတွင် အပြာရောင်အလင်းအငွေ့အသက် ရှိနေသေးသည်။ သို့သော် ထိုအပြာရောင်အလင်းသည် ချက်ခြင်းပင် အဇူရာအလင်းဒိုင်းနှင့်အတူ ပျက်စီးသွားတော့သည်။

အဇူရာအလင်းဒိုင်းမှာ လုံးဝ တစစီ ဖြစ်သွားခဲ့ချေပြီ။

ဝမ်လင်း၏ လက်ထဲ၌ တစ်ခု ရှိနေ၏။ထိုအရာမှာ ရှေ့ဖြစ်ဟောသူ၏ သုံးမြှောင်ခရင်းခွပင်။ ခုချိန်တွင် ဝမ်လင်းထံ၌ ဆက်လက်တိုက်ခိုက်ရန် ဘာစွမ်းအားမှ မကျန်တော့ပေ။ သူ့ခြေလက်များသည်ပင် တုန်ယင်နေပေပြီ။ သူ့ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံမှုနှင့် ခိုင်မာသည့် စိတ်ဓာတ်ကြောင့်သာ မဟုတ်ပါက သူသည် လဲပြိုနေလောက်ပြီ ဖြစ်သည်။

မူပင်းမေသည် ဖြစ်ပျက်ခဲ့သမျှကို အံ့အားသင့်နေ၏။ သူမသည်လည်း သူမတွေ့မြင်ခဲ့ရသည့် အရာကြောင့် တုန်လှုပ်မိနေဆဲပင်။ တောက်ပသောလေဟာနယ်အဘိုးအို၏ ဝမ်လင်းအပေါ် ကြည့်သည့်အကြည့်ပင် ခြားနားသွားခဲ့ပေပြီ။

မူပင်းမေ၏ စကားများက သူ့နားထဲတွင် တဖြည်းဖြည်း ပဲ့တင်ထပ်လာခဲ့၏။

“သူက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး…”

ပတ်ဝန်းကျင်ရှိ မဟာမိတ်မှ ကျင့်ကြံသူအားလုံးသည် ဝမ်လင်းကို အလန့်တကြား ကြောက်ရွှံ့စွာ ကြည့်နေမိသည်။ အစောပိုင်းက မြင်ကွင်းမှာ သူတို့အဖို့ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ပေ။

အစစ်အမှန် ဆန်လွန်းသော ကမ္ဘာဦးတိုက်ပွဲကွင်းပြင်၊ ထိတ်လန့်ဖွယ်မြင်ကွင်း၊ အံ့မခန်းပုံရိပ်ကြီး တို့က သူတို့၏ စိတ်ထဲတွင် မဖျောက်ဖျက်နိုင်အောင် ကျန်ရစ်နေပေမည်။

ဝမ်လင်းသည် တိုက်ခိုက်ရန်စွမ်းအား မရှိတော့သည်တောင်မှ မည်သူကမျှ ရှေ့သို့ ခြေတစ်လှမ်း မတိုးဝံ့ကြချေ။

ဤအခိုက်တွင် သူတို့၏ စိတ်နှလုံးမှ တွေ့ကြုံခဲ့ရသည့် မြင်ကွင်းကြောင့် တည်ငြိမ်အောင် လုပ်နိုင်စွမ်း မရှိကြသေးပေ။

ဝမ်လင်းသည် မတ်တပ်ရပ်နေရုံဖြင့် မမြင်နိုင်သော ထည်ဝါခမ်းနားမှုကို ပေးစွမ်းနေသည့်အလား ပင်။

တောက်ပသောလေဟာနယ်နယ်မြေမှ အဘိုးအိုသည် ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချသည်။ သူ့ရှေ့မှ ဝမ်လင်းသည် သူ့ကို အတိတ်တုန်းက နတ်လေးပါးကလန်မှ ကျားဖြူအင်ပါယာအကြောင်း ပြန်တွေးမိစေ၏။ အတိတ်တုန်းက ကျားဖြူနတ်အင်ပါယာသည် မဟာမိတ်နှင့် တောက်ပသောလေဟာနယ်မှ ကျင့်ကြံသူများကို ပိတ်ဆို့တားဆီးနိုင်စွမ်း ရှိခဲ့၏။ ထိုသူ သေဆုံးခဲ့တာတောင်မှ သူသည် သူ့ရန်သူများ အချိန်အတန်ကြာသည့်အထိ သူ့နားသို့ မတိုးကပ်လာဝံ့အောင် ဖြစ်စေခဲ့ဖူးသည် မဟုတ်လား။

ဝမ်လင်းသည် သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တိုက်ပွဲအတွင်း၌ လုံးဝ ကျော်ကြားလာပေတော့မည်။ သူ့ကျင့်ကြံမှုအဆင့်မှာ မြင့်မားလှခြင်း မရှိသေးသော်လည်း မည်သူကမျှ သူ့အား လက်လွယ်စပယ် စော်ကားဝံ့ကြတော့မည် မဟုတ်ပေ။

“ဝမ်လင်း…မင်းသေရမယ်…” ရှေ့ဖြစ်ဟောသူသည် ဝမ်လင်းကို ကြည့်၏။ သူ့ညာလက်ကို ပင့်မြှောက်သည်။ သို့ရာတွင် သူ မန္တာန်တစ်ခု အသုံးမပြုနိုင်ခင်မှာပင် အထက်ကောင်းကင်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားကာ လူတစ်ယောက် လှမ်းထွက်လာသည်။

ထိုသူသည် သက်လတ်ပိုင်းအရွယ်ရှိ၏။ သို့သော် သူသည် သည်နေရာသို့ သူမူလစိတ်ဝိညာဉ်ဖြင့်သာ ရောက်လာခဲ့ခြင်းပင်။ သူ့ထံမှ လွှမ်းမိုးထည်ဝါသောအော်ရာကို ပေးစွမ်းနေ၏။ သူ့နောက်တွင် လူဒါဇင်ချီ ရှိသည်။ ထိုသူများမှာ အဇူရာနဂါးနတ်ကလန်၊ လိပ်နက် နတ်ကလန်နှင့် ကျားဖြူနတ်ကလန်တို့မှ ဖြစ်ကြသည်။

ထိုဒါဇင်ချီသည့် လူများနောက်တွင်တော့ နတ်လေးပါးကလန်မှ အဖွဲ့ဝင်မြောက်များစွာ ရှိနေပြန်သည်။ သူတို့ ရောက်ရှိလာမှုက လောကကိုပါ အရောင်ပြောင်းလဲသွားဟန် တူ၏။ ထိုအဖြစ်က လူတိုင်းကို ခေါင်းမော့လာစေတော့သည်။

“ငါ့ရှေ့မှာ အနာဂါတ်နတ်အင်ပါယာကို ဘယ်သူ သတ်ရဲလဲ…” သက်လတ်ပိုင်းလူက ဟင်္သာငှက်နတ်အင်ပါယာပင် ဖြစ်သည်။ သူ့အသံသည် တည်ငြိမ်၏။ သို့သော် သူ့အသံ ထွက်ပေါ်လာချိန်တွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို တုန်ယင်စေသည်။ မြေပြင်ထက်ရှိ လူအများသည် သူ့အသံကို တောင့်မခံနိုင်သည့်အလား နောက်ဆုတ်ကြ၏။

“မိတ်ဟောင်းဆွေဟောင်း တော်တော်များများ ရောက်နေကြတာပဲ…” သက်လတ်ပိုင်းလူက သူ့ပတ်လည်သို့ ကြည့်၏။

“ဟင်္သာငှက်နတ်အင်ပါယာ…” ရှေ့ဖြစ်ဟောသူ၏အသွင်မှာ သုန်မှုန်လာ၏။ ဟင်္သာငှက်နတ်အင်ပါယာနှင့် နှိုင်းယှဉ်ပါက သူသည် ဂျူနီယာတစ်ယောက်သာ ဖြစ်သည်။ မဟာမိတ်အဖွဲ့အစည်းအတွင်း၌ လူအနည်းငယ်ကလွဲ၍ ဟင်္သာငှက်နတ်အင်ပါယာနှင့် စီနီယာကျမှုကို ယှဉ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ထိုသက်လတ်ပိုင်းလူသည် ခြေတစ်လှမ်းဖြင့် ဝမ်လင်း ရှေ့တွင် ပေါ်လာ၏။ သူသည် ဝမ်လင်းကို သေချာကြည့်၏။ ထို့နောက် သူက အသိအမှတ်ပြုဟန်ဖြင့် ပြုံးကာ ခေါင်းညိတ်သည်။ “ကောင်းတယ်…သိပ်ကောင်းတယ်…”

စကားနှစ်ခွန်းသာ ဖြစ်သော်လည်း ဝမ်လင်းအပေါ် သူ့ကျေနပ်မှုကို ဖော်ပြန်ရန် လုံလောက်ပေ၏။ အမှန်တော့ သူသည် သည်နေရာသို့ ရောက်နေခဲ့ပြီး ဖြစ်၏။ သို့သော် သူ မပေါ်ထွက်လာရသည့် အကြောင်းမှာ သူသည် ဝမ်လင်းကို စမ်းသပ်ရန် အခွင့်ရေးတစ်ခု ယူလိုခြင်းကြောင့် ဖြစ်၏။

အမှန်တော့ သည်ဝမ်လင်းက သူ့ကို အတော်လေး စိတ်ကျေနပ်စေပေ၏။

“အခု ဒီတိုက်ပွဲက အဆုံးသပ်ပြီ…” ဟင်္သာငှက်နတ်အင်ပါယာ၏ မျက်လုံးသည် လင်းလက်လာ၏။ ကြမ်းကြုတ်ဟန် အကြည့် ဖြစ်ပေါ်လာ၏။ သူသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ အဖြူရောင်ကျောက်တုံး အပိုင်းအစ တစ်ခု ပေါ်လာသည်။

ထိုကျောက်တုံး ပေါ်လာသည်နှင့် အဆုံးစွန်အပူစွမ်းအင်သည် လောက၌ ပေါ်လာသည်။ အနှီကျောက်တုံး ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တွန့်ကြေသွား၏။

ထိုကျောက်တုံး ပေါ်လာသည်နှင့် ၎င်းသည် လောင်ကျွမ်းနေသော သွေးစက်အဖြစ် ပျော်ဝင်သွားကာ သက်လတ်ပိုင်းလူ၏ လက်ပေါ်တွင် လွင့်မြောသည်။ ထိုသွေးစက်ကို ကြည့်မိသူတိုင်းမှာ သူတို့စိတ်နှလုံးထဲကနေကို အပူဓာတ်အား ခံစားမိစေပေမည်။

တောက်ပသောလေဟာနယ်နယ်မြေမှ အဘိုးအိုသည် ဟင်္သာငှက်နတ်အင်ပါယာ လက်ထဲရှိ သွေးစက်ကို စူးစိုက်ကြည့်ကာ ပြောလာသည်။ “ဟင်္သာငှက်နတ်ကလန်ရဲ့ ကမ္ဘာဦးအချိန်တွေတည်းက ရတနာ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset