Switch Mode

အပိုင်း (၁၁၂၃)

ရောက်ရှိလာမှု

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ကောင်းကင်ထက်ရှိ ပုံရိပ်ယောင်နန်းတော်သည် တဖြည်းဖြည်း အထည်ဒြပ်ဆန်လာသည်။ ၎င်းနန်းတော်သည် ချင်းလင်၏ လှိုဏ်ဂူထဲသို့ တည်နေရာရွှေ့ပြောင်းလာသည့်အလားပင်။

ပန်းအင်ပါယာကိုယ်လုပ်တော် နန်းတော်ထဲမှ လှမ်းလျှောက်ထွက်လာသည့်အခိုက်တွင် နန်းတော်နှင့်သောင်းချီ ခရမ်းရောင်ပန်းများသည် ကျုံ့သွားကာ လက်ဝါးအရွယ်ခံဆံထိုး တစ်ခု ဖြစ်လာခဲ့သည်။

သူမက လက်ဝေ့ယမ်းလိုက်ရာ ထိုဆံထိုးမှာ ပျောက်ကွယ်သွားကာ သူမခန္ဓာကိုယ်နှင် ပေါင်းစပ်သွားသည်။

ရှေးဟောင်းနတ်ဆိုးတာကျားက ပန်းအင်ပါယာကိုယ်လုပ်တော်ကို လောဘတကြီး သွေးဆာစွာ ကြည့်၏။ ထို့နောက် သူက ရယ်မောကာ ဆိုသည်။ “ချင်းလင်ဟာ အတော်လေး ကံကောင်းခဲ့တယ်လို့ ငါ ကြားသိခဲ့ဖူးတယ်။ သူ့အင်ပါယာကိုယ်လုပ်တော် ရှစ်ယောက်လုံးက အလွန်လှတယ်ဆိုပဲ။ အထူးသဖြင့် ပန်းအင်ပါယာက ကျန်တဲ့လူတွေထက် သာတယ်တဲ့။ သူမဟာ လေကောင်းကင်ဘုံနယ်မြေကလာခဲ့ပြီး လေကောင်းကင်ဘုံအင်ပါယာလန်ယွမ်ရဲ့ ညီမလည်း ဖြစ်တယ်လို့ ဆိုကြတယ်။ အတိတ်တုန်းက ငါက သူမကို တွေ့ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမယ့် အခု ဒီနေ့ နင့်ကို တွေ့တဲ့အချိန်မှာ ဒီစကားတွေဟာ အမှန်တကယ်ပါလားဆိုတာ သိလိုက်ပြီ…”

“နင့် ယောက်ျား ချင်းလင် သေဆုံးသွားပေမယ့်လည်း သူ့ခန္ဓာကိုယ်တော့ ဒီမှာ ရှိနေဆဲပဲ။ ဒီတော့ မင်းကလည်း ဒီမိစ္ဆာရဲ့ ပန်းကိုယ်လုပ်တော်နဲ့ ကျင့်ကြံခြင်းကိုယ်လုပ်တော် ဖြစ်လာခဲ့ရင် ဒါဟာ ပျော်စရာ မကောင်းပေဘူးလား…”

တာကျားက ရယ်မောရင်း ရှေ့သို့ လှမ်းကာ သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။

ရှေးဟောင်းမိစ္ဆာတာကျားက ရယ်မောနေသော်လည်း သူသည် သတိအပြည့်ထားနေ၏။ သူသည် ပန်းအင်ပါယာကိုယ်လုပ်တော်ကို မကြောက်ပေ။ သို့သော် ချင်းလင်အပေါ် သူ့ကြောက်ရွှံ့မှုကတော့ အားကောင်းလွန်းသည် မဟုတ်လား။ သူမအပြောအရ ချင်းလင်သည် သူ့ကျရှုံးမှုအတွက် ကြိုပြင်ဆင်ထားခဲ့ပြီး အစီအစဉ်များ ပိုချန်ထားခဲ့သည်ဟု ဆိုနေသည်။ ပန်းအင်ပါယာကိုယ်လုပ်တော် ထွက်ပေါ်လာမှုမှာလည်း ချင်းလင်၏ အစီအစဉ်များထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။

“ချင်းလင်ဟာ အစွမ်းထက်ဆုံး ကောင်းကင်ဘုံအင်ပါယာပဲ။ သူ့အစွမ်းထက်မှုကြောင့် ပြင်ပနယ်မြေကတောင့် သူ့နာမည်ကို သိရှိကြတယ်။ ဒါ့အပြင် သူ့အစွမ်းထက်ကျင့်ကြံမှုကြောင့် သူဟာ အနာဂတ်ကိုလည်း ကြိုမြင်နိုင်ခဲ့ပြီး ဘယ်တစ်ခုမှ မလွဲခဲ့သေးဘူး…”

တာကျား ရွှေ့လျားနေရင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည် ရုတ်တရပ် တုန်ခါနေ၏။ ကောင်းကင်ထက်၌ မြူနက်ထုများ ပေါ်လာကာ ပျံ့နှံ့သည်။ တာကျား၏ ညာလက် ဆန့်ထုတ်ချိန်၌ မြူနက်ထုသည် ဧရာမလက်ကြီးတစ်ဖက်အဖြစ် သိပ်သည်းကာ ပန်းအင်ပါယာကိုယ်လုပ်တော်ထံသို့ ဆန့်တန်းလာသည်။

တချိန်တည်းမှာပင် တာကျားဘေးနားရှိ လူသားအသွင်အရာက လူတိုင်းကို အေးစက်စွာကြည့်လိုက်ရင်း သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွားသည်။ ဖျပ်ခနဲပင် ၎င်းက ဝမ်လင်းထံသို့ ဦးတည်၏။ ၎င်း နီးကပ်လာခြင်းမရှိသေးခင်မှာပင် အသံပေါက်ကွဲမှုများကိုပါ ကြားရလေ၏။

အရှင်လေဟာနယ်၏အခြေအနေက အလွန်ဆိုးရွားနေ၏။ သူသည် မားမားရပ်နေဆဲ ဖြစ်သော်လည်း အသက်ခက်ခက်ခဲခဲ ရှုနေရသည်။ အကွာအဝေးတစ်ခုကနေပင် သူ့အသက်ရှုသံကို ကြားရလေ၏။

သူ့အသက်ရှုသံမှာ လူတစ်ယောက်နှင့်ပင်မတူတော့ဘဲ သားရဲတစ်ကောင် ကဲ့သို့ ဖြစ်နေသည့်အလားပင်။

သူ့အသက်ရှုသံသည်သာမက သူ့ပါးစပ်ထောင့်မှလည်း သွားရည်များ ကျနေ၏။

သူ့မျက်လုံးတို့မှာ ရောင်ကိုင်းနေ၏။ သူ့သွေးဆာသောမျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။ သူ့အိုမင်းသည့်အသွင်က လူသားအသွင် ပေါက်မနေဘဲ သူ့မျက်နှာအစိတ်အပိုင်းများသည် တွန့်လိန်နေချေ၏။

သူသည်လည်း ဝမ်လင်းကို စူးရဲစွာ ကြည့်၏။ သူ့နောက်ဆုံးလက်ကျန် မှတ်ဉာဏ်မှာ အမုန်း ဖြစ်ကာ ဝမ်လင်းကို သတ်ပစ်ရန်ပင်။ အရှင်လေဟာနယ်က ဟိန်းသံပြုကာ ဝမ်လင်းရှိရာသို့ လူသားအသွင်အရာနောက်ကနေ တဟုန်ထိုး လိုက်လာတော့သည်။

ရှေ့ဖြစ်ဟောသူကတော့ တည်ငြိမ်နေဆဲပင်။ သူ့မျက်လုံးထဲတွင် မြင်နေသမျှသည် ရှင်းလင်းကာ ပုံမှန်အတိုင်း ရှိနေသကဲ့သို့ ဖြစ်၏။ သည်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ ခရီးစဉ်သည် သူ့တွက်ချက်မှုများအတွင်း၌ အားလုံး ရှိနေသလို သဘောမျိုး ဖြစ်နေ၏။

လင်းထျန်ဟူသည် ခေါင်းငုံ့ကာ ရုန်းကန်နေ၏။ သူ့အသွင်သည် စိတ်ရှုပ်ထွေးမှုအပြည့်နှင့် ရှိနေသည်။

လူသားအသွင်အရာနှင့် အရှင်လေဟာနယ်တို့သည် တိမ်ကောင်းကင်စုံတွဲ၏ ပိတ်ဆို့ခြင်းကို ခံရ၏။ သို့သော်လည်း သူတို့နှစ်ယောက်လုံးမှာ ဒဏ်ရာ ရထားခဲ့ကြပြီ ဖြစ်သည်။ လူသားအသွင်အရာသည် အလွန်တရာ ထူးဆန်း၏။ ထို့ကြောင့် အနိုင်ရဖို့ အချိန်တိုအတွင်း ဆုံးဖြတ်ရန် ခက်ခဲလွန်းသည်။

အရှင်လေဟာနယ်က အသက်ခပ်ပြင်းပြင်း ရှုနေ၏။ ဝမ်ဝေနှင့်ဟူကျွမ်တို့ သူ့အား တားဆီးရန် ကြိုးစားသည့်အခါ သူသည် ပို၍ ရူးသွပ်လာတော့သည်။ သူ့ဦးတည်ချက်မှာ ဝမ်လင်း ဖြစ်၏။ သူ့လမ်းကို လာပိတ်ဆို့ဝံ့ပါက သူသည် ဘာကိုမှ ဂရုမစိုက်ဘဲ တိုးဝင်ပစ်မည်သာ ဖြစ်သည်။

ဝမ်ဝေ အနား ရောက်လာသည့်အခါ အရှင်လေဟာနယ်သည် ဟိန်းသံပြုရာ သူ့ကိုယ်ပေါ်ရှိ အသားစိုင်အားလုံး လှုပ်ရှားသွား၏။ဤအချက်မှာ ထူးဆန်းလွန်းသည်။ ဝမ်ဝေ၏အသွင်က ပြောင်းလဲသွား၏။ သူသည် နောက်သို့ ချက်ခြင်း ဆုတ်သည်။

သို့သော် သူ နောက်ဆုတ်စဉ်မှာပင် အရှင်လေဟာနယ်က သူ့ပါးစပ်ကိုဟကာ သွေးနက်များစွာ ထွေးထုတ်၏။ သည်သွေးနက်များမှာ ခပ်ပြင်းပြင်း ညှီစို့စို့အနံ့ကို ပေး၏။ ထိုသို့ သွေးအန်ထုတ်ပြီးနောက် အရှင်လေဟာနယ်သည် တုန်ခါနေသည်။ သည်သွေးများက သူ့ခန္ဓာကိုယ်ထဲမှ သွေးအများအပြား ဖြစ်ချေ၏။

သွေးများစွာ ပန်းထွက်စေသည့်နောက် ၎င်းတို့သည် ဝမ်ဝေထံသို့ ပိုက်ကွန်သဖွယ် တိုးဝင်သည်။နောက်ဆုတ်နေရင်း ဝမ်ဝေသည် သူ့ညာလက်ဖြင့် ချိပ်ဟိန်တစ်ခု ပြုလုပ်ကာ ရှေ့သို့ ညွှန်သည်။ ပေါက်ကွဲသံတစ်ခုနှင့်အတူ ရေခဲတောင်တစ်ခု လေထုထဲကနေ ပေါ်ထွက်လာ၏။

ရုတ်တရပ် ပေါ်လာသည့် ရေခဲတောင်က သွေးနက်များကို တားဆီးသည်။ သို့ရာတွင် သွေးများသည် ရေခဲတောင်ကို ထိမိသည်နှင့် ၎င်းအား အရည်ပျော်ကျစေသည်။

“ဝမ်လင်း…ဒါက နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်တိုင်း ရင်ဆိုင်ရမယ့် သူ့ပထမကောင်းကင်ဘုံဒုက္ခ ဖြစ်တဲ့ ခန္ဓာကိုယ်ဒုက္ခပဲ။ သူ့ခန္ဓာကိုယ်ဟာ သူ့စိတ်ဝိညာဉ် သေဆုံးတဲ့အထိ ဆက်တိုက် တွန့်လိန့်မှု ဖြစ်နေလိမ့်မယ်…” ဝမ်ဝေသည် ဆက်လက် ပိတ်ဆို့လို၏။ သို့သော် အစောပိုင်း ဒဏ်ရာများကြောင့် ဟူကျွမ်သည် လူသားအသွင်အရာကြောင့် လွင့်ထွက်သွားခဲ့ရသည်။

သည်လို အရေးအခိုက်၌ ဝမ်ဝေသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရေခဲချပ်လွှာကြီးများ ဝမ်လင်းရှေ့တွင် ပေါ်လာစေသည်။ ထို့နောက် သူက လူသားအသွင်အရာကို ပိတ်ဆို့ရာ၌ ကူညီပေးရန် ဟူကျွမ်ထံသို့ တိုးဝင်သွားသည်။

သူက ပိတ်ဆို့ထားခြင်းမရှိသည့်အခါ အရှင်လေဟာနယ်သည် ဝမ်လင်းထံသို့ သားရည်တများများဖြင့် ခုန်အုပ်ဝင်လာသည်။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေ၏။ ဤအခိုက်၌ သူသည် မဟာမိတ်၏အကြီးအကဲတစ်ယောက် မဟုတ်တော့ဘဲ စိတ်မာန်ဆိုးနေသည့် သားရဲတစ်ကောင်လို ဖြစ်နေပြီမှာ ထင်ရှားနေသည်။

အရှင်လေဟာနယ်ကို ကြည့်ကာ ဝမ်လင်းသည် တုန်လှုပ်မိ၏။ သူက အရှင်လေဟာနယ်၏ ရောက်ရှိလာမှုကြောင့် တုန်လှုပ်သွားခဲ့ခြင်း မဟုတ်ပေ။ သို့သော် သူ ကြားခဲ့ဖူးသည့် ပထမကောင်းကင်ဘုံဒုက္ခက သူ့ထံသို့ ရောက်ရှိလာခြင်းကြောင့် တုန်လှုပ်မိခြင်းပင်။

“ဒါက ပထမကောင်းကင်ဘုံဒုက္ခပေါ့…”

လူတစ်ယောက်သည် ဒုတိယအဆင့်သို့ ရောက်လာပြီးနောက် သူတို့၏ သက်တမ်းသည် အကန့်အသတ်မဲ့လူနီးပါး ဖြစ်လာ၏။ သူတို့က လောက၏မူလစွမ်းအင်များကို စုပ်ယူကာ အဆုံးမဲ့အသက်ဓာတ်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ သို့သော်လည်း ကောင်းကင်နှင့်မြေကြီးက ဤအရာကို အချိန်အကြာကြီး တည်ရှိစေဖို့ မည်သို့ ခွင့်ပြုပါ့မည်နည်း။ ကောင်းကင်ဘုံဒုက္ခငါးခုသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများ မဖြစ်မနေ ရင်ဆိုင်ရမည့် ကပ်ဘေးများ ဖြစ်ကြပေသည်။

အခုချိန်၌ အရှင်လေဟာနယ်သည် အသက်ပြင်းထန်စွာ ရှုကာ ကမူးရှူးထိုး တိုးဝင်လာကာ ရေခဲချပ်နှင့် နီးကပ်လာသည်။ သူက ပါးစပ်ဟကာ ထွေးထုတ်ပြန်၏။ သို့သော် သည်တစ်ကြိမ်၌ သွေးများစွာ မကျန်တော့ပေ။ ညှီစို့စို့အနံအပြင် သူ့ပုတ်သိုးသိုး အတွင်းကလီစာများကိုပါ ထွေးထုတ်လာတော့သည်။

တာကျား ဖန်တီးသည့် ဧရာမလက်ကြီးက နီးကပ်လာချိန်၌ ပန်းအင်ပါယာကိုယ်လုပ်တော်သည် သူ့လက်ကို ပင့်မြှောက်လိုက်ရာ သူ့လက်ချောင်းထိပ်၌ စက်ဝန်းတစ်ခု ချက်ခြင်း ဖြစ်ပေါ်လာသည်။

ထိုစက်ဝန်းအတွင်းမှာ အဖြူရောင်အခိုးငွေ့ ရှိ၏။ ၎င်းအတွင်း၌ မရေမတွက်နိုင်သော ပန်းပုံရိပ်ယောင်များလည်း ဖြစ်ပေါ်နေသည်။ ဧရာမလက်ကြီး နီးကပ်လာချိန်၌ ထိုသေးငယ်သော စက်ဝန်းနှင့် ထိပ်တိုက်တွေ့ဆုံကြသည်။ ဧရာမလက်ကြီးမှာ မထင်မှတ်စွာပင် အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြိုပျက်၍ နောက်သို့ ပြန်လွင့်စင်သွားသည်။

ရှေးဟောင်းမိစ္ဆာတာကျားက မျက်မှောင်ကြုတ်သွား၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ပန်းအင်ပါယာကိုယ်လုပ်တော်ထံသို့ တိုးဝင်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လောကသည် ချက်ခြင်း အရောင်ပြောင်းရသည်။ လေပြင်းများ တိုက်ခတ်လာရင်း မြူနက်ထုသည် စုစည်းကာ မြူနက်ထုအစက်များအဖြစ် ဖြစ်တည်သည်။ သည်အစက်များ ပေါ်လာသည်နှင့် ၎င်းတို့ စတင် ရွှေ့လျားလာသည်။

“နင် ဒီမန္တာန်ကို အတော်လေး ရင်းနှီးနေလိမ့်မယ်လို့ ငါ ယုံကြည်တယ်…” ရှေးဟောင်းမိစ္ဆာတာကျားသည် ရယ်မောကာ သူ့ညာလက်ဖြင့် ကောင်းကင်ထက်သို့ ဖမ်းဆုပ်ကာ အော်ပြောသည်။ “ကြယ်မြှုပ်နှံ့ခြင်း…”

ထိုသို့ ဆိုလိုက်သည့်နောက် မရေမတွက်နိုင်သော မြူနက်ထုအစက်များသည် အရင်ထက် ပိုလှုပ်ရှားလာရင်း ရုတ်တရပ် စက်ဝန်းများအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ ထိုစက်ဝန်းများက တောက်ပသောကြယ်အလင်းကို ထုတ်လွှတ်နေ၏။

ခုလက်ရှိသည် ညအချိန် ဖြစ်၏။ အဆုံးမဲ့ ကြယ်အလင်းများ စက်ဝန်းထဲမှ ထွက်ပေါ်လာသည့်အခါမှာတော့ သည်ကုန်းမြေမှာ လုံးဝ လင်းထိန်လာခဲ့သည်။

“ငါ့ယောက်ျားရဲ့ နေ၊လကြယ် မန္တာန်တွေထဲက ကြယ်မြှုပ်နှံ့ခြင်း…” ပန်းအင်ပါယာကိုယ်လုပ်တော်ထံမှ စိတ်ရှုပ်ထွေးသောအကြည့် ဖြစ်ပေါ်လာသည်။ သို့သော် သူမက ခေါင်းယမ်းလိုက်ကာ တိုးညင်းစွာ ဆိုသည်။ “ဒါပေမယ့်လည်း နင့်စွမ်းအားနဲ့ နင်ဟာ ငါ့ယောက်ျားရဲ့ မန္တာန်ရဲ့ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ပါဘူး…”

တာကျားသည် နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ မြူနက်ထုများကနေ ဖြစ်ပေါ်လာသည့် စက်ဝန်းများမှ ထုတ်လွှတ်သော ကြယ်အလင်းသည် ပို၍ တလျှံ့လျှံ့တောက်ပလာသည်။ ထို့နောက် သည်စက်ဝန်းများသည် အထည်ဒြပ် ဖြစ်လာ၏။ အလင်းတန်းများသည် ကောင်းကင်တခွင်တွင် ဖြန့်ကျက်သည်။ တာကျား လက်ဝေ့ယမ်းလိုက်ရင်း အဆုံးမဲ့ကြယ်အလင်းများသည် စုစည်းကာ ပန်းအင်ပါယာကိုယ်လုပ်တော်ထံသို့ သက်ဆင်းလာချေသည်။

၎င်းအလင်းက ပန်းအင်ပါယာကို သည်နေရာတွင်ပင် မြှုပ်နှံ့ပစ်လိုသည့်အလား။

“ငါ့ယောက်ျား ဒီကြယ်မြှုပ်နှံ့ခြင်း မန္တာန်ကို အသုံးပြုရင် သူဟာ ဒီကြယ်အဖွဲ့အစည်းရဲ့ စွမ်းအားကို ထုတ်ယူနိုင်ပြီး မန္တာန်ကို ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှာ ပြည့်နှက်သွားစေနိုင်စွမ်း ရှိတယ်။ သူက လူတစ်ယောက်နဲ့ တိုက်ခိုက်ရင် အဲ့လူဟာ ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းအားကို တောင့်ခံရလိမ့်မယ်…” သူမက ကောင်းကင်ထက်မှ ကျဆင်းလာသည့် ကြယ်အလင်းတန်းကို ကြည့်ကာ သူမ၏မျက်လုံးထဲတွင် အထင်သေးဟန် ဖြစ်ပေါ်သည်။ သူမသည် ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ မွှေးရနံ့တစ်ခုကို ထွေးထုတ်စေပြီး ခေါင်းလောင်းကိုးခုအဖြစ်သို့ ပြောင်းလဲသွားစေလိုက်သည်။

ထိုခေါင်းလောင်းကိုးခုအတွင်း၌ မူလရင်းမြစ်စွမ်းအင် ပါဝင်၏။ ထိုခေါင်းလောင်းများသည် အစီအရင်တစ်ခုအသွင် ပန်းအင်ပါယာကိုယ်လုပ်တော် ပတ်လည်၌ လွင့်မြောသည်။ ထိုအစီအရင် ဖြစ်ပေါ်ချိန်၌ ကြယ်အလင်းသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် လာရောက်စုစည်းလေပြီ။

ဤအခိုက်အတန့်တွင် သူမ ရှိနေသောနေရာမှာ ဤကြယ်အဖွဲ့အစည်းတွင် အတောက်ပဆုံးအမှတ်တစ်ခု ဖြစ်လာတော့သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက် ဟင်းလင်းပြင်တွင် ဟင်္သာငှက်၏အစစ်အမှန် စိတ်ဝိညာဉ်နှင့် ဟင်္သာငှက်နတ်ကလန်တို့သည် ကုန်းမြေကို ချိပ်ပိတ်ထားမှုအား အဆက်မပြတ် တိုက်ခိုက်နေကြရာ နောက်ဆုံးတွင် ၎င်းချိပ်ပိတ်မှုသည် စတင် ပျက်စီးလာတော့သည်။

ကောင်းကင်သည် တစ်လက်မချင်း ပြိုဆင်းကျ၏။ ပြိုဆင်းကျနေရင်း ကောင်းကင်နေရာ၌ ကြယ်ရောင်စုံကောင်းကင်တစ်ခု အစားထိုးလာခဲ့သည်။

ဟင်္သာငှက်နတ်ကလန် ရောက်ရှိလာခဲ့ပေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset