သည်အခိုက်အတန့်၌ အလင်းတန်းများသည် အဆုံးမဲ့ဟင်းလင်းပြင်အတွင်း ပေါ်လာသည်။ ထိုအလင်းတန်းများမှာ မြန်ဆန်လွန်းသည်။ထိုအလင်းတန်းများသည် ကောင်းကင်ကို စုတ်ဖြဲကာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထံသို့ တရကြမ်း တိုးဝင်လာကြခြင်းပင်။
ဦးဆောင်လာသည့်သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်၏။ သူ့နောက်တွင် ကောင်းကင်ဘုံသားများစွာ ရှိ၏။ မဟာမိတ်မှကျင့်ကြံသူများစွာ ရောက်ရှိလာကြကာ ဤဧရိယာကို ဝန်းရံသည်။
ကျင့်ကြံခြင်းမဟာမိတ်အတွက် နတ်လေးပါးကလန်ဖြစ်စေ၊ ရှေ့ဖြစ်ဟောသူ သို့မဟုတ် ရှေးဟောင်းမိစ္ဆာတာကျား ဖြစ်ပါစေ သူတို့အတွက်တော့ ရန်သူများပင်။ သည်ကောင်းကင်ဘုံသားများက ချင်းလင် နိုးထလာမည်ကို မလိုလားကြချေ။ သူတို့က ချင်းလင်၏ ခန္ဓာကိုယ်ကို ရှေးဟောင်းမိစ္ဆာတာကျား ပိုင်စိုးသည်ကိုပင် ပိုလိုချင်ကြ၏။
သို့ရာတွင် ရှေးဟောင်းမိစ္ဆာတာကျားသည်လည်း သူတို့ သတ်ရမည့် တစုံတစ်ယောက် ဖြစ်၏။
ချင်းလင်၏ ကျော်ကြားမှုမှာ အခုချိန်ထိ ကြွင်းကျန်ခဲ့သော ကောင်းကင်ဘုံသားများအား တုန်လှုပ်သွားစေရန် လုံလောက်သည်။အခု ဦးဆောင်လာသည့် ကောင်းကင်ဘုံအရှင်သခင်ပင် အတိတ်တုန်းက ချင်းလင်အပေါ် အလွန်လေးစားခဲ့ဖူး၏။ သူသည် ပုန်ကန်ရန် နည်းနည်းလေးပင် အတွေးမရှိခဲ့ဖူးပေ။
သို့သော် ကောင်းကင်ဘုံသားများသည် ကျင့်ကြံခြင်းမဟာမိတ်ကြောင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် အလေးအမြတ်ပြုခြင်း ခံနေခဲ့ရ၏။ သူတို့ထဲမှ မည်သူကမျှ ခုချိန်တွင် ရရှိနေသည့် အဆင့်အတန်းကို လက်လျော့ကာ အတိတ်သို့ ပြန်မသွားလိုကြတော့ပေ။
ထို့အတွက်ကြောင့် သူတို့သည် ချင်းလင်ကို မနိုးထလာစေလိုခြင်း ဖြစ်၏။ ရှေးဟောင်းမိစ္ဆာတာကျားသည်လည်း သေဆုံးရပေမည်။
“အစီအရင် ခင်းကျင်းလိုက်…” သူတို့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ တိုးဝင်လာကြချိန်၌ ကောင်းကင်ဘုံအရှင် ဖြစ်ခဲ့ဖူးသူသည် မာန်သွင်း အော်ဟစ်၏။ မဟာမိတ်မှ ကျင့်ကြံသူများသည် အလျင်အမြန်ပင် ချိပ်ဟန်များ ဖြစ်ပေါ်စေကြသည်။ အဆုံးမဲ့မူလစွမ်းအင်က ကောင်းကင်ထက်၌ ပြည့်နှက်လာရင်း ဧရာမ ဓားကြီး ကိုးလက် ပေါ်လာသည်။
ထိုဓားကြီးကိုးလက်သည် လေထဲ၌ မြောလွင့်ကာ ပတ်ဝန်းကျင်ကီလိုမီတာငါးဆယ်ကို ခြုံလွှမ်းသည်။
“တာအိုသန့်စင်မွန်းမံခြင်း…” မရေမတွက်နိုင်သော မဟာမိတ်ကျင့်ကြံသူများသည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ အစီအရင်သည် အသက်ဝင်လာသည်။ ချက်ခြင်းပင် ကီလိုမီတာငါးဆယ်ဧရိယာမှာ အဆုံးမဲ့ ဓားအလင်းတို့ဖြင့် ခြုံလွှမ်းခြင်း ခံရသည်။
များစွာသော ကောင်းကင်ဘုံသားများသည်လည်း တဟုန်ထိုး ထွက်လာကာ အောက်ဘက်ရှိ လူများထံသို့ တိုးဝင်လာကြသည်။ အများစုမှာ ရှေးဟောင်းမိစ္ဆာတာကျားနှင့် အဘိုးအိုလုယွမ်တောက်တို့ ရှိနေကြသော အနက်ရောင်မြူထုအတွင်းသို့ ဦးတည်၏။
နောက်အုပ်စုမှာ ရှေ့ဖြစ်ဟောသူထံသို့ပင်။
ချက်ခြင်းပင် အရာရာသည် ဗရမ်းဗတာ ဖြစ်လာချေ၏။
သို့ရာတွင် ဤဗရမ်းဗတာဖြစ်ခိုက်တွင် ဝမ်လင်း၏ ညာမျက်လုံးမှ မွန်းစတားဆန်သော အပြာရောင်အလင်း ထွက်ပေါ်လာသည်။ ရှေ့ဖြစ်ဟောသူ ဖန်တီးခဲ့သော မြေကြီးထု တိုင်လုံးမှာ စတင်ပျက်စီးကာ အပြာရောင်အလင်း၏ ထွင်းဖောက်ခြင်းကို ခံရသည်။
အပြာရောင်အလင်းထွင်းဖောက်သွားချိန်၌ ၎င်းတိုင်လုံးမှာ အပျက်အစီးပုံ ဖြစ်ရ၏။
ဝမ်လင်းသည် လေထဲသို့ ခုန်တက်ကာ ရှေ့ဖြစ်ဟောသူထံသို့ ဦးတည်သည်။
ကျင့်ကြံခြင်းမဟာမိတ်၏ ရုတ်ချည်း ထွက်ပေါ်လာမှု၊ ဝမ်လင်း၏ မန္တာန်တို့က ရှေ့ဖြစ်ဟောသူ၏ အာရုံကို ဖမ်းစားသွား၏။ သူ့အသွင်မှာလည်း ပို၍ပင် သုန်မှုန်လာ၏။ သူက သူ့သုံးမြှောင့်ခရင်းခွကို အသုံးပြုကာ မူပင်းမေကို နောက်သို့ ဆုတ်သွားစေရင်း အော်ဟစ်၏။ “ နင်က သေချင်နေမှတော့ နင့်ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတော့မှာပေါ့…”
မူပင်းမေသည် ခဏတာ တုံ့ဆိုင်းသွား၏။ သို့သော် ဝမ်လင်း၏ အေးစက်စက်အသံသည် ပဲ့တင် ထွက်လာ၏။ “ငါ နင့်အကူအညီ မလိုဘူး။ အစောပိုင်းက ဆေးလုံးအတွက်တော့ ဒီထက်အဆများစွာ ပိုတဲ့ နည်းနဲ့ နင့်အပေါ် ပြန်ပေးဆပ်ပေးမယ်…။ငါ့အသက်ကို ကယ်လိုက်တဲ့အတွက်လည်း အဆများစွာ ပြန်ပေးမယ်…”
မူပင်းမေ၏အသွင်သည် ချက်ခြင်း ဖြူရောသွား၏။ သူမသည် နောက်သို့ တိတ်ဆိတ်စွာ ဆုတ်သည်။ သူမသည် အောက်နှုတ်ခမ်းကို သွေးစို့သည့်အထိ ကိုက်ထားမိ၏။ သူမသည် ဝမ်လင်းကို စူးစိုက်ကြည့်ကာ အော်ပြော၏။ “ငါ သူ့ကို တွေ့ချင်တယ်…” သူမအသံထဲ၌ ဝမ်းနည်းမှုအပြည့် ပါ၏။ ထိုအရာမှာ သူမ စိတ်နှလုံးထဲ၌ အဖြစ်ချင်ဆုံးလည်း ဖြစ်သည်။
မူပင်းမေ ပြောသည့် သူ ဆိုသည့် လူကို အပြင်လူများ မည်သို့မျှ သိနိုင်၊နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူက မည်သို့ မသိဘဲ နေပါ့မည်နည်း။ သူ ဆိုသည့်လူမှာ ဝမ်ပိုင် မဟုတ်လား။
ဝမ်ပိုင်ကို ဖော်ပြခြင်းမှာ ဝမ်လင်း၏စိတ်နှလုံးကို သိပ်သည်းသောနာကျင်မှု ဖြစ်စေ၏။
“နင် ဒီလိုတွေ့ဖို့ အရည်အချင်း မရှိဘူး…” ရှေ့ဖြစ်ဟောသူ ထံသို့ တိုးဝင်လာနေရင်း ဝမ်လင်း၏ စိတ်နှလုံးမှာ တင်းကြပ်နေသည်။
မူပင်းမေသည် နာကျင်စွာ ပြုံး၏။ သူမသည် တစ်ခုခုကို ပြောလိုနေ၏။ သို့သော် သူမသည် စကားတစ်ခွန်းပင် မဆိုနိုင်ပေ။ ကျင့်ကြံခြင်းမဟာမိတ်မှ ကောင်းကင်ဘုံသားများသည်လည်း နီးကပ်လာ၏။ မူပင်းမေက သူတို့အား အေးစက်စက်ကြည့်လိုက်သည်။
သူမစိတ်နှလုံးထဲရှိ ရှုပ်ထွေးသောခံစားချက်မှ ဒေါသသည် သည်ကောင်းကင်ဘုံသားများပေါ်သို့ ပေါက်ကွဲကျလာ၏။ သူမသည် ကောင်းကင်ဘုံသားများထံသို့ လက်ထဲတွင် ဓားတိုကို ဆုပ်ကိုင်ကာ တိုးဝင်သွားသည်။
ခုချိန်တွင် သူမကို လစ်လျူရှုကာ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူထံသို့ ပျံသန်းနေ၏။ သူ့ညာမျက်လုံးထဲမှ အပြာရောင်အလင်းသည် လောကတွင် နေတစ်စင်းအလား တောက်ပသည်။ ထိုအဖြစ်က သူ့အား ခမ်းနားထည်ဝါမှုကို ပေး၏။
သုံးမြှောင့်ခရမ်းခွကို ကိုင်ဆောင်ထားသည့် ရှေ့ဖြစ်ဟောသူသည်ပင် ကြောက်ရွှံ့မှုကို ခံစားရ၏။ထိုအပြာရောင်အလင်းထဲ၌ ပါဝင်သော မန္တာန်ကို သူ ဖြတ်မြင်နိုင်စွမ်း ရှိမနေပေ။
“ဒါက…”
“ရှေ့ဖြစ်ဟောသူ…ငါတို့ တိုက်ပွဲ အဆုံးသပ်ပြီ…” ဝမ်လင်းသည် မာန်သွင်း၏။ သူ့ညာမျက်လုံးထဲမှ အပြာရောင်အလင်းသည် တောက်ပကာ အဇူရာအလင်းဒိုင်း ပေါ်လာသည်။ ထိုအဇူရာအလင်းဒိုင်းမှာ နှစ်ပိုင်းကွဲသွားခဲ့ပြီး ဖြစ်၏။ သို့သော် ဤအခိုက်၌ ထက်ပိုင်းကွဲသော ဒိုင်းနှစ်ခြမ်းမှာ အတူပြန်ပေါင်းစည်းသွားသည်။ ထို့နောက် ၎င်းဒိုင်းသည် မထင်မှတ်စွာ မရေမတွက်နိုင်သော အလင်းစက်များအဖြစ်သို့ ပြောင်း၍ သည်ဧရိယာကို ခြုံလွှမ်းသည်။
ထိုအခါ ရှေ့ဖြစ်ဟောသူ၏ စိတ်နှလုံးမှာ တုန်ယင်ရ၏။ သူ့စိတ်ထဲ၌ပင် အန္တရာယ်အာရုံကို ခံစားမိသည်။ သည်လိုခံစားမှုမျိုးက သူ့အတွက် ဖြစ်ခဲလွန်းသည်။ သူက လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူသည် တုံ့ဆိုင်းမနေဘဲ သူ့မျက်ခုံးနှစ်ခုကြားထံသို့ ဘယ်လက်ကို ဆန့်ထုတ်ကာ ခပ်ကြမ်းကြမ်း စုတ်ဖြဲသည်။
သူ့မျက်ခုံးနှစ်ခုကြားမှ ဒုတိယမြောက်ချိပ်ပိတ်မှုသည် သူ့ကြောင့် ထက်ပိုင်းပွင့်သွားသည်။
သူ ချိပ်ပိတ်မှုအား စုတ်ဖြဲမှု မပြီးသေးခင်မှာပင် ကောင်းကင်ထက်မှ ဧရာမလက်ဝါးကြီးတစ်ခု သက်ဆင်းလာ၏။ ထိုလက်ဝါး၏ အရှိန်နှုန်းမှာ စိတ်ကူးနိုင်သည်ထက် ပိုသည်။ ၎င်းလက်ဝါးသည် လက်သီးစုပ်အသွင် ဖြစ်ပေါ်ကာ ရှေ့ဖြစ်ဟောသူ၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးချလာသည်။
ထိုလက်သီးချက်ကြီးနောက်တွင် ဧရာမလက်သီးကြီးတစ်စုံမှာလည်း မြေပြင်ထက်သို့ အုန်းခနဲ ကျဆင်းလာ၏။
တစ်ချိန်တည်းမှာပင် အံ့မခန်းပြောင်းလဲမှုတစ်ခု နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အထက် ဟင်းလင်းပြင်နေရာတွင် ပေါ်လာသည်။ ကောင်းကင်သည် ပြင်းပြင်းထန်ထန် တုန်ယင်သည်။ ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာကာ မြန်ဆန်စွာ လှည့်လည်သည်။
ယင်းဝဲကတော့မှာ ကြီးမားလွန်း၍ ဘောင်ကင်းမဲ့၏။ သည်ဧရိယာရှိ ဂြိုဟ်များအားလုံးသည်ပင် ထိုဝဲကတော့အတွင်း၌ ပါဝင်လာ၏။ အမျိုးမျိုးသော အစစ်အမှန်ဆန်သည့် မြင်ကွင်းများ စတင် ပေါ်လာသည်။
ထိုဝဲကတော့ကြီးအတွင်း၌ ထည်ဝါသောအဆောက်အဦများစွာလည်း ရှိနေသည်။ ထိုအဆောက်အဦများ ရိုးစင်း၏။ သို့သော် အလွန်ရှေးကျသည်။
ထိုအခိုက်အတန့်မှာပင် ဧရာမခြေထောက်ကြီးတစ်ဖက် ကောင်းကင်ထက်မှ သက်ဆင်းလာကာ မြေပြင်ထက်သို့ ခြေချ၏။ ထိုခြေထောက်ကြီး ခြေချချိန်၌ မြေကြီးထုသည် တစစီအက်ကွဲကာ တုန်ဟိန်းသည်။
ဝဲကတော့အတွင်း၌ ဤအလွန်အစစ်အမှန်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်နေခြင်းပင်။ ထိုခြေထောက်ကြီး၏ ပိုင်ရှင်ကတော့ ဧရာမလူကြီးတစ်ယောက်ပင်။
ထိုသူကတော့ ရှေးဟောင်းနတ်ဘုရား။ ကြယ်ရှစ်လုံးအဆင့် ရှေးဟောင်းနတ်ဘုရားတည်း။
ထိုမျှသာ ဆိုလျှင် ၎င်းမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းဦးမည် မဟုတ်သေးပေ။ သို့သော် ထိုကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ဘေးနားတွင် သူနှင့်အရွယ်တူ ရှေးဟောင်းနတ်ဘုရား တစ်ရာနီးပါး ရှိနေလေ၏။
ထိုဧရာမလူကြီး တစ်ရာနီးပါးအားလုံးမှာ ကြယ်ရှစ်လုံးအဆင့် ရှေးဟောင်းနတ်ဘုရားများ ဖြစ်နေကြသည်။
ပိုဝေးသောနေရာတွင် ယင်းတို့ထက်ပင် ပိုကြီးမားသည့် ပုံရိပ်ကြီးတစ်ခု ရှိနေပြန်သည်။ ကြယ်ရှစ်လုံးအဆင့် ရှေးဟောင်းနတ်ဘုရားများသည်ပင် ထိုပုံရိပ်နှင့် မယှဉ်သာပေ။ ၎င်းပုံရိပ်ကြီး မည်မျှ ကြီးမားသည်ကို ဖော်ပြရန်ပင် ခက်ခဲလွန်း၏။
ပိုဝေးသောနေရာတွင် နတ်ဆိုးစွမ်းအင် မွန်းစတားဆန်လောက်အောင် မြင့်မားသည့် ရှေးဟောင်းနတ်ဆိုးများလည်း ပေါ်ထွက်လာကြသည်။ အဆုံးမဲ့နတ်ဆိုးစွမ်းအင်များက သူတို့၏ အော်ဟစ်သံများနှင့်အတူ လောကတခွင်တွင် ပြည့်လျှံ့သည်။
နောက်တစ်နေရာတွင်တော့ ကောင်းကင်ပင် တုန်လှုပ်စေမည့် မိစ္ဆာစွမ်းအင် ရှိနေ၏။ ရှေးဟောင်းမိစ္ဆာများသည် သွေးဆာစွာ အရူးအမူး တိုးဝင်လာနေကြသည်။
ဤအရာကား ရှေးအမိန့်ကလန်သုံးခုကြား တိုက်ပွဲတည်း။
မြေပြင်ထက်တွင် မရေမတွက်နိုင်သော ချီကျင့်ကြံသူများ ရှိကြ၏။ သို့သော် သူတို့သည် ယနေ့ခေတ် ကျင့်ကြံသူများထက် များစွာ ပိုအစွမ်းထက်ကြသည်။ သူတို့သည် မိသားစုလိုက် အုပ်စုဖွဲ့ထားကြကာ သူတို့ တစ်ယောက်ချင်းစီ၏ မျက်ခုံးနှစ်ခုကြားတွင် အမျိုးမျိုးသောတက်တူးများ ရှိကြသည်။ သူတို့သည်လည်း ရူးသွပ်ဖွယ် သတ်ဖြတ်မှုကို စတင်သည်။
ထိုတိုက်ပွဲကွင်းပြင်မှာ ကြီးမားလွန်းလှ၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ လူတိုင်းသည် ရုတ်တရပ် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်ကြသည်။
သူတို့ရှေ့ရှိ အရာရာမှာ ပျောက်ကွယ်ကာ သူတို့သည် သည်တိုက်ပွဲကွင်းပြင်အတွင်း၌ ပေါ်လာ၏။ ပတ်ဝန်းကျင်မြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းအောင် အစစ်အမှန် ဆန်နေသည်။
သို့ရာတွင် သူတို့ မြင်နေရသည့် မြင်ကွင်းကို မယုံဘဲ ၎င်းတိုက်ပွဲကွင်းပြင်မှာ ပုံရိပ်ယောင်ဟုသာ ယုံကြည်ကြ၏။ သူတို့သည် တုန်လှုပ်နေသော်လည်း မဟာမိတ်မှ ကောင်းကင်ဘုံသားတစ်ယောက်သည် အထင်သေးမှုအပြည့်ဖြင့် ကြည့်၏။ အရိပ်တစ်ခုသည် သူ့အား ရုတ်တရပ် အုပ်စိုးလာပြီးနောက် ရှေးဟောင်းနတ်ဘုရား၏ ခြေထောက်သည် ထိုသူ့ထံသို့ စောင့်နင်းချလာသည်။
သူသည် ပုံရိပ်ယောင်ဟု တွက်ဆကာ ရှောင်ပင်မရှောင်ပေ။ မျက်စိတစ်မှိတ်အတွင်း ညခြေထောက်သည် နင်းခြေလာကာ မြေကြီးထုအား တုန်ခါစေသည်။ သည် ခြေထောက်ပြန်မလိုက်ချိန်တွင် စောနက အထင်သေးနေသော ကောင်းကင်ဘုံသားသည် ပျောက်ကွယ်ကာ သူ့အသွေးအသားပုံသာ ကျန်ခဲ့တော့၏။ သူ့မူလစိတ်ဝိညာဉ်သည်ပင် ပျက်စီးသွားခဲ့ရပေပြီ။
အနှီမြင်ကွင်းက လူတိုင်းကို လေအေးတစ်ချက် ရှိုက်သွင်းမိစေ၏။ သည်အခိုက်အတန့်၌ ပေတစ်သောင်းလောက် ကြီမားသည့် ဧရာမငှက်ကြီးသည် ကြမ်းကြုတ်စွာ အော်သံပေးကာ ပျံသန်းလာသည်။
ထိုငှက် ပျံသန်းလာချိန်၌ ၎င်း၏ တောင်ပံများက ဓားသွားများကဲ့သို့ပင်။ ၎င်းငှက်သည် အစီအရင်ဖြစ်ပေါ်စေခဲ့သော မဟာမိတ်မှကျင့်ကြံသူများထံသို့ ရောက်ရှိလာရာ သူတို့ထဲမှ လူရာချီသည် ခန္ဓာကိုယ်ထက်ပိုင်းခြမ်း ကုန်ကြတော့သည်။ သွေးများ နေရာအနှံ့သို့ ပြန့်ကြဲကုန်၏။
“အိပ်မက်…ရှေးအချိန် အိပ်မက်…” ရှေးဟောင်းမိစ္ဆာ၊ အဘိုးအိုလုယွမ်တောက်၊ တိုက်ခိုက်ရန် ပြင်နေကြသော ကောင်းကင်ဘုံသားမျးသည် ရုတ်တရပ် ရပ်တန့်ကာ သည်မြင်ကွင်းကို မင်သက်ကြောင်ရီစွာ ကြည့်မိကြ၏။
ရှေးဟောင်းမိစ္ဆာတာကျားသည် ထိုအရာများကို တွေ့မြင်ရချိန်တွင် သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ဖြစ်ပေါ်လာ၏။
“ကမ္ဘာဦးအချိန်၊ ဒါက ကမ္ဘာဦးစ တိုက်ပွဲကွင်းပြင် ဖြစ်နိုင်လား…” တောက်ပသောလေဟာနယ်နယ်မြေမှ အဘိုးအို လုယွမ်တောက်သည် ပင့်သက်ရှိုက်မိနေ၏။
ဤအရာကား အဇူရာအလင်းဒိုင်းအတွင်း၌ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ချန်ထားခဲ့သော သူ့အသက်ကယ်ရတနာ မန္တာန်ဖြစ်လေ၏။ ထိုမန္တာန်နှင့် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားသည် မည်သို့မျှ ရိုးရှင်းနိုင်လိမ့်မည် မဟုတ်ခဲ့ပေ။
ရှေးဟောင်းနတ်ဘုရား အိပ်မက်၊ ရှေးဦးအချိန်များက အိပ်မက်။
ဤအခိုက်အတန့်၌ မြေကြီးထုသည် ပို၍ တုန်ခါလာ၏။ ရှေးဟောင်းနတ်ဘုရားတစ်ရာ နီးပါးသည် မြေပြင်ထုပေါ်သို့ လျှောက်လှမ်းကာ လူတိုင်းထံသို့ စတင်တိုးဝင်လာကြ၏။
ရှေးဟောင်းမိစ္ဆာကလန်နှင့် ရှေးဟောင်းနတ်ဆိုးကလန်တို့သည်လည်း မာန်သွင်းဟစ်အော်ရင်း တရကြမ်းတိုးဝင်လာကြသည်။ လူတိုင်းသည် တိုက်ပွဲကွင်းပြင် ဗဟိုချက်သို့ တိုးဝင်လာသည့်ဟန် တူ၏။
ရှေးဟောင်းနတ်ဘုရား တစ်ရာနီးပါးနောက်ရှိ မဖြစ်နိုင်လောက်အောင် ကြီးမားသည့် ပုံရိပ်ကြီးမှာလည်း ၎င်း၏ခြေထောက်ကို ပင့်မြှောက်လာသည်။
***