Switch Mode

အပိုင်း(၁၁၃၂)

နင် ကယ်ပေးဖို့ မလိုအပ်ဘူး…

“တောက်ပသောလေဟာနယ်သခင်မ…” ရှေ့ဖြစ်ဟောသူ၏အသွင်သည် ချက်ခြင်းပင် အလေးအနက် ဖြစ်လာ၏။ သူသည် သုံးမြှောင့်ခရင်းခွကို ကိုင်ထားရင်း နောက်သို့ ခြေလှမ်းအနည်းငယ် အမြန် ပြန်ဆုတ်သည်။ သို့သော် သူ့အကြည့်ကတော့ လေထဲရှိ အဘိုးအိုထံသို့ ခပ်သွက်သွက် ကျရောက်သွားသည်။

“လုယွမ်တောက်…” ရှေ့ဖြစ်ဟောသူက မျက်မှောင်ကြုတ်ကာ ပြောသည်။ “သင့်ရဲ့ တောက်ပသောလေဟာနယ်နယ်မြေကလည်း အခုကိစ္စမှာ ဝင်ပတ်သတ်ချင်နေတာများလား…”

အဘိုးအိုသည် ရှေ့ဖြစ်ဟောသူကို ကြည့်၏။ ထို့နောက် သူက ရှေးဟောင်းမိစ္ဆာသူထံသို့ သုန်မှုန်စွာ ကြည့်သည်။

“ဒီအဘိုးအိုရဲ့ ပစ်မှတ်က သူပဲ…” အဘိုးအိုသည် သက်ပြင်းချကာ တာကျားထံသို့ လှမ်းလျှောက်သွား၏။

ရှေးဟောင်းမိစ္ဆာသည်လည်း ထိုလုယွမ်တောက် ဟုအမည်ရသော အဘိုးအိုထံသို့ စူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် မိစ္ဆာမီးတောက်တို့ ပြည့်နေသည်။ သူက အလေးအနက် ဖြစ်လာ၏။ သူ့ညာလက်ဖြင့် ဓားသွားကို ဆုပ်ကိုင်ကာ ရှေ့တည့်တည့်သို့ ဝေ့ယမ်းရင်း သုန်မှုန်စွာ ဆိုသည်။ “သင်ပဲ…။ ဒီတော့ သင်က မသေခဲ့ဖူးပေါ့…”

“ငါ သေခဲ့သင့်တာပေါ့။ ဒါပေမယ့် အစ်ကိုချင်းလင်က ငါ့ကို ကယ်တင်ပေးခဲ့တယ်။ ငါတို့နှစ်ယောက်ကြားက ရန်ငြှိုးက နက်ရှိုင်းပေမယ့်လည်း သူ ငါ့ကို ကယ်တင်ပေးခဲ့ချိန်က စလို့ ငါ သူ့အပေါ် ကျေးဇူးကြွေး ရှိသွားခဲ့ပြီ။ ဒီတော့ ငါက မင်းနဲ့ ဒီကိစ္စကို ရှင်းပြီး ဒီအကြွေးကို ပြန်ပေးရလိမ့်မယ်…” အဘိုးအိုက ထိုသို့ ဆိုလိုက်ရင်း သူသည် ရှေးဟောင်းမိစ္ဆာတာကျားထံသို့ လှမ်းလျှောက်သွား၏။ သူ့အသွင်သည် တည်ငြိမ်သည်။ ရှေးဟောင်းမိစ္ဆာသည် သူ့အာရုံစိုက်ဖို့ပင် မထိုက်တန် သကဲ့သို့ ရှိ၏။

တာကျားသည် မာန်သွင်းလိုက်၏။ သူ့ခန္ဓာကိုယ်ကနေ မွန်းစတားဆန်သော မြူနက်ထု ထွက်ပေါ်လာသည်။ ထိုမြူနက်ထုက မိစ္ဆာအရိပ်အဖြစ်သို့ ပြောင်းကာ ၎င်း၏ပါးစပ်ကို ဖွင့်ဟပြီး အဘိုးအိုအား ဝါးမြိုရန် ကြိုးစားသည်။

မျက်စိတစ်မှိတ်အတွင်း ရှေးဟောင်းမိစ္ဆာနှင့်အဘိုးအိုတို့သည် မြူနက်ထု တိမ်တိုက်က ခြုံလွှမ်းသွားချေ၏။ ရှေးဟောင်းမိစ္ဆာ၏ မာန်သွင်းဟစ်အော်သံများသည် ထွက်ပေါ် တုန်ဟိန်းသည်။

မူပင်းမေက ဝမ်လင်းကို အောက်ချ၏။ ထို့နောက် သူမက ရှေ့ဖြစ်ဟောသူထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

ရှေ့ဖြစ်ဟောသူသည် နောက်သို့ ဆုတ်ရင်း တည်ငြိမ်စွာ ဆို၏။ “တောက်ပသောလေဟာနယ် သခင်မ။ ငါ သင့်တောက်ပသောလေဟာနယ်နယ်မြေနဲ့ ရန်သူ မဖြစ်ချင်ဘူး။ ဒီဝမ်လင်းက သင်နဲ့ ဘာဆက်နွှယ်ပတ်သတ်မှုမှ ရှိတာလည်း မဟုတ်ဘူး။ ဘယ်သူကမှ ငါ သူ့ကို သတ်မှာကို ရပ်တန့်စေမှာ မဟုတ်ဘူးနော်…”

“သင်က သူ့ကို သတ်ဖို့ အရည်အချင်း မပြည့်မှီဘူး…” မူပင်းမေသည် လေထဲသို့ ပျံသန်းလာရင်း ခေါင်းယမ်းကာ ဆို၏။ သူမ၏ လက်ကို ဝေ့ယမ်းခြင်းနှင့်အတူ ပုံရိပ်ယောင်များ ပေါ်လာ၏။ ထိုပုံရိပ်ယောင်များသည် မထင်မှတ်စွာပင် မူပင်းမေနှင့် ချွတ်ဆွတ်တူသည်။

သို့ရာတွင် ထိုပုံရိပ်များမှာ ရှစ်ယောက်သာ ရှိနေပေ၏။

“စိတ်ဝိညာဉ် ပိတ်ဆို့ခြင်း…။ စွမ်းအင်အတွက် ကောင်းကင်နဲ့မြေကြီးကို သန့်စင်မွန်းမံစေ…” မူပင်းမေ၏ အသံသည် တည်ငြိမ်၏။ သူမ စကားဆုံးသည့်အခိုက် ကိုယ်ပွားရှစ်ယောက်မှာ ချက်ခြင်းပင် ချိပ်ဟန်များကို ဖြစ်ပေါ်စေသည်။ အားကောင်းသောမူလစွမ်းအင် စုဝေးလာ၏။ ၎င်းစွမ်းအင်က မူလစွမ်းအင်တိုင်လုံးကြီး တစ်ခုအသွင် ဖြစ်ပေါ်ကာ ထိုးကျလာချေသည်။

ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ပေါ်လာသည်။ သူက တစ်ခုခုကို ခပ်တိုးတိုး ရွတ်ဆို၏။ မူလစွမ်းအင်တိုင်လုံး ကောင်းကင်ထက်မှ ထိုးဆင်းကျလာခြင်းက ကောင်းကင်ယံကိုပါ တုန်ခါစေသည်။

မူပင်းမေသည် ခေါင်းယမ်း၍ ခပ်တိုးတိုး ဆိုသည်။ “သင့်ရဲ့ ကောင်းကင်ဘုံကံကြမ္မာမန္တာန်ဟာ ငါ့ရှေ့မှာ အလကားပဲ…” ထိုသို့ ပြောရင်း သူမ၏ ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ အဆုံးမဲ့မူလစွမ်းအင်သည် ဝါးယင်းလိပ်ပုံစံ ဖြစ်ပေါ်၏။ ဝါးယင်းလိပ် ပွင့်ဟလာချိန်၌ ခုနစ်ရောင်စုံအလင်းကို ထုတ်လွှတ်သည်။ မြောက်များစွာသော စာလုံးများ ပျံသန်းထွက်လာကာ မူပင်းမေ၏ခန္ဓာကိုယ်အား ဝန်းရံသည်။

“ငါက ပထမကောင်းကင်ဘုံဒုက္ခအဆင့်မှာပဲ ရှိနေသေးပေမယ့်လည်း တောက်ပသောလေဟာနယ်အတွင်းက ဘယ်မူလစွမ်းအင်မဆို ငါ့ထိန်းချုပ်မှုအောက်ကနေ မလွတ်နိုင်ဘူး။ ငါ သင့်ကို ပြင်ပမူလစွမ်းအင်ကို မရစေချင်ဘူးဆိုရင် သင် တစ်စက်တောင် မယူနိုင်ဘူး…” မူပင်းမေသည် သူမ ပတ်လည်ရှိ စာလုံးများထံသို့ လက်ညွှန်၏။ စာလုံးများသည် ရုတ်တရပ် ပြန့်ကြဲကာ လောကအတွင်း ပျောက်ကွယ်သွားသည်။

ချက်ခြင်းလိုလိုပင် လောကအတွင်းရှိ မူလစွမ်းအင်အားလုံးမှာ အကြီးအကျယ် ပြောင်းလဲသွားကာ မူပင်းမေ ဖန်တီးခဲ့သော မူလစွမ်းအင်တိုင်လုံး ရှိရာသို့ စုဝေးလာသည်။

မူပင်းမေသည် ရှေ့ဖြစ်ဟောသူကို စူးစိုက်ကြည့်ကာ ပြောသည်။ “ရှေ့ဖြစ်ဟောသူရဲ့ ပြင်ပမူလစွမ်းအင် အားလုံးကို ချိပ်ပိတ်ပစ်စေ…” သူမ၏အသံမှာ တည်ငြိမ်သော်လည်း တန်ပြန်မဆိုနိုင်သည့် လေသံ ပေါက်၏။

ချက်ခြင်းပင် ရှေ့ဖြစ်ဟောသူ ပတ်လည်ရှိ မူလစွမ်းအင်အားလုံးသည် သူ့ထံမှ လွတ်ကင်း၏။

ရှေ့ဖြစ်ဟောသူ ကိုယ်တိုင်သန့်စင်ထားသော မူလစွမ်းအင်သာ ထိုသို့ မသက်ရောက်ပေ။

သို့ရာတွင် ဤမန္တာန်မှာ လူတိုင်း စိတ်ကူးနိုင်သည်ထက် ကျော်လွန်လှသည်။ ရှေ့ဖြစ်ဟောသူ၏အသွင်ပင် သုန်မှုန်လာရ၏။

“တောက်ပသောလေဟာနယ်နယ်မြေအတွင်းမှာ တောက်ပသောလေဟာနယ်သခင်မက အစွမ်းထက်မန္တာန်တစ်ခု ပိုင်ဆိုင်ထားတယ်လို့ ငါ ကြားခဲ့ဖူးတာ ကြာပြီ။ ကောင်းကင်ဘုံသားတွေ တည်ရှိခဲ့တဲ့ အချိန်တုန်းကတောင် သူမရဲ့ပုံရိပ်ဟာ ကောင်းကင်ဘုံနန်းတော်နဲ့ ယှဉ်နိုင်တယ်လို့ ဆိုတယ်။ ကောင်းကင်ဘုံနယ်မြေ လေးခုရှိတယ်။ တစ်ခုစီအောက်မှာ ကြယ်အဖွဲ့အစည်းတစ်ခုစီ ရှိကြတယ်။ ပြောကြတာက ဒီကြယ်အဖွဲ့အစည်းလေးခုလုံးရဲ့ တစ်ခုချင်းစီမှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အမွေအနှစ်ကို ဆက်ခံတဲ့သူ တစ်ယောက်စီ ရှိတယ်လို့ ဆိုကြတယ်….”

“ကြယ်အဖွဲ့အစည်းလေးခုရဲ့ သခင်မတစ်ယောက်ချင်းစီဟာ မတူညီတဲ့စွမ်းအားတွေကို ထိန်းချုပ်တယ်တဲ့။ ငါ တောက်ပသောလေဟာနယ်နယ်မြေကို ကျင့်ကြံဖို့ ဝင်ရောက်ခဲ့ချိန်က တောက်ပသောလေဟာနယ်သခင်မနဲ့ ပတ်သတ်လို့ ကောလဟာလစကားအများကြီး ကြားခဲ့ဖူးတယ်။ ဒီကနေ့တော့ ဒီကောလဟာလတွေက အမှန် ဖြစ်နေကြတာကို ငါ သိလိုက်ပြီ…”

မူပင်းမေသည် ရှေ့ဖြစ်ဟောသူအား စကားပြန်မဆိုပေ။ သူမသည် မူလစွမ်းအင်တိုင်လုံးထံသို့ လက်ညွှန်၏။ တိုင်လုံးသည် မြန်ဆန်စွာ ကျုံ့လာကာ အလင်းနှင့်ပြုလုပ်ထားသော ဓားတိုတစ်လက်အထိ ကျုံ့သွားသည်။

ထိုဓားတိုကို ကိုင်ထားရင်း မူပင်းမေသည် ခေါင်းမော့၏။ထို့နောက် သူမသည် ရှေ့ဖြစ်ဟောသူထံသို့ လိပ်ပြာတစ်ကောင်ကဲ့သို့ ရွှေ့လျားသွားသည်။ အစကနေ အဆုံးထိ သူမသည် ဝမ်လင်းကို ဒုတိယအကြိမ်မြောက် မကြည့်ခဲ့ပေ။ သူမစိတ်နှလုံးထဲရှိ ရှုပ်ထွေးမှုက သည်ရင်းနှီးလွန်းသော သူစိမ်း(ဝမ်လင်း)ကို မည်သို့ ရင်ဆိုင်ရမှန်း မသိဖြစ်စေ၏။

မည်သူကမျှ သူမ စိတ်ကို နားလည်နိုင်မည် မဟုတ်ပေ။ သူမသည် ဝမ်လင်း သေဆုံးသည်ကို သည်အတိုင်း ရပ်ကြည့်မနေနိုင်ချေ။ သူမသည် အခြားလူများ ဝမ်လင်းအား သတ်ဖို့ ကြိုးစားနေချိန် မဆိုင်သလို မနေနိုင် ဖြစ်ရ၏။

ထိုသို့ ပိုစိတ်ရှုပ်ထွေးမိခြင်းက သူမ၏ စိတ်နှလုံးကို အလွန်နာကျင်စေနေ၏။ ထိုခံစားချက်ကြောင့် သူမသည် မည်သူမျှ ဝမ်လင်းကို သတ်နေခြင်းအား ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထိုအတွေးမှာ သူမ၏စိတ်နှလုံးထဲ၌ အချိန်ကြာမြင့်စွာ ငြိတွယ်နေခဲ့၏။ အကြိမ်များစွာပင် သူမသည် ညနက်သန်းခေါင်ယံ ထိုခံစားချက်အတွေးကြောင့် ကျင့်ကြံနေရာကနေလည်း နိုးထခဲ့ဖူး၏။ သူမသည် တောက်ပသောဟင်းလင်းပြင်နယ်မြေ၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင်လည်း အထီးကျန်စွာ အဆုံးမဲ့လေဟာနယ်ဟင်းလင်းပြင်ကို ငေးကြည့်ခဲ့ဖူး၏။ ထိုခံစားချက်က သူမ၏ စိတ်နှလုံးကို ဓားဖြင့် မွှန်းနေသကဲ့သို့ ဖြစ်နေစေခဲ့သည်။ သူမသည် ဝမ်လင်းကို မသေစေလိုခဲ့ပေ။

သူမသည် အခုလိုမျိုး နှစ်ပေါင်းများစွာ ခံစားရင်း ဖြတ်ကျော်ခဲ့ရပြီး ဖြစ်သည်။ ယနေ့တွင် သူမ ဝမ်လင်းကို တွေ့မြင်ရချိန်၌ ထိုရှုပ်ထွေးသောခံစားချက်နှင့်နာကျင်မှုသည် သူမ၏ စိတ်နှလုံးကို ထိုးစွနေတော့၏။

သူမသည် သတိလစ်နေသေးသော ဝမ်လင်းကို ခေါင်းငုံ့၍ပင် မကြည့်ဝံ့ပေ။ သူမ…မကြည့်ဝံ့ပေ။

မူပင်းမေက ဓားတိုကို ကိုင်ထားရင်း ရှေ့ဖြစ်ဟောသူထံသို့ ယင်းစိတ်ရှုပ်ထွေးနာကျင်မှုနှင့်အတူ တိုးဝင်လာ၏။ ထိုသို့ ပြုမူမှသာ သူမ၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင်တော့၏။

ရှေ့ဖြစ်ဟောသူ၏အသွင်သည် သုန်မှုန်နေ၏။ သူသည် သည်သခင်မအကြောင်း အတော်များများ သိထားခဲ့သော်လည်း သူမသည် လောက၏မူလစွမ်းအင်ကို ချိပ်ပိတ်နိုင်စွမ်း ရှိလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ဆိုလိုသည်က သူ့ ကောင်းကင်ဘုံကံကြမ္မာမန္တာန်များသည် သူမအပေါ်၌ မသက်ရောက်နိုင် ဟူ၏။

ကောင်းကင်ဘုံကံကြမ္မာမန္တာန်များသည် လောကနှင့် ဆက်သွယ်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်၏။ ထို ဆက်သွယ်မှုက ရှေ့ဖြစ်ဟောသူကို အထည်ဒြပ်မဲ့ဥပဒေသကို အသုံးပြုနိုင်စေသည်။

သူက သူ့သုံးမြှောင်ခရင်းခွကို ဝေ့ယမ်းရင်း အေးစက်စက်နှာခေါင်းရှုံ့၏။ အလင်းတန်းသုံးခုသည် မူပင်းမေထံသို့ ထိုးထွက်သွားသည်။

တုန်ဟိန်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်းသည် မြေပြင်ထက်၌ မျက်လုံးဖွင့်လာ၏။ သူသည် မူပင်းမေ ရှေ့ဖြစ်ဟောသူနှင့် တိုက်ခိုက်နေသည်ကို တွေ့သည့်အခါ သူ့မျက်လုံးထဲတွင် အလွန်တရာ ရှုပ်ထွေးမှုမှာ မပတ်သယ်နိုင်သည့် နာကျင်မှုတစ်ခုနှင့်အတူ ပေါ်ထွက်လာချေသည်။

သူသည် သူမနှင့် အခုလောက် မြန်မြန် ကိုယ်တိုင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ဝမ်လင်းသည် လျိုမေအကြောင်း တွေးမိချိန်တိုင်း သူသည် သူရရှိခဲ့သော မည်သည့်ဒဏ်ရာထက်မဆို နာကျင်စွာ ခံစားရ၏။ သူ့စိတ်နှလုံးသည် ဝမ်ပိုင်၏ခန္ဓာကိုယ်အကြောင်း တွေးမိချိန်တိုင်း နာကျင်လွန်းရသည်။

“ဘာသာပြန်သူမှတ်ချက်… မေ့နေကြမှာစိုးလို့ ဇာတ်ကြောင်းတစ်ခု ပြန်ပြောပါ့မယ်။ ဝမ်လင်းနဲ့လျိုမေဟာ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ တိုက်ခိုက်ကြရင်း မတော်တဆ လျိုမေဟာ ဝမ်လင်းကြောင့် ကိုယ်ဝန်ရခဲ့ဖူးတယ်။ လျိုမေက ဝမ်လင်းကို လက်စားချေတဲ့အနေနဲ့ သူနဲ့ ဝမ်လင်းရဲ့ကလေး( တစ်နည်း)ဝမ်ပိုင်ကို မကျေမချမ်းစိတ်ဝိညာဉ် ဖြစ်စေခဲ့ပြီး ဝမ်လင်းကို လက်ဆောင်ပေးခဲ့တယ်။ ပြီးတော့ ဝမ်လင်း ကျင့်ကြံမှုအဆင့်နိမ့်စဉ်မှာ တွေ့ကြုံခဲ့တဲ့ လျိုမေဟာ အခု တောက်ပသောဟင်းလင်းပြင်သခင်မ မူပင်းမေရဲ့ ကိုယ်ပွားတစ်ခုလည်း ဖြစ်ပါတယ်…။)

စဉ်းစားနေရင်း ဝမ်လင်းသည် ကြာပွင့်သဏ္ဌာန်ထိုင်ချ၏။ သူသည် အသက်ဝဝရှိုက်သွင်းလိုက်သည်။ သူ ရှေ့ဖြစ်ဟောသူကို တိုက်ခိုက်နိုင်သည့် မန္တာန်များလည်း ကုန်ခဲ့ပြီ ဖြစ်၏။ ကြည့်ရသည်မှာ သူ့ထံ၌ သည်ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဘာမှ မကျန်ရှိတော့သကဲ့သို့ပင်။

“ငါ့မှာ မန္တာန်တစ်ခု ကျန်သေးတယ်…” အစောပိုင်းက ဓားမုန်တိုင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ထွင်းဖောက်ဖျက်စီးခဲ့ချိန်၌ ပေါ်ထွက်လာသည့် အဆုံးမဲ့ဟင်းလင်းပြင်ကို ကြည့်နေခဲ့၏။ ပြင်ပလောကမှ ထွက်ပေါ်လာနေသော မူလစွမ်းအင်များသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို လွှမ်းခြုံနေသည်။

“အဇူရာအလင်းဒိုင်းက တစ်ဝက်တိတိ ပျက်စီးသွားခဲ့ပေမယ့်လည်း ပျောက်ကွယ်မသွားခဲ့သေးဘူး။ ကြယ်ရှစ်လုံးအဆင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ ပွဲသိမ်းတိုက်ကွက်ကို ဒီဒိုင်းထဲမှာ သိုလှောင်ထားရှိခဲ့တယ်။ ငါက ဒီအရာရဲ့ စွမ်းအားကို မသိပေမယ့်လည်း ဒီတိုက်ချက်ဟာ အားနည်းလိမ့်မှာတော့ မဟုတ်ဘူး…”

စဉ်းစားနေရင်း သူ့မျက်လုံးသည် အပြာရောင်တောက်လာ၏။ သည့်နောက် အဇူရာအလင်းဒိုင်း ခပ်ဝါးဝါးအရိပ်သည် ပေါ်ထွက်လာသည်။

သို့ရာတွင် အနှီအဇူရာအလင်းဒိုင်းမှာ ထက်ပိုင်းကွဲနေ၏။ ၎င်းသည် မြန်ဆန်စွာ ပေါင်းစည်းနေသည်။ ၎င်းဒိုင်းမှာ ပြန်ပေါင်းစည်းနိုင်ခြင်း မရှိခဲ့လျှင်ပင် ၎င်းအတွင်း သိမ်းဆည်းထားသော ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား၏ မန္တာန်ကတော့ အသုံးပြုနိုင်သေးသည်။ ထိုအတွက် လိုအပ်ချက်မှာ ရှေးဟောင်းနတ်ဘုရားစွမ်းအင် လုံလုံလောက်လောက် ဖြစ်၏။

ဝမ်လင်းသည် အရင်က ထိုရှေးဟောင်းနတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ခဲ့ရချိန်၌ သည်စွမ်းအင် လုံလောက်မှု ပြဿနာကို ဖြေရှင်းရန် အကြံ ရခဲ့ဖူး၏။ ထိုအကြံမှာ သူ့ကိုယ်ပွားနှင့် မူလခန္ဓကိုယ် ရှေးဟောင်းနတ်ဘုရားတို့ကို ခွဲကာ သူ့မူလခန္ဓာကိုယ်ကို တနေရာရာတွင် အဇူရာအလင်းဒိုင်းနှင့်အတူ ရှေးဟောင်းနတ်ဘုရားစွမ်းအင်အား တဖြည်းဖြည်း စုပ်ယူစေရန် ဖြစ်သည်။

သို့ရာတွင် ထိုသို့ ပြုလုပ်ရန်မှာ အချိန်ကြာလွန်းပေမည်။ မူလတုန်းက ဝမ်လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ပြန်ထွက်လာသည့်နောက် ထိုသို့ လုပ်ရန် စီစဉ်ထားခဲ့၏။ သို့သော်လည်း ခုချိန်တွင် သူသည် လုံလောက်သောရှေးဟောင်းနတ်ဘုရားစွမ်းအင် ရရှိရန် ဖြတ်လမ်းနည်း ရှာဖို့ လိုနေပေပြီ။

သို့သော်လည်း ဖြတ်လမ်းနည်း ဆိုသည့်အတိုင်း တန်ဖိုးပြန်ပေးဆပ်ရပေလိမ့်မည်။ ဝမ်လင်းသည် ထိုဖြတ်လမ်းနည်းကို သုံးပါက တန်ဖိုးပြန်ပေးရပေမည်။

ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူနှင့် တိုက်ခိုက်နေသော မူပင်းမေကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ခိုင်မာမှုတို့ ရှိလာ၏။

“ငါ့ကို ကယ်တင်ဖို့ သူမရဲ့ အကူအညီ ငါ မလိုအပ်ဘူး။ ငါ သူမ အပေါ်မှာ ဘာအကြွေးမှ မတင်ချင်ဘူး…”

စဉ်းစားနေရင်း ရှေးဟောင်းနတ်ဘုရားကြယ်ငါးလုံးသည် ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားတွင် ရုတ်တရပ် ပေါ်လာကာ မြန်ဆန်စွာ လှည့်ပတ်၏။ ရှေးဟောင်းနတ်ဘုရားစွမ်းအင်များစွာ မြင့်တက်ကာ သူ့ညာမျက်လုံးထဲရှိ အဇူရာအလင်းဒိုင်းအတွင်းသို့ ဝင်ရောက်သည်။

ရှေးဟောင်းနတ်ဘုရားစွမ်းအား သူ့ညာမျက်လုံးထဲသို့ ဝင်ရောက်နေရင်း သူ့ညာမျက်လုံးမှ အပြာရောင်အလင်းသည် မျက်စိကျိန်းရလောက်အောင် တောက်ပလာ၏။

အဇူရာအလင်းဒိုင်းအတွက် သူ့ကိုယ်ပိုင် ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အသုံးပြုခြင်းမှာ ဝမ်လင်းအတွက် တန်ဖိုးကြီးလွန်းသည်။ သူ့ကြယ်များမှာ ကြေမွသွားခြင်းမရှိသော်လည်း သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အသုံးပြုခြင်းမှာ သူ့ငါးလုံးမြောက်ကြယ်ကို အတော်လေး မှိန်ဖျော့သွားစေပေ၏။

သို့ရာတွင် ရှေးဟောင်းနတ်ဘုရားကြယ်မှာ မပျက်စီးသေးသ၍ တဖြည်းဖြည်း စွမ်းအား ပြန်လည် ဖြည့်တင်းနိုင်ပေသည်။

သို့သော် အဇူရာအလင်းဒိုင်းမှာ ရှေးဟောင်းနတ်ဘုရားစွမ်းအင် လိုအပ်ချက် များလွန်း၏။ ဝမ်လင်း၏ ညာမျက်လုံးမှ အပြာရောင်အလင်း တောက်ပလာလေလေ သူ့ညာမျက်လုံးထဲသို့ ရှေးဟောင်းနတ်ဘုရားစွမ်းအင် ပို ဝင်ရောက်လာလေလေ လေးခုမြောက်ကြယ်သည်လည်း မှိန်ဖျော့လာချေ၏။

ဝမ်လင်း၏ ညာမျက်လုံးထဲကနေ အပြာရောင်အလင်း တောက်ပကာ ဤဧရိယာကို ခြုံလွှမ်းသည်။ တိုက်ခိုက်နေကြသော မူပင်းမေနှင့် ရှေ့ဖြစ်ဟောသူတို့ပင် ထိုဆန်းကြယ်သော အပြာရောင်အလင်းကို သတိပြုမိ၏။

သူ့မျက်ခုံးနှစ်ခုကြားမှ ကြယ်များသည် ပိုပိုမြန်ဆန်စွာ လှည့်ပတ်လာ၏။ တတိယမြောက်ကြယ်သည်လည်း မှိန်ဖျော့လာ၏။ ထို့နောက် သူ့ဒုတိယမြောက် ရှေးဟောင်းနတ်ဘုရားကြယ်မှာ မှိန်ဖျော့သည်။ သည့်နောက်တွင် နောက်ဆုံးလက်ကျန် ကြယ်မှာလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့လာသည်။

သို့သော် ဤအခိုက်၌ ဝမ်လင်းညာမျက်လုံးထဲရှိ အပြာရောင်အလင်းသည် ကောင်းကင်ထက်သို့ ဓားတစ်စင်းအလား ထိုးထွက်သွား၏။ သူသည် ရှေ့ဖြစ်ဟောသူမန္တာန်ကြောင့် လေထဲသို့ မြင့်တက်နေသည့် ကီလိုမီတာငါးဆယ်ကျယ်သော မြေကြီးထု တိုင်လုံးကို ကြည့်၏။ ထိုတိုင်လုံးမှာ ဝမ်လင်း၏ အကြည့်ကို မခံနိုင်သည့်အလား ချက်ခြင်း တုန်ခါကာ ပြိုပျက်သွားသည်။

***

Comment

  1. kyawthiha1499 says:

    အစထဲကဘာလို့ဒါကိုမသုံးတာလဲ လောကကိုဆန့်ကျင်သူကြီးကဒီဝှက်ဖဲလည်းရှိတယ် ‌ ပုတီး‌စေ့လည်းရှိတာကိုလွယ်လွယ်သေဖို့ရွေးချယ်တာနားမလည်နိုင်ဘူး အရှေ့ပိုင်းမှာလေးစားခဲ့သမျှသွားတာပဲ

Leave a Reply

Options

not work with dark mode
Reset