Switch Mode

အပိုင်း (၁၁၂၅)

အကုန်ထွက်လာခဲ့

လှိုင်းသံများသည် သည်နေရာရှိ လူလေးယောက်၏ နားထဲသို့ တိုးဝင်လာသည်။ ထိုအသံသည် ဆန်းကြယ်သောတေးသွားပါဝင်နေဟန် တူ၏။ လောက၏ ဥပဒေသ ပါဝင်နေဟန် တူ၏။

သို့ရာတွင် ဤအသံ ထွက်ပေါ်လာနေရင်း မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည် အာစေးမိနေတော့၏။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ ကျန်သည့် ကိုယ်ပွားနှစ်ယောက်လည်း အတူတူပင်။ တကယ်တော့ သူတို့က ပို၍ပင် ဆိုးနေသေး၏။ သူတို့ စိတ်နှလုံးထဲရှိ ကြောက်ရွှံ့မှုမှာ မထိန်းချုပ်နိုင်အောင် ကြီးထွားနေသည်။

အရှင်လေဟာနယ်သည် မိုးကုပ်စက်ဝန်းအထက်တွင် တောက်ပသောနေမင်း ပေါ်လာချိန်၌ သူသည် လုံးဝ သတိပြန်ဝင်နေခဲ့ပေပြီ။ နေမင်း၏ အစိတ်အပိုင်းငယ်သာ ထွက်ပေါ်စ ပြုနေသေးသော်လည်း တလျှံလျှံတောက်ပသောအလင်းမှာ ဓားသွားများအလား ညကို စုတ်ဖြဲပစ်လိုနေဟန် ရသည်။

ထိုညအတွင်း၌ ရှိနေသော သူသည်လည်း အမှောင်ထုနှင့်အတူ ဖျက်စီးခြင်း ခံရပေလိမ့်မည်.

ဤအရာကား နေသာသောည၏ စွမ်းအား ဖြစ်၏။

အချိန်သည် ထာဝရ ကြာမြင့်နေသည့်အလား။ သို့သော် နေမင်း မြင့်တက်လာဖို့အတွက် အချိန်တစ်ခဏသာ ကြာမြင့်သည်။

နေမင်း မြင့်တက်လာချိန်၌ အံ့မခန်းအားတစ်ခု ဖြစ်ပေါ်သည်။ ထိုအားသည် ပိတ်ဆို့မည့်အရာဟူသမျှကို ဖျက်စီးပစ်နိုင်သည်။ ၎င်းအားသည် မူလဥပဒေသ အငွေ့အသက် စွမ်းအားကို လုံးဝ ထုတ်ဖော်နေပေပြီ။

နက်မှောင်သောညမှာ စုတ်ဖြဲခြင်းခံရ၏။သည်စွမ်းအားမှာ လောကကို ပြောင်းပြန်လန်သွားစေဖို့ရာ လုံလောက်သည်။ ကောင်းကင်ဘုံကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။ ညအမှောင်ကို ပြိုပျက်စေနိုင်သည်။ တစစီပြိုပျက်သည့် ညမှာ လွင့်စင်၍ အလင်းခြုံလွှမ်းလာ၏။

ထိုအလင်းထဲ၌ ဝမ်လင်း၏မွန်းစတားဆန်သော သတ်ဖြတ်ချင်စိတ်လည်း ပါသည်။ သူ တချိန်တည်းလုံး ချုပ်တီးထားရသော ဒေါသစိတ်လည်း ပါ၏။

ဝမ်လင်း၏ နိုးထလာသော ဟင်္သာငှက်နှစ်ကောင်သည် အံ့မခန်းအပူကို ဖြစ်စေရင်း ပေါ်ထွက်လာ၏။ ထိုအပူသည် ဝမ်လင်း မန္တာန်များဖြင့် ထုတ်လွှတ်သည့် မည်သည့်အပူစွမ်းအင်ထက်မဆို များစွာပိုအားကောင်းသည်။ မူလဥပဒေကြောင့် ဝမ်လင်း၏ နေသာသောည မန္တာန်မှာ ထွန်းပေါ်လာသော နေမင်းထံမှ အပူဓာတ်ကို ရိပ်သိမ်း၍ အံ့မခန်းအဆင့် အပူအားကို ဖြစ်စေသည်။

ပင်လယ်ပြင်ထက်မှ မြင့်တက်လာသော နေမင်းသည် ရွှေရောင်အလင်းနှင့် ဖော်ပြနိုင်စွမ်းမဲ့ အပူဓာတ်ကို ထုတ်လွှတ်၏။ ဤအရာကား ညကို စုတ်ဖြဲပစ်ရုံမျှ ရိုးရှင်းမနေပေ။ သည်အပူဓာတ်ဖြင့် အရာအားလုံးကို ခြေမွ လောင်ကျွမ်း ပြာပုံဖြစ်စေတော့မည့်ကဲ့သို့ပင်။

ဝမ်လင်း၏ နေသာသောည ကို ဦးဆုံးရင်ဆိုင်ရသူမှာ အနီးဆုံးတွင် ရှိနေသော အရှင်လေဟာနယ် ဖြစ်၏။ နေအလင်းသည် အဆုံးစွန်အပူနှင့်အတူ မြေကမ္ဘာတွင် ဖြန့်ကျက် ခြုံလွှမ်းသည်။ အရှင်လေဟာနယ်သည် သေအံ့ဆဲဆဲ ဖြစ်နေပေပြီ။ သူ့မူလစိတ်ဝိညာဉ်မှာလည်း သူ့ပထမကောင်းကင်ဘုံဒုက္ခ ကျရှုံးခြင်းကြောင့် လွင့်ပါးနေခဲ့ပြီ။ ရှေးဟောင်းမိစ္ဆာတာကျား သူ့အပေါ်တွင် ချိပ်တံဆိပ်တစ်ခု ချမှတ်မထားခဲ့ပါက သူ အစောကတည်းက သေနေလောက်ပေပြီ။

သည်အခိုက်အတန့်၌ အဆုံးမဲ့ နေအလင်းအောက်တွင် ညသည် စုတ်ဖြဲခြင်း ခံရကာ အရှင်လေဟာနယ်၏မျက်နှာမှာ ဖြူရောနေသည်။ သူ့ခန္ဓာကိုယ်မှာလည်း ပထမကောင်းကင်ဘုံဒုက္ခကြောင့် ဖြစ်ပေါ်နေခြင်းပေ။ ဤအခိုက်အတန့်၌ သူ့ခြေထောက်များသည် မြူအဖြစ် ပျက်စီးသွားပေပြီ။ သို့ရာတွင် ထိုမြူက တောက်ပသောနေအလင်းအောက်၌ သဲလွန်စမရှိ လွင့်ပြယ်သွားသည်။

သို့သော် ခုလက်ရှိတွင် သူသည် နာကျင်မှုကို မခံစားနိုင် ဖြစ်နေ၏။ သူ ခံစားမိသည်မှာ အတောမသတ်ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်မှုသာ ဖြစ်သည်။

သူ့ ခြေထောက်နှစ်ဖက် ပျက်စီးသွားသည့်နောက် သူ့မျက်ခုံးကြားရှိ ရှေးဟောင်းမိစ္ဆာအမှတ်အသားသည်လည်း ခဏတာသာ ကြာမြင့်ပြီး လွင့်ပျောက်သွားသည်။ ၎င်းအမှတ်အသား လွင့်ပျောက်သွားသည့်နောက် အရှင်လေဟာနယ်မှာ နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်လည်း ပျောက်ကွယ်လာနေသည်။ သို့သော် သူက နောက်ဆုတ်ဖို့ ကြိုးစားသေးသည်။

သို့ရာတွင် သူ မည်သို့ လွတ်မြောက်နိုင်ပါ့မည်နည်း။ ညသည်ပင် နေသာသောည၏ စွမ်းအား လက်ကနေ မလွတ်မြောက်နိုင်သည် မဟုတ်လော။သူသည် နောက်ဆုတ်နေရင်း နေအလင်းသည် ရှေ့သို့ တဟုန်ထိုး ဝင်လာသည်။ အရှင်လေဟာနယ်၏အော်ဟစ်သံသည် နေအလင်း သူ့ခန္ဓာကိုယ်အား ထွင်းဖောက်ချိန်၌ ပဲ့တင်ထပ်နေချေ၏။ သူသည် နာကျင်အပြုံးနှင့်အတူ ပျောက်ကွယ်သွားပေပြီ။

အရှင်လေဟာနယ်သည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်၊ မဟာမိတ်အဖွဲ့အစည်းတွင် မြင့်မားသောအဆင့်အတန်းရှိသူ၊ အရှင်ကျုံးရွှမ်၏ ဂျူနီယာညီ ဖြစ်ခဲ့သည့်သူပင်။ သူသည် တစ်ချိန်က အလွန်ကျော်ကြားခဲ့သူ ဖြစ်သည်။ သို့တောင်မှ သူလည်း ပြန်လည်မွေးဖွားခြင်းစက်ဝန်းကနေ မလွတ်မြောက်နိုင်ဘဲ ပထမကောင်းကင်ဘုံဒုက္ခကို ကြုံခဲ့ရသည်။

အရှင်လေဟာနယ်သည် အဆုံးမဲ့နောင်တနှင့်အတူ ပျောက်ကွယ်သွားလေ၏။

ထိုအရာများအားလုံးမှာ တခဏအတွင်း ဖြစ်ပွားခဲ့ခြင်းသာ။ နေမင်း မြင့်တက်လာချိန်၌ အရှင်လေဟာနယ်သည် သေဆုံးသွားခဲ့ပေပြီ။ အလင်းသည် ညကို ထိုးခွင်းစုတ်ဖြဲနေရင်း မီးခိုးရောင်ရှေ့ဖြစ်ဟောသူနှင့် တခြားရှေ့ဖြစ်ဟောသူ ကိုယ်ပွားနှစ်ယောက်ထံသို့ ဆက်လက် ခြုံလွှမ်းလာသည်။

ချက်ခြင်းပင် မီးခိုးရောင်ရှေ့ဖြစ်ဟောသူမှာ သူ့ခန္ဓာကိုယ် စုတ်ဖြဲခံရပြီဟု ခံစားမိ၏။ သူ့အမှီအခိုမဲ့သော မူလစိတ်ဝိညာဉ်သည်ပင် သည်စွမ်းအား၏ ပတ်ခြုံထွေးခြင်းကို ခံရသည်။ သူသည် သည်လောက်နာကျင်မှုကို အရင်က လုံးဝ မခံစားခဲ့ဖူးပေ။ သည်နေအလင်းက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တစစီ စုတ်ဖြဲနေသကဲ့သို့ပင်။

သေရေးရှင်ရေးအာရုံက သူ့စိတ်နှလုံးထဲတွင် ပြည့်နှက်လာ၏။ သူသည် သူ့စိတ်နှလုံးထဲရှိ ကြောက်ရွှံ့မှုကို ဖိနှိပ်ကာ မာန်သွင်း၍ သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ သူ့ခန္ဓာကိုယ်ကနေ မွန်းစတားဆန်သောမူလစွမ်းအင်တို့ မြင့်တက်လာကာ အဆုံးမဲ့သတ်ဖြတ်ခြင်းစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသည်။

သည်သတ်ဖြတ်မှုစွမ်းအင်သည် ကောင်းကင်တခွင်တွင် ဖုံးလွှမ်းလာ၏။ သတ်ဖြတ်ခြင်းစွမ်းအင် ဟိန်းမြည်သံက ပင်လယ်လှိုင်းသံကိုပါ ဖိနှိပ်ရန် ကြိုးစားလာ၏။ နေသာသောည၏ စွမ်းအားကို ဖိနှိပ်နိုင်ဖို့ ကြိုးစားခြင်းသည် သူ့ အသိဉာဏ်ကိုပါ လွတ်ထွက်လုနီးပါး ဖြစ်စေဖို့ရာ လုံလောက်နေပေသည်။

သူသာမက။ အခြားရှေ့ဖြစ်ဟောသူ ကိုယ်ပွားနှစ်ယောက်မှာလည်း ဖြူရောနေ၏။ သူတို့၏ မန္တာန်များကို အသုံးပြုထားကြသည်။ အဝါရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူသည် မြန်ဆန်စွာ လှည့်လည်၏။ သူ့ခန္ဓာကိုယ်မှာ မုန်တိုင်းအသွင်ပြောင်း၍ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။

ကောင်းကင်သည် ရုတ်တရပ် အရောင်ပြောင်းလဲကုန်၏။ မရေမတွက်နိုင်သော အဝါရောင်လှိုင်းတွန့်များ အမှောင်ထုအတွင်း ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဘုံကံကြမ္မာ လက်ချောင်းသည် အောက်သို့ ခြေမွပစ်ရန် သက်ဆင်းလာသည်။

အဝါရောင်ရှေ့ဖြစ်ဟောသူသည် ကောင်းကင်ဘုံကံကြမ္မာ၏ ဥပဒေသတစ်ခုကို ပိုင်ဆိုင်ထားသည့်သူ တစ်ယောက် ဖြစ်သည်။

ဤအခိုက်အတန့်၌ သူသည် မာန်သွင်းနေရင်း ဧရာမလက်ချောင်းကြီးသည် ထွန်းပေါ်လာသော နေမင်းထံသို့ တိုးဝင်လာ၏။

သူသည် သည်နေမင်းကို ဖျက်စီးချင်နေသည်။

ခရမ်းရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူသည် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ခရမ်းရောင်မြူသည် သူ့နောက်တွင် ပေါ်လာသည်။ ခရမ်းရောင်မြူသည် လေထဲတွင် မြင့်တက်လာကာ ညနှင့်ပေါင်းစည်းသည်။ ခရမ်းရောင်ရှေ့ဖြစ်ဟောသူသည် ညနှင့် ပေါင်းစပ်သည်။

ချက်ခြင်းလိုလိုပင် ညအမှောင်အတွင်း ခရမ်းရောင်အရိပ်အမြွက် ပေါ်လာ၏။ ပုန်းလျှိုးကွယ်လျှိုး ပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက် လှမ်းထွက်လာကြသည်။ သူတို့အားလုံးထဲ၌ ယောက်ျား၊မိန်းမ ပါဝင်သည်။ သူတို့သည် ငရဲခန်းအတွင်း ပိတ်လှောင်ခံထားရသော ဒေါသတကြီး တစ္ဆေများကဲ့သို့ ရှိနေ၏။ သူတို့ လှမ်းထွက်လာသည်နှင့် စူးရှရှအသံများကို ကျယ်လောင်စွာ ထုတ်ဖော်သည်။

သည်လူများမှာ ကောင်းကင်ဘုံကံကြမ္မာကလန်၌ နှစ်ပေါင်းများစွာအတွင်း ဝါးမြိုခြင်း ခံထားရသူများ ဖြစ်ကြ၏။

သို့ရာတွင် သူတို့၏မန္တာန်များ ၊စူးရှရှအသံများ ပေါ်လာသည်နှင့် နေအလင်းသည် သူတို့အား ထွင်းဖောက်သွားခဲ့ပေပြီ။

ခရမ်းရောင်ညကနေ လှမ်းလျှောက်ထွက်လာသည့် သည်ပုံရိပ်များသည် နေမင်းရှိရာသို့ တိုးဝင်လာကြ၏။ သို့သော် နေမင်းရှေ့မရောက်ခင်မှာပင် သူတို့သည် စုတ်ဖြဲခြင်း ခံလိုက်ရပေပြီ။ သူတို့မှာ မီးကိုတိုးသည့် ပိုးဖလံများသာ။

ခရမ်းရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူသည် ညအလင်းက ရှုံ့တွနေသောအမူအရာဖြင့် အတင်း ထွက်လာရ၏။ သူ့မျက်နှာမှာ ဖြူရောနေသည်။ သူသည် သွေးအပြည့် အန်ထုတ်ရ၏။ သူ့စိတ်နှလုံးထဲရှိ ကြောက်လန့်မှုမှာ အဆုံးစွန် ဖြစ်လာခဲ့ပေပြီ။

ကောင်းကင်ဘုံကံကြမ္မာ လက်ချောင်းကမူ ပြင်းထန်သောအဟုန်ကို သယ်ဆောင်ရင်း နေမင်းထံသို့ တိုးဝင်နေ၏။ သို့ရာတွင် ၎င်းလက်ချောင်း အနားမရောက်ခင်မှာပင် နေအလင်း၏ ရိုက်ခတ်ခြင်းကို ခံရကာ တစီစီအသံများ ထွက်ပေါ်လာ၏။ ၎င်းသည်လည်း စတင် လောင်ကျွမ်းကာ ညကဲ့သို့ ပြိုကျပျက်စီးသွားရတော့သည်။

“မူလဥပဒေသ၊ စကြာဝဠာရဲ့ ဥပဒေသအားလုံးရဲ့ မူလ…” အဝါရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူ၏ အသွင်မှာ ဖြူရောနေ၏။ သူ့ဒွာရပေါက်များကနေ သွေးများ စီးကျနေသည်။ သူသည် သွေးအပြည့်အန်ထုတ်ကာ နာကျင်စွာ ပြုံးသည်။

ထို့နောက် မီးခိုးရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူ၏ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်များသည် နေမင်းထံသို့ နဂါးများအလား တိုးဝင်လာနေသည်။ သို့ရာတွင် နေအလင်းသည် သည်အေးစက်စက်သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းများကို တစ်ခုပြီးတစ်ခု လွင့်ပျောက်စေသည်။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ မျက်နှာမှာလည်း ဖြူရောနေ၏။ သူ့မျက်လုံးများကမူ ကြမ်းကြုတ်နေသည်။ သူသည် မမှီခိုသည့် စိတ်ဆန္ဒရှိ၏။ သူက အစွမ်းကုန် မထုတ်လျှင် သည်နေသာသောည မန္တာန်အောက်တွင် သေဆုံးသွားနိုင်ကြောင်း သိ၏။

အကုန်ထွက်စမ်း။ မီးခိုးရောင်ရှေ့ဖြစ်ဟောသူက ချိပ်ဟန်တစ်ခု ပြုလုပ်ကာ သူ့ခန္ဓာကိုယ်အား ညွှန်၏။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့မျက်လုံးသည် လုံးဝ နီရဲနေသည်။ ထို့နောက် သူ့နှဖူးထက်မှ အနီရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာ၏။ ၎င်းမှာ ကြက်သွေးရောင်သွေးဓားပင်။

သည်သွေးဓားသည် သူ ကျင့်ကြံခဲ့သော သတ်ဖြတ်ခြင်းစွမ်းအင်အားလုံး၏ ရင်းမြစ် ဖြစ်၏။ ထို သွေးဓားထွက်ပေါ်လာချိန်၌ လောကသည် အဆုံးမဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်လျှံလာသည်။ မီးခိုးရောင် ရှေ့ဖြစ်ဟောသူက လက်ညွှန်လိုက်ရာ သွေးဓားသည် နေမင်းထံသို့ ဦးတည်ဝင်ရောက်သွား၏။

အဝါရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူကလည်း မာန်သွင်းလိုက်၏။ သူ့လက်နှစ်ဖက်ကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ ထိုးတက်သည်။ မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်သည် အံ့မခန်းကြီးမားသည် လက်ဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားတော့၏။ သည်လက်ဝါးမှာ ကောင်းကင်ဘုံကံကြမ္မာလက်ဝါးနှင့် ဆင်တူ၏။ ပို၍ပင် အစွမ်းထက်သေးသည်။ ၎င်းလက်ဝါးထဲ၌ အဝါရောင်ရှေ့ဖြစ်ဟောသူ၏ စွမ်းအားအကုန် ပါဝင်နေချေသည်။

သည်လက်ဝါးသည် နေမင်းထံသို့ ဦးတည်နေရင်း ဖြန့်ကားကာ နေမင်းအား ဖမ်းဆုပ်ရန် ပြင်သည်။

ခရမ်းရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူကလည်း သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်၏။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှု ပြည့်လာသည်။ သူသည် ရွှေ့လျားနေရင်း ဆန်းကြယ်သောအရာတစ်ခု ဖြစ်ပွားလာသည်။ သူ့နောက်၌ အရိပ်ထောင်ချီ ပေါ်လာခြင်းပင်။

အရိပ်တစ်ခုချင်းစီမှာ ခြားနား၏။ ခရမ်းရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူသည် နေမင်းထံသို့ တိုးဝင်နေရင်း အရိပ်တစ်ခုချင်းစီသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်။ သူသည် နေမင်းအနားသို့ ရောက်လာချိန်တွင် သူ့အော်ရာမှာ မွန်းစတားဆန်နေပေပြီ။

သူတို့သုံးယောက်သည် ပိတ်မိနေသော သားရိုင်းများကဲ့သို့ပင်။ သူတို့သည် ဤမန္တာန်ကို မချိုးဖျက်နိုင်ပါက သူတို့အတွက် ရှင်သန်နိုင်ရန် အခွင့်ရေး ရှိလိမ့်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset