ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ခန္ဓာကိုယ်များထဲ၌ လမြွေနဂါးများ ရှိကြ၏။ ရှေးဟောင်းမိစ္ဆာများသည်လည်း အလားတူ သဘောမျိုး ရှိပေလိမ့်မည်။ လူသားအသွင်အရာကား ဤအချက်ကို အထင်အရှား ဖြစ်စေသည်။
ထိုအရာက ရှေးဟောင်းမိစ္ဆာနှင့် ကောင်းကင်ဘုံအင်ပါယာတို့ကြား တိုက်ပွဲအတွင်း ရုန်းကန်တိုက်ခိုက်နေကြစဉ်အတွင်း ထုတ်လွှတ်လာသည့် တစ်ခုခု ဖြစ်ပုံရသည်။ ၎င်းသည် ရှေးဟောင်းမိစ္ဆာထံကနေ ခွဲထွက်လာပြီးနောက် ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန် အောက်ဘက် အတွင်းနက်ပိုင်းရှိ ရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံအတွင်းသို့ ဝင်ရောက်ခဲ့ပေလိမ့်မည်။
အရှင်လေဟာနယ်သည်လည်း ရှေးဟောင်းမိစ္ဆာတာကျား၏ဘေးတွင် ရပ်နေ၏။ သူက အလွန်ထူးဆန်းသည့်အခြေအနေ၌ ရှိနေသည်။ သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်နေသည်။ သူ့နှဖူးထက်တွင်တော့ ပြင်းထန်သောမိစ္ဆာစွမ်းအင်ကို ထုတ်လွှတ်နေသည့် စာလုံးတစ်လုံး ရှိနေ၏။ ၎င်းက ချိပ်တံဆိပ်တစ်ခုပင်။ သို့သော် ဝမ်လင်းမှာ အရှင်လေဟာနယ်၏ အသက်ဓာတ်အားသည် မြန်ဆန်စွာ လွင့်ပါးနေသည်ကို ရှင်းလင်းစွာ မြင်ရ၏။ သူသည် သေဆုံးခြင်းမျဉ်းပေါ်တွင် ရှိလို့နေသည်။
လင်းထျန်ဟူထံမှ စိတ်ရှုပ်ထွေးဟန်အကြည့်တစ်ခု ဖြစ်ပေါ်နေသည်။ သူက ဝမ်လင်း၏အကြည့်ကို အလိုလို ရှောင်နေမိသည်။ သူက ဘေးတစ်ဖက်သို့သာ ကြည့်နေ၏။ မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။ တကယ်တော့ ခန့်မှန်းရအခက်ဆုံးကတော့ ရှေ့ဖြစ်ဟောသူတည်း။
ရှေ့ဖြစ်ဟောသူ၏အသွင်က တည်ငြိမ်နေလျက်ပင်။ သူက သည်လှိုဏ်ဂူကို စဝင်ကာစကအတိုင်း ရှိနေ၏။ သူ့မျက်လုံးတို့ကလည်း အရာအားလုံးကို ဖြတ်မြင်နေရသကဲ့သို့ ကြည်လင်မှု ရှိသည်။ ဝမ်လင်း သူ့ထံသို့ ကြည့်လိုက်ချိန်၌ သူက ပြုံးပြ၏။
ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူနှင့် အခြားလူများ ပေါ်လာသည်ကို တွေ့သည့်အခါ သက်ပြင်းချမိ၏။ သူသည် အတားအဆီးများအပေါ်ရှိ သွေးက ရှေးဟောင်းမိစ္ဆာတာကျား ပေါ်တွင်သာ သက်ရောက်မှု ရှိပြီး လူတိုင်းအတွက် အသုံးမဝင်ကြောင်း သိထားသည် မဟုတ်လား။
သို့ရာတွင် သည်နေရာက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ ပထမထပ်ဖြစ်၏။ ထို့ကြောင့် ထွက်သွားနိုင်ဖို့မှာ မခက်ခဲလွန်းပေ။
သို့သော် အချို့အကြောင်းများကြောင့် သူသည် အခုတွေ့ကြံနေရသည့်အဖြစ်ကို တမျိုးကြီး ခံစားနေမိသည်။ သို့သော် သူသည် အဘယ်အရာက မှားနေသည်ကို မပြောနိုင် ဖြစ်နေ၏။ တခုခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်ဟုသာ အရိပ်အမြွက် ခံစားမိနေသည်။ သူ ရှေးဟောင်းမိစ္ဆာတာကျား၏ နောက်ရှိ ရှေ့ဖြစ်ဟောသူကို တွေ့မြင်ရချိန်၌ ထိုခံစားချက်မှာ ပို၍ပင် အားကောင်းလာခဲ့သည်။
အမှန်တော့ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းမှာ သူ တွေးနိုင်သည်ထက် မြန်ဆန်လွန်းနေခြင်းပင်။ အဖြစ်အပျက်များကို ပြန်ငဲ့စောင်းကြည့်ပါက သူတို့ ပြုလုပ်ခဲ့သမျှ အရာရာတိုင်းသည် ရှေးဟောင်းမိစ္ဆာ အတင်းဖိအားပေးခြင်းကြောင့်သာ ဖြစ်၏။
အရာရာကို ရှေးဟောင်းမိစ္ဆာက ရည်ရွယ်ချက်ရှိရှိ ကြိုစီစဉ်ချမှတ်ထားသကဲ့သို့ပင်။ ရှေ့ဖြစ်ဟောသူနှင့်သည်လူများ ဝန်းရံနေမှုက ဝမ်လင်း၏ စိတ်နှလုံးကို ကြောက်မက်ဖွယ်ခံစားမှုအား ပေးစွမ်းနေသည်။ သူသည် စဉ်းစားနေရင်းဖြင့် နောက်သို့ မြန်ဆန်စွာ ဆုတ်နေ၏။
စစ်ထူနန်၏အကြည့်က ဝမ်လင်းအပေါ်တွင်သာ ရှိနေ၏။ သူက ဝမ်လင်းနောက်ဆုတ်သည်ကို မြင်သည်နှင့် သူလည်း ဝမ်လင်းနှင့်အတူ နောက်ဆုတ်သည်။
ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း အတူတူပင်။ ချက်ခြင်းပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးမှာလည်း အလျင်စလို နောက်ဆုတ်ကြကုန်သည်။
ရှေ့ဖြစ်ဟောသူက ပြုံး၏။ ထို့နောက် သူက သူ့လက်ချောင်းကို ပင့်မြှောက်ကာ လက်ညွှန်သည်။ မီးခိုးရောင်အခိုးငွေ့တစ်ခု လင်းလက်သွားကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ ပေါ်ထွက်လာတော့သည်။ သူက သူ့မူလခန္ဓာကိုယ် ရှေ့ဖြစ်ဟောသူအား အေးစက်စက် ကြည့်ကာ နှာခေါင်းရှုံ့သည်။ သို့ရာတွင် သည့်နောက် သူသည် အတားအဆီးများ ရှိရာသို့ ဦးတည်ဝင်လာတော့သည်။
အဆုံးမဲ့ သတ်ဖြတ်ခြင်းစွမ်းအင် ထွက်ပေါ်လာကာ အတားအဆီးများထံသို့ တိုးဝင်သည်။ မိုးကြိုးဟိန်းသံများ တဝုန်းဝုန်းပဲ့တင်ထပ်ကာ အတားအဆီးများသည် စတင်လင်းလက်လာသည်။
သို့ရာတွင် သည်အတားအဆီးများက ဝမ်လင်း တစ်ယောက်တည်းက ချမှတ်ခဲ့ခြင်း မဟုတ်ပေ။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း ချမှတ်ထားခဲ့ကြ၏။ ဟူကျွမ်၏ အတားအဆီးပညာရပ်သည် ဝမ်လင်းထက် အများကြီး ပိုအစွမ်းထက်၏။ထို့ကြောင့် သည်နေရာရှိ အတားအဆီးများသည် မီးခိုးရောင်ရှေ့ဖြစ်ဟောသူ အလွယ်တကူ ချိုးဖျက်နိုင်မည့် အရာတော့ ဖြစ်မနေချေ။
ဝမ်ဝေသည် နောက်ဆုတ်နေရင်း သူသည် အထက်သို့ လက်ညွှန်၏။ ရေတိုင်လုံးတစ်ခု ပေါ်လာကာ ဧရာမဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသည်။ ၎င်းဘီလူးက လက်သီးဆုပ်ကာ အထက်သို့ တိုက်ရိုက် ထိုးချရာ ကျောက်စကျောက်နများစွာ ပဲ့ကျဆင်းလာစေတော့သည်။
ဟူကျွမ်သည် ထွက်ခွာမသွားသေးဘဲ အကွာအဝေးတစ်ခုတွင် ရပ်နေကာ အတားအဆီးများစွာအား နေရာချရင်း သူတို့၏ ခွန်အားကို အားဖြည့်ပေးသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့လက်ဖြင့် ချိပ်ဟန်များစွာကို ဖြစ်စေကာ သူလည်း ဝမ်ဝေနှင့်အတူ ကောင်းကင်ထက်သို့ သူ့မန္တာန်များအသုံးပြုကာ တိုက်ခိုက်သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း တုံ့ဆိုင်းမနေပေ။ သူတို့အားလုံးကလည်း တိုက်ခိုက်လိုက်ကြသည်။
လှိုဏ်ဂူ၏ ပထမထပ်တွင် မိုးကြိုးတုန်ဟီးသံများ ပဲ့တင်ထပ်သည်။
ဤအခိုက်အတန့်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ အပြင်ဘက်ရှိ ဟင်းလင်းပြင်နေရာတွင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူ ခြောက်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ထိုင်ကာ သူတို့၏လက်များဖြင့် ချိပ်ဟန်များ ဖြစ်ပေါ်စေရင်း မန္တာန်များ ရွတ်ဆိုနေသည်။ သူတို့သည် လက်ချောင်းများကို အထက်သို့ ပင့်ကာ ဟင်္သာငှက်အစစ်အမှန် စိတ်ဝိညာဉ်ထံသို့ လက်ညွှန်လိုက်ရာ ဟင်္သာငှက်၏မီးတောက်များသည် ပို၍ အားကောင်းလာတော့သည်။
ခဏအကြာတွင် ဟင်္သာငှက်စိတ်ဝိညာဉ်သည် ရုတ်တရပ် ဟစ်အော်သံ ပြုသည်။ မီးတောက်ပင်လယ်တစ်ခု ပျံ့လွင့်လာ၏။ မီးတောက်များသည် ဟင်္သာငှက်နတ်ကလန်ဝင်များအပေါ်တွင်တော့ မည်သည့် သက်ရောက်မှုမှ ရှိမနေပေ။ သို့သော် ယင်းမီးတောက်များသည် မည်သည့်ကျင့်ကြံသူကိုမဆို ဖျက်စီးပစ်နိုင်ခြင်း၊ သို့တည်းမဟုတ် သူတို့၏ နတ်ဘုရားအာရုံများကို မမြင်နိုင်သည့်အထိ ဖုန်မှုန့်အဖြစ် ပြောင်းစေပေမည်။
မီးတောက်များသည် ပျံ့နှံ့နေရင်း ဖုန်မှုန့်များအားလုံးသည် နတ္ထိအဖြစ်သို့ လောင်ကျွမ်း၏။ သည်နေရာမှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တည်ရှိရာ နေရာ ဖြစ်သည်။
မီးတောက်များသည် နောက်ဆုံးကြွင်းကျန်သော ဖုန်မှုန့်တစ်ခုကို စတင် လောင်ကျွမ်းကာ ဤအဖြစ်သည် သည်ကုန်းမြေ၏တည်နေရာကို လူတိုင်းရှေ့တွင် ပေါ်လာစေတော့သည်။ ဟင်္သာငှက်၏အစစ်အမှန် စိတ်ဝိညာဉ်မှာ ဟိန်းအော်သံ ပြုကာ သည်ဖုန်မှုန့်အစက်အပြောက်အထံသို့ တိုးဝင်လာသည်။
(ဘာသာပြန်သူမှတ်ချက်…နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည် ဖုန်မှုန့်တစ်ခုအတွင်း က၌ ချင်းလင် ဖန်တီးထားသည့် နေရာ ဖြစ်လေ၏။)
ဟင်္သာငှက်အစစ်အမှန်ဝိညာဉ်က သည်ဖုန်မှုန့်ပေါ်ရှိ ချိပ်ပိတ်မှုအပေါ် တိုက်ခိုက်နေရင်း အတောမသပ်နိုင်သည့် တုန်ဟိန်းသံများ ပဲ့တင်ထပ်သည်။ ၎င်း ထိတိုက်လိုက်တိုင်း ချိပ်ပိတ်မှုသည် အနည်းငယ် ပြေလျော့လာနေ၏။
နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူခြောက်ယောက်လုံးသည်လည်း သူတို့၏ မန္တာန်များကို အသုံးပြုကာ သည်ဖုန်မှုန့်ကို တရကြမ်း တိုက်ခိုက်နေကြသည်။ ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်က ချင်းလင် ကိုယ်တိုင် ထားရှိခဲ့သော ဤချိပ်ပိတ်မှုမှာ ပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့၏။
အပြင်ဘက်ရှိ တိုက်ခိုက်မှုအားများကြောင့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတခွင်သည် ပြင်းပြင်းထန်ထန် တုန်လှုပ်ရသည်။ လှိုဏ်ဂူအတွင်းရှိ လူများသည်ပင် သည်တုန်ခါမှုကို ခံစားရ၏။
သို့ရာတွင် မည်သူကမျှ ထိုတုန်ခါမှုကို အာရုံမစိုက်ကြပေ။ လူတိုင်းသည် တိုက်ခိုက်နေကြရင်း ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူနှင့် နတ်ဆိုးစိတ်ဝိညာဉ်ကြားရှိ အရံအတားသည် ရုတ်တရပ် ပြိုပျက်သွားချေ၏။
ထိုအရံအတား ပျက်စီးသွားချိန်၌ မီးခိုးရောင်ရှေ့ဖြစ်ဟောသူသည် ဟူကျွမ်၏ အတားအဆီးများကို ချိုးဖျက်လာသည်။ ဟူကျွမ်၏ မျက်နှာက ဖြူရောသွား၏။ ဝမ်ဝေက သူမအား နောက်ပြန်ဆွဲခေါ်ကာ သူတို့သည် ပျက်စီးနေသော အရံအတားထဲကနေ ထိုးထွက်လာကြသည်။
ရှေးဟောင်းမိစ္ဆာတာကျားသည်လည်း လှမ်းထွက်လာသည်။ ထို့နောက် သူက ညစ်ပြုံးပြုံးကာ ရုတ်တရပ် ရှိုက်သွင်းလိုက်လေ၏။ ရုတ်ချည်းပင် အဆုံးမဲ့ မိစ္ဆာစွမ်းအင်များသည် သူ့ပါးစပ်ကနေ ထွက်ပေါ်လာကာ မာန်ဖီသောနဂါးနက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ချန်ညီကိုသုံးယောက်ထဲမှ ဒုတိယညီကိုသည် ထိုနဂါးနက်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့သွားရင်း သူသည် ရှေးဟောင်းမိစ္ဆာ၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ဝမ်လင်းသည် သူ့ကို ကယ်ပေးချင်၏။ သို့သော် သူ နောက်ကျသွားခဲ့ပေပြီ။
လှပသောသက်လတ်ပိုင်းအမျိုးသမီး၏ တပည့်နှစ်ယောက်ထဲမှ တစ်ယောက်သည်လည်း နဂါးနက်၏ ဖမ်းဆီးခြင်းကို ခံရကာ ဆွဲယူခြင်း ခံရသည်။ ထိုအမျိုးသမီး၏ တပည့်တစ်ယောက်ဖြစ်သူ ချမ်ချင်သည်လည်း နဂါးနက်တစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံရခါနီး ဖြစ်သွားသည်။ ဤအခိုက်၌ နှင်းမုန်တိုင်းနှင့် ခြုံလွှမ်းထားသည့် ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး ရောက်လာကာ ချမ်ချင်အား ထွက်ပေါက်ရှိရာသို့ ဆွဲခေါ်သွားသည်။ ရောက်ရှိလာသည့် နဂါးနက်က နှင်းမုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံရာ သူမအား သွေးအန်ထွက်စေ၏။ နှင်းပွင့်ရတနာသည် သူမအား တိုက်ခိုက်မှုများစွာကနေ ကာကွယ်ပေးခဲ့ပြီး ဖြစ်၏။ အခုချိန်၌ ၎င်းရတနာသည် ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ အက်ကွဲ ကြေမွသွားတော့သည်။
သို့ရာတွင် ပန်းရောင်ဝတ်စုံနှင့်မိန်းကလေး ချမ်ချင်ကို ဆွဲခေါ်ကာ ထိုးထွက်သွားနိုင်ခဲ့သည်။
ခေါင်းကြီးကောင်လေးနှင့် အခြားလူများကတော့ စစ်ထူနန်၊ အရှင်ချိုင့်လေနှင့် ဝမ်လင်း သိုလှောင်အိတ်ထဲမှ ထုတ်ယူခဲ့သော ငွေရောင်အမျိုးသမီးတို့၏ အကူအညီဖြင့် ထိုးထွက်လာနိုင်ခဲ့ကြသည်။
သို့ရာတွင် အန္တရာယ်ကား မပြီးသေးပေ။ ရှေးဟောင်းမိစ္ဆာတာကျားသည် လှမ်းထွက်လာ၏။ သူ့ညာလက်ဖြင့် ရှေ့တည့်တည့်သို့ ကြမ်းတမ်းစွာ ရိုက်ချ ဖိညှစ်သည်။
ထိုညှစ်ချေမှုက ကောင်းကင်ဘုံလှိုဏ်ဂူကနေ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထံသို့ လွတ်မြောက်ရန် ကြိုးစားနေသော လူတိုင်းအား သူတို့ပတ်လည်၌ ပြင်းထန်သောဖိအားတစ်ခု ဝန်းရံသွားသည်ဟု ချက်ခြင်း ခံစားလိုက်ရစေသည်။ ချမ်ချင်သည် ကျင့်ကြံမှုအဆင့်အနိမ့်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူမသည် ဖိအားကြောင့် သွေးအန်ထုတ်ရ၏။ သူမ၏ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားရသည်။
ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးသည်ပင် တုန်ယင်ရ၏။သူမ၏ခန္ဓာကိုယ်မှာလည်း ပျက်စီးသွားသည်။ သို့ရာတွင် သူမ၏မူလစိတ်ဝိညာဉ်ထဲတွင် တောက်ပသောဟင်းလင်းပြင်ထံမှ ရတနာတစ်ခု ရှိ၏။ သည်ရတနာက တောက်ပသွားကာ ထိုအလင်းက သူမနှင့်ချမ်ချင်တို့၏ မူလစိတ်ဝိညာဉ်များကို ခြုံလွှမ်းပေးသွားသည်။
သို့သော်လည်း သည်မိန်းကလေးနှစ်ယောက်၏ မူလစိတ်ဝိညာဉ်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပေပြီ။
သူတို့နှစ်ယောက်သာ မကပေ။ ကျန်သည့် ချန်ညီကိုနှစ်ယောက်တွင်လည်း တတိယမြောက်ညီကို၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားသည်။ အကြီးဆုံးအစ်ကို အရှင်ရီချန်က သူ့တတိယညီ၏ မူလစိတ်ဝိညာဉ်ကို အလျင်အမြန် ကယ်တင်ကာ ထွက်ပြေးလိုက်သည်။
လိုင်ဂျီ၏ကျင့်ကြံမှုအဆင့်က သာမန်သာ ဖြစ်သော်လည်း သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ အလွန်သန်မာ၏။ သို့သော် သူ့ခန္ဓာကိုယ်တစ်ဝက်မှာလည်း ပျက်စီးသွားခဲ့ရပေပြီ။ ကျန်သည့် ခန္ဓာကိုယ်တစ်ဝက်ကို ခေါင်းကြီးက ကံကောင်းထောက်မစွာဖြင့် ဘာထိခိုက်မှုမှ မရှိခင် အလျင်အမြန် ကယ်တင်ပေးလိုက်နိုင်သည်။
အရှင်ချိုင့်လေနှင့် စစ်ထူနန်တို့မှာမူ နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိကြ၏။ ထို့ကြောင့် သူတို့သည် ဒဏ်ရာအပြင်းအထန် ရကာ သွေးအန်ရုံသာ ရှိ၍ သူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးမသွားပေ။သို့ရာတွင် စစ်ထူနန်၏အသွင်မှာ ထူးဆန်းနေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်မှာ ဒဏ်ရာပြင်းထန်မှုကြောင့် ရုန်းကြွလာခဲ့ပေပြီ။
ရှေးဟောင်းမိစ္ဆာ၏မန္တာန်သည် မူလတုန်းက သည်နေရာရှိ လူတိုင်းကို မျိုးဖျက်ပစ်ရန် ဖြစ်၏။ သို့သော် ထိုမန္တာန် ပြင်းထန်စွာ သက်ရောက်မှု မရှိတော့ခြင်းမှာ ဝမ်ဝေနှင့်ဟူကျွမ်တို့ကြောင့်ပင်။ ရှေးဟောင်းမိစ္ဆာက သည်မန္တာန်အသုံးပြုလိုက်ချိန်တွင် သူတို့သည် ကိုယ်ပိုင်မန္တာန်များဖြင့် ကြားဝင်နှောက်ယှက်ကာ မိစ္ဆာ၏မန္တာန်အစွမ်း တော်တော်များများကို ခုခံခဲ့ကြပေသည်။
သူတို့ ဤသို့ ပြုလုပ်ရသည့်အကြောင်းရင်းမှာ သူတို့သည် သည်နေရာရှိ လူများသည် ဝမ်လင်းနှင့် နီးကပ်သောဆက်ဆံရေး ရှိသည်ကို သိနေကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဝမ်လင်းကို ပြန်ပေးဆပ်ခြင်း ဖြစ်၏။
ဝမ်လင်းသည်လည်း သည်မန္တာန်ကို ခုခံရာ၌ ကူညီခဲ့၏။ သူသည်လည်း ဝမ်ဝေ၊ဟူကျွမ်တို့နှင့်အတူ သည်တိုက်ချက်ကို ဝေမျှခဲ့သည်။ သူက သွေးအန်လိုက်ရကာ အလွန်အမင်း အားနည်းသွားခဲ့ပေပြီ။ သူ့မူလစိတ်ဝိညာဉ်မှာလည်း အပြင်းအထန် ဒဏ်ရာ ရသွားကာ အလျင်အမြန် လွင့်ပါးလာချေသည်။ သူ့ခန္ဓာကိုယ်ထဲ၌ မီးမူလစွမ်းအင်များစွာ ရှိနေသော်လည်း သည်လွင့်ပါးမှုကနေ ရပ်တန့်နိုင်ခြင်း မရှိပေ။
ရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်သည်ပင် သည်အဆက်မပြတ် ဒဏ်ရာများစွာအပေါ် ကာကွယ်နိုင်စွမ်းမရှိ ဖြစ်ရသည်။ တကယ်တော့ ဝမ်လင်း၏ ရန်သူမှာ တစ်ခေတ်တခါက အစွမ်းထက်ဆုံး ချင်းလင်၏ ခန္ဓာကိုယ်အား ပိုင်စိုးထားသည့် ရှေးဟောင်းမိစ္ဆာ ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်းက တုံ့ဆိုင်းမနေဘဲ ဝမ်ဝေသူ့အား လက်ဆောင်ပေးထားခဲ့သော အစိမ်းရောင်ဆေးလုံးကို ထုတ်ယူကာ သောက်သုံးလိုက်၏။ သည်ဆေးလုံးမှာ အမှန်ပင် အံ့ဖွယ်ပြဿားပင်။ ဆေးလုံး သောက်လိုက်ပြီးနောက် သူ့မူလစိတ်ဝိညာဉ် လွင့်ပါးမှုမှာ ချက်ခြင်း ရပ်တန့်၍ လျင်မြန်စွာ ကုသခြင်း ခံရတော့သည်။
ဝမ်ဝေနှင့်ဟူကျွမ်တို့၏ အမူအရာမှာလည်း ဆိုးဝါးနေ၏။ သူတို့ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သည်စုံတွဲက ခါးသီးစွာ ပြုံးလိုက်ကြသည်။ သို့သော် သူတို့၏မျက်လုံးထဲ၌ ပြတ်သားမှုတို့ ပြည့်နှက်နေ၏။
“ဝမ်လင်း ငါတို့နှစ်ယောက် ရှေးဟောင်းနတ်ဆိုးကို ငါတို့ဘဝနဲ့ ရင်းပြီး အချိန်ဆွဲထားပေးမယ်။ ဆရာ့ကို ကယ်တင်ပေးနိုင်ဖို့ကတော့ ထားလိုက်ပါတော့။ မင်း အနာဂတ်မှာသာ အခွင့်ရေးရခဲ့ရင် ငါတို့အတွက် ချင်းရှောင်ကို ကယ်တင်ပေးပါ…” ဝမ်ဝေက သူ့ညာလက်ကို သူ့ရှေ့ရှိ လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ အက်ကြောင်းတစ်ခု ပေါ်လာ၏။ထို့နောက် သူက ကျောက်ရီကို ဝမ်လင်းထံသို့ လှမ်းပစ်ပေးလိုက်သည်။
သည်အခိုက်အတန့်၌ ရှေးဟောင်းမိစ္ဆာတာကျားသည် အရံအတားထဲကနေ ဖြည်းဖြည်းချင်း လှမ်းထွက်လာ၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေ၏။ သူသည် အရူးအမူး စတင်ရယ်မောတော့သည်။
“ချင်းလင်…အင်း ချင်းလင်…သင်က ငါ အောင်အောင်မြင်မြင် လွတ်မြောက်သွားနိုင်ဖို့ကနေ တားဆီးဖို့အတွက် သင်ဟာ သင့်ရဲ့ခန္ဓာကိုယ်နဲ့ ဒီလှိုဏ်ဂူထဲက ဘယ်အတားအဆီးကို မချိုးဖျက်နိုင်အောင် လုပ်ခဲ့တယ်။ဒါပေမယ့်လည်း ဒီမိစ္ဆာဟာ ပုံရိပ်ယောင်တစ်ခုလောက် အသုံးပြုခဲ့ရုံနဲ့ ဒီလူတွေအားလုံးဟာ သင် ငါ့ကို တားဆီးဖို့အတွက် ချထားတဲ့ အတားအဆီးအားလုံးကို ချိုးဖျက်ပေးခဲ့တယ်…”
ရှေးဟောင်းမိစ္ဆာတာကျားသည် လက်သီးခပ်တင်းတင်း ဆုပ်ကာ သည်လောကကို ကြည့်နေ၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုမှာ ပို၍ပင် အားကောင်းလာခဲ့သည်။
သူ ထိုသို့ ဆိုလိုက်သည့်နောက် ဝမ်ဝေနှင့်ဟူကျွမ်တို့၏ မျက်နှာမှာ ဖြူရောသွားကြသည်။ ဝမ်လင်းသည်လည်း ပင့်သက်ရှိုက်မိသွား၏။ နောက်ဆုံးတွင် သူသည် သူ့စိတ်နှလုံးထဲတွင် ဆိုးဝါးစွာ ခံစားနေရသည့်အပေါ် နားလည်သွားတော့၏။ သူသည် ရှေးဟောင်းမိစ္ဆာကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
“အခု မင်းတို့ကို ငါ့အစစ်အမှန်စွမ်းအားကို ပြသပေးမယ်…” တာကျားသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ့မျက်လုံးထဲ၌ သွေးဆာမှုတို့ ပြည့်လျှမ်းနေသည်။
ဤအခိုက်၌ မြေကြီးထုသည် တုန်ခါကာ ကောင်းကင်သည်ပင် တွန့်ကြေကုန်သည်ဟု ထင်ရ၏။ ပုံရိပ်ယောင်တစ်ခု ကောင်းကင်ထက်တွင် ပေါ်လာသည်။ ဤပုံရိပ်ယောင်မှာ ခရမ်းရောင်ပန်းပင်လယ်ထဲရှိ နန်းတော်တစ်ခု ဖြစ်သည်။
“ရှေးဟောင်းမိစ္ဆာ…သင်က ငါ့ယောက်ျားရဲ့ အစီအစဉ်တွေက တစ်ခုကို ချိုးဖျက်နိုင်ခဲ့တယ်။ ဒါပေမယ့် သင် အပြင်ဘက်ကို ခြေချလိုက်ခြင်းဟာ ငါ့ယောက်ျား ချင်းလင် သင့်အတွက် ချမှတ်ထားတဲ့ ဒုတိယစည်းမျဉ်းထဲကို ခြေချမိပြီ ဆိုတာတော့ မသိဘူး မလား…”
လောကတခွင်တွင် အေးစက်လှပသော အသံတစ်ခု ပဲ့တင်ထပ်လာ၏။ ကောင်းကင်ထက်၌ ပေါ်လာသည့် နန်းတော်အတွင်းမှ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာသည်။
“ပန်းအင်ပါယာကိုယ်လုပ်တော်…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ ရုတ်ချည်းမော့ကြည့်၏။
တချိန်တည်းလိုလိုမှာပင် နတ်ဆိုးစိတ်ဝိညာဉ် တည်ရှိသော ဖုန်မှုန့်ပြင်ပရှိ ချိပ်ပိတ်မှုသည် ဟင်္သာငှက်၏အစစ်အမှန် စိတ်ဝိညာဉ် ဆက်တိုက် တိုက်ခိုက်မှုများကြောင့် ပြေလျော့လာနေခဲ့သည်။ ၎င်းချိပ်ပိတ်မှုသည် အချိန်မရွေးပျက်စီးသွားတော့မည့်ကဲ့သို့ ထင်ရသည်။
အလားတူပင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တည်ရှိသော ဖုန်မှုန့်အပေါ်ရှိ ဂြိုဟ်တစ်ခုပေါ်တွင် နေ့နှင့်ညကို ပြောင်းလဲပေးဟန် ရသော ဥပဒေသတစ်ခု ပေါ်လာ၏။ အနှီဥပဒေသမှာ နေထွက်ချိန်အတွင်း ရောက်ရှိလာခဲ့သည်။
***