Switch Mode

အပိုင်း(၁၁၃၁)

မူပင်းမေ

သည်အခိုက်အတန့်၌ တာကျားသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ လခြမ်းကွေး ပုံရိပ်ယောင်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူ့ထံမှ လမြှုပ်နှံ့ခြင်း စကားတစ်ခွန်း ဖြင့်ပင် အကြီးအကဲငါးယောက်၏ လေဟာနယ်ရတနာများသည် ပျက်စီးသွားရ၏။ သူတို့သည်လည်း နောက်သို့ လွင့်စင်ကာ သွေးအန်ထုတ်ရသည်။

ဟင်္သာငှက်နတ်ကလန် တပည့်ပေါင်း တစ်ရာနီးပါးကြောင့် ဖြစ်ပေါ်လာသော ဧရာမမီးတောက်ကြီးသည်ပင် ထို လမြှုပ်နှံ့ခြင်းမန္တာန်အောက်တွင် ပျက်စီးသွားရသည်။ မူလစိတ်ဝိညာဉ် တစ်ရာနီးပါးသည် သူတို့၏ခန္ဓာကိုယ်များထဲသို့ ပြန်ဝင်ရောက်သွားတော့သည်။

သူတို့အားလုံးမှာ သွေးအပြည့် အန်ထုတ်ရ၏။

ရှေ့ဖြစ်ဟောသူသည် တက်တူးများဖုံးအုပ်နေသော တာရှန်ကို စူးစိုက်ကြည့်ကာ ခပ်ဖြည်းဖြည်း ပြောလာသည်။ “မင်းက အချိန်အကြာပြီး ပုန်းအောင်းနေခဲ့တာပဲ။ မင်း ထွက်မလာလောက်ဘူးလို့ ငါ ထင်ထားခဲ့တာ…”

တာရှန်သည် စဉ်းစားနေ၏။ သူသည် အချိန်အတန်ကြာ ပုန်းအောင်းနေခြင်းပင်။ သူသည် တိုက်ခိုက်ရန်လည်း ထွက်မလာခဲ့ပေ။ တကယ်တော့ သည်တိုက်ပွဲမှှာ သူနှင် သိပ်မဆိုင်လှပေ။

အမှန်တော့ တာရှန်သည် သူ့ရည်ရွယ်ချက်နှင့်သူ ရှိ၏။ သို့ရာတွင် ဝမ်လင်း သေရေးရှင်ရေး ကြုံရသည့်အခါ သူသည် မာန်သွင်းအော်ဟစ်ကာ ထွက်လာခဲ့၏။ သူ့ကိုယ်သူပင် ထိန်းချုပ်မှု လွတ်သွားဟန် ရသည်။

“တာရှန်…” ဝမ်လင်းအသွင်က မျက်တွင်းချောင်ကြနေ၏။ သို့သော် သူ့မျက်လုံးတို့မှာ ပို၍ပင် ထက်ရှလာသည်။ သည်အခိုက်အတန့်၌ တာရှန်သည် သူ့ရှေ့၌ ရပ်ကာ သူ့အား ကူညီပေးသည်။ သူ့ပါးစပ်ထောင့်ကနေ သွေးများ ယိုစီးကျနေ၏။

ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ပြောလိုက်သည်။ “ငါ့ကို ထားခဲ့။ ခေါင်းကြီးကို သွားကူလိုက်ပါ…” သူက သူ့လက်ထဲရှိ ဓားအိမ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ရှေ့ဖြစ်ဟောသူထံသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စူးစိုက်ကြည့်သည်။

“ငါ…ဝမ်လင်းဟာ ကောင်းကင်နဲ့မြေကြီးကို ဖိဆန်တဲ့ ကျင့်ကြံသူပဲ။ ငါ သေရမယ်ဆိုရင်တောင် အညံ့မခံတဲ့ စိတ်ဝိညာဉ်တစ်ခုအဖြစ် သေဆုံးမယ်။ ဘဝမှာ ဘာမှ ကြောက်စရာ မရှိဘူး။ သေတယ်ဆိုလည်း သေရုံပေါ့…”

ဝမ်လင်း လက်ထဲရှိ ဓားအိမ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ သံချေးတတ် ဓားသာ ကျန်ခဲ့၏။

တာရှန်သည် အနည်းငယ် ချည့်တုံချတုံ ဖြစ်ပြီးမှ နောက်သို့ ဆုတ်ပေး၏။ သူသည် ဝမ်လင်းကို ကြည့်သည်။

ထို့နောက် တာရှန်သည် ရုတ်တရပ် လှည့်ကာ ခေါင်းကြီးနှင့်အရှင်ချိုင့်လေတို့ ရှိနေသော နေရာသို့ ဦးတည်သွားတော့သည်။

ဝမ်လင်းသည် တာရှန်ကို ထွက်သွားရန် ပြောခဲ့၏။ ထိုသို့ပြောရခြင်းမှာ တက်တူးကလန်၏ တော်ဝင်ဘိုးဘေး အမွေအနှစ်ဖြင့်ပင် တာရှန်သည် ရှေ့ဖြစ်ဟောသူအား တားဆီးဖို့ လုံလောက်အောင် မသန်မာမှန်း သူ သိနေခြင်းကြောင့် ဖြစ်သည်။

သံဓားကို ကိုင်ထားရင်း ဝမ်လင်းသည် အသက်ခပ်ဝဝရှိုက်သွင်း၏။ သူသည် ရှေ့ဖြစ်ဟောသူထံသို့ ခါးသီးစွာ ကြည့်သည်။

“သင့်ကို ဆရာလို့ နောက်တစ်ကြိမ် ခေါ်ဖို့ ငါ့ကို ခွင့်ပြုပါ။ သင့်ကြောင့် မဟုတ်ခဲ့ရင် ငါ ဘယ်နေရာမှာ ရှိနေခဲ့မယ်ဆိုတာ သိခဲ့မှာ မဟုတ်ဘူး။ ငါဟာ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ် ငါဟာ လူသူကင်းမဲ့တဲ့နေရာတစ်ခုခုမှာ တသီးတခြား နေခဲ့မှာလည်း ဖြစ်နိုင်တယ်…”

“အခုချိန်က ငါ့အတွက် ရှင်သန်နိုင်ဖို့ ရုန်းကန်ရမှုပဲ။ ငါ သေခဲ့ရင် ဆရာက ကျေးဇူးပြုပြီး ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ငါ့ကို မြှုပ်နှံ့ပေးပါ။ ငါ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ မဝင်ရောက်နိုင်ခဲ့ရင်တောင် ငါ့ကို ငါ့မွေးရပ်မြေမှာပဲ မြှုပ်နှံ့ပေးပါ။ စစ်ထူနဲ့ အခြားလူတွေဟာ သင်နဲ့ ဘာမှ မသတ်ပါဘူး။ ငါ သေခဲ့ရင် ဆရာဟာ သူတို့ကို သွားခွင့်ပေးဖို့ မျှော်လင့်ပါတယ်…”

ရှေ့ဖြစ်ဟောသူသည် ဝမ်လင်းကို ကြည့်နေ၏။ သူ့အသွင်မှာ တည်ငြိမ်နေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြသည်။

ဝမ်လင်းသည် ကျယ်ကျယ်လောင်လောင် ရယ်မော၏။ ထိုရယ်သံမှာ မောက်မာမှု ပြည့်သည်။ သူ့ခန္ဓာကိုယ်မှာ နာကျင်မှုနှင့် ပြည့်၏။ သူ့မူလစိတ်ဝိညာဉ်မှာ ထိလွယ်ရှလွယ် ဖြစ်လွန်းနေပြီ။ သို့သေ်ာ သူ့လက်နှစ်ဖက်မှာ တုန်ယင်နေခြင်း မရှိပေ။ သူက သံဓားကို ကိုင်ကာ ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်၏။

“ရှေ့ဖြစ်ဟောသူ…” ဝမ်လင်းသည် အော်ဟစ်လိုက်ရင်း သူ့ညာလက်ကို ဝေ့ယမ်း၏။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့မှာ ဓားအတွင်းသို့ စီးဝင်သည်။ ဓားသည် ခပ်ရှရှ ဓားတေးသံကို ထုတ်လွှတ်ကာ လေထဲ၌ ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ပေါ်လာ၏။ ထိုဓားကြီးသည် ရှေ့ဖြစ်ဟောသူထံသို့ ခုတ်ပိုင်းလာသည်။

တစ်ချက်၊ နှစ်ချက်၊ သုံးချက်…။

ရှေ့ဖြစ်ဟောသူသည် မလှုပ်ရှားသေးပေ။ သူသည် ဝမ်လင်းကိုသာ တည်ငြိမ်စွာ ကြည့်နေသည်။ထို့အတူ သူသည် ဓားချက်များ တစ်ချက်ပြီးတစ်ချက် ချိတ်ဆက်နေသည်ကိုလည်း တည်တည်ငြိမ်ငြိမ်သာ ကြည့်နေသည်။

ခုနစ်ချက်၊ ရှစ်ချက်၊ ကိုးချက်…။ ဓားရိုက်ချက်များသည် ရှေ့ဖြစ်ဟောသူအား ဝန်းရံလာ၏။

ဆယ်ချက်၊ဆယ့်တစ်ချက်…။ ဆယ့်ကိုးချက် တိုင်သည့်အခါ ဝမ်လင်းသည် သွေးအန်ရ၏။ သူ့ကြက်သွေးနီရောင်ချပ်ဝတ်မှာ မှိန်ဖျော့လာ၏။

ဓားချက်နှစ်ဆယ်၊နှစ်ဆယ့်တစ်၊ နှစ်ဆယ့်သုံး။ ဝမ်လင်းသည် သူ့အကန့်အသတ်သို့ ရောက်လာချိန်တွင် သူ့ပတ်လည်ရှိ ချပ်ဝတ်မှာ လွင့်ပါးကာ မီးမူလစွမ်းအင်အဖြစ်သို့ ပြောင်း၍ သံဓားအတွင်းသို့ ဝင်ရောက်သည်။

နှစ်ဆယ့်လေးချက်။ ဝမ်လင်းခန္ဓာကိုယ်မှ တစစီအသံများ ထွက်ပေါ်လာနေ၏။ သူ့မျက်လုံးမှ သွေးစီးကြောင်းနှစ်ခု စီးကျလာသည်။ သူ့အသွင်သည် ပို၍ ကြမ်းကြတ်လာ၏။ သူသည် သံဓားကို ပင့်မြှောက်ကာ နောက်တဖန် ပင့်မြှောက်သည်။

ရှေ့ဖြစ်ဟောသူ ပတ်လည်ရှိ ဓားအလင်းတန်းများသည် တဝီဝီမြည်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဓားချက်နှစ်ဆယ့်ငါးချက် ဖြစ်ပေါ်လာသည်။

ဓားချက်နှစ်ဆယ့်ငါးချက် ပေါ်လာချိန်၌ ဝမ်လင်း၏ ရင်ဘက်မှ သွေးများ ပန်းထွက်သည်။ သူ့ဒဏ်ရာမှာ ပွင့်ဟကုန်၏။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သို့သော် ပြင်းထန်သောစိတ်ဆန္ဒက သူ့ခန္ဓာကိုယ်အား ပြိုဆင်းမကျသွားအောင် ထောက်ကန်ထားပေးနေသည်။

ကြောက်မက်ဖွယ်အပြုံးနှင့်အတူ ဝမ်လင်းက သံဓားကို ထပ်မြှောက်၏။ နှစ်ဆယ့်ခြောက်ချက်မြောက် ပေါ်လာကာ ရှေ့ဖြစ်ဟောသူအား ရိုက်ခတ်၏။

ထိုအခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူသည် လှုပ်ရှားလာသည်။ သူသည် ဝမ်လင်းကို စူးနစ်စွာ ကြည့်ကာ စဉ်းစားနေ၏။

“မင်း လုပ်နေတာ အချည်းနှီးပဲ။ ငါ့ပထမကောင်းကင်ဘုံဒုက္ခ ကျင့်ကြံမှုနဲ့ဆိုရင် ငါ ရှေ့တိုးလာတာကို တားဆီးဖို့ မင်းဟာ အနည်းဆုံး ဒီ အတုအပနိဗ္ဗာနလေဟာနယ်ရတနာနဲ့ ဓားချက်သုံးဆယ် ရိုက်ချနိုင်ဖို့ လိုတယ်…”

“ဒီလိုလား…” ဝမ်လင်း၏အမြင်သည် ဝေဝါးသွား၏။ သို့သော် သူ့ညာလက်မှာ ရပ်တန့်သွားခြင်း မရှိပေ။ သူသည် ထပ်မံ ဝေ့ယမ်းသည်။ ရှေ့ဖြစ်ဟောသူ ပတ်လည်ရှိ ဓားအလင်းသည် တဝီဝီ မြည်လာ၏။ နှစ်ဆယ့်ခုနစ်ချက်မြောက်ဓားသည် ပေါ်လာ၏။

ဝမ်လင်း၏ဒွာရပေါက်များကနေ သွေးများ ထွက်လာလေပြီ။ သို့သော် သူသည် မာန်သွင်းလိုက်ကာ သံဓားအား ရှေ့ဖြစ်ဟောသူထံသို့ ပစ်လွှတ်၏။ ၎င်းဓားပစ်ချက်သည် နှစ်ဆယ့်ရှစ်ချက်၊နှစ်ဆယ့်ကိုးချက်သို့ ပြောင်းသွားသည်။

ရှေ့ဖြစ်ဟောသူသည် ခေါင်းယမ်း၏။ သို့သော် ထိုအခိုက်အတန့်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှာ ကြီးမားစွာ ပျက်စီး၏။ ၎င်းက ပျက်စီးလွင့်ပျောက်သွားခြင်း မရှိသေးသော်လည်း သူသည် ပို၍ပင် အားနည်းလာခဲ့ပေပြီ။ သို့ရာတွင် သူသည် ထိုအားနည်းစေမှုနှင့် မူလစွမ်းအင်ပိုရရှိစေဖို့ကို လဲလှယ်ခဲ့ပေသည်။

သံဓားသည် ပို၍ လင်းလက်ကာ ပေါက်ကွဲလာ၏။ ၎င်းဓားက ရှေ့ဖြစ်ဟောသူအား လှည့်ပတ်လာရင်း ဓားချက်သုံးဆယ်မြောက် ထွက်ပေါ်လာသည်။

ဤဓားချက်မျာ မရပ်တန့်သေးပေ။ ဓားချက်သုံးဆယ်မြောက် ပြီးသည့်နောက် သုံးဆယ့်တစ်၊ သုံးဆယ့်နှစ် ချက်မြောက် ဓားချက်များသည် အလင်းတန်းအား မြန်ဆန်စွာ ပေါ်လာသည်။

“ဓားချက်သုံးဆယ့်သုံးချက်…” ဝမ်လင်းသည် မင်သက်လောက်အောင် မာန်သွင်း၏။ သူ့ခန္ဓာကိုယ်မှ သွေးများ တရဟော ထွက်ပေါ်လာကာ နောက်ဆုံးဓားရိုက်ချက် သုံးဆယ့်သုံးချက်မြောက်ကို ဖြစ်ပေါ်စေသည်။

ဓားချက်သုံးဆယ့်သုံးချက်သည် ရှေ့ဖြစ်ဟောသူအား လှည့်ပတ်၏။ ဝမ်လင်းထံမှ နောက်ဆုံး လက်ညွှန်မှုနှင့်အတူ ၎င်းဓားချက်တို့သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအား ထွင်းဖောက်နိုင်သည့် ဓားစွမ်းအင်ကို ထုတ်လွှတ်သည်။ ၎င်းစွမ်းအင်သည် မွန်းစတားဆန်သော စွမ်းအားတစ်ခု ပါဝင်သည်။ သတ်ဖြတ်ခြင်းစွမ်းအင်အပြည့် ပါဝင်သည်။ ၎င်းဓားချက်က ရှေ့ဖြစ်ဟောသူ ထံသို့ တိုးဝင်လာ၏။

သံဓားမှ သံချေးသည်လည်း ထိုဓားစွမ်းအင်အလင်းနှင့် ပေါင်းစည်းသည်။

ဝုန်း…ဝုန်း…ဝုန်း…။

ကောင်းကင်နှင့်မြေကြီးကိုပါ တုန်လှုပ်စေမည့် ဖိသိပ်အားမှာ ရှေ့ဖြစ်ဟောသူ ပတ်လည်တွင် ပေါ်လာသည်။ သည်အခိုက်အတန့်၌ လူတိုင်းသည် သူတို့၏တိုက်ပွဲများကို ရပ်တန့်ကာ အံ့မခန်းဖိသိပ်အားကို လှမ်းကြည့်လာကြသည်။

ရှေးဟောင်းနတ်ဆိုးတာကျားသည်ပင် သည်ဖိသိပ်အားအပြည့် ဓားချက်ကို ထူးဆန်းစွာ လှမ်းကြည့်သည်။

“သခင်…” တာရှန်သည် လက်သီးခပ်တင်းတင်း ဆုပ်ကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်၏။

“သခင်…” ခေါင်းကြီး၏ မူလစိတ်ဝိညာဉ်မှာလည်း ရှေ့တည့်တည့်သို့ စူးနစ်စွာ ကြည့်သည်။ သူသည် သူ့မူလစိတ်ဝိညာဉ်ထဲ၌ ဖော်မပြနိုင်သည့် နာကျင်မှုကို ခံစားရသည်။

“ကောင်လေး လင်း…” စစ်ထူနန်သည် ရှေ့ဖြစ်ဟောသူ ကိုယ်ပွားနှင့် တိုက်ခိုက်နေ၏။ သူသည် သွေးအလိမ်းလိမ်းနှင့် ရှိနေ၏။ သည်အခိုက်၌ သူသည် ဝမ်လင်းရှိနေသော နေရာသို့ စူးစိုက်ကြည့်သည်။ သူ့မျက်လုံးတို့မှာ နီရဲတွတ်နေသည်။

ဝမ်လင်းနှင့် ရှေ့ဖြစ်ဟောသူတို့ ကြားတွင် ဓားမုန်တိုင်းတစ်ခု ပေါ်လာသည်။ ထိုမုန်တိုင်းသည် ကောင်းကင်နှင့်မြေကြီးဖြင့် ချိတ်ဆက်သည့်အလား။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတခွင်မှာ ပြင်းပြင်းထန်ထန် တုန်ခါ၏။ မြေကြီးထုသည် ပြိုပျက်ကာ ကောင်းကင်သည်ပင် အရောင်ပြောင်းရသည်။

ဓားမုန်တိုင်း ရိုက်ခတ်လာချိန်တွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည် ပြိုပျက်၏။ ကောင်းကင်သည်ပင် ပြိုဆင်းပျက်ရကာ အဆုံးမဲ့မူလစွမ်းအင်တို့ တရကြမ်း တိုးဝင်သည်။

သည်ကြမ်းကြုတ်မှု ဖိသိပ်အားမှာ ဧရာမတုန်ခါမှုလှိုင်းကို ဖြစ်စေသည်။ ထိုဖိသိပ်အားသည် လွင့်ပြယ်သွားသည့်နောက် ရှေ့ဖြစ်ဟောသူသည် တည်ငြိမ်စွာ ရပ်နေဆဲပင်။ သူ့လက်ထဲ၌ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသော သုံးမြှောင့်ခရင်းခွကို ကိုင်ထားသည်။

သို့ရာတွင် သူ့ဝတ်ရုံ၏ အစိတ်အပိုင်းအများစုမှာ လေတိုက်ခတ်သွားချိန်၌ တစစီ ကြေမွသွား၏။ သူ့ဆံပင် အစိတ်အပိုင်းခပ်များများသည်ပင် မွကြေကာ လွင့်ပျောက်သွားရသည်။

ဝမ်လင်းသည် နောက်သို့ တဖြည်းဖြည်း လန်ကျရင်း သူ့ထံ၌ လက်မခံနိုင်မှုအငွေ့အသက်တစ်ခု ရှိနေသည်။ သူ့ခန္ဓာကိုယ်သည် အထက်ကနေ ပြိုဆင်းနေသော မြေကြီးထုထံသို့ ထိုးစိုက်ကျလာသည်။

“ငါက ငါ့အမေနဲ့အဖေရှိ အလည်သွားရုံမျှသာပါပဲ…” ဝမ်လင်း ခန္ဓာကိုယ် ထိုးစိုက်ကျနေရင်း သူသည် စိတ်ရှုပ်ထွေးသောမျက်လုံးဖြင့် စုတ်ပြဲ‌နေသော ကောင်းကင်ယံကို ကြည့်သည်။ သူသည် သူ့အား လက်ဝေ့ယမ်းပြနေသော သူ့အဖေနှင့်သူ့အမေတို့အား ခပ်ရေးရေး မြင်သည်ဟု ခံစားရသည်။ သူတို့သည် သူ နှစ်ပေါင်းတစ်ထောင်ကျော် မမြင်တွေ့ခဲ့ရသော ကြင်နာမှုအပြုံးကို ထုတ်ဖော်ထားကြ၏။

ထိုအပြုံးမှာ သူ့စိတ်နှလုံးအတွင်းနက်ပိုင်း၌ တည်ရှိပေ၏။ ထိုအပြုံးမှာ သူ့အတွက် အဖိုးတန်ဆုံး၊ ဝမ်းအမြောက်ဆုံး မှတ်ဉာဏ်လည်း မည်သည်။

“ဖြစ်နိုင်တာက ဒါ အကောင်းဆုံး ဖြစ်မှာပါလေ…” ဝမ်လင်းသည် ပြုံး၏။ သူ့မျက်လုံးထဲ၌ သူ့မိဘများပြီးသည့်နောက် လီမူဝမ်နှင့် ဝမ်ပိုင်တို့ကို မြင်ယောင်မိလာသည်။

“အားလုံးပဲ…ငါ့ကို စောင့်နေကြတာမလား…” ဝမ်လင်း မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေသည်။ သူက အောက်သို့ ပြုတ်ကျနေရင်း သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။

“စစ်ထူ…ကျောက်ရီ… ငါ ကတိတည်နိုင်စွမ်း မရှိတော့ဘူး။ တောင်းပန်ပါတယ်…”

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ ထိုအခိုက်အတန့်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ကောင်းကင်ထက်တွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။

ထိုပုံရိပ်နှစ်ခုမှာ တောက်ပသောဟင်းလင်းပြင်နယ်မြေမှ အဘိုးအိုနှင့် မူပင်းမေတို့ပင် ဖြစ်ကြသည်။

မူပင်းမေ၏ အကြွင်းမဲ့အလှတရားနှင့် အေးစက်မှုတို့သည် မြေကြီးထက်သို့ ထိုးစိုက်ကျနေသော ဝမ်လင်းကို တွေ့မြင်ရချိန်၌ ချက်ခြင်း ပြိုပျက်သွားတော့သည်။

သူမ စိတ်ထဲ၌ အမျိုးအမည်မသိ ရှုပ်ထွေးသော ခံစားချက် ဖြစ်ပေါ်လာ၏။ သည်အခိုက်အတန့်၌ သူမသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမဲ့ကာ ခြေတစ်လှမ်းလှမ်း၍ ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။

သူမဘေးရှိ အဘိုးအိုက မျက်မှောင်ကြုတ်ကာ သက်ပြင်းချ၏။ သူသည် သူမကို မတားပေ။ သို့သော် သူသည် နတ်ဆိုးစိတ်ဝိညာဉ်ရှိ လူတိုင်းကို ကြည့်လိုက်၏။

မူပင်းမေသည် လိပ်ပြာတစ်ကောင်အလား ဝမ်လင်းဘေးနားသို့ ရောက်သွားကာ သူ့အား တွဲခေါ်လိုက်၏။ ထိုသူ့ကို အနီးကပ်ကြည့်ရသည့်အခါ သူမစိတ်နှလုံးထဲရှိ ရှုပ်ထွေးမှုခံစားချက်မှာ လျော့ပါးသွားခြင်း မရှိပေ။

ပို၍ တိတိကျကျဆိုပါက အခုအကြိမ်သည် သူမအဖို့ သူနှင့် ပထမဆုံး မျက်နှာချင်းဆိုင်ခြင်းလည်း ဖြစ်၏။

သက်ပြင်းချကာ မူပင်းမေသည် သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကို ဝေ့ယမ်း၏။ သူမရှေ့တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။သူမသည် ထိုအက်ကြောင်းထဲမှ ကျောက်စိမ်းပုလင်းကို ဆွဲထုတ်၏။ ၎င်းပုလင်းအား ဆေးလုံးတွင် ပါဝင်သည့် သက်ရောက်မှုကို မရုတ်လျော့သွားစေရန် အတားအဆီးများစွာ ချထား၏။ ပုလင်းသည်ပင် ဤသို့ ဖြစ်နေသည်ဆိုပါက ပုလင်းအတွင်းရှိ ဆေးလုံးမှာ ပြောနေစရာပင် လိုတော့မည် မဟုတ်ချေ။

မူပင်းမေသည် ဆေးလုံးကို ထုတ်ကာ ဝမ်လင်း၏ ပါးစပ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ နေရာချ၏။

သည်ဆေးလုံးမှာ ဝါးမြိုသောက်သုံးရန် မလိုပေ။ ဝမ်လင်း၏ လျှာဖျားနှင့် ထိလိုက်သည်နှင့် ၎င်းသည် နို့နှစ်ရောင်အခိုးငွေ့နှစ်ခုအဖြစ်သို့ ပြောင်းကာ သူ့နှာခေါင်းပေါက်အတွင်းသို့ ဝင်ရောက်သွားသည်။

“ဒီလောကထဲက ဘယ်သူကမှ နင့်ကို ငါ့ရှေ့မှာ သတ်ခွင့်မပြုဘူး…” မူပင်းမေသည် သူမ၏ လှပသောလက်ကို ပင့်မြှောက်ရုံဖြင့် မည်သည့်ကျင့်ကြံသူ၏ နှလုံးသားကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။ သူမသည် ရှေ့ဖြစ်ဟောသူကို ကြည့်၏။ သူမမျက်လုံးထဲမှ အေးစက်စက်အကြည့်ကို လှစ်ဟစေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset