ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းတစ်ခုလုံးသည် သည်ဒေါသသံကြောင့် တုန်ခါသွားဟန် တူ၏။ လူတစ်ယောက်ကသာ ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်၏ အပြင်ဘက်သို့ တည်ငြိမ်စွာ ရောက်လာသည်။ သူသည် ရှေ့တည့်တည့်သို့ အေးစက်စွာ ကြည့်သည်။ သူသည် အတွင်းဘက်သို့ လှမ်းလျှောက်ဝင်လာရင်း သူ့ညာမျက်လုံးထဲ၌ ဂျိနယ်ပယ်ကို ကိုယ်စားပြုသော အနီရောင်အလင်းတစ်ခု ရှိနေ၏။
နေသာသောည ပျောက်ကွယ်သွားသည့်နှင့် ဝမ်လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်အတွင်း ပြန်ပေါ်လာသည်။ သူ့ ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံး၏ ငရဲဆယ့်ရှစ်ထပ်တွင် စိတ်ဝိညာဉ်သုံးခု ပေါ်လာ၏။
ထိုစိတ်ဝိညာဉ်သုံးခုမှာ အရှင်လေဟာနယ်၏ စိတ်ဝိညာဉ်၊ ခရမ်းရောင်ဝတ်ရုံဖြင့် ရှေ့ဖြစ်ဟောသူ ကိုယ်ပွား၏ စိတ်ဝိညာဉ်၊အဝါရောင်ဝတ်ရုံ ရှေ့ဖြစ်ဟောသူ ကိုယ်ပွား၏ စိတ်ဝိညာဉ် ဖြစ်ကြသည်။
ကိုယ်ပွားနှစ်ယောက်သည် မထင်မှတ်စွာ ငရဲဆယ့်ရှစ်ထပ်နှင့် စတင် ပေါင်းစပ်၏။
ဝမ်လင်း၏မျက်နှာမှာ ဖြူရောနေသည်။ သို့သော် သူသည် မားမားရပ်နေ၏။ သည်အခိုက်အတန့်၌ မည်သူကမျှ သူ့အား အထင်မသေးဝံ့ပေ။
အစွမ်းထက်လှသည့် လူသုံးယောက်ကို သတ်ခြင်း၊ လေးယောက်မြောက်လူကို စိတ်ဆန္ဒအမျှင်တန်းတစ်ခု ဖြစ်လာစေခြင်းမှာ သာမန်လူ လုပ်နိုင်သည့်အရာ မဟုတ်ပေ။
ဝမ်လင်းက ရှေ့ဖြစ်ဟောသူနှင့် သူ့ကိုယ်ပွားများကို အေးစက်စက် ကြည့်၏။ သူ့ရင်ဘက်၌ သွေးဓားသည် စိုက်နေဆဲပင်။ သူ့အသွေးအသားထဲ၌ ယင်းဓားက နစ်မြုပ်နေသည်။ သွေးများက ဒဏ်ရာကနေ စိမ့်ထွက်နေကာ သူ့ဝတ်ရုံကို နီမြန်း စွန်းထင်းစေသည်။
ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားသုံးယောက်မှာ အရူးအမူး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်၏။ သို့သော် ဝမ်လင်းသည် အစွမ်းကုန်အရူးအမူး တိုက်ခိုက်ခဲ့ခြင်းပင်။ ထိုသို့ မလုပ်ပါက သူ သေသွားနိုင်သည် မဟုတ်လား။ နေသာသောညသည် အာရုံဦးချိန်တွင် အသုံးပြုပါက မည်သည့်မူလစွမ်းအင်မှ မလိုအပ်သော်လည်း သူ့မူလစိတ်ဝိညာဉ်သည် ကြီးစွာ အားနည်းနေပေပြီ။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ အော်ရာမှာ ရှေ့ဖြစ်ဟောသူကိုပါ တိတ်ဆိတ်သွားစေသည့်အထိ လွှမ်းမိုးနေနိုင်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် ဤအခိုက်၌ အထက်မှ ဟင်္သာငှက်၏ အော်မြည်သံမှာ ပို၍ပင် ပြင်းထန်လာ၏။
ဟင်္သာငှက်အော်သံ နီးကပ်လာနေရင်း ဝမ်လင်း၏ ဟင်္သာငှက်တက်တူးမှာ ပြင်းပြင်းထန်ထန် တုန်ခါသည်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကနေ သူ့ထိန်းချုပ်မှု မပါဘဲ ပျံသန်းထွက်သွားသည်။
အဖြူရောင်ဟင်္သာငှက်သည် ဝင့်ကြွားစွာ ခေါင်းမော့၍ အော်မြည်သံ ပြု၏။ အော်မြည်သံနှစ်ခုသည် ရောထွေးယှက်လိမ်သည်။ ဝမ်လင်း၏ အဖြူရောင်ဟင်္သာငှက်၏ အော်သံထဲ၌ ပျော်ရွှင်မှုအရိပ်အမြွက် ပါဝင်နေသည်။
အဖြူရောင်ဟင်္သာငှက်သည် ဝမ်လင်းအား လှည့်ပတ်ကာ ဆက်လက် ကျူးရင့်နေ၏။ ထို့နောက် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထက်တွင် ပိုမိုသိပ်သည်းလွန်းသော မီးတောက်များ ပေါ်လာကာ လောကတွင် အစားထိုးဝင်လာသည်။
ဟင်္သာငှက်အော်မြည်သံမှာ ပဲ့တင်ထပ်နေရင်း ဧရာမဟင်္သာငှက်ကြီး၏ခေါင်းသည် မီးတောက်ပင်လယ်ကနေ ထွက်လာ၏။ ထိုခေါင်းမှာ ကြီးမားလွန်း၏။ ၎င်း၏ခန္ဓာကိုယ်မှ မီးတောက်များသည် ကုန်းမြေတစ်ခုလုံးကိုပါ ခြောက်သွေ့သွားစေတော့မလား ထင်မှားရသည်။
ဟင်္သာငှက်ခေါင်း ပေါ်လာချိန်၌ အံ့မခန်းဖိအားသည် သက်ဆင်းလာသည်။ အရှင်ချိုင့်လေနှင့် အခြားလူများမှာ တုန်လှုပ်နေရာကနေ သတိပြန်ဝင်လာရင်း ပင့်သက်ရှိုက်မိကြသည်။ စစ်ထူနန်သည် မျက်လုံးပြူးနေ၏။
လင်းထျန်ဟူသည် ခေါင်းမော့ကြည့်ကာ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေသည်။
ရှေ့ဖြစ်ဟောသူ၏အသွင်သည် ပို၍ သုန်မှုန်လာ၏။
ဟင်္သာငှက်၏ စူးရှရှအကြည့်က မြေပြင်ထက်ကို ဝေ့ခတ်ပြီး ဝမ်လင်းထံသို့ ကျရောက်လာသည်။ ၎င်းက အော်မြည်သံ ပြု၏။ ဧရာမဟင်္သာငှက်ကြီးသည် မီးတောက်များထဲကနေ ထိုးထွက်လာကာ ၎င်း၏ခန္ဓာကိုယ် ထွက်ပေါ်လာနေရင်း ၎င်းပတ်လည်ရှိ မီးတောက်များသည် မြန်ဆန်စွာ ပြန်ကျုံ့နေသည်။
ချက်ခြင်းလိုလိုပင် ဟင်္သာငှက်၏ အစစ်အမှန် စိတ်ဝိညာဉ်သည် မီးတောက်ပင်လယ်ထဲကနေ ထွက်ပေါ်လာတော့သည်။ မီးတောက်ပင်လယ်သည် ၎င်းခန္ဓာကိုယ်ပေါ်၌ အမွှေးတောင်များ ဖြစ်လာ၏။ ကျန်သည့်မီးတောက်များကတော့ အမြှီး ဖြစ်လာသည်။
၎င်းဟင်္သာငှက် ထွက်ပေါ်လာသည့်ခါ လူတိုင်းသည် သည်မီးတောက်ပင်လယ်မှာ ၎င်းဟင်္သာငှက်၏ ခန္ဓာကိုယ်ဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
ဧရာမဟင်္သာငှက်ကြီးက ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာ၏။ ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ့စိတ်ထဲ၌ ဉာဏ်အလင်း ရရှိသွား၏။ ထိုဉာဏ်အလင်းမှာ သူ့ဟင်္သာငှက်တက်တူးမှ ရရှိသွားခြင်း ဖြစ်သည်။
ချက်ခြင်းပင် ဟင်္သာငှက်သည်နီးကပ်လာသည်။ ၎င်းက ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရန် ပြင်၏။ သို့သော် ရုတ်တရပ် ၎င်းက စိတ်ပြောင်းသွားသည်။ ဟင်္သာငှက်၏အစစ်အမှန် စိတ်ဝိညာဉ်သည် မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း ရင်ဘက်ပေါ်ရှိ ဒဏ်ရာအတွင်းသို့ မြင့်တက်လာတော့သည်။
ချက်ခြင်းပင် ဝမ်လင်းပတ်လည်၌ မီးတောက်ပင်လယ် ပေါ်လာ၏။ သူ့ခန္ဓာကိုယ်သည် ဆန်းကြယ်သောစွမ်းအားကြောင့် လေထဲ၌ လွင့်မြောနေ၏။ သူ့ခန္ဓာကိုယ်ထံမှ မွန်းစတားဆန်သော မီးတောက်များကို ပေးစွမ်းနေရင်း သူ့အဖြူရောင်ဟင်္သာငှက်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။ ထို့နောက် ဝမ်လင်း၏ခန္ဓာကိုယ်ပတ်လည်တွင် ကြက်သွေးနီရောင် ချပ်ဝတ်တစ်ခု ပေါ်လာတော့၏။
သည်ကြက်သွေးနီရောင်ချပ်ဝတ်မှာ အလွန်လှသည်။ ၎င်းအပေါ်၌ အဖြူရောင်ဟင်္သာငှက် ကောက်ကြောင်းများလည်း ရှိနေသည်။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် လူတိုင်းအမြင်တွင် တောက်ပနေချေ၏။
သူ့ရင်ဘက်ပေါ်ရှိ သွေးဓားသည်ပင် တဖြည်းဖြည်း ကျုံ့သွားကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌သာ ကျန်ရစ်တော့သည်။ အပြင်ဘက်မှ ကြည့်ပါက ၎င်းသွေးဓား၏ အရိပ်အယောင်လုံးဝ ကျန်ရှိမနေတော့ပေ။
သူ့အဖြူရောင် ဆံပင်များမှာလည်း လွင့်မြောနေ၏။ ဝမ်လင်း၏မျက်လုံးသည် စူးရှနေသည်။ အခုချိန်ထိ သူသည် ဖြစ်ခဲ့သည့်အရာကို မသေချာ မရေရာ ဖြစ်နေသေးသည်။
သို့ရာတွင် မီးတောက်များ၏ ဖော်ပြနိုင်စွမ်းမဲ့သောစွမ်းအားက သူ့အား နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံခြင်း အငွေ့အသက်ကို ခံစားမိစေသည်။ သူသည် လောကရှိ မီးတောက်အားလုံးကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်သကဲ့သို့ ရှိ၏။
ရှေးဟောင်းမိုးကြိုးနဂါးကဲ့သို့ သူထံ၌ လောကရှိမီးအားလုံးကို အမိန့်ပေးနိုင်သည့် အစွမ်း ပိုင်ဆိုင်လာခဲ့ခြင်းပင်။
ကောင်းကင်ထက်၌ ဟင်္သာငှက်၏နောက်တွင် လူရာချီ ပေါ်လာသည်။ ရှေ့ဆုံးရှိ ခြောက်ယောက်ထံမှ ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။ သူတို့အားလုံးသည် ဆံပင်များ ဖြူဖွေးနေကာ မြေကမ္ဘာအက်ကွဲစေမည့် အော်ရာမျိုးကို ပေးစွမ်းနေကြ၏။
နိဗ္ဗာနဖြိုခွဲခြင်း။
ထိုခြောက်ယောက်နောက်၌ ဟင်္သာငှက်နတ်ကလန်သားအားလုံးသည် အားကောင်းသောမီးတောက် အော်ရာများကို ထုတ်လွှတ်နေကြသည်။ သူတို့ ပေါ်လာချိန်၌ သူတို့၏အကြည့်အားလုံးမှာ ဝမ်လင်းထံသို့သာ ကျရောက်နေကြသည်။
အကြီးအကဲ ခြောက်ယောက်သည် ဝမ်လင်းကို တွေ့မြင်သည့်အခါ သူတို့၏မျက်လုံးထဲတွင် စိတ်လှုပ်ရှား၊တုန်လှုပ်မှုတို့ ပေါ်ထွက်လာကြသည်။
သူတို့အား စိတ်လှုပ်ရှားစေသည့်အရာက သူတို့သည် ဟင်္သာငှက်နိုးထစေသည့် သည့်လူ့ကို ကာကွယ်ပေးနိုင်ဖို့ တလမ်းလုံး လာရောက်ခဲ့ခြင်းကြောင့်ပင်။ ခုချိန်၌ သူတို့သည် ဝမ်လင်းကို တွေ့မြင်ခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
သို့ရာတွင် သူတို့အား တုန်လှုပ်စေသည်က သူတို့ သည်ကုန်းမြေ၏ ပြင်ပတွင် ရှိနေခဲ့သော်လည်း မူလဥပဒေသ ပေါ်လာချိန်၌ သူတို့အားလုံး နေသာသောည ပုံရိပ်ယောင်အတွင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ ကြောက်မက်ဖွယ်မန္တာန်ကို တွေ့ကြုံလိုက်ရသည့်နောက် သူတို့သည် မည်သို့ မတုန်လှုပ်မိဘဲ နေအံ့နည်း။
ထိုတုန်လှုပ်မှုထဲ၌ ကြောက်လန့်မှု အရိပ်အမြွက်လည်း ပါ၏။ သူတို့ပင် ထိုသို့ ဖြစ်နေပါက ဟင်္သာငှက်နတ်ကလန်သားမျိုးအဖို့တော့ ပြောနေစရာပင် လိုတော့မည် မဟုတ်ပါ။ သူတို့အားလုံးသည် ဝမ်လင်းအား ကျေနပ်ပျော်ရွှင်စွာ ကြည့်နေကြသည်။ မတော်တဆမှုတစ်ခုခုသာ မဖြစ်ခဲ့ပါက သည်လူသည် သူတို့၏ နောက်တက်လာမည့် နတ်အင်ပါယာ ဖြစ်မည် မဟုတ်လား။
သူတို့၏ ဝတ်ရုံများ၌ ဟင်္သာငှက်ကို ရေးထွင်းထားသော အကြီးအကဲခြောက်ယောက်ထဲမှ တစ်ယောက်သည် ချက်ခြင်း လှမ်းအော်၏။ “နိုးထလာတဲ့ သူ့ကို ကာကွယ်ကြ…”
သူ ထိုသို့ အော်ဟစ်လိုက်သည့်နောက် အကြီးအကဲခြောက်ယောက်လုံးမှာ ဝမ်လင်းဘေးနားသို့ ရောက်လာကြသည်။ကျန်သည့် ဟင်္သာငှက်နတ်ကလန်အဖွဲ့ဝင်များသည်လည်း ဖြန့်ကျက်ကာ လူတိုင်းထံသို့ သတ်ဖြတ်လိုသည့်အကြည့်ဖြင့် ကြည့်၏။
***