Switch Mode

အပိုင်း (၁၁၂၁)

ပေလောသည် အံတင်းတင်းကြိတ်ထား၏။ သူက ဆက်လက် သွားနေသည်။ သို့သော် တာကျားသည် ပို၍ မြန်သည်။ သူ မလွတ်မြောက်နိုင်သည်ကို သိသည့်အခါ ပေလောသည် အံတင်းတင်းကြိတ်ကာ တတိယမြောက်ရှေးဟောင်းနတ်ဆိုးကြယ်ကို ပျက်စီးစေလိုက်သည်။ ထိုကြယ်ပျက်စီးမှုအားကို ငှားယမ်းကာ ပေလောသည် ခြောက်ထပ်မြောက်သို့ ထိုးတက်သွားသည်။ သူသည် ထွက်ပြေးနေသော အမျိုးသမီးနှစ်ယောက်ထံသို့ အကြည့်ရောက်သွား၏။

သူ့ခန္ဓာကိုယ်မှာ ဖျပ်ခနဲပင် ထိုအမျိုးသမီးနှစ်ယောက်နားသို့ ရောက်သွား၏။ သူ့နတ်ဆိုးလက်သည်းကုတ်ချက်သည် ပန်းရောင်မိန်းကလေးထံသို့ ဆန့်တန်းလာသည်။

ပန်းရောင်မိန်းကလေး၏ မျက်နှာမှာ သွေးမရှိသည့်အလား ဖြူရောသွားသည်။ သို့သော် သူမသည် ထိတ်ထိတ်ပြာပြာ ဖြစ်မသွားပေ။ သူမမျက်ခုံးကြားရှိ နှင်းပွင့်အမှတ်အသားသည် တောက်ပသွာ၏။ ကျယ်လောင်စွာ တဝီဝီမြည်ဟိန်းပြီးနောက် ပန်းရောင်မိန်းကလေး၏ ရှေ့တွင် နှင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရှေးဟောင်းနတ်ဆိုး၏ ညာလက် ဆန့်ထွက်လာသည့်အခိုက်တွင် နှင်းမုန်တိုင်းနှင့် ထိပ်တိုက်တွေ့သည်။ လက်သည်းကုတ်ချက်သည် နောက်ပြန်ကန်သွား၏။ ပန်းရောင်မိန်းကလေးသည်လည်း သွေးအန်လိုက်ရကာ နောက်သို့ လွင့်စင်ထွက်သွားသည်။

ရှေးဟောင်းနတ်ဆိုးသည်လည်း အံ့အားသင့်သွား၏။ သို့သော် သူသည် တုံ့ဆိုင်းမနေပေ။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ကာ လှပသောသက်လတ်ပိုင်းအမျိုးသမီး၏ ဦးခေါင်းကို ဖမ်းဆုပ်သည်။

ရှေးဟောင်းနတ်ဆိုး၏ ကျင့်ကြံမှုအဆင့်နှင့်မန္တာန်ကြောင့် ဒဏ်ရာရနေသော လှပသောသက်လတ်ပိုင်းအမျိုးသမီးသည် ခုခံနိုင်စွမ်း မရှိတော့ပေ။ နတ်ဆိုးစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ မြင့်တက်လာကာ သူမ၏ သွေးကြောများအားလုံးကို ချိပ်ပိတ်ပစ်သွားသည်။

ဤအခိုက်အတန့်၌ ရှေးဟောင်းမိစ္ဆာတာကျား ရောက်ရှိလာသည်။ ပေလောသည် တွေးနေဖို့ အချိန်မရှိတော့ပေ။ သူသည် လှပသောအမျိုးသမီးကို ကိုင်ဆုပ်ထားရင်း နတ်ဆိုးအလင်းသည် သူ့မျက်လုံးထဲတွင် ပေါ်လာ၏။ ထို့နောက် သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူသည် သူမ၏ခန္ဓာကိုယ်ထံသို့ လက်ညွှန်သည်။ သူသည် လက်ညွှန်လိုက်တိုင်း နတ်ဆိုးစွမ်းအင်တန်းသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း လှပသောအမျိုးသမီး၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ သူမ၏ခန္ဓာကိုယ်ရှိ သွေးကြောများမှာ ယှက်လိမ်ကာ ကြီးမား ဆန်းကြယ်သော စာလုံးတစ်ခု ဖြစ်ပေါ်သည်။

ရှေးဟောင်းမိစ္ဆာတာကျား နီးကပ်လာသည့်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဆိုးပေလောသည် လှပသောအမျိုးသမီးကို ပစ်လွှတ်ကာ သူ့မျက်လုံးသည် တလက်လက် ဖြစ်ကာ သူသည် အော်ဟစ်လိုက်၏။ “နတ်ဆိုးစိတ်ဝိညာဉ် အသွင်ပြောင်းခြင်း…”

သူ ထိုသို့ ဆိုသည့်နောက် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများအားလုံးမှာ ပေါက်ကွဲထွက်သွားကာ သူမ၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပြောင်း၍ သေဆုံးသွားတော့သည်။ သို့ရာတွင် သူမ ခန္ဓာကိုယ် ပျက်စီးချိန်၌ စာလုံးတစ်လုံး ပေါ်လာခဲ့ကာ သူမ၏အသွေးအသားအား မြန်ဆန်စွာ စုပ်ယူသည်။ ၎င်းစာလုံးသည် သူမ၏ တစစီဖြစ်သွားသည့် မူလစိတ်ဝိညာဉ်ကိုပါ ချမ်းသာမပေးပေ။

အရာအားလုံးကို စုပ်ယူပြီးသည့်နောက် စာလုံးသည် နတ်ဆိုးအလင်းတောက်ပလာကာ ငါးထပ်မြောက်ရှိရာသို့ ပျံသန်းသွားသည်။

ရှေးဟောင်းနတ်ဆိုးသည် ထိုအရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် သူသည် နတ်ဆိုးစွမ်းအင်များစွာကို သုံးစွဲလိုက်ရသကဲ့သို့ ခံစားရသည်။ သူ့ညာမျက်လုံးထဲရှိ ကျန်သည့် ကြယ်လေးလုံးမှာလည်း မှိန်ဖျော့သွားသည်။ သို့ရာတွင် သူသည် ဆက်လက် ထွက်ပြေးရန် မကြိုးစားတော့ပေ။ ထိုအစား သူက နောက်သို့ ပြန်လှည့်ကာ ရှေးဟောင်းမိစ္ဆာတာကျားအား ရူးသွပ်သည့်ဟန်ဖြင့် စူးနစ်စွာ ကြည့်သည်။

နတ်ဆိုးစိတ်ဝိညာဉ်အသွင်ကူးပြောင်းခြင်းသည် ရှေးဟောင်းနတ်ဆိုး၏ အသက်ကယ်မန္တာန်ဖြစ်၏။ သူတို့သည် ရွေးချယ်စရာ မရှိသ၍ ၎င်းမန္တာန်ကို အသုံးမပြုပေ။ သည်မန္တာန်သည် အားနည်းချက်ကြီး တစ်ခု ရှိလေ၏။ ထိုအားနည်းချက်မှာ ၎င်းမန္တာန်ကို အောင်မြင်စေဖို့ ဆန့်ကျင်ဘက်လိင် အပေါ်တွင် အသုံးပြုရန် လိုသည်။

အောင်မြင်ခဲ့လျှင်ပင် လူတစ်ယောက််သည် သူတို့၏ ကျင့်ကြံမှုအဆင့် တော်တော်များများကို ဆုံးရှုံးရကာ ပျက်စီးသောစိတ်ဝိညာဉ်တစ်ခု ဖြစ်လာပေမည်။ ပေလောသည် ထိုအခြေအနေထိ ရောက်ရှိခဲ့ရ၏။ သူသည် သည်မန္တာန်ကို အသုံးပြုရခြင်းမှာ အမျိုးသမီးနှစ်ယောက်ကို တွေ့မြင်လိုက်ခြင်းကြောင့်လည်း ဖြစ်သည်။

ဤအခိုက်အတန့်၌ သူ့မျက်လုံးထဲတွင် ရူးသွပ်မှု ဖြစ်ပေါ်လာသည်။ သူ့ညာမျက်လုံးထဲရှိ ရှေးဟောင်းနတ်ဆိုးကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်ကာ သည့်နောက် ပျက်စီးသွားသည်။ တစ်လုံး၊နှစ်လုံး၊ သုံးလုံး၊ လေးလုံး။ ရှေးဟောင်းနတ်ဆိုးကြယ်လေးလုံးသည် လွန်စွာ တောက်ပပြီးနောက် အားလုံး ပြိုပျက်စီးသွားသည်။

ရှေးဟောင်းနတ်ဆိုးကြယ်လေးလုံး ပျက်စီးမှုက ပေလော၏ ခန္ဓာကိုယ်ကို အရူးအမူး ကြီးထွားလာစေသည်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုပို၍ အားကောင်းလာသည်။ သူသည် ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။ “တာကျား…ငါ မင်းကို မသတ်နိုင်ခဲ့ဘူးဆိုရင်တောင် မင်းရဲ့ ခန္ဓာကိုယ်ပိုင်စိုးမှုကို အစစ်အမှန် မအောင်မြင်အောင် ပြုလုပ်မယ်။ဒါဟာ မင်းငါ့ကို အတင်းအကြပ် ဖိအား ပေးခဲ့တာကြောင့်ပဲ…”

ရှေးဟောင်းနတ်ဆိုးပေလောသည် မာန်သွင်းကာ တိုးဝင်လာ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လက်ခနဲ ဖြစ်ကာ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ လေးခု၊ လေးခုကနေ ရှစ်ခုအဖြစ်သို့ ပွားသွားသည်။

မျက်စိတစ်မှိတ်အတွင်း လောကတစ်ခုလုံးသည် ရှေးဟောင်းနတ်ဆိုးပေလော၏ ပုံရိပ်တို့နှင့် ပြည့်သည်။ သူက တာကျားအနားသို့ နီးကပ်သွားချိန်၌ မိုးခြိမ်းသံတမျှ တုန်ဟိန်းသံ ပဲ့တင်ထပ်သည်။ သူက မိမိကိုယ်ကို ဖောက်ခွဲပစ်ခြင်းအား ရွေးချယ်လိုက်လေသည်။

သူ့ သေဆုံးမှုမှာ တာကျားကိုလည်း နာကျင်စေရပေမည်။

မိုးခြိမ်းသံတမျှ မြည်ဟိန်းသံသည် ကောင်းကင်အနှံ့တွင် ပဲ့တင်ထပ်၏။ ရှေးဟောင်းနတ်ဆိုး ကိုယ်ပွားအားလုံးမှာ ပြိုပျက်ကာ အဖျက်အစီးအားလှိုင်းတစ်ခုကို ခုနစ်ထပ်မြောက်တခွင်တွင် ပျံ့နှံ့စေသည်။ ထိုအထပ်သည် ချက်ခြင်း ပျက်စီးသွားတော့၏။

ပန်းရောင်မိန်းကလေးမှာ ဒေါသ ထွက်နေ၏။ သို့သော် သူသည် တွေးနေဖို့ အချိန်မအားပေ။ ရှေးဟောင်းနတ်ဆိုးသည် ရှေးဟောင်းမိစ္ဆာတာကျားထံသို့ တိုးဝင်သွားကာ ပေါက်ကွဲသွားလေ၏။ သူမသည် ချက်ခြင်းပင် ခြောက်ထပ်မြောက်သို့ တရကြမ်း ပြေး၏။ သို့ရာတွင် သူမ သိပ်ဝေးဝေး မရောက်ခင်မှာပင် သူမသည် သူမနောက်မှ အံ့မခန်းဖိသိပ်အားကို ခံစားရသည်။

ဝမ်လင်းကမူ လှိုဏ်ဂူ၏ ပထမထပ်တွင် ရှိနေ၏။ သူ့နောက်တွင် ဟင်္သာငှက်သည် အော်မြည်နေသည်။ သူ့အား မမြင်ရေသော မီးက ဝန်းရံထားသည်။ သူက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူကို ထွင်းဖောက်ထားသည့် ဥမင်လမ်းကို ငုံ့ကြည့်သည်။ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သော အတားအဆီးများ ပေါ်လာတော့သည်။

အတားအဆီးများသည် ဥမင်တွင်းနက်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေ၏။ အတားအဆီးတစ်ခုစီသည် ကျောက်စကျောက်နများစွာကို ပဲ့ဆင်းကျစေသည်။ ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း ထွက်လာ၏။ သူတို့သည် ဝမ်လင်းကို တွေ့မြင်သည်နှင့် သူ့ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူတို့သည်လည်း နှေးဖင့်မနေဘဲ မြေပြင်ထက်သို့ မန္တာန်များနှင့် တိုက်ခိုက်ပစ်ကြသည်။

မြေကြီးခုသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးအပေါ်သို့ သက်ရောက်ခြင်း ခံရသည့်အလား စတင် တုန်ခါလာ၏။ သည်အခိုက်အတန့်၌ ငလျင်တစ်ခု နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတခွင်တွင် ဖြစ်ပွားနေသကဲ့သို့ ရှိနေ၏။

စစ်ထူနန်သည်လည်း တွင်းနက်ထဲကနေ ထွက်ပေါ်လာ၏။ သူသည် အဆက်မပြတ် ဆဲဆိုနေသည်။

“သေစမ်း…ဒီသောက်နေရာက ဘာကြီးလဲ။ ငါ ဒီနေရာကနေ ထွက်လာတဲ့နောက် ငါ့အဆိပ်ကို ပယ်ထုတ်ဖို့ပဲ။ ငါ တံခါးပိတ်ကျင့်ကြံမှ ရတော့မယ်…”

စစ်ထူနန်က ထွက်လာသည်နှင့် ဝမ်လင်းကို တွေ့မြင်၏။ သူသည် အံ့အားသင့်သွားသည်။ သို့သော် သူက ဝမ်လင်း၏အစီအစဉ်ကို ချက်ခြင်း သိလိုက်၏။ တုံ့ဆိုင်းမနေဘဲ သူက လေထဲသို့ ပျံတက်ကာ မြေပြင်ထက်သို့ တဝုန်းဝုန်း မန္တာန်များဖြင့် စတင် တိုက်ခိုက်သည်။

မြေပြင်ထုသည် ပို၍ ပြင်းပြင်းထန်ထန် တုန်ခါ၏။ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူတစ်ခုလုံး ပျက်စီးတော့မည့်ကဲ့သို့ပင် ခံစားရသည်။ သည်အခိုက်အတန့်၌ ဒုတိယထပ်တွင် ပုန်းနေကြသော လူများအားလုံး ပျံသန်းထွက်လာကြသည်။ သူတို့ထဲ၌ ခေါင်းကြီးကောင်လေး၊ ချန်ညီကိုသုံးယောက်၊ လိုင်ဂျီ၊ လှပသောသက်လတ်ပိုင်းအမျိုးသမီး၏ တပည့်နှစ်ယောက်နှင့် အရှင်ချိုင့်လေတို့ပင် ပါဝင်သည်။

သည်လူများ ထွက်လာသည့်နောက် သူတို့က ဝမ်လင်းကို တွေ့မြင်ချိန်၌ သူတို့သည် ကြောက်လန့်နေကြသည်။ မြန်ဆန်စွာ လူစုခွဲကြ၏။ အရှင်ချိုင့်လေသည် ဝမ်လင်း၏ ရည်ရွယ်ချက်ကို သိ၏။ သို့သော် သူသည် နားမလည်ပေ။ တကယ်တော့ သူသည် ရှေးဟောင်းမိစ္ဆာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မတွေ့ကြုံခဲ့ရပေ။ သူတို့အားလုံး မည်သူကမျှ ရှေးဟောင်းမိစ္ဆာ၏ တည်ရှိမှုကိုပင် မသိကြပါ။

တုန်ခါမှုလှိုင်းသည် ပို၍ပင် ပြင်းထန်လာ၏။ ဝမ်လင်း၏မျက်လုံးထဲကနေ ထူးဆန်းသောအကြည့် ဖြစ်ပေါ်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူသည် မြေကြီးထုထံသို့ မာန်သွင်းကာ ရုတ်တရပ် လက်ညွှန်သည်။ သူ့နောက်ရှိ ကြီးမားလှသော ဟင်္သာငှက်ကြီးသည် အော်မြည်ကာ တွင်းနက်ထဲသို့ တရကြမ်း တိုးဝင်သည်။

အဆုံးမဲ့မီးတောက်များသည် ဟင်္သာငှက်ပတ်လည်၌ ရုတ်တရပ် ဝန်းရံလာကာ တွင်းနက်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သည်။ သည်အခိုက်အတန့်တွင် ဝမ်ဝေ၏ မျက်လုံးသည် သွေးချင်းနီနေ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မွန်းစတားဆန်သော ပင်လယ်သည် ပေါ်ထွက်လာသည်။ ပင်လယ်သည် ဟင်္သာငှက်ပြီးသည့်နောက့် တွင်းနက်ထဲသို့ တိုးဝင်သွားပြန်၏။

ဟူကျွမ်နှင့်စစ်ထူနန်တို့သည်လည်း သူတို့၏ အကောင်းဆုံးမန္တာန်များကို အသုံးပြုကာ ဟင်္သာငှက်နောက်တွင် တွင်းနက်ထံသို့ တိုက်ခိုက်ပစ်ကြသည်။

ချက်ခြင်းလိုလိုပင် အေးစက်စက်စွမ်းအင်လှိုင်းများသည် တွင်းနက်ကနေ ထွက်ပေါ်လာ၏။ နှင်းပွင့်များ ဝန်းရံထားသော ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးသည်လည်း ရုန်းကန်ကာ ထွက်လာ၏။ မန္တာန်မျိုးစုံ သက်ဆင်းလာနေရင်း နှင်းပွင့်များမှာ မြန်ဆန်စွာ လှည့်လည်ကာ သူမသည် အန္တရာယ်များအားလုံးကို ဖြတ်ကျော်နိုင်ခဲ့ရုံမျှသာ ဖြစ်သည်။

ဟင်္သာငှက်သည် ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူတခုလုံးကို ထွင်းဖောက်သွားသည့် တွင်းနက်ရှိရာသို့ ဆင်းသက်သည်။ ဒုတိယထပ်ကနေ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာ၏။ ကျန်သည့်မန္တာန်များပါ ကျဆင်းလာချိန်၌ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူသည် အမှန်အကန် ပျက်စီးမှု စတင်တော့သည်။

အဆုံးမဲ့တုန်ဟီးသံများသည် ကောင်းကင်ထက်တွင် ပြည့်နှက်သည်။ မြေပြင်ထုသည် အောက်သို့ ကျွံကြသည်။ လူတိုင်း၏မန္တာန်များသည် ခြုံလွှမ်းနေချေ၏။

ခပ်အုပ်အုပ်အသံများသည် အောက်ဘက်ကနေ ထွက်ပေါ်လာ၏။ ရှေးဟောင်းမိစ္ဆာ၏ အော်သံများလည်း ပါသည်။

မန္တာန်များကို အသုံးပြုပြီးနောက် ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဆက်လက် လှုပ်ရှားနေ၏။ မရေမတွက်နိုင်သောအတားအဆီးများလည်း ကျဆင်းနေသည်။ ဟူကျွမ်သည်လည်း ရပ်တန့်ခြင်း မရှိပေ။ သူမနှင့်ဝမ်ဝေတို့သည်လည်း အတားအဆီးများကို ချမှတ်နေ၏။ သူတို့သုံးယောက်သည် အလွန်မြန်၏။ ထို့ကြောင့် အတားအဆီးများစွာသည် ပြိုပျက်နေသော ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူပေါ်သို့ ကျဆင်းလေ၏။

သိပ်သည်းသောအတားအဆီးများ ဆင်းသက်လာသည့်ပုံက ကြီးမားသည့် ပိုက်ကွန်သဖွယ် ဖြစ်ပေါ်နေသည်။

ဤအခိုက်၌ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာကာ သည်အသံများက ပို၍ ရူးသွပ်လာ၏။ ဟိန်းသံများ မြည်ဟိန်းနေရင်း မြေကြီးထုသည် ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။အားတစ်ခုသည် အတင်း ထိုးထွက်ကာ သက်ရှိအားလုံးကို သတ်ဖြတ်ပစ်ချင်သကဲ့သို့ ရှိနေသည်ဟု ထင်ရ၏။

ရှေးဟောင်းမိစ္ဆာကို မသိကြသော ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ ဟန်ပန်မှာ ပြောင်းလဲသွားကြ၏။ အရှင်ချိုင့်လေသည် အောက်ဘက်မှ အဆုံးမရှိ ကြမ်းတမ်းသည့်စွမ်းအင်ကို ရှင်းလင်းစွာ ခံစားမိနိုင်၏။ ထိုအဖြစ်က သူ့အား တုန်ယင်စေသည်။ သူသည် အချိန်ဆွဲမနေတော့ဘဲ သူ သိထားသော အတားအဆီးများကိုပါ မြန်ဆန်စွာ နေရာချသည်။

လူတိုင်းသည် သူတို့သိထားကြသော အတားအဆီးအားလုံးကို အကူအညီပေးနိုင်ရန် အလို့ငှာ ချမှတ်ကြတော့၏။

မြေကြီးအောက်မှ ဟိန်းသံများ ပို၍ နီးကပ်လာနေ၏။ တုန်ခါမှုသည် ပိုပို ပြင်းထန်လာသည်။ အပေါက်ကို ပိတ်ဆို့စေမည့် ကျောက်တုံးများသည် စတင် ပြိုပျက်လာကြ၏။

“အချိန်မလောက်တော့ဘူး…” ဝမ်လင်းသည် အံတင်းတင်းကြိတ်၏။ သူက သိုလှောင်အိတ်ထဲမှ ချင်းရှောင်၏ ခန္ဓာကိုယ်ကို ထုတ်ယူသည်။ သူသည် ဝမ်ဝေနှင့်ဟူကျွမ်တို့၏ ခံစားမှုနှင့် ပတ်သတ်၍ ပူပန်နေဖို့ အချိန်မရှိပေ။ သူ့ညာလက်ဖြင့် ချင်းရှောင်၏ နောက်ကျောကို ရိုက်လိုက်သည်။ ထိုရိုက်ချက်က သူမကို မနာကျင်စေပေ။

သို့သော် ဝမ်လင်း လက်ဝါးချက် ကျရောက်လာချိန်၌ ချင်းရှောင်သည် ချက်ခြင်း သွေးများစွာ အန်ထုတ်ရ၏။ သွေးများ ထွက်ပေါ်လာချိန်၌ ဝမ်လင်းသည် ၎င်းတို့ကို ယူဆောင်ကာ သွေးမြူအဖြစ်သို့ ပြောင်း၍ မြေပြင်အား ဖုံးလွှမ်းစေသည်။

မူလစွမ်းအင်သည် သူ့လက်ကနေ မြင့်တက်လာ၏။ ချင်းရှောင်သည် သွေးများဆက်အန်နေသည်။ ဝမ်လင်းသည် သွေးများကို သည်နေရာရှိ အတားအဆီးများအားလုံးပေါ်သို့ ပြန့်ကြဲစေလိုက်သည်။

ချက်ခြင်းလိုလိုပင် တုန်လှုပ်ဖွယ် မြည်ဟိန်းသံသည် မြေကြီးအောက်ကနေ ထွက်ပေါ်လာ၏။ထို့နောက် မွန်းစတားဆန်လှသော မိစ္ဆာစွမ်းအင်သည် လမ်းပိတ်ဆို့ထားသည့် ကျောက်တုံးအားလုံးကို ပြန့်ကြဲစေသည်။ ရှေးဟောင်းနတ်ဆိုးတာကျားသည် တဖြည်းဖြည်းချင်း ပျံသန်းတက်လာလေ၏။

သို့ရာတွင် မိစ္ဆာစွမ်းအင်များသည် အတားအဆီးများနှင့် ထိမိချိန်၌ လွင့်ပြယ်သွားရလေသည်။

ထူးဆန်းသည်က ရှေးဟောင်းမိစ္ဆာတာကျား၏ နောက်တွင် လူလေးဘောက် ရှိနေ၏။ ရှေ့ဖြစ်ဟောသူ၊ လင်းထျန်ဟူ၊အရှင်လေဟာနယ်နှင့် ကောင်းကင်ဘုံမြှပ်နှံခြင်းပျက်စီးမှု ထွက်ပေါ်လာသည့် ထူးဆန်းသောလူသားအသွင်ပုံရိပ်တို့ပင် ဖြစ်ကြသည်။

လူသားအသွင်အရာသည် အလွန်ညင်သာနေဟန် ပေါ်ကာ တာကျား၏ဘေးတွင် တည်ငြိမ်စွာ ရှိနေသည်။ တာကျားသည် ၎င်း၏ ပိုင်ရှင် ဖြစ်နေသကဲ့သို့ပင်။ ဝမ်လင်းသည် ထိုအရာကို တွေ့မြင်သည့်အခါ သူ့အား မိုးကြိုးတန်းတစ်ခု ပစ်ချလိုက်သကဲ့သို့ ခံစားရသည်။ အရင်တုန်းက သူသည် ရှေးဟောင်းမိစ္ဆာနှင့် ၎င်းလူသားအသွင်တို့ကို မချိတ်ဆက်မိခဲ့ပေ။ သို့သော် ခု ၎င်းကို တွေ့မြင်လိုက်ရသည့်နောက် သူသည် ခန့်မှန်းချက်တစ်ခု ရှိလာခဲ့ပေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset