ကြယ်အဖွဲ့အစည်းအတွင်း၌ အလွန်ဆန်းကြယ်သောနယ်မြေတစ်ခု ရှိ၏။ ထိုနယ်မြေမှာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၏ တားမြစ်နေရာများထဲမှ တစ်ခု ဖြစ်သည်။
ထိုနယ်မြေ ဆန်းကြယ်နေရခြင်းမှာ အဝေးမှာ ကြည့်ပါက ပုံရိပ်ယောင်များ ကုန်းမြေတစ်ခုနှင့် ဆင်တူနေခြင်းကြောင့်ပင်။ ထိုနေရာတွင် မိုးထိမြင့်မားသော သစ်ပင်ကြီးများ၊မျက်စိတစ်ဆုံး မြက်ပင်များ ရှိ၏။ အကြည့်တချက်ဖြင့်ပင် သည်အရာများမှာ အလွန်အတုအယောင် ဆန်နေသည်ကို တွေ့နိုင်သည်။
သည်ဂြိုဟ်ပေါ်၌ ရှိနေသော လှပသော တောအုပ်သည် အဆုံးမဲ့ ဟင်းလင်းပြင်ထဲ၌ မြောလွင့်တည်ရှိသည်။ ၎င်းသည် တောအုပ်တစ်ခုမျှသာမဟုတ်၊ ထာဝရ တည်ရှိဟန် ရမည့် ထူထဲသောတောအုပ်ကြီးဟု ဆိုရမည်။
သိပ်သည်းသော သစ်သားမူလစွမ်းအင်မှာ ဤကြယ်နယ်မြေတွင် ပြည့်နှက်သည်။ ၎င်းစွမ်းအင်တို့က သည်ကြယ်နယ်မြေကို အစိမ်းရောင်မြူထုဖြင့် ခြုံလွှမ်းပတ်ပေးထားသည်။
ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းသည်ပင် သည်နေရာကို ရှိန်ရ၏။ ထို့ကြောင့် ဤနေရာမှာ တားမြစ်ဇုံတစ်ခု ဖြစ်လာခြင်းပင်။
ဤနေရာကား နတ်လေးပါးကလန်၏ အဇူရာနဂါးနတ်ကလန် တည်ရှိခဲ့သော နေရာတည်း။
ဤအခိုက်အတန့်၌ လူတစ်ယောက်သည် အကွာအဝေးတစ်ခုကနေ ဖြည်းဖြည်းချင်း ပေါ်လာ၏။ ထိုသူသည် သက်လတ်ပိုင်းအရွယ်ရှိကာ သူ့မျက်လုံးထဲတွင် အတိတ်ကို ပြန်အောက်မေ့မှုတို့ ရှိနေ၏။ သူက အဇူရာနဂါးနတ်ကလန်ကို ကြည့်ကာ သက်ပြင်းချသည်။
ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်သည်။ ဟင်္သာငှက် အရိပ်တစ်ခု ပေါ်လာကာ အော်မြည်သံ ထွက်ပေါ်၍ အစိမ်းရောင်မြူထုအတွင်းသို့ တိုးဝင်သွားသည်။
ခဏအကြာတွင် အစိမ်းရောင်မြူထုအတွင်းမှ ပုံရိပ်များ ထွက်ပေါ်လာကြ၏။ လူသုံးယောက် လှမ်းထွက်လာကြခြင်းပင်။ သူတို့၏ ဆံပင်များက ဖြူဖွေး၍ မျက်နှာထက်တွင် အချိန်တိုက်စားမှု အရိပ်အမြွက် ရှိကြသည်။ သူတို့နောက်၌ အကြီးအကဲ ခြောက်ယောက်သည်လည်း လိုက်ပါလာကြ၏။
“ဟင်္သာငှက်နတ်အင်ပါယာကို နှုတ်ဆက်ပါတယ်…” ထိုအဘိုးအိုကိုးယောက်က အစိမ်းရောင်မြူနက်ထုအတွင်းကနေ လှမ်းလျှောက်ထွက်လာသည့်နောက် သတ်လတ်ပိုင်းလူကို တွေ့ကြ၏။ သူတို့အကြည့်၌ လေးစားဟန် ဖြစ်ပေါ်ကာ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ကြသည်။
“ဟင်္သာငှက်ဟာ ပေါ်ထွက်လာခဲ့ပြီ။ ငါ မင်းတို့ အဇူရာနဂါးနတ်ကလန်ရဲ့ မြင့်မြတ်တဲ့ ရတနာကို ငှားယမ်းချင်တယ်။ ဒါ့အပြင် မင်းတို့အားလုံးကိုလည်း ငါနဲ့ လိုက်လာစေချင်တယ်…” ထိုသတ်လတ်ပိုင်းလူမှာ ဟင်္သာငှက်နတ်အင်ပါယာ၏ မူလစိတ်ဝိညာဉ် ဖြစ်၏။ သူသည် သည်ခရီးစဉ်၌ အမှားအယွင်း မဖြစ်အောင် သေချာစေရန် လိပ်နက်နှင့် ကျားဖြူနတ်အင်ပါယာကလန်တို့ထံသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်သည်။ အခု သူသည် အဇူရာနဂါးကလန်သို့ နောက်ဆုံး ရောက်လာခဲ့ခြင်းပင်။
အဇူရာနဂါးနတ်ကလန်မှ အဘိုးအိုကိုးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့သည် အချိန်အများကြီးတော့ ဆွဲမနေပေ။ ရှေ့ဆုံးရှိ အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်က လေးစားစွာ ခေါင်းညိတ်ပြ၏။ ငါတို့ “ဟင်္သာငှက်နတ်အင်ပါယာရဲ့ အမိန့်ကို နာခံပါ့မယ်…”
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင်တော့ ဟင်္သာငှက်နတ်ကလန်၏ အကြီးအကဲ တစ်ယောက် မိမိကိုယ်ကို ဖျက်စီးခြင်းကို ငှားယမ်းကာ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူနှင့် အဝေးသို့ ရောက်သွားနိုင်၏။ သူ့မျက်လုံးတို့မှာ နီရဲနေ၏။ သူ့ဒဏ်ရာများကြောင့် သူ့နှလုံးကနေ နာကျင်မှုတစ်ခု လှိုက်တက်လာသည်။
အကွာအဝေးတစ်ခု၌ ဟင်္သာငှက်နတ်ကလန်၏ ကျန်နေသော အကြီးအကဲငါးယောက်ရှိ၏။ သူတို့သည် ကူညီပေးရန် နောက်ကျခဲ့ပေပြီ။ သူတို့ငါးယောက်မှာ နိဗ္ဗာနဖြိုခွဲခြင်း အထွတ်အထိပ်အဆင့် မဟုတ်ကြဘဲ အများဆုံးမှ စဦးပိုင်းနှင့်အလယ်အဆင့်တွင်သာ ရှိကြ၏။ သူတို့အတွက် ရှေးဟောင်းမိစ္ဆာတာကျားကို ရင်ဆိုင်ရသည်မှာ ခက်ခဲလွန်းနေသည်။
သည်အကြီးအကဲငါးယောက်မှာ မီးတောက်များ၊သူတို့၏ လက်နက်ရတနာများဖြင့် ခြုံလွမ်းထားကြ၏။ ထိုရတနာများမှာ သာမန်ရတနာများ မဟုတ်ကြပေ။ ဟင်္သာငှက်နတ်ကလန် နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်အတွင်း စုဆောင်းထားသည့် လေဟာနယ်လက်နက်များပင်။ သူတို့သည် ထိုရတနာများ၏ အကူအညီ၊ ဧရာမမီးတောက်ကြီးတို့ဖြင့် ရှေးဟောင်းမိစ္ဆာတာကျားကို ဟန့်တားထားကြ၏။ ပန်းအင်ပါယာကိုယ်လုပ်တော်ကတော့ လူသားအသွင်အရာကို အနိုင်ယူထားသည်။သို့ရာတွင် ရှေးဟောင်းမိစ္ဆာတာကျား သူ့မန္တာန်များကို အသုံးပြုချိန်၌ သူတို့အတွက် ဆိုးကျိုး ရနေသည်မှာ သိသာပေသည်။
ရှေ့ဖြစ်ဟောသူ၏အသွင်မှာ တည်ငြိမ်နေ၏။ သူ့မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားကို ဖျက်စီးပြီးနောက် သူ့ပတ်လည်တွင် အစွမ်းထက်အော်ရာတစ်ခု ရှိနေသည်။ သူသည် ဝမ်လင်းထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။
“ငါ ပထမကောင်းကင်ဘုံဒုက္ခ အချိန်အတွင်း မင်း ငါ့ကြောင့် အသတ်ခံရတဲ့အတွက် ငရဲမှာ အော်ဟစ်ရယ်မောနိုင်ပြီ…”
ရှေ့ဖြစ်ဟောသူသည် ခြေတစ်လှမ်းလှမ်း၏။ မုန်တိုင်းတစ်ခု ပဲ့တင်ထပ်လာသည်။ သူသည် နီးကပ်လာခြင်း မရှိခင်မှာပင် မုန်တိုင်းသည် ဝမ်လင်းထံသို့ ရိုက်ခတ်လာ၏။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်ကို ဓားသွားများဖြင့် ထိုးစိုက်မွသည့်အလား၊ တစီစီအသံများ ထွက်ပေါ်လာစေသည်။ထို့နောက် ဝမ်လင်းသည် နောက်သို့ လွင့်ထွက်သွား၏။
ဝမ်လင်းသည် သွေးအန်ထုတ်ရပြန်သည်။သူ့အသွင်က ကြမ်းကြုတ်နေ၏။ သူ့ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက်အတွင်း သူသည် သူ့ရုန်းကန်မှုနှင့်အညံ့မခံဇွဲတို့သာ မရှိခဲ့ပါ ခုလောက်ဆို သေဆုံးနှင့်ခဲ့လောက်ပေပြီ။
သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူသည် သိုလှောင်အိတ်ကို ပုတ်ကာ ဓားဆယ့်နှစ်လက်ကျော်ကို ပျံသန်းထွက်ပေါ်လာစေ၏။ မာန်သွင်းသံနှင့်အတူ ဝမ်လင်းက ရှေ့ဖြစ်ဟောသူထံသို့ လက်ညွှန်ကာ ၎င်းဓားအားလုံးကို တဟုန်ထိုး တိုးဝင်သွားစေသည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် တတိယနတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားကို ထုတ်ယူသည်။
တတိယနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ထွက်ပေါ်လာသည့်အခါ၌ ၎င်းသည် လိပ်ပြာတစ်ကောင်အသွင် ပြောင်း၏။ လိပ်ပြာတောင်ပံခတ်သံနှင့်အတူ ဥပဒေသများ ပေါ်လာသည်။
ရှေ့ဖြစ်ဟောသူ၏အသွင်က တည်ငြိမ်နေဆဲပင်။ သူသည် ခြေတစ်လှမ်းမှ မရပ်တန့်ပေ။ ဓားများကို ရင်ဆိုင်ရင်း သူ့ပါးစပ်ကို မန္တာန်တစ်ခုကို ရွတ်ဆိုသကဲ့သို့ အနည်းငယ် လှုပ်၏။
ဓားများသည် လေထဲ၌ တန့်သွား၏။ ထို့နောက် တစစီ ပေါက်ကွဲထွက်သွားကာ ထိုအစိတ်အပိုင်းများက ဝမ်လင်းထံသို့ ပျံသန်းသွားချေ၏။
ထိုအစိတ်အပိုင်းများသည် ရှေ့ဖြစ်ဟောသူ ချခင်းသည် အမည်မသိမန္တာန်ကြောင့် သမင်လည်ပြန်တိုးတင်လာရင်း နဂါးတစ်ကောင်အသွင်သို့ ပြောင်းသည်။
ထိုနဂါးမှာ ထက်ရှသော ဓားသွားအစိတ်အပိုင်းများနှင့် ဖုံးအုပ်ကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာ၏။ သို့သော် ၎င်းသည် လိပ်ပြာနှင့် ထိပ်တိုက်တွေ့၏။
လိပ်ပြာသည် ၎င်း၏တောင်ပံကို ခတ်ရာ နဂါးထံမှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ထိုအသံသည် အလွန်နားကြိမ်းစရာ ကောင်း၏။ မရေမတွက်နိုင်သော သတ္တုများ တစ်ခုခုနှင့်တစ်ခု ပွတ်တိုက်နေသကဲ့သို့ပင်။ ချက်ခြင်းလိုလိုပင် နဂါးသည် အမှုန့်အဖြစ်သို့ တစစီ ပျက်စီးကာ လေထဲ၌ ပြန့်ကြဲသည်။
ထိုမြင်ကွင်းသည် ဝမ်လင်း၏ဦးရေပြားကို ထုံထိုင်းသွားစေ၏။ အခြားတစ်ဖက်မှ မည်သည့်မန္တာန်ကို အသုံးပြုလိုက်မှန်း မသိခင်မှာပင် သူသေဆုံးလုနီးပါး ဖြစ်ရသည်မှာ အခု ပထမဆုံးအကြိမ် ဖြစ်ပေ၏။ သူသာ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို စောလျင်စွာ ထုတ်ယူခဲ့ခြင်း မရှိပါက သူ ကြိုပြင်ဆင်ရန်ပင် မမှီနိုင် ဖြစ်ရပေမည်။
လိပ်ပြာသည် ၎င်း၏တောင်ပံကို ခတ်၏။ ဥပဒေသ ပါဝင်သည့် မမြင်ရသော လေပြင်းက ရှေ့ဖြစ်ဟောသူထံသို့ တိုက်ခတ်လာ၏။ သို့ရာတွင် ထိုလိပ်ပြာ ပေါ်လာချိန်၌လည်း ရှေ့ဖြစ်ဟောသူ၏ အမူအရာမှာ ပြောင်းလဲမသွားခဲ့ပေ။သူက နောက်ထပ် ရွတ်ဆိုမှုတစ်ခုကိုသာ ပြု၏။
လိပ်ပြာ မရောက်လာခင်မှာပင် မြေကမ္ဘာတုန်ဟီးသံတို့ ပေါက်ကွဲထွက်လာကာ လှိုင်းလွှာများ ပျံ့လွင့်၏။ထိုအဖြစ်က လိပ်ပြာကို တုန်ယင်ကာ ပြိုပျက်မည့်အရိပ်လက္ခဏာ ပြသလာစေသည်။
ဝမ်လင်း၏အသွင်သည် ခက်ခက်ခဲခဲ ရုန်းကန်နေရာ၏။ သူက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လိပ်ပြာအပေါ်သို့ သွေးများစွာ အန်ထုတ်ပစ်သည်။ ထို့နောက် အော်ပြောလိုက်၏။ “တတိယချိပ်တံဆိပ် အသက်ဝင်စေ…”
လိပ်ပြာသည် တုန်ခါကာ ၎င်း၏တောင်ပံကို နောက်တစ်ကြိမ် ခတ်ထုတ်သည်။ လိပ်ပြာအတွက်၌ မပြီးပြည့်စုံသော ပန်းပွင့်ချပ် ပေါ်လာ၏။ ၎င်း တောင်ပံခတ်နေရင်း ယင်းပွင့်ချပ်လေးခုသည် ရှေ့သို့ လွင့်မြောသွားသည်။
ရှေ့ဖြစ်ဟောသူက သူ့ညာလက်ကို ပင့်မြောက် ဝေ့ယမ်းရင်း အနည်းငယ် အံ့အားသင့်သွားသည်။
သူ့လက်ဝေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့ လေဟာနယ်ထဲတွင် အစိတ်အပိုင်းများစွာ ပေါ်လာ၏။ ထိုအစိတ်အပိုင်းအားလုံးမှာ ဝမ်လင်းထံသို့ ပျံသန်းဝင်လာကြသည်။
လိပ်ပြာသည် ပွင့်ဖတ်လေးခုကို ထုတ်လိုက်ဆဲပင်။ သို့သော် ၎င်းပွင့်ဖပ်တို့မှာ ၎င်းတို့၏အစစ်အမှန် စွမ်းအားကို မထုတ်ဖော်နိုင်ခင်မှာပင် အစိတ်အပိုင်းများသည် ဝမ်လင်းရှိရာသို့ ရိုက်ခတ်ကာ ၎င်းကို ပျောက်ကွယ်သွားစေသည်။
သည်အခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူသည် အနားရောက်ရှိလာ၏။ သူက သူ့ညာလက်ညှိုးကို ပင့်မြှောက်ကာ ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။
ထိုလက်ချောင်း တိုက်ခိုက်မှုသာ ကျရောက်လာပါက ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် ချက်ခြင်း ပြိုပျက်ကာ သူ့မူလစိတ်ဝိညာဉ်မှာလည်း ချက်ခြင်း ပျောက်ကွယ်သွားပေမည်။ ထိုအချိန်မှစ၍ ဝမ်လင်းသူသော နာမည်မှာလည်း ဆက်ရှိတော့လိမ့်မည် မဟုတ်ပေ။
ရှေ့ဖြစ်ဟောသူ၏ ခွန်အားမှာ ဝမ်လင်းရှေ့တွင် ဧရာမတောင်ကြီးကဲ့သို့ ပေါ်လာ၏။ ဝမ်လင်းသည် သူ မခုခံနိုင်သကဲ့သို့ အလိုလို ခံစားမိ၏။ သူသည် ခုခံမည်ဆိုလျှင်ပင် သည်တောင်ကို မကျော်နိုင်လောက်ပေ။
သို့ရာတွင် ယင်းလက်လျော့မှု ခံစားချက် ပေါ်လာသည်နှင့် ဝမ်လင်းက ချက်ခြင်းပြန် ဖိနှိပ်လိုက်သည်။
“ငါ သေဖို့ ဆန္ဒမရှိဘူး…” ဝမ်လင်းအသံသည် ရူးသွပ်စွာ ပဲ့တင်ထပ်၏။ ရှေ့ဖြစ်ဟောသူ၏ လက်ချောင်း တိုက်ချက် ကျဆင်းလာချိန်၌ ဝမ်လင်းသည် သူ့သိုလှောင်အိတ်ထဲမှ ဓားအိမ်ကို ထုတ်၏။
ချက်ခြင်းလိုလိုပင် ရှေ့ဖြစ်ဟောသူ၏ လက်ချောင်းမှာ ယင်းဓားအိမ်နှင့် ထိပ်တိုက်တွေ့ဆုံသည်။
ဓားအိမ်ပေါ်၌ အက်ကြောင်းများစွာ ပေါ်လာရ၏။ ၎င်းဓားအိမ်က ကြေမွသွားခြင်းမရှိသော်လည်း ဝမ်လင်းသည် အဝေးသို့ လွင့်စင်ထွက်သွားရသည်။
သူက သွေးအပြည့်အန်ထုတ်ရပြန်သည်။ ဝမ်လင်း၏အမြင်မှာ ဝေဝါးသွား၏။ သူ့မူလစိတ်ဝိညာဉ်မှာလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်လုနီးပင်။ သူသည် တစစီပြိုဆင်းကျတော့မည့်ကဲ့သို့ ခံစားရ၏။ ဤအခိုက်အတန့်၌ သူ ဆုပ်ကိုင်ထားနိုင်သည်က သူ့အညံ့မခံ၊ဒူးမထောက် ကောင်းကင်နှင့်မြေကြီးကို ဖိဆန်မည့် စိတ်ဆန္ဒသာ ရှိတော့သည်။
ရှေ့ဖြစ်ဟောသူသည် တုံ့ဆိုင်းသွားသည်။ သူသည် သည်တိုက်ခိုက်မှုအတွင်း တည်ငြိမ်နေသော်လည်း ဓားအိမ်မှ တန်ပြန်ကန်အားက သူ့အား တုန်လှုပ်စေသည်။ သတ်ဖြတ်ခြင်းစွမ်းအင်သည် သူ့မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။ သူသည် ခြေတစ်လှမ်းလှမ်း၏။ သူသည် ဝမ်လင်းရှေ့သို့ တည်နေရာရွှေ့ပြောင်းသွားဟန် ရသည်။
သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကြမ်းကြုတ်စွာ အောက်သို့ ရိုက်ချသည်။
ဤအခိုက်အတန့်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အတွင်းနက်ပိုင်းကနေ သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်ထုမှာ ပေါက်ကွဲထွက်ပြီး အောက်ဘက်မှာ တက်တူးအပြည့်ဖြင့် အရိပ်တစ်ခု လှမ်းထွက်လာသည်။
ထိုအရိပ်မှာ ရှေ့ဖြစ်ဟောသူထက် အဆပေါင်းများစွာ ပိုမြန်၏။ ၎င်းသည် လျှပ်စီးတန်းအလား မြန်ဆန်စွာ နီးကပ်လာရင်း သုန်မှုန်အော်ဟစ်သံတစ်ခု လောကတွင် ပြည့်နှက်လာသည်။
“ငါ့အရှင်ကို နာကျင်စေတဲ့သူ မှန်သမျှ တာရှန့်ရဲ့ မသေမချင်း ရန်သူပဲ…”
ရှေ့ဖြစ်ဟောသူ၏ လက်ဝါးသက်ဆင်းလာချိန်၌ အရိပ်သည် တိရိစ္ဆာန်အသားအရေနှင့် ပြုလုပ်ထားဟန် ရသော အဆောင်တစ်ခုကို ပစ်လွှတ်သည်။၎င်းအဆောင်မှာ အခိုးအငွေ့အဖြစ်သို့ ကျွမ်းလောင်၏။ ထိုအခိုးအငွေ့မှာ အရိပ်ကို အဆများစွာ ပိုမြန်ဆန်မှုကို ပေးသည်။ ဖျပ်ခနဲပင် သူသည် ဝမ်လင်းရှေ့သို့ ရောက်ရှိလာကာ လက်ဝါးရိုက်ချက်ကို ပိတ်ဆို့လေ၏။
တက်တူးအပြည့်ဖြင့် ထိုသူသည် ဝမ်လင်းကို သူ့လက်၌ ကိုင်ထားရင်း နောက်သို့ ဆုတ်၏။ သူသည် သွေးအန်လိုက်ရ၏။သူ့ခန္ဓာကိုယ်ထက်ရှိ တက်တူးအမှတ်အသားတော်တော်များများမှာလည်း ပြိုပျက်သွားသည်။ သို့သော် သူ့ဟန်ပန်က ကြမ်းကြုတ်လွန်းလှ၏။
သူ့ပတ်လည်၌ ဝန်းရံနေသော အခိုးအငွေ့များသည် သူ့ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ တိုးဝင်ကာ သူ့အား ကုသပေး၏။ ၎င်းအခိုးအငွေ့၏ အစိတ်အပိုင်းတစ်ခုကတော့ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေသည်။
ဤအခိုက်အတန့်၌ ခေါင်းကြီး၏ နာကျင်စွာအော်ဟစ်သံသည် ပဲ့တင်ထပ်လာသည်။ သူ့ခန္ဓာကိုယ်မှာ ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွား ဖျက်စီးခြင်းကို ခံလိုက်ရသလို သူ့မူလစိတ်ဝိညာဉ်မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိနေပြီ ဖြစ်သည်။ သူသည် ရှေ့ဖြစ်ဟောသူကိုယ်ပွား၏ ဖျက်စီးခံရလုနီးပါး ဖြစ်နေသည်။
ထိုအခိုက်အတန့်၌ ဒဏ်ရာအပြင်းအထန် ရနေသော လိုင်ဂျီသည် မာန်သွင်းလိုက်၏။ သူသည် ခေါင်းကြီးအနားသို့ တရကြမ်းတိုးဝင်လာကာ ရှေ့ဖြစ်ဟောသူ ကိုယ်ပွား၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ပစ်သည်။
ဘုန်း…။
လိုင်ဂျီ၏ ခန္ဓာကိုယ်မှာ ပျက်စီးသွား၏။ သူ့မူလစိတ်ဝိညာဉ်သည်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်ရသည်။ အရှင်ချိုင့်လေက သူ့အင်္ကျီလက်အိုးကို ဝေ့မ်းကာ လိုင်ဂျီ၏ မူလစိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်သည်။ သို့ရာတွင် ထိုအတွက် တန်ဖိုးကတော့ ရှေ့ဖြစ်ဟောသူ ကိုယ်ပွားများထဲမှ တစ်ယောက် ဓားတစ်လက်သည် သူ့ရင်ဘက်ထဲသို့ ဖောက်ဝင်သွားခြင်းပင်။
အရှင်ချိုင့်လေက သွေးအန်ထုတ်ရ၏။ သူသည် နောက်သို့ နာကျင်စွာပြုံး၍ ဆုတ်သည်။ ထို့နောက် သူသည် ဒဏ်ရာအပြင်းအထန် ရနေသော ချန်ညီကိုနှစ်ယောက်နားသို့ ရောက်ရှိသွားသည်။
***