တချိန်တည်းမှာပင် တောက်ပသောလေဟာနယ်နယ်မြေအတွင်း၌ ဝမ်လင်းကို သတိပြုမိခဲ့သော အဘိုးအို၏ ဟန်ပန်မှာ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။သူက ခေါင်းယမ်းကာ ရှေ့တည့်တည့်သို့ ခြေလှမ်းလိုက်၏။ သူ့အကြည့်က တောက်ပသောသခင်မ မူပင်းမေထံသို့ မထူးခြားနားစွာ ကျရောက်သွားသည်။
“နင့် ကိုးခုမြောက် ကိုယ်ပွားဟာ ကပ်ဘေးကြောင့် ဖျက်စီးခံလိုက်ရတယ်။ ဒီကပ်ဘေးက ရောက်ရှိလာပြီး ဖြစ်တာတောင် နင်က ပုန်းကွယ်နေနေတုန်းလား…”
အေးစက်စက်အသွင်နှင့် မူပင်းမေသည် ခေါင်းငုံ့ကာ စဉ်းစားနေသည်။
“ကိုးခုမြောက်ကိုယ်ပွားဟာ သူ့ကြောင့် ဖျက်စီးခံလိုက်ရကတည်းက နင်က ဒါကို ဘယ်လိုပဲ ရှောင်ဖယ်နေပါစေ နောက်ဆုံးမှာ ဒါကို ရင်ဆိုင်ဖို့ လိုနေဆဲပဲ။ နင်က ဒီမိန်းကလေး ကျိုးယုကို ကယ်တင်ခဲ့တဲ့ အချိန်မှာ ဒီအဘိုးအိုဟာ နင့်စိတ်ဟာ ကိုးခုမြောက်ကိုယ်ပွားကြောင့် ရှုပ်ထွေးခဲ့တာကို သိထားပြီး ဖြစ်တယ်…”
အဘိုးအိုက သက်ပြင်းချကာ လေဟာနယ်ထဲသို့ မော့ကြည့်နေသည်။
“သတိရပါ…နင်ဟာ တောက်ပသောဟင်းလင်းပြင်ရဲ့သခင်မ မူပင်းမေ ဖြစ်တယ်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်က သာမန်ကျင့်ကြံသူတစ်ယောက်နဲ့ ရခဲ့တဲ့ သားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ လျိုမေ မဟုတ်ဘူး။ နင်ဟာ တောက်ပသောဟင်းလင်းပြင်နယ်မြေရဲ့ လုပ်ငန်းတာဝန်ကို ထမ်းပိုးထားရပြီး ချိပ်ပိတ်နယ်မြေရဲ့ ပြင်ပက လူတွေကို ဆန့်ကျင်ခုခံဖို့မှာလည်း တာဝန်ရှိတယ်။ အတွင်းဘက်နဲ့အပြင်ဘက်နယ်မြေတွေရဲ့ နယ်စပ်ဟာ သိပ်မကြာခင်မှာ ဖွင့်လှစ်တော့မှာ…”
“သူက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး…” အဘိုးအို စကားမဆုံးခင်မှာပင် သူမက ခေါင်းမော့လာကာ တည်ငြိမ်စွာ ဆိုသည်။ သူမ၏ လှပသောမျက်နှာသည် လူတိုင်း၏ နှလုံးကို ခုန်စေဖို့နှင့် သူမအတွက် ဘာမဆို လုပ်ပေးချင်စိတ် ဖြစ်ပေါ်ဖို့ ရာ လုံလောက်နေသည်။
“နင်ဟာ ဒီပုံရိပ်ယောင်ထဲမှာ နင့်ကိုနင် ငြီတွယ်ထားပြီး ခေါင်းမာနေတုန်းပဲ…” အဘိုးအိုသည် မျက်မှောင်ကြုတ်၏။
“ငါက သူဟာ သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ကြောင်း သင့်ကို ပြောပြရုံပဲ…” သူမ၏ မထူးခြားနားအသံမှာ တည်ငြိမ်နေဆဲပင်။ သို့သော် သူမ၏ လေသံမှာတော့ အနည်းငယ် ပိုလေးလံသွားသည်။
“ကောင်းပြီ…။သူဟ သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ရင်တောင် သူ့စိတ်ကို ဒီနေရာထိ အမည်မသိနည်းလမ်းနဲ့ ရောက်လာစေခဲ့ရင်တောင် သူဟာ ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့ရင်ကော ဘာဖြစ်လဲ၊ ဘာထူးလဲ…” အဘိုးအိုထံမှ အထင်သေးသည့်ဟန် ပေါ်ထွက်နေသည်။
“အဆုံးသပ်မှာတော့ သူဟာ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပဲလေ…”
အဘိုးအိုသည် သူ ပြောနေသည့်၊အထင်သေးနေသည့် သာမန်ကျင့်ကြံသူမှာ ဟင်္သာငှက်ကို နိုးထစေခဲ့သူ၊ ဟင်္သာငှက်ကလန်က သူတို့၏ခွန်အားအားလုံး အသုံးပြု၍ ထိုကျင့်ကြံသူအား ကာကွယ်ပေးမည့်သူမှန်း မသိထားခဲ့ပေ။ သူသည် ထိုကျင့်ကြံသူမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားမှန်းလည်း မသိခဲ့ပေ။ ထိုသွေးမျိုးဆက်စွမ်းအားမှာ အမွေဆက်ခံထားခဲ့ခြင်း မဟုတ်ပေ။ သူ့ကိုယ်ပိုင်ခန္ဓာကိုယ် ပျက်စီးပြီးနောက်မှာ အစားထိုး ရရှိခဲ့ခြင်း ဖြစ်၏။ သူသည် ထူစီ၏မှတ်ဉာဏ်များကို အခြေခံကာ ခန္ဓာကိုယ်ကို ပြန်တည် တည်ဆောက်ခဲ့သူလည်း ဖြစ်၏။ ထိုခန္ဓာကိုယ်မှာ သူ့သွေးမျိုးဆက်၏ အရင်းအမြစ်လည်း ဖြစ်ပေသည်။
သည်အဘိုးအိုမှာ သူ ပြောနေသည့် ကျင့်ကြံသူမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ပိုင်ဆိုင်ထားမှန်းကိုလည်း သိမနေခဲ့ချေ။အနှီ အဘိုးအို အထင်သေးနေသည့် ကျင့်ကြံသူကတော့ ဝမ်လင်း ဖြစ်မှန်း ပြောနေစရာ မလိုတော့ပါ။
လှပသောအမျိုးသမီးက အဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ဆို၏။ “သင်လည်း တခါတုန်းက ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တာပဲလေ…”
အဘိုးအိုသည် ခါးသီးစွာ ပြုံး၏။ သည်အခိုက်၌ သူသည် ဘာပြန်ပြောရမှန်း မသိ ဖြစ်ရသည်။
“သင် စိတ်အေးအေး ထားနိုင်ပါတယ်။ ငါဟာ တောက်ပသောနယ်မြေရဲ့ တာဝန်ကို ချိုးဖျက်မှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း သင်ဟာ ငါ့ကိုယ်ရေးကိုယ်တာကိစ္စမှာတော့ ဝင်မပါပါနဲ့။ သင့်မှာ ဒီလို ဝင်စွက်ဖက်နိုင်တဲ့ အခွင့်အရေးလည်း ရှိမနေဘူး…”
လှပသောအမျိုးသမီး မူပင်းမေ၏ အသံမှာ ရှင်းလင်းပေသည်။
အဘိုးအိုသည် သက်ပြင်းချကာ ဤအကြောင်းကို ထပ်မပြောတော့ပေ။ သူက ကောင်းကင်ထက်သို့ ကြည့်ကာ ပြောလာ၏။ “ငါ့မိတ်ဆွေဟောင်းရဲ့ ခန္ဓာကိုယ်ဟာ ပိုင်စိုးခြင်း ခံနေရတယ်။ ဒါ့ကြောင့် ငါ ခရီးတစ်ခု သွားရလိမ့်မယ်။ နင်ကော လိုက်မလား…”
လှပသောအမျိုးသမီးက အနည်းငယ် စဉ်းစားနေ၏။ သူမအသွင်က စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။ သို့ရာတွင် နောက်ဆုံးတွင် သူမက ဆုံးဖြတ်ချက်ချကာ ခေါင်းညိတ်၏။ “ငါ လိုက်မယ်…”
ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ခုနစ်ထပ်မြောက်အတွင်းတွင် ချောရည်ပူများအားလုံးသည် မီးနဂါးတစ်ကောင်အဖြစ် သိပ်သည်းသွားခဲ့ပေပြီ။ မီးနဂါးက ၎င်း၏ခေါင်းကို မော့ကာ သူ့အောက်ရှိ လူတိုင်းကို ငုံ့ကြည့်သည်။ မမြင်ရသောဖိအားက ပျံ့လွင့်လာသည်။
အပူလှိုင်းနှစ်ခုသည် ထိုဖိအားနှင့်အတူ မီးနဂါး၏ နှာခေါင်းထဲကနေ ထွက်ပေါ်နေ၏။
ထိုနဂါး၏ ဧရာမ ဦးဂြိုကြီးနှစ်ခုသည် သိပ်သည်းလှသော အပူချိန်ကို ပေးစွမ်းနေ၏။
၎င်း၏ ခန္ဓာကိုယ်ကလည်း ရစ်ခွေနေကာ လောကကို အပေါ်စီးကနေ ငုံ့ကြည့်သည့် နဂါးတစ်ကောင်၏ အော်ရာကို ပေးစွမ်းလို့နေသည်။ ၎င်း၏ အကြည့်က သူ့အောက်ဘက်ရှိ လူများထံသို့ ဖြတ်ကျော်သွားရင်း ဝမ်လင်းပေါ်သို့ ကျရောက်သည်။ သူက ဝမ်လင်း၏ သေးငယ်အားနည်းသော ခန္ဓာကိုယ်ထံမှ ရင်းနှီးသောအော်ရာကို ခံစားမိ၏။ ထိုအော်ရာမှာ မီးမူလစွမ်းအင်တည်း။
မီးနဂါး သူ့ထံသို့ ကြည့်လာချိန်၌ ဝမ်လင်း၏ စိတ်သည် တုန်ယင်သွား၏။ သူက နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သည်။ နဂါးသည် ၎င်း၏အကြည့်ကို အလျင်အမြန် ပြန်ရုတ်သိမ်းကာ အရှင်လေဟာနယ်၊ရှေးဟောင်းနတ်ဆိုးပေလောနှင့် ရှေးဟောင်းမိစ္ဆာတာကျားတို့ထံသို့ စူးစိုက်ကြည့်လိုက်၏။ ၎င်းက ဟိန်သံပြုကာ သူတို့သုံးယောက်ထံသို့ ဦးတည်ဝင်ရောက်သွားတော့သည်။
ဝမ်လင်းသည် စိတ်သက်သာရာရကာ အလျင်အမြန် နောက်ဆုတ်တော့သည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါ၌ သူသည် မီးနဂါး ဟိန်းသံ ပေးချိန်၌ ခုနစ်ထပ်မြောက်အလွှာသည် မီးပင်လယ်တစ်ခု ဖြစ်လာသည်ကို မြင်လိုက်ရ၏။ သိပ်သည်းသော မီးများ လောင်ကျွမ်းနေရင်း ရှေးဟောင်းနတ်ဆိုးပေလေ၏ မျက်လုံးမှာ တလက်လက် ဖြစ်သွား၏။ သူက ထွက်ပြေးနေရာကနေ မထင်မှတ်စွာ ရပ်တန့်လိုက်၏။ သူက နောက်သို့ လှည့်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ ဧရာမအစိမ်းရောင်နတ်ဆိုးသည် သူ့နောက်၌ ပေါ်လာကာ ရှေးဟောင်းမိစ္ဆာထံသို့ တိုးဝင်သွားတော့သည်။
အရှင်လေဟာနယ်က သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ပြုလုပ်၍ အဝါရောင်သဲမုန်တိုင်းတစ်ခုကို ဖြစ်စေပြီး သူ့ပတ်လည်၌ ပေတစ်ရာ အရံအတားကို ဖန်တီး၏။ သို့ရာတွင် ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် သည်မီးများကို အချိန်အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ပေ။ သဲများ မီးတောက်နှင့် ထိစပ်ချိန်၌ တစီစီအသံများ ထွက်ပေါ်လာကာ သဲသည် အက်ကွဲ ပျက်စီးရသည်။
ရှေးဟောင်းမိစ္ဆာတာကျား၏ မျက်လုံးက အေးစက်လာ၏။ သူက သွေးဆာမှုနှင့် ပြည့်နေသည်။ ခြေတစ်လှမ်းလှမ်းကာ သူသည် ခပ်ရှရှ ရယ်မောသည်။ “မင်း ဘာကြောင့် ပြေးနေတာကို ရပ်လိုက်တာလဲ။ မီးနဂါးစိတ်ဝိညာဉ်တစ်ကောင်လောက်က ဒီသခင်ကို ကိုက်ဝံ့လိမ့်မယ်လား…”
ရှေးဟောင်းမိစ္ဆာသည် စကားဆိုနေရင်း သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လက်ညွှန်သည်။ သူက အော်ဟစ်လိုက်၏။ “ငါ မင်းကို ချင်းလင်ရဲ့ မန္တာန်ပြသပေးမယ်။ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း…”
သူ ထိုသို့ ပြောလိုက်ပြီးနောက် အနက်ရောင်မိစ္ဆာ မီးတောက်သည် သူ လက်ညွှန်လိုက်သော နေရာတွင်ပေါ်လာ၏။ သိပ်သည်းသောမီးတောက်သည် ချက်ခြင်း ပျံ့နှံ့လာကာ ခုနစ်ထပ်မြောက်၌ သိပ်သည်းသော အပူချိန် ပြည့်နှက်လာချေသည်။
ကောင်းကင်သည် မိစ္ဆာမီးတောက်များနှင့် လွှမ်းခြုံလာသည်။ ချက်ခြင်းလိုလိုပင် ကောင်းကင်သည် မိစ္ဆာမီးတောက်များကြောင့် နက်မှောင်လာ၏။ ၎င်းက အရာအားလုံးကို လောင်ကျွမ်းပစ်ရုံသာမက သည် မိစ္ဆာစွမ်းအင်များ ကျူးကျော်လာပါက သင့်မူလစိတ်ဝိညာဉ်ပင် ပျက်စီးပြိုပျက်ရပေမည်။
မီးနဂါးက ဟိန်းသံ ပြု၏။ ၎င်း၏ခန္ဓာကိုယ်မှ မီးတောက်များ အရူးအမူး ထွက်ပေါ်လာကာ ကောင်းကင်ထက်၌ အနက်ရောင်မီးတောက်များနှင့် တိုက်ခိုက်ရန် ပြင်သည်။ ခုနစ်ထပ်မြောက်သည် မီးနဂါး၏ခန္ဓာကိုယ်ကြီး ရှေးဟောင်းမိစ္ဆာထံသို့ တရကြမ်း တိုးဝင်လာနေရင်း တုန်ခါနေတော့သည်။
ရှေးဟောင်းမိစ္ဆာသည် နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို မီးနဂါးထံသို့ ညွှန်၏။ ကောင်းကင်ထက်ရှိ မိစ္ဆာမီးတောက်များအားလုံးသည် ကြယ်ပျံတစ်စင်းအလား သက်ဆင်းလာကာ မီးနဂါးအား ဝန်းရံလာတော့သည်။
ထိုမြင်ကွင်းကား ကောင်းကင်ပင် တုန်လှုပ်စေမည့် မြင်ကွင်းပင်။ ချက်ခြင်းပင် မိစ္ဆာမီးတောက်များသည် ပြိုဆင်းကျလာကာ မီးနဂါးအား ဖုံးလွှမ်းသွားသည်။ သည်အခိုက်အတန့်၌ မီးနဂါးသည် မွန်းစတားဆန်သောမိစ္ဆာစွမ်းအင်များကို ပေးစွမ်းနေသည်နှင့်ပင် တူနေတော့သည်။
ဒေါသတကြီးအသံလှိုင်းများ၊နာကျင်စွာ အော်ဟစ်သံများမှာ မီးနဂါးထံကနေ ထွက်ပေါ်လာ၏။၎င်းက ရုန်းကန်ရင်း ရှေးဟောင်းမိစ္ဆာထံသို့ ဦးတည်သည်။ သို့ရာတွင် ၎င်း နီးကပ်လာချိန်၌ တာကျားသည် ညာလက်ကို ဖိချကာ မမြင်ရသောအားတစ်ခုကို ဖန်တီးသည်။ မီးနဂါးသည် သူနှင့် ပေတစ်ရာအတွင်းသို့ ရောက်ရှိလာချိန်၌ တာကျားသည် မီးနဂါးကို ဖမ်းယူသည်။
မီးနဂါးသည် မည်မျှ ရုန်းကန် အော်ဟစ်ပါစေ ၎င်းက မလွတ်မြောက်နိုင် ဖြစ်နေ၏။ ထိုအဖြစ်က ရှေးဟောင်းနတ်ဆိုးပေလောကို လေအေးတစ်ချက် ရှိုက်သွင်းမိစေတော့သည်။
“မင်းက ချင်းလင်ရဲ့ ကိုယ်ပွားနဲ့ သူ့ခန္ဓာကိုယ်ထဲက မမြင်ရတဲ့အားကို အသုံးပြုနေနိုင်တယ်…” ပေလောသည် သည်အခြေအနေကို ပင့်သက်ရှိုက်မိနေ၏။ သူသည် ရှေးဟောင်းမိစ္ဆာတာကျား၏ ခန္ဓာကိုယ်ပိုင်ဆိုးမှုသည် စိတ်နှင့်တစ်သားတည်း ဖြစ်လာပြီဟု ရှင်းလင်းစွာ သိလိုက်သည်။
ရှေးဟောင်းနတ်ဆိုး ပေလောသည် တိုက်ခိုက်ရန် စိတ်ဆန္ဒအားလုံးကို လက်လျော့လိုက်ကာ သူ့စိတ်နှလုံးထဲတွင် ခါးသီးမှု မြင့်တက်လာချေ၏။ သူက သူ့ကိုယ်ပိုင်ခွန်အားကို နားလည်ပေ၏။ သူက လူတိုင်း၏ အကူအညီရခဲ့လျှင်ပင် သူတို့သည် ချင်းလင်၏ ခန္ဓာကိုယ်ပိုင်စိုးထားခံရသည့်အချက်ကို ပြောင်းလဲပစ်ရန် စွမ်းအား မရှိတော့ပေ။
“ဒီမိစ္ဆာက နှစ်ပေါင်းမရေမတွက်နိုင်အောင် ချင်းလင်ရဲ့ ခန္ဓာကိုယ်ထဲမှာ တိုက်ခိုက်ဖို့အတွက် ဘယ်တန်ဖိုးမဆို ပေးဆပ်ဖို့ဆန္ဒ ရှိခဲ့တယ်။ ဒါတွေအားလုံးဟာ ချင်းလင်ရဲ့ မှတ်ဉာဏ်တွေနဲ့ သူ့ကျင့်ကြံမှုအဆင့်အတွက်ပဲ။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက ဒီခန္ဓာကိုယ်ပဲ…” ရှေးဟောင်းမိစ္ဆာသည် မီးနဂါးကို ကိုင်ထားရင်း ရှေ့သို့ တိုးလာ၏။ သူ့ထံမှ မောက်မာသော ရယ်သံ ထွက်ပေါ်နေသည်။
“ရှေးဟောင်းနတ်ဆိုး…မင်းနဲ့ငါက ပြင်ပနယ်မြေမှာ ရန်သူကြီးတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ခုချိန်မှာ မင်းက ငါ့ရှေ့မှာ ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ။ ဒီမိစ္ဆာက ချင်းလင်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာ နှစ်ပေါင်များစွာ သန့်စင်မွန်းမံပြိးရင် ချင်းလင်ရဲ့ ခန္ဓာကိုယ်ဟာ ငါ့ကိုယ်ပိုင် ဖြစ်လာပြီ။ ဒီခန္ဓာကိုယ်တစ်ခုက ဥပဒေသတွေအားလုံးကို ချိုးဖျက်နိုင်တယ်။ ဒီခန္ဓာကိုယ်နဲ့ဆို ဘယ်နေရာကို မဆို ဝင်ရောက်နိုင်တယ်…”
“ဒီခန္ဓာကိုယ်နဲ့ဆိုရင် ငါဟာ ငါ့ဘိုးဘေးတွေရဲ့ ခြေလှမ်းကို လိုက်နင်းနိုင်ပြီး ကြယ်ကိုးလုံး ရှေးဟောင်းမိစ္ဆာတစ်ပါး ဖြစ်လာနိုင်လိမ့်မယ်။ ငါသာ ကြယ်ကိုးလုံးအဆင့်ကို ရောက်ရင် ရှေးဟောင်းမိစ္ဆာမျှော်စင်ပျက်ထဲကို ဝင်ရောက်နိုင်ပြီး ဘိုးဘေးတွေရဲ့ စွမ်းအားအစစ်အမှန်ကို ရရှိနိုင်လိမ့်မယ်…”
ရှေးဟောင်းမိစ္ဆာတာကျားသည် ရူးသွပ်ဖွယ် ရယ်မောနေ၏။ မီးနဂါးသည် နောက်ဆုတ်ရန် ရုန်းကန်နေသည်။ သိုရာတွင် ၎င်းက ဘေးတစ်ဖက်သို့ တာကျား၏ ပစ်လွှတ်ခြင်းကို ခံလိုက်ရသည်။
“ချင်းလင်ရဲ့ မန္တာန် ကောင်းကင်ဘုံလောင်ကျွမ်းခြင်း၊ ပင်လယ်ဆူပွက်ခြင်း…” တာကျား၏ မျက်လုံးထဲရှိ မိစ္ဆာမီးတောက်သည် ရုတ်တရပ် ရွှေ့လျားကာ ခုနစ်ထပ်မြောက်သည် မိစ္ဆာစွမ်းအင်တို့နှင့် ပြည့်လျှမ်းသည်။ မိစ္ဆာစွမ်းအင်များက သိပ်သည်းလွန်းလှ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သည်မိစ္ဆာစွမ်းအင်များသည် မိစ္ဆာပင်လယ်အဖြစ်သို့ ပြောင်းလဲသည်။
လှိုင်းလုံးများ ခက်ထန်နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နှက်လာ၏။ သူသည် သည်ပင်လယ်ထဲ၌ ပိတ်မိနေချေပြီ။ သူသာမက အရှင်လေဟာနယ်လည်း ပိတ်မိနေ၏။ ရှေးဟောင်းနတ်ဆိုးပေလောသည်ပင် မလွတ်မြောက်နိုင်ပေ။
အကွာအဝေးတစ်ခု၌ မီးနဂါးသည် ပင်လယ်အတွင်း၌ ဟိန်းဟောက်နေ၏။ သို့သော် ၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။
မိစ္ဆာစွမ်းအင်ကြောင့် ဖြစ်ပေါ်သည့် ပင်လယ်မှာ စတင် ဆူပွက်လာ၏။ မိစ္ဆာအခိုးငွေ့များ လေထဲသို့ လွင့်မြောတက်ကာ လှိုင်းထန်နေသော ပင်လယ်ထဲ၌ အံ့မခန်းအပူချိန်ကြောင့် ပူဖောင်းများ ပေါ်လာသည်။
သည် လောင်ကျွမ်းသော ကောင်းကင်၊ ပင်လယ် ဆူပွက်ခြင်းသည် လုံးဝ လွင့်ပြယ်သွားသည့်အထိ ပင်လယ်ပြင်ကို ဆူပွက်တော့မည့်ကဲ့သို့ပင်။ သည်ပင်လယ်အတွင်း၌ ပိတ်မိနေသော လူများအဖို့ ရုန်းကန်နိုင်ရန် မဖြစ်နိုင် ဖြစ်ရသည်။
တာကျားနှင့် စတွေ့ကတည်းက အချိန်ကြာလာသည်နှင့်အမျှ သူသည် ပို၍ အစွမ်းထက်လာနေကြောင်းကို ဝမ်လင်း တွေ့ရှိရသည်။ ကိုးထပ်မြောက်တုန်းက တာကျားသည် သည်မန္တာန်များကို အသုံးပြုရန် ခက်ခဲခဲ့၏။ သို့သော် ခုချိန်၌ သူသည် ကောင်းကင်ဘုံအင်ပါယာ၏ မန္တာန်များကို အသုံးပြုနေနိုင်ပေပြီ။
ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ မရေမတွက်နိုင်သော မန္တာန်များကို တွေးမိနေရင်း ဝမ်လင်း၏ ဦးရေပြားပါ ထုံထိုင်းသွားသည်ဟု ခံစားရ၏။ သို့ရာတွင် ခုချိန်၌ သူသည် ထိုအကြောင်းကို တွေးနေဖို့ အချိန်မရှိပေ။ ပင်လယ်လှိုင်းများသည် ခက်ထန်နေလေပြီ။ ကောင်းကင်ထက်ရှိ မိစ္ဆာမီးတောက်များမှာ ဆက်လက်ဆင်းသက်လာနေရင်း ရေထုအား အငွေ့ပြန်စေသည်။
အကွာအဝေးတစ်ခု၌ အရှင်လေဟာနယ်သည် ပင်လယ်ပြင်မှာ ဆူပွက်လာခြင်းနှင့် ကောင်းကင်ထက်မှ မီးတောက်များ သက်ဆင်းလာသည်ကို တွေ့မြင်သည့်အခါ သူသည် ထိတ်လန့်ကြောက်ရွှံ့စွာ ပြုံး၏။ သူသည် သူ့လက်ဝါးဖြင့် သူ့နှဖူးအား ရိုက်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ ပြိုပျက်သွားသည်။
သည်ပျက်စီးမှုကနေ ရူးသွပ်ဖွယ် တုန်ခါလှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ပင်လယ်ပြင်အတွင်း ရေဝဲကတော့ ဖြစ်စေ၏။ ၎င်းရေဝဲကတော့ ဆင်းသက်လာသည့် မိစ္ဆာမီးတောက်များကို အဝေးသို့ တွန်းထုတ်ပေးသည်။
သူ့ခန္ဓာကိုယ် ပျက်စီးသွားချိန်၌ အရှင်လေဟာနယ်၏ မူလစိတ်ဝိညာဉ်သည် ထိုးထွက်လာသည်။
***