Switch Mode

အပိုင်း (၁၁၂၆)

အန္တိမတန်ခိုးရှင်၏ စွမ်းအားမျိုး

ရှေ့ဖြစ်ဟောသူ သုံးယောက် တိုက်ခိုက်လာစဉ်တွင် နေမင်းထဲ၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်မှာ ဝမ်လင်း ဖြစ်၏။သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်နေသည်။

အောက်ဘက်ရှိ ပင်လယ်သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ပေါ်ထွန်းနေပြီး သူတို့ရှေ့ရှိ အရာရာမှာ အစစ်အမှန်နှင့် အတုအယောင်ကြား ပိတ်မိနေသကဲ့သို့အလား ရှိ၏။

ဝမ်လင်းသည် ရောက်ရှိလာသည့် သုံးယောက်ကို အေးစက်စက် ကြည်ကာ သူ့လက်ကို ပင့်မြှောက်၍ ဝေ့ယမ်းသည်။ ထို့နောက် စကားတစ်ခွန်းကို တည်ငြိမ်စွာ ဆိုသည်။

“နေသာသောည…”

ဝမ်လင်း ပါးစပ်ကနေ နေသာသောည ထွက်ပေါ်လာချိန်၌ လောကတစ်ခွင် တော်လဲသံ မြည်ဟိန်းကာ နေမင်းသည် ပင်လယ်ပြင်ထက်တွင် အလုံးစုံ မြင့်တက်လာခဲ့ပြီး ဖြစ်ချေသည်။ညအမှောင်အား စုတ်ဖြဲသည့် အားမှာ မြင့်တက်လာ၏။အဆုံးမဲ့နေရောင်အလင်းများက ရှေ့တည့်တည့်သို့ အရူးအမူး ဖြန့်ကျက်ခြုံလွှမ်သည်။

မူလဥပဒေသသည် ၎င်းအလင်းနှင့်အတူ လှုပ်ရှားကာ လောက၌ စိုးမိုး၏။

နေသာသောညမှာ ပင်လယ်ပြင်ကနေ မွေးဖွားလာ၏။

မြန်ဆန်စွာ ရွှေ့လျားလာသည့် ခရမ်းရောင်ဝတ်ရုံနှင့်ရှေ့ဖြစ်ဟောသူသည် နေသာသောည မန္တာန်ထဲသို့ တိုးဝင်သွား၏။ အဆုံးမဲ့နေအလင်းနှင် သိပ်သည်းသောအပူတို့က အရာအားလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။ မည်သည့်အရာမှ ချွင်းချက်မရှိချေ။

ခရမ်းရောင်ရှေ့ဖြစ်ဟောသူသည် အံ့မခန်းနာကျင်စွာ ခံစားရ၏။ သူ့လက်နှစ်ဖက်မှာ သွေးမြူအဖြစ်သို့ ပြောင်းကာ လွင့်ပျောက်သည်။ သည့်နောက် သူ့ခြေထောက်၊ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ ချက်ခြင်းလိုလိုပင် ခရမ်းရောင်ဝတ်ရုံနှင့်ရှေ့ဖြစ်ဟောသူမှာ ပျက်စီးသွားရ၏။

သူ ပျက်စီးနေရင်း သူ့ခန္ဓာကိုယ်ကနေ မရေမတွက်နိုင်သောအရိပ်များ ထွက်ပေါ်နေ၏။ ထိုအရိပ်များအားလုံးသည် စူးရှရှ အသံပြုကာ နေမင်းထဲရှိ ဝမ်လင်းအား ခုန်အုပ်လာ၏။ သို့ရာတွင် ၎င်းတို့သည်လည်း နေတွေ့သည့်နှင်းအလား သဲလွန်စမရှိ ပျော်ဝင်သွားကြတော့သည်။

အဝါရောင်ဝတ်ရုံဖြင့် ရှေ့ဖြစ်ဟောသူကနေ ဖြစ်ပေါ်လာသော ဧရာမလက်ဝါးကြီးမှာလည်း ကျဆင်းလာ၏။ယင်းလက်ဝါးကြီးက နေမင်းကို ထွင်းဖောက်ကာ နေမင်းအတွင်းရှိ ဝမ်လင်းထံသို့ ရောက်ရှိလာနေ၏။ ဝမ်လင်းမှာ တည်ငြိမ်လျက်သာ။ သူသည် နှာခေါင်းရှုံ့၏။

လက်ဝါးကြီး နေမင်းကို ဖမ်းစုပ်လိုက်ချိန်တွင် ယင်းလက်ဝါးထံမှ နာကျင်ထိတ်လန့်စွာ အော်သံတစ်ခု ထွက်ပေါ်လာတော့၏။ အရာရာကို လောင်ကျွမ်းမည့် ယန်ဓာတ်မီးသည် ယင်းလက်ဝါးကို ဖြန့်ကျက်ကာ တုန်ခါစေသည်။ လက်ဝါးကြီးသည် အဝါရောင်ရှေ့ဖြစ်ဟောသူအဖြစ်သို့ ချက်ခြင်း ပြန်ပြောင်းလဲသွား၏။

အဝါရောင်ဝတ်ရုံဖြင့် ရှေ့ဖြစ်ဟောသူမှာ နေမင်းကို ထွေးပိုက်ထားသကဲ့သို့ အသွင် ရှိနေ၏။ သို့သော် အသက်ရှုစာအနည်းငယ်အချိန်အကြာမှာပင် သူသည် မီးထဲသို့ ရောက်ရှိသွားရသည်။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ သွေးဓားမှာ ရှေ့သို့ တိုးဝင်လာကာ အရာရာကို ချိုးဖျက်လာ၏။ ၎င်းသည် ချက်ခြင်းပင် တလျှံ့လျှံတောက်ပသော နေမင်းအား ထိုးစိုက်လာ၏။

ဤအခိုက်တွင် မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစွမ်းအင်မှာ သွေးဓားကနေ ထွက်ပေါ်လာပြီး သိပ်သည်းသောအပူဓာတ်၊ နေအလင်းရောင်တို့နှင့် ထိပ်တိုက်တွေ့၏။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူက မာန်သွင်းကာ သူ့ညာမျက်လုံးသည် ရုတ်တရပ် ပျက်စီးသွားသည်။

သူ့ညာမျက်လုံး ပျက်စီးသွားခိုက် သွေးဓား၏စွမ်းအားမှာ ဝုန်းခနဲ ထိုးတက်၏။ ၎င်းအား ဝန်းရံထားသော မီးတောက်များသည် နောက်ပြန်ကန်သည်။ ၎င်းဓားအား ဝန်းရံထားသော နေအလင်းသည်ပင် တစစီဖြစ်ကုန်၏။ သွေးဓားထံမှ ဖိအားသည် ချက်ခြင်း နေမင်း၏ အစိတ်အပိုင်းတော်တော်များများကို ချိုးဖျက်လာကာ ဝမ်လင်းနှင့် ဆယ်ပေအကွာသို့ ရောက်သည်။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူက နောက်တစ်ကြိမ် မာန်သွင်း၏။ သူ့ဘယ်မျက်လုံးမှာလည်း တစစီ ဖြစ်သွား၏။ သွေးဓားသည် ပို၍ အစွမ်းထက်လာကာ နေမင်းအား ဖောက်ထွက်နိုင်စွမ်း ရှိလာသည်။ ၎င်းဓားသည် ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ အကြမ်းပတမ်း အရူးအမူး တိုက်ချက်နှင့်အတူ စုတ်ပြဲနေသော ညမှာ မထင်မှတ်စွာဖြင့် တဖန် ပြန်သိပ်သည်းလာသည်ဟု ထင်ရ၏။ ၎င်းညအမှောင်က နေမင်းကို တဖန်ပြန် ဝါးမြိုချင်သကဲ့သို့ပင်။

သွေးဓားက နေမင်းကို ထွင်းဖောက် ကျော်လာကာ ဝမ်လင်း၏ ရင်ဘက်တည့်တည့်သို့ တိုက်ရိုက် ထွင်းဖောက်လာ၏။သူ့ ရင်ဘက် တစ်ဝက်သို့ ရောက်လာချိန်၌ ဝမ်လင်းက သူ့ညာလက်ဖြင့် ယင်းဓားကို ဖမ်းဆုပ်သည်။ သူသည် နောက်သို့ ခြေလှမ်းအတော်အတန် ဆုတ်သွားရ၏။ သူသည် သွေးအန်ထုတ်ရ၏။ ထို့နောက် သူ့ခေါင်းကို ဆတ်ခနဲ မော့ကာ ကြမ်းကြုတ်သည့်ဟန် လှစ်ဟသည်။

“လူအိုကြီး…သင့်ရဲ့ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကျင့်ကြံခဲ့တဲ့အတွက် ငါ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီကနေ့ သင် ငါ့အတွက် သေလိုက်တော့…”

ဝမ်လင်းသည် မာန်သွင်းရင်း သူ့ပတ်လည်ရှိ နေမင်းသည် မမျှော်လင့်စွာ ပေါက်ကွဲထွက်လာကာ သူ့လက်နှင့်အတူ မြန်ဆန်စွာ ပျံ့နှံ့သည်။

နေမင်း ပေါက်ကွဲမှုက အံ့မခန်းစွမ်းအား မည်၏။ ကောင်းကင်သည်ပင် အက်ကွဲကာ နောက်သို့ ဆုတ်ခွာပေးရသကဲ့သို့ ဖြစ်၏။

ပင်လယ်သည် လှိုင်းထန်လာ၏။ မြေပြင်ထုသည် ပြိုပျက်သည်။ လောကရှိ အဖျက်အစီးအားသည် နေမင်းပေါက်ကွဲချိန်၌ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာ၏။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူက အနီးဆုံးတွင် ရှိနေ၏။ ထို့ကြောင့် သူသည် သည်အဖျက်အစီးအားကို အပြင်းထန်ဆုံး ခံရသည်။ သူက ချိပ်ဟိန်တစ်ခု အမြန်ဆုံး ပြုလုပ်ကာ သူ့ရှေ့၌ နေရာချသည်။ သူသည် ထိုဆန်းကြယ်သောအဖျက်အစီးစွမ်းအား ရိုက်ချလာချိန်၌ သူ့ကိုယ်သူ ကျုံ့၍ ပူးကပ်၏။

ဝုန်း…ဝုန်း…ဝုန်း…။

ပြန်လည် စတင် ဖြစ်ပေါ်ဟန် ပြင်နေသော ညသည် လုံးဝ ပျက်စီးသွားတော့၏။

သို့ရာတွင် ဤအခိုက်အတန့်၌ လောကသည် ပျောက်ကွယ်သွား၏။ ပင်လယ်ပြင်သည် ပျောက်ကွယ်သွား၏။ နေမင်းသည် ပျောက်ကွယ်သွားသည်။ အက်ကွဲသော ကောင်းကင်မှာလည်း ပျောက်ကွယ်သွား၏။ စောနက ဖြစ်တည်ခဲ့သော အရာအားလုံးမှာ သဲလွန်စမရှိ ပျောက်ရသည်။ သူတို့ရှေ့၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ပြန်ပေါ်လာသည်။

ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေ၏။ ကောင်းကင်သည် နီရဲနေဆဲ၊မီးများနှင့် ပြည့်နေဆဲပင်။ ဟင်္သာငှက်အော်မြည်သံသည် မီးတောက်များကြား ထွင်းဖောက်ကာ နီးကပ်လာနေသည်။

သို့ရာတွင် မြေပြင်ထက်ရှိ လူတိုင်း၏ တုန်လှုပ်ဖွယ်အကြည့်က စောနကဖြစ်ပျက်ခဲ့သမျှသည် အစစ်အမှန်ဖြစ်ကြောင်း ရှင်းပြဖို့ရာအတွက် လုံလောက်နေပြန်သည်။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည် ဆက်လက် လွင့်ပျောက်နေရင်း နောက်ဆုံးတွင် စိတ်ဆန္ဒအမျှင်တန်းတစ်ခုသာ ကျန်တော့၏။ ဖျပ်ခနဲပင် သူသည် ရှေ့ဖြစ်ဟောသူ၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လိုက်သည်။

နေသာသောညမန္တာန်မှာ လူသုံးယောက်ကို သတ်ပစ်ခဲ့ပေပြီ။

သည်သုံးယောက်မှာ သာမန်မဟုတ်ကြချေ။ သူတို့သည် အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူ၏ ကိုယ်ပွားနှစ်ယောက် ဖြစ်ကြသည်။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိကာ သူ့စိတ်ဆန္ဒအမျှင်တန်းတစ်ခုသာ ကျန်ခဲ့သည်။

လင်းထျန်ဟူသည် တုန်ယင်သွား၏။ အရင်တုန်းက သူသည် ဝမ်လင်းကို ရှိန်ရုံမျှသာ ရှိ၏။ သူသည် ဝမ်လင်း၏ မန္တာန်မှာ အခုလောက်ထိ မည်သို့အစွမ်းထက်လာသည်ကို လုံးဝ မခန့်မှန်းနိုင်ပေ။

“သူ…သူ့ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်လဲ။ ဒီလိုမန္တာန်မျိုး ကြားတောင်မကြားဖူးဘူး…”

ရှေ့ဖြစ်ဟောသူ၏မျက်နှာမှာ ဖြူရောနေ၏။ သူသည် သွေးအန်ထုတ်လိုက်ရသည်။ သူသည် နောက်သို့ပင် ခြေလှမ်းအတော်အတန် ဆုတ်လိုက်ရ၏။ ရှေ့ဖြစ်ဟောသူက ကောင်းကင်ထက်ရှိ ဝမ်လင်းထံသို့ ဆတ်ခနဲ မော့ကြည့်၏။ သူ့ကိုယ်ပွားသုံးခုတွင် နှစ်ခုမှာ ဖျက်စီးခံလိုက်ရပြီ။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည်ပင် စိတ်ဆန္ဒတစ်ခုသာ ကျန်ခဲ့၏။ သည်လို ရိုက်ချက်မျိုးကို မခံစားခဲ့ရသည်မှာ သူ့အဖို့ နှစ်ပေါင်းမရေမတွက်နိုင်တော့ပေ။ ခုချိန်တွင် သူလည်း ဒဏ်ရာ ရသွားခဲ့ပေပြီ။

သို့ရာတွင် သူ့ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာများမှာ သူ့တွက်ချက်မှုများနှင့် ယှဉ်ပါက မပြောပလောက်ပေ။ သူသည် ဝမ်လင်းနှင့် ပတ်သတ်၍ တွက်ချက်ရာ၌ အကြိမ်ကြမ်မှားခဲ့၏။ ထိုအချက်က သူ့ယုံကြည်မှုကို အတော်လေး ရိုက်ချပစ်သည်။ မည်သူကမျှ ဤအချက်ကို သတိမပြုမိကြပေ။ သို့သော် သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။

သူသည် တုန်ယင်နေ၏။ ဝမ်လင်း၏ နေသာသောညမန္တာန်ကြောင့် တုန်ယင်နေခြင်းပင်။

ရှေ့ဖြစ်ဟောသူသည် ချက်ခြင်း မူလဥပဒေသကို မြင်နိုင်ပေသည်။ ထိုဥပဒေသအားလုံး၏ မူလမှာ ကျင့်ကြံသူတစ်ယောက် ကျွမ်းကျင်နိုင်သည့် အရာ မဟုတ်ပေ။ ၎င်း၏စွမ်းအားမှာ အံ့မခန်းဖြစ်လွန်းလှ၏။

“သူက ငါ့ကိုယ်ပွားသုံးခုကို ဖျက်စီးခဲ့တယ်။ ဝမ်လင်း…မင်းကို တပည့်အဖြစ် လက်ခံခဲ့တာက ငါ့အတွက် အကြီးမားဆုံးအမှားပဲ…” ရှေ့ဖြစ်ဟောသူသည် အံ့တင်းတင်းကြိတ်မိနေ၏။ သူသည် အသက်ဝဝရှုသွင်းကာ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်၊ သူ့ကိုယ်သူတည်ငြိမ်အောင် အတင်း ပြန်လုပ်သည်။

သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ စစ်ထူနန်၊ ခေါင်းကြီး၊ အရှင်ချို့လေနှင့် လူတိုင်းသည်လည်း မင်သက်နေမိကြ၏။ အရှင်ချိုင့်လေကတော့ အနည်းငယ်သာ တုန်လှုပ်မိ၏။အကြောင်းမှာ သူသည် အရင်က ဤနေသာသောည မန္တာန်ကို တွေ့ကြုံခဲ့ဖူးသည် မဟုတ်လား။

ဝမ်ဝေနှင့်ဟူကျွမ်တို့ပင် ပင့်သက်ရှိုက်မိနေကြ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် ကြောက်လန့်မှု၊တုန်လှုပ်မှုတို့ ပြည့်နေသည်။ စောနလေးက သူတို့သည် ပုံရိပ်ယောင်ထဲသို့ ဆွဲခေါ်ခြင်းခံခဲ့ရကာ ဟင်းလင်းပြင်နေရာတစ်ခုကို ခွဲခြားပစ်ကာ ရောက်ရှိသွားသကဲ့သို့ ရှိခဲ့၏။ သူတို့သည် ကြည့်နေရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ကြပေ။

သူတို့သာ ဝမ်လင်း ပြသခဲ့သော နေသာသောညမန္တာန်ကြောင့် တုန်လှုပ်မိကြသည် မဟုတ်သေး။ သူက ဓားသွားကို ကိုင်ထားရင်း ပန်းအင်ပါယာကိုယ်လုပ်တော်နောက်သို့ လိုက်နေခြင်း ဖြစ်၏။ သူသည်လည်း တုန်လှုပ်မိရသည်။

ပန်းအင်ပါယာကိုယ်လုပ်တော်က ဝမ်လင်းကို ကြောက်ရွှံ့မှု၊အတိတ်ကို ပြန်အောက်မေ့မှုတို့ ပါဝင်သော အကြည့်ဖြင့် ကြည့်၏။ သူမကို အတိတ်အား ပြန်အောက်မေ့သွားစေသည်က သူမ၏ ယောက်ျားဖြစ်သူ ချင်းလင်က သူ့အား ဝမ် ဟု အမည်ရသည့် လူတစ်ယောက်က ကယ်တင်ပေးလိမ့်မည်ဟူသော စကားကြောင့် ဖြစ်၏။ သူမ ကြောက်ရွှံ့မိသည်မှာ ဝမ်လင်းသည် မူလဥပဒေသကို ထုတ်ဖော်ခဲ့ခြင်းကြောင့် ဖြစ်သည်။

မည်သူကမျှ မူလဥပဒေသကို သူမထက် ပိုနားလည်လိမ့်မည် မဟုတ်ပေ။ အတိတ်တုန်းက ကောင်းကင်ဘုံအင်ပါယာချင်းလင်သည်ပင် မူလဥပဒေသကြောင့် သေဆုံးလုနီးပါး ဖြစ်ခဲ့ရဖူး၏။ ချိပ်ပိတ်နယ်မြေအတွင်း၌ ဤစွမ်းအားကို မူလဥပဒေသဟု ခေါ်ကာ ပြင်ပနယ်မြေတွင်မူ အကြွင်းမဲ့စတင်ခြင်းဥပဒေသဟု ခေါ်တွင်ပေ၏။

ရှေးဟောင်းမိစ္ဆာ၏ တည်ငြိမ်နေသော စိတ်သည် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်နေသည်။ သူသည် ထိုမန္တာန်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိ၏။ ၎င်းမန္တာန်မှာ အားနည်းနေဆဲ ဖြစ်သော်လည်း ကြီးထွားလာသည်နှင့် သူပင် ကြောက်လန့်၍ ပြေးမိပေမည်။

“ဒါ…ဒါက အန္တိမတန်ခိုးရှင်ရဲ့ စွမ်းအားပဲ…”

ရှေးဟောင်းမိစ္ဆာတာကျား၏အကြည့်က ဝမ်လင်းပေါ်သို့ မြဲမြံစွာ ကျရောက်နေ၏။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေမိသည်။သူသည် သည်လူမှာ ချင်းလင် သူနိုးထလာဖို့အတွက် ပြင်ဆင်ထားခဲ့သော နောက်ဆုံးဝှက်ဖဲဟု ခံစားမိနေသည်။

ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်… အရေးကြီးပုဂ္ဂိုလ်များ၏ အသက်တုန်ကင်များကို သိမ်းထားသောနေရာတွင် ဝမ်လင်း၏ နေသာသောည မန္တာန်ပျောက်ကွယ်သွားချိန်၌ စင်မြင်ထက်မှ ခရမ်းရောင်တုန်ကင်ပြား သုံးခုထဲမှ တစ်ခုသည် ကြေမွသွားသည်။

သည့်အပြင် ဤအခိုက်အတန့်၌ ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်အနှံ့တွင် ခေါင်းလောင်းသံတစ်ခု ပဲ့တင်ထပ်လာသည်။ ဌာနချုပ်အတွင်းရှိ ကျင့်ကြံသူတော်တော်များများသည် အသက်ကယ်တုန်ကင်များ သိုလှောင်ထားသော နေရာသို့ မော့ကြည့်လာကြသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနှင့် စစ်စဖြစ်ခဲ့ကတည်းက လူများ နေ့စဉ်နေတိုင်း သေဆုံးခဲ့ကြ၏။ သို့သော် ထိုသူများသည် ဌာနချုပ်အတွင်း သူတို့၏အသက်တုန်ကင်ပြား သိမ်းထားလောက်ရသည့်အထိ အရေးမပါလှပေ။ ထိုခေါင်းလောင်းသံမှာ လူတစ်ယောက်၏ သေဆုံးခြင်းကို အချက်ပြခြင်းပင်။

ကျင့်ကြံခြင်းမဟာမိတ်၏ မောက်မာမှုကြောင့် သူတိုသည် သေမျိုးများနှင့် ပတ်သတ်၍ ဂရုမစိုက်ပေ။ ကျင့်ကြံခြင်းမဟာမိတ်၏ အရေးကြီးအဖွဲ့ဝင်တစ်ယောက်ကို သတ်ဝံ့သည် ဆိုလျှင်တော့ ထိုသူသည် ကျင့်ကြံခြင်းမဟာမိတ်၏ ရန်သူတော် ဖြစ်လာပေမည်။

ခေါင်းလောင်းသံမှာ တစ်ကြိမ်၊နှစ်ကြိမ်၊ သုံးကြိမ် မြည်၏။ ခေါင်းလောင်းသံ ငါးကြိမ် မည်ပြီးသည့်အခါ ဌာနချုပ်အတွင်းမှ နောက်ထပ် လူအုပ်သည် အသက်တုန်ကင်ပြားများ သိမ်းဆည်းထားသောနေရာသို့ မော့ကြည့်လာကြပြန်၏။

ခေါင်းလောင်းသံမှာ ရပ်တန့်ခြင်း မရှိသေးဘဲ ဆက်လက်၍ မြည်ဟိန်းလာရာ သူတို့၏အမူအရာသည် ပြောင်းလဲသွားကြတော့၏။ ခြောက်ကြိမ်၊ခုနစ်ကြိမ်…ရှစ်ကြိမ်ထိ မြည်လာ၏။

ချက်ခြင်းပင် ဌာနချုပ်အတွင်းမှ ကျင့်ကြံသူအားလုံးသည် လုပ်လက်စကို ရပ်ကာ အစွမ်းထက်ကျင့်ကြံသူများ၏ တုန်ကင်များ သိမ်းထားသော နေရာသို့ ကြည့်လိုက်ကြသည်။

ဒန်…။ ကိုးကြိမ်မြောက် ခေါင်းလောင်းသံ မြည်ချိန်၌ လူတိုင်းသည် ပင့်သက်ရှိုက် ကြောက်လန့်ကုန်ကြ၏။

ဌာနချုပ်၏ လျှို့ဝှက်ခန်းထဲတွင် ထိုင်နေသော သက်လတ်ပိုင်းလူက ခေါင်းမော့လာ၏။ သူ့မျက်လုံးထဲ၌ ဒေါသတို့နှင့် ပြည့်နေသည်။ သူ့ခန္ဓာကိုယ်မှ ဖျပ်ခနဲ ရွှေ့လျားသွားကာ ဌာနချုပ်အတွင်း မုန်ုတိုင်းထန်လာစေသည်။ ချက်ခြင်းပင် သူသည် အသက်တုန်ကင်ပြားများ ထားသည့်နေရာသို့ ရောက်လာ၏။ သူသည် အရှင်လေဟာနယ်၏ တုန်ကင် ပျက်စီးသွားသည်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset