Switch Mode

အပိုင်း ( ၂၇၃ )

ကျိုးရှင်းချီ၊ ဒါ ကံကြမ္မာပဲ

သူသည် တဒင်္ဂကြာ အံ့သြဝမ်းသာဖြစ်နေသော်လည်း မကြာမီ သူ၏ခံစားချက်များ ပြောင်းလဲသွားသည်။ တစ်ဖက်တွင် ဘရူဆာက အံ့မခန်းအစွမ်းထက်လာသည့်အတွက် ပျော်ရွှင်နေရသော်လည်း သူက နောက်ကျန်နေခဲ့သည့်အတွက် စိုးရိမ်စိတ်ဝင်လာသည်။

“ င့ါဘရူဆာက သန်မာနေမှတော့ ငါလည်း သန်မာနေမှဖြစ်မယ် ”

အံကိုတင်းတင်းကြိတ်လိုက်ပြီး သူသည် ဆက်လက်ကျင့်ကြံရန် မျှော်လင့်လျက် လိပ်ကလေးကို ရှေ့နောက် အရှိန်ပြင်းစွာ လှုပ်ယမ်းလိုက်သည်။

တစ်နာရီကြာသည်အထိ လှုပ်ခါလိုက်ပြီး သူ့လက်မောင်းအုံတစ်ခုလုံး နာကျင်လာသည့်တိုင် ပျော့ဖတ်ဖတ်လိပ်ကလေးထံမှ မည်သည့်အမွှေးရနံ့မှ ထွက်မလာတော့ချေ။

ပိုင်ရှောင်ချန်းမှာ လိပ်ကလေးကို ဘာမှမလုပ်နိုင်တော့သည့်အတွက် လုံးဝအသုံးမဝင်တော့ဟု ခံစားလာရသည်။ နောက်ဆုံးတွင် လက်လျှော့လိုက်ရန် သူဆုံးဖြတ်လိုက်ပြီး မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်သည်။

ဘရူဆာက ဥာဏ်ကောင်းသော်လည်း မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက စိတ်ရှုပ်နေရလဲဆိုသည်ကို မဖော်ထုတ်နိုင်ချေ။ သို့သော်လည်း သူ့အားလျစ်လျူရှုထားသည်ကို မြင်သောအခါ အပြင်သွားပြီး ဆော့ကစားရန် ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သောရက်များအတွင်း ပိုင်ရှောင်ချန်းအား စောင့်ရှောက်ပေးခြင်းနှင့် အလုပ်ရှုပ်နေခဲ့ရာ သူ့မှာ အပြင်ထွက်လည်ခွင့်များ ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် ယခု အခွင့်သာလာပြီဖြစ်ရာ တံခါးအပြင်ဘက်သို့ ခုန်ပျံထွက်သွားပြီး လှည့်ပတ်လေတော့သည်။

ပိုင်ရှောင်ချန်းသည် အဝေးသို့ သုတ်ချေတင်ပြေးထွက်သွားသော ဘရူဆာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ဆက်လက် စဉ်းစားခန်းဝင်နေတော့သည်။

“ ငါ့ကျင့်ကြံခြင်းအခြေခံကို တိုးတက်ဖို့ နည်းလမ်းတစ်ခု လိုတယ်။ စိတ်စွမ်းအင်ဆေးတချို့ နဲ့ဆိုရင်ရော…အဲဒါဆို ဘယ်လိုစိတ်စွမ်းအင်ဆေးက ငါ့ကို ကူညီပေးနိုင်မှာလဲ… ”

သူကျွမ်းကျင်ထားခဲ့သော ဆေးညွှန်းများကို ပြန်လည်တွေးတောပြီးသည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံကို တိုးတက်သွားစေမည့် သင့်တော်သောဆေးညွှန်းကို မတွေးနိုင်သေးချေ။

သူ လက်လျှော့လုဆဲဆဲအချိန်မှာပင် သူ၏ခေါင်းမော့သွားပြီး ပေါင်ကို လက်နှင့်ရိုက်လိုက်သည်။ မျက်လုံးများ တလက်လက်တောက်ပလာလျက် သူက ပြောလိုက်သည်။

“ နတ်ရေစင်ဆေးလုံး ”

“ ဟုတ်သား…နတ်ရေစင်ဆေးလုံးကို ငါမေ့နေလိုက်တာ ”

စိတ်လှုပ်ရှားစွာဖြင့် နတ်ရေစင်ဆေးညွှန်းပါဝင်သော ကျောက်စိမ်းပေလွှာကို ထုတ်ယူရန် သူ၏အိတ်ကို လျင်မြန်စွာ ပုတ်လိုက်သည်။ ဟန်ဇောင်ကျောင်း၏ ဆေးပညာလက်စွဲကျမ်းကိုလည်း သူ ထုတ်ယူလိုက်သည်။ မြင့်မြတ်သောဆေးနံရံကျိုးမှ ဥာဏ်အလင်းမပွင့်ခင် ဟန်ဇောင်ကျောင်း၏ဆေးပညာလက်စွဲကျမ်းမှ အများကြီး သူနားမလည်ခဲ့ပေ။သို့သော် ယခုအခါ အရာအားလုံးက ပြောင်းလဲသွားခဲ့လေပြီ။

ဆေးပညာလက်စွဲကျမ်းကို အတော်ကြာသည်အထိ လေ့လာပြီးနောက် နတ်ရေစင်ဆေးညွှန်း ကျောက်စိမ်းပေလွှာကို ဖတ်ရှုကာ ဆက်လက်တွေးတောလိုက်သည်။

“ အပင်တွေ ဒါမှမဟုတ် အသီးအရွက်တွေ မင်းမလိုဘူး ”

သူ ရေရွတ်လိုက်ရင်း

“ ကောင်းကင်တံတားမြစ်ရေပဲ လိုတယ်။ ပြီးတော့ ဆေးပေါင်းဖိုကိုလည်း မင်းလိုမှာမဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်ကို ဆေးပေါင်းဖိုအနေနဲ့ အသုံးပြုရမယ်….”

အစပိုင်းတွင် ဆေးဖော်စပ်နည်းကို မြင်စဉ်က လွန်စွာထူးဆန်းနေသည်ဟု တွေးထင်နေခဲ့သည်။ သို့သော်လည်း ဆေးတာအိုပညာရပ်မှာ သူ၏ကျွမ်းကျင်မှု တိုးတက်လာပြီး ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်နှင့် ကောင်းကင်တံတားမြစ်ရေကို ပိုမိုစုပ်ယူလာနိုင်သည့်အတွက်ကြောင့် သူ၏နားလည်နိုင်စွမ်း မြင့်မားလာခဲ့သည်။

ဆေးဖော်စပ်နည်းနှင့်ပတ်သက်ပြီး သူလုံးဝသဘောမပေါက်သေးသော်လည်း အရင်ကထက် နားလည်လာသည်မှာ သေချာသည်။

အနည်းငယ်တွေးတောလိုက်ပြီးနောက် သူ့မျက်လုံးများ တလက်လက်တောက်ပလာပြီး ကောင်းကင်တံတားမြစ်၏မြောက်ဘက်ကမ်းသို့ လျှောက်လာသည်။

မြစ်ကမ်းနဖူးများက ဂိုဏ်းတွင် တားမြစ်နယ်မြေဖြစ်သည်။ အတွင်းစည်းဂိုဏ်းသားများကိုပင် ဝင်ရောက်ခွင့်မပြုချေ။ ဂိုဏ်းရှိအကြီးအကဲများဖြစ်သော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသာ သွားခွင့်ပြုထားသည်။ သို့သော်လည်း တစ်နှစ်တွင် အကြိမ်ရေအနည်းငယ်သာ သွားခွင့်ရှိသည်။ ကောင်းကင်တံတားမြစ်နှင့်နီးကပ်လာလျှင် သူတို့၏ကျင့်ကြံခြင်းတိုးတက်လာစေရန် စိတ်စွမ်းအင်မြောက်မြားစွာကို သူတို့ စုပ်ယူနိုင်လိမ့်မည်။

သို့သော်လည်း စိတ်စွမ်းအင်များက လွန်စွာအစွမ်းထက်သည့်အတွက် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကိုပင် အလွန်ကြာရှည်စွာ နေခွင့်မပြုချေ။ သူတို့သာ အချိန်အကြာကြီး နေလိုက်လျှင် သူတို့ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များက ပရမ်းပတာဖြစ်သွားလိမ့်မည်။

ပိုင်ရှောင်ချန်းက ရှောက်ရှိလာသည်နှင့် မနီးမဝေးနေရာတစ်ခုတွင် ကောင်းကင်တံတားမြစ်ရေမှ စိတ်စွမ်းအင်များနှင့် ကျင့်ကြံနေကြသော တင်ပျဉ်ခွေထိုင်နေသည့် လူနှစ်ယောက်ကို သတိထားမိလိုက်သည်။ မိန်းမပျိုတစ်ယောက်နှင့် လူငယ်တစ်ယောက်ဖြစ်သည်။ မိန်းမပျိုက ပင်လယ်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လွန်စွာလှပကာ နူးညံ့သော အသားအရေရှိသည်။ ပိုင်ရှောင်ချန်းသည် သူမကို မြင်တွေ့လိုက်သည်နှင့် တောက်ပစွာ ပြုံးလိုက်လေသည်။

“ ငါပြန်ရောက်တည်းက တစ်ခုခုလိုနေပါတယ်လို့ အောက်မေ့နေတာ။ လက်စသတ်တော့ ဂိုဏ်းတူတူမ ရှင်းချီက ဒီကို ပြန်ရောက်နေတာကိုး ”

မိန်းမပျိုမှာ ကျိုးရှင်းချီမှလွဲ၍ တခြားသူ မဟုတ်ချေ။

ကျိုးရှင်းချီကို တဒင်္ဂကြာ ကြည့်ရှုပြီးနောက် သူမ၏ဘေးရှိ လူငယ်ကို ကြည့်လိုက်ပြီး သူမျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်အောင်ဖြစ်သွားသည်။ ထိုလူငယ်မှာ ရှန်ကွမ်းထျန်ယုံဖြစ်ပေသည်။

ရှန်ကွမ်းထျန်ယုံက မည်သည့်သိုင်းပညာကို လေ့ကျင့်နေမှန်း ပိုင်ရှောင်ချန်း သေချာမသိသော်လည်း ယခင်က သူ၏နက်မှောင်နေသော ဆံပင်ရှည်များမှာ ယခု ရွှေဝါရောင်ပြောင်းနေသည်။ သူက လွန်စွာ ချောမောသူဖြစ်ပြီး ယောက်ျားချင်းပင် မနာလိုရသူဖြစ်ခဲ့သည်။ သို့သော် သူ၏ဆံပင်အရောင်အသစ်နှင့် ချောမောသောသူ့မျက်နှာသွင်ပြင်တို့ ပေါင်းစပ်လိုက်သောအခါတွင်မူ ပိုမိုယောက်ျားပီသကာ ချောမောခန့်ညားလာသည်။

ထို့ပြင် သူ့စွမ်းအင်များက ကွဲပြားခြားနားသည်။ အမှန်တကယ်တော့ သူက လွန်စွာ ဆွဲဆောင်နိုင်စွမ်းကြီးလွန်းလှသည့်အတွက် လူအများစုမှာ သူ့ကိုကြည့်လိုက်သည်နှင့် ငေးမောနေကြလိမ့်မည်။

ပိုင်ရှောင်ချန်းအတွက် စိတ်ရှုပ်စရာအကောင်းဆုံးမှာ ရှန်ကွမ်းထျန်ယုံ၏နဖူးတွင် သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးနှင့် လွန်စွာဆင်တူသော အမှန်အသားတစ်ခု ရှိနေခြင်းပင်။ သို့သော်လည်း မျက်လုံးပုံစံ အမှတ်အသားအစား ၎င်းက
ဓားတစ်လက်အသွင်ရှိသည်။

ထိုအမှတ်အသားမှ ဓားချီများ ထွက်ပေါ်နေရာ ရှန်ကွမ်းထျန်ယုံကို စူးရှသော ဓားတစ်လက်အလား ထင်မှတ်သွားစေသည်။

“ ရှန်ကွမ်းထျန်ယုံက အင်မတန်ကံကောင်းတယ်လို့ ငါကြားဖူးတယ်။ သူ့မှာ အံ့မခန်းပါရမီရှိတဲ့အပြင် ဓားအင်မော်တယ်တစ်ယောက်ကို ဝင်စားတယ်လို့လည်း လူတွေက အမြဲတမ်း ပြောကြတယ်။ အဲဒါတွေက ကောလာဟာလတွေ မဟုတ်တဲ့ပုံပဲ ”

သူက တီးတိုးရေရွတ်လိုက်ရင်း ရှန်ကွမ်းထျန်ယုံနှင့် ကျိုးရှင်းချီတို့၏ ထိုင်နေပုံကိုကြည့်ကာ သူမရှိသည့်အတောအတွင်း သူတို့နှစ်ယောက်က နီးစပ်သွားဟန်တူသည်ကို တွေးတောနေမိသည်။

ထိုအတွေးက ပိုင်ရှောင်ချန်းကို စောစောကထက်ပိုပြီး စိတ်ရှုပ်သွားစေသည်။ သူက မေးကိုပင့်လိုက်ပြီး အေးစက်စက်ချောင်းဟန့်လိုက်ကာ နောင်တချိန်တွင် ရှန်ကွမ်းထျန်ယုံက မည်ကဲ့သို့ လူစားမျိုးလဲဆိုသည်ကို ကျိုးရှင်းချီသိအောင် ပြသရလိမ့်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး အဝေးသို့ကြည့်ကာ ကောင်းကင်တံတားမြစ်ရေ စုဆောင်းရန် မြစ်ကမ်းနံဘေးတစ်ခုကို ရွေးချယ်လိုက်သည်။

ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကို မလေ့ကျင့်ရသေးခင်က ပိုင်ရှောင်ချန်းသည် ရွှေဝါရောင်မြစ်ရေများကို စုပ်ယူရန် မှော်ပစ္စည်းများကို အသုံးပြုခဲ့ရသည်။

သို့သော် ယခုအခါ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကို လေ့ကျင့်ပြီးနောက် သူက တည်ငြိမ်စွာဖြင့် နတ်ရေစင်ဆေးလုံးပြုလုပ်ရန် ရေအနည်းငယ် ပြင်ဆင်လိုက်သည်။

အတန်ငယ်ဝေးသောနေရာရှိ ရှန်ကွမ်းထျန်ယုံ၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာပြီး ပိုင်ရှောင်ချန်းကို မုန်တီးစွာ ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းက သူ့အတွက် အမြဲတမ်းအနှောင့်အယှက်ဖြစ်ခဲ့သည်။ အခြေခိုင်မာခြင်းအဆင့်မရောက်ခင် လက်ရွေးစင်တိုက်ပွဲ၊ မြေခဓားကမ္ဘာ၊ ရုန့်ရင်းဆန်ခတ်အခြေအနေစသည့် အကြောင်းအရာတို့မှာ ပိုင်ရှောင်ချန်းအပေါ် ရှန်ကွမ်းထျန်ယုံ၏မုန်းတီးမှုမှာ ကြီးမားလာခဲ့သည်။

သူ့ဘေးတွင် ကျိုးရှင်းချီထိုင်နေသည်။ သူမက တရားထိုင်နေပြိး သူမ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်ထားခြင်းမရှိသော်လည်း ပိုင်ရှောင်ချန်းရောက်သည့်အချိန်မှစ၍ သတိထားမိနေခဲ့သည်။ မျက်မှောင်ကြုတ်လျက် သူမသည်လည်း မျက်လုံးများပွင့်လာပြီး ပိုင်ရှောင်ချန်းရှိရာသို့ ကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ သူမ၏ခံစားချက်များမှာ အချိန်နှင့်အမျှ ပြောင်းလဲလာခဲ့သည်။ အစက သူ့ကို စိတ်အားထက်သန်သော ဂိုဏ်းသားတစ်ယောက်အဖြစ် မြင်ထားခဲ့သည်။ သို့သော်လည်း သူ၏ကြောက်မက်ဖွယ်ကောင်းသော ဆေးဖော်စပ်သည့်ပါရမီနှင့် ကြက်သူခိုးမိစ္ဆာအကြောင်း အမှန်တရားကို သိလိုက်ရသောအခါတွင် သူ့အပေါ် မည်သည့်ခံစားချက်ရှိလဲဆိုသည်ကို ရေရာစွာ မပြောနိုင်တော့ပေ။

ပိုမိုထင်ရှားလာသည်မှာ နှစ်ပေါင်းများစွာ ကျော်ဖြတ်လာပြီးနောက် အလယ်တောင်ထိပ်၏ ထူးဆန်းသော လိပ်ကလေးက ပိုင်ရှောင်ချန်းမှလွဲ၍ တခြားသူမဖြစ်နိုင်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။

ဆေးတာအိုပညာရပ်မှာ ပိုင်ရှောင်ချန်း၏ကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး သံသယဖြစ်ရန် အကြောင်းမရှိချေ။ ထိုအဖြေက သူမကို ဦးတည်ချက်နှစ်ခုဖြစ်သွားစေခဲ့သည်။ သူမတွေးထင်ထားသည်နှင့် အမှန်တရားက လွန်စွာကွဲပြားနေရာ သူမအတွက် ကြီးမားသော ထိုးနှက်မှုကြီးဖြစ်သွားခဲ့သည်။

ထို့နောက် ပိုင်ရှောင်ချန်းသည် လူများက သူ့အား ဂိုဏ်းတူဦးလေးဟု ခေါ်သည်ကို လွန်စွာနှစ်ခြိုက်နေသောအခါ ကျိုးရှင်းချီမှာ ပိုမိုစိတ်ပျက်လာတော့သည်။ ကောင်းကင်တံတားမြစ်ရေကို စုဆောင်းရန် ကောင်းကင်တံတားမြစ်သို့ သူလာသည်ကို မြင်သော်လည်း သူမ လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ၏မျက်လုံးများသည် မှေးနေရာမှ ရုတ်ချည်းပြူးကျယ်သွားသည်။

မမျှော်လင့်ဘဲ ပိုင်ရှောင်ချန်းက ရေကို စုစည်းရန် မည်သည့်မှော်ပစ္စည်းမှ အသုံးမပြုချေ။ ထိုအစား သူ၏ညာလက်ကိုသာ မြှောက်လိုက်ကာ မြစ်ရေထဲသို့ နစ်မြှုပ်လိုက်သည်။

သူနှင့်ပတ်သက်ပြီး မည်မျှခံစားနေရပါစေ ဂိုဏ်းတူပညာသင်ဖက်များဖြစ်ရာ သူနာကျင်သွားမည်ကို သူမ မမြင်လိုပေ။

“ ပိုင်ရှောင်ချန်း…နင်ဘာလုပ်နေတာလဲ ”

သူမက အော်ပြောလိုက်သည်။

“ ကောင်းကင်တံတားမြစ်ရေကို နင် မထိနိုင်ဘူး။ ဒီမြစ်ရေသာ ငါတို့လို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတွေ ထိလိုက်ရင် ဘာဖြစ်မလဲ နင်မသိဘူးမလား။ နင်….. ”

ရှန်ကွမ်းထျန်ယုံသည် ကြည့်ကာ စိတ်ထဲတွင် အေးစက်စက် ရယ်မောနေသည်။ သူ့မျက်လုံးတွေထဲမှာ သရော်လှောင်ပြောင်သည့် အရိပ်အယောင်များနှင့် တဖျပ်ဖျပ်လက်နေသည်။ ပိုင်ရှောင်ချန်း၏လက်က မြစ်ရေထဲသို့ နစ်မြုပ်သွားသည်ကို မြင်လိုက်ရပြီး ကျိုးရှင်းချီက ဝင်ရောက်ပြောဆိုလိုက်သည်ကို သူ့စိတ်ထဲ မကျေမနပ်ဖြစ်သွားသည်။

သို့သော် ကျိုးရှင်းချီက အော်ဟစ်သတိပေးလိုက်သည့်အတွက် သူ့ စိတ်ထဲ ဒေါသထွက်သွားသည့်တိုင် ပိုင်ရှောင်ချန်း၏လက်က မြစ်ရေထဲသို့ နစ်ဝင်သွားပြီး ရွှေရောင်ရေ လက်ဖက်ရည်ကြမ်းပန်းကန်တစ်လုံးစာ ပါလာသည်။ ပိုင်ရှောင်ချန်းက ကျိုးရှင်းချီကို လှမ်းကြည့်လိုက်သည်။

သူက မျှော်လင့်ထားသည့်မျက်လုံးတွေနှင့် သူမကို ပြောလိုက်သည်။

“ ငါ ဘာဖြစ်မှာမို့လဲ ”

ရှန်ကွမ်းထျန်ယုံ၏ရှေ့မှာ ထိုကဲ့သို့မြင်ကွင်းကို ပြသလိုက်ရသည်မှာ ကောင်းမွန်လှသည်ဟု သူခံစားနေရသည်။

ကျိုးရှင်းချီမှာ ပိုင်ရှောင်ချန်း၏ညာဖက်လက်ထဲရှိ လက်ဖက်ရည်ကြမ်းပန်းကန်တစ်လုံးစာ ကောင်းကင်တံတားမြစ်ရေကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထိုမြစ်ရေထဲမှ တချို့မှာ မြစ်ထဲသို့ ပြန်လည်စီးကျနေသည်။

ရှန်ကွမ်းထျန်ယုံ၏မျက်လုံးများမှာ ပန်းကန်ပြားများအလား ပြူးကျယ်သွားပြီး ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ ကောင်းကင်တံတားမြစ်ရေက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ သတိထားမိနေသည့်တိုင် ပိုင်ရှောင်ချန်းက လက်ကိုဆန့်ထုတ်ကာ ရေကို ခပ်ယူလိုက်သည်။

“ နင် …” ကျိုးရှင်းချီမှာ မည်သည့်စကားပြောရမည်မှန်း မသိတော့ချေ။

ပိုင်ရှောင်ချန်းသည် သူတို့၏မျက်နှာများထက်ရှိ အမူအရာတွေကို ကြည့်ကာ သူ့စိတ်ထဲတွင် ပျော်ရွှင်ကျေနပ်အားရခြင်းများ ပြည့်နှက်လာသည်။ အထူးသဖြင့် ရှန်ကွမ်းထျန်ယုံကို ကြည့်လိုက်သောအခါတွင်ဖြစ်ပေသည်။ ထို့နောက် သူ၏လက်ကို မြှောက်လိုက်ပြီး ရေတစ်ငုံစာမျှ သောက်လိုက်သည်။ သူက မေးကို မော့ထားလိုက်ပြီး အေးစက်စက်ပြောလိုက်၏။
” အရှိတရားမရှိတဲ့ အရှိတရားဟာ အံ့သြစရာကောင်းတဲ့ အရှိတရားပဲ။ ဗလာနတ္ထိမဟုတ်တဲ့ ဗလာနတ္ထိဟာ စစ်မှန်တဲ့ဗလာနတ္ထိပဲ ”

အရင်ရက်များအတွင်းက လီချင်းဟောက်ထံမှ သူကြားခဲ့ရစဉ် အမူအရာအတိုင်းပင် ပြုလုပ်လိုက်သည်။ ထိုစကားလုံးများသည် လွန်စွာနက်ရှိုင်းသော်လည်း အမှန်မှာ ၎င်းတို့၏အဓိပ္ပာယ်ကို သူနားမလည်သေးချေ။ သို့သော်လည်း သူကြားခဲ့ရစဉ်က သူမည်မျှ တုန်လှုပ်သွားခဲ့ကြောင်း စဉ်းစားကြည့်ကာ တခြားသူများအပေါ်တွင် အသုံးချရန် ဆုံးဖြတ်ချက်ချထားခဲ့သည်။ နောက်ဆုံးတွင် အခါအခွင့်ကြုံလာပြီဖြစ်လေရာ သူက လွန်စွာအတွေးအခေါ်ကြီးမားသော လူတစ်ယောက်ပမာ ရုတ်ချည်း ခံစားလိုက်ရလေသည်။

ကျိုးရှင်းချီမှာ တုန်ခါသွားသည်။ အစက နားလည်သည်ဟု သူမ ထင်လိုက်သောလည်း ပြန်လည် တွေးတောလိုက်သောအခါ ရှုပ်ထွေးသွားပြန်သည်။ မည်သို့ပင်ဆိုစေ သူမအတွက် အရင်ကထက် ပိုင်ရှောင်ချန်းက ရုတ်ချည်း ထူးခြားသွားဟန်တူလာသည်။

ရှန်ကွမ်းထျန်ယုံ၏မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး မယုံကြည်နိုင်သော မျက်လုံးတွေနှင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းဆိုလိုသည်ကို သူနားမလည်သည့်တိုင် ထိုစကားလုံးများတွင် နက်ရှိုင်းသောအဓိပ္ပာယ်များပါဝင်နေမည်မှာ သူ သေချာသိနေသည်။

သို့သော်လည်း ထိုကဲ့သို့ တာအိုနှင့်သက်ဆိုင်သည့် လေးနက်သောစကားလုံးများက ပိုင်ရှောင်ချန်းကဲ့သို့ လူတစ်ယောက်၏ပါးစပ်မှ ထွက်လာလိမ့်မည်ဟု သူထင်မှတ် မထားခဲ့ချေ။

ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါလိုက်ရင်း

“ ကျိုးရှင်းချီ…မင်းမှာ စိတ်ကောင်းရှိတယ်။ င့ါကို ဒီလိုရင်ထဲကလာတဲ့သတိပေးစကားတစ်ခွန်းပြောတာက ကံကြမ္မာအလိုအရပဲ။ အဲဒီလိုပဲ…မင်းကို ငါပြောလိုက်တဲ့စကားတစ်ခွန်းဟာလည်း ကံကြမ္မာရဲ့ အလိုအတိုင်းပါပဲ။ အဲဒီစကားလုံးတွေကို မင်းနားလည်နိုင်မယ်ဆိုရင်တော့….”

သူက အထီးကျန်စွာ ပြုံးလိုက်ရင်း တရွေ့ရွေ့ထွက်ခွာသွားကာ သူ၏လေသံက လွန်စွာတန်ဖိုးရှိသောရှေးဟောင်းမှလာသောလေသံအတိုင်း ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။
” အရှိတရားမရှိတဲ့ အရှိတရားဟာ အံ့သြစရာကောင်းတဲ့ အရှိတရားပဲ။ ဗလာနတ္ထိမဟုတ်တဲ့ ဗလာနတ္ထိဟာ စစ်မှန်တဲ့ဗလာနတ္ထိပဲ ”

ကျိုးရှင်းချီက အဝေးသို့ လျှောက်သွားသော ပိုင်ရှောင်ချန်းကို ကြည့်နေရင်း သူ့အပေါ် သူမ၏အမြင်မှာ ရုတ်ချည်း လုံးဝပြောင်းလဲသွားတော့သည်။

သူတို့သုံးယောက် သတိမထားမိသော်လည်း အတန်ငယ်ဝေးသောနေရာရှိ မြစ်ကမ်းဘေးတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူ ခေါင်းဆောင်ကြီးနှင့် မျောက်တစ်ကောင်ရှိနေသည်။

“ ဒီကလေးကတော့ အဓိပ္ပာယ်ကိုတောင် မသိဘဲနဲ့ ”
ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက သဘောကျစွာ ရယ်မောလိုက်ရင်း
“ ဟိတ်ကြီးဟန်ကြီးနဲ့ လျှောက်ပြောနေတယ် ”

မျောက်၏မျက်လုံးတွေထဲမှာမူ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးနှင့် လုံးဝကွဲပြားသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ထိုမျက်လုံးများအတွင်းမှာ လွန်စွာနက်ရှိုင်းပြီး ထူးဆန်းသော အလင်းရောင်များ တလက်လက်တောက်ပနေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset