Switch Mode

အပိုင်း (၁၁၁၆)

ဝတ်စုံနက်နှင့်လူ၏ နောက်ခံ

ဝမ်လင်း ပစ်လွှတ်လိုက်သော ထိုသွေးစက်က အနက်ရောင်မိစ္ဆာနဂါးထံသို့ ဦးတည်သွား၏။

မိစ္ဆာနဂါးက ၎င်း၏ ပါးစပ်ကိုဟကာ အေးစက်စက်စွမ်းအင်များကို ထုတ်လွှတ်စေရင်း လူတိုင်းကို ဝါးမြိုရန် ဟန်ပြင်သည်။ သို့ရာတွင် ချင်းရှောင်၏ သွေးစက်ကို ထိမိချိန်၌ ၎င်းနဂါးထံမှ အနက်ရောင်အခိုးငွေ့အမျှင်တန်းတစ်ခု ထွက်ပေါ်လာတော့သည်။

လူတိုင်း အံ့အားသင့်နေကြရင်း မြူနက်ထုအတွင်းမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သည့်နောက် မထင်မှတ်စွာပင် မြူနက်ထုသည် သည်ကောင်းကင်ဘုံသွေးစက်ကို တောင့်မခံနိုင်သည့်အလား လွင့်ပြယ်လာသည်။

ထိုသွေးစက်က မြူနက်ထုကို ထွင်းဖောက်ကာ မိစ္ဆာနဂါး၏ ခေါင်းပေါ်သို့ ကျရောက်၏။ မိစ္ဆာနဂါးသည် ရုတ်တရပ် တန့်သွား၏။ သည့်နောက် နာကျင်ဒေါသထွက်သည့် ဟိန်းသံသည် ၎င်းထံကနေ ထွက်ပေါ်လာချေသည်။

၎င်းက ဟိန်းအော်နေရင်း မိစ္ဆာနဂါး၏ခန္ဓာကိုယ်သည် တွန့်လိမ်ကာ သည်ဧရိယာကို ရိုက်ခတ်ပြီး ကျယ်လောင်စွာ မြည်ဟိန်းစေသည်။ အဆောက်အဦများအားလုံး ပြိုပျက်ကာ ရှစ်ထပ်မြောက်သည် အပျက်အစီးပုံ ဖြစ်ရ၏။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ချင်းရှောင်၏ သွေးများကို ပိုညှစ်ထုတ်ကာ ကြမ်းတမ်းစွာပင် နဂါးထံသို့ ပစ်လွှတ်၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းရာ အားကောင်းသောမူလစွမ်းအင်သည် သူ့ခန္ဓာကိုယ်ကနေ ထိုးထွက်သွားသည်။ သွေးသည် သွေးမြူအဖြစ်သို့ ပြောင်းကာ ရှေ့တည့်တည့်သို့ ထိုးတက်သွားသည်။

သွေးမြူသည် မိစ္ဆာနဂါးကို ချက်ခြင်း ထိမှန်၏။ သွေးနှင့် ထပ်မံ ထိမိသည့်နောက် မိစ္ဆာနဂါးသည် ပို၍ ပြင်းထန်စွာ ရုန်းကန်လာချေသည်။ ဟိန်းအော်သံများ ဆက်တိုက် ပဲ့တင်ထပ်နေ၏။ မိစ္ဆာနဂါး၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ကျုံ့လာသည်။ မြူနက်ထုအားလုံးသည်လည်း ပြန်ရုတ်သိမ်းသွားကာ ရှေးဟောင်းမိစ္ဆာတာကျားသည် လူတိုင်းရှေ့၌ ပေါ်လာသည်။

ခုချိန်၌ သူ့အနက်ရောင်ချပ်ဝတ်သည် သွေးစများနှင့် စွန်းထင်းနေလေ၏။ ၎င်းထံမှ အနီရောင်အခိုးငွေ့တို့ ထုတ်လွှတ်ကာ ရှေးဟောင်းမိစ္ဆာပတ်လည်တွင် ညှီတွယ်နေသည်။

ရှေးဟောင်းမိစ္ဆာက သူ့လက်ကို မည်မျှ ဝေ့ယမ်းပါစေ သူသည် ၎င်းအခိုးငွေ့တို့ကို ပတ်သယ်နိုင်ခြင်း မရှိပေ။

“ချင်းလင်…ဒါက မင်းငါ့ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ခုခံနေရင်း ကြံစည်ထားတဲ့ အစီအစဉ်ပေါ့။ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ ဘယ်သူမဆို မင်းမျိုးဆက်တစ်ယောက်ယောက်ကို သတ်ဖို့ ရည်ရွယ်လိုက်တာနဲ့ မန္တာန်အားလုံးဟာ အချည်းနှီး ဖြစ်သွားစေမယ်။ မင်းရဲ့ မျိုးဆက်တွေရဲ့ သွေးနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး မင်းရဲ့ မန္တာန်တွေကို ဘာသက်ရောက်မှုမှ မရှိစေတော့ဘူးပေါ့…”

“ဒါဟာ ဥပဒေသတွေကို ပြောင်းလဲသွားစေတာ မဟုတ်ဘူး။ ဥပဒေသတွေကို ဖန်တီးခြင်းပဲ။ မင်းက စွမ်းအား ကောင်းလွန်းလှတယ်…ချင်းလင်…” ရှေးဟောင်းမိစ္ဆာသည် ဝမ်လင်းထံသို့ တိုးဝင်လာတော့၏။

“ဒီနတ်ဆိုးက ခန္ဓာကိုယ်တစ်ခုရဲ့ သွေးစက်လောက်နဲ့ ငါ့ကို နာခံအောင် ဘယ်လိုလုပ်မလဲ တွေ့မြင်ချင်သေးတယ်…” ရှေးဟောင်းမိစ္ဆာသည် ကြုံးဝါးရင်း သူ့လက်ကို ဆန့်ထုတ်သည်။ အနက်ရောင်ဓားသွားသည် သူ့လက်ထဲ၌ ရုတ်တရပ် ပေါ်လာကာ သူသည် ဝမ်လင်းထံသို့ ရိုက်ချလာ၏။

“ငါဟာ ချင်းလင်ရဲ့ မျိုးဆက်ကို မသတ်နိုင်ဘူး။ ဒါပေမယ့် မင်းနဲ့ မင်းရဲ့ ပိန်လီသေးနုပ်တဲ့ ရှေးဟောင်းနတ်ဘုရားကိုတော့ သတ်ပစ်နိုင်တယ်…”

ဝမ်လင်းအသွင်သည် ဖြူရောသွားသည်။ ထိုဓားသွားစွမ်းအင်က ကြီးမားလွန်း၏။ ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုသည်ပင် ၎င်းဓားသွားထံမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဝမ်လင်း၏ စိတ်သည် အလွန်ရှင်းလင်းနေ၏။ သူ့ပတ်လည်တွင် ရှေးဟောင်းနတ်ဘုရား သလင်းကျောက်ပေါ်လာကာ သူသည် အကွာအဝေးတစ်ခုမှ ကြည့်နေသော ဝတ်စုံနက်နှင့်လူထံသို့ လက်ညွှန်လိုက်လေ၏။

သူက အရှင်လေဟာနယ်ကို မရွေးချယ်ပေ။ အကြောင်းမှာ ဤအခိုက်က အန္တရာယ်ရှိသည့် အချိန် ဖြစ်၏။ထို့ကြောင့် သူက အောင်မြင်မှကို ဖြစ်ပေမည်။ အရှင်လေဟာနယ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ဖြစ်နေဆဲပင်။ ထို့ကြောင့် ဝမ်လင်းအဖို့ သူ့အပေါ်တွင် နေရာချင်းချိန်းရန် ယုံကြည်ချက် ရှိမနေခဲ့ပေ။

ဝတ်စုံနက်နှင့်လူသည် အလင်းတစ်ခုက သူ့အား ဝန်းရံသွားသည့်အချိန်၌ သူ့အသွင်သည် ကြီးစွာ ပြောင်းလဲသွားသည်။ ဝမ်လင်းထံသို့ ဓားသွားက နီးကပ်လာနေ၏။

“နေရာခြင်း ပြောင်းစမ်း…” ဝမ်လင်းသည် အော်ဟစ်လိုက်ရင်း မီးပြင်းဖို ပတ်လည်ရှိ အလင်းသည် အထွတ်အထိပ်သို့ ရောက်လာသည်။ ဝတ်စုံနက်နှင့်လူ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်နှက်သွားသည်။ သူက တည်နေရာရွှေ့ပြောင်းရန် ဟန်ပြင်ရင်း သူဖုံးကွယ်ထားသည့် သူ့ပုံရိပ်အမှန်ကိုပင် ဆက်လက် ဂရုစိုက်မနေတော့ပေ။ သူ့မျက်ခုံးနှစ်ခုကြားကနေ မီးနဂါးအမှတ်အသား ပေါ်လာကာ တိုက်ရိုက် ထိုးထွက်လာရင်း မီးတောက်များဖြင့် ဖုံးနေသည့် မီးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မီးနဂါး ပေါ်လာသည်နှင့် ၎င်းက ဟိန်းဟောက်ကာ ဝတ်စုံနက်နှင့်လူကို ဝန်းရံပေးရင်း ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို၏ စွမ်းအားကို ခုခံရန် ပြင်သည်။

ဓားသွားက နီးကပ်လာကာ ချင်းရှောင်ကို ကျော်လွန်လာ၏။ ချင်းလင် ဖန်တီးခဲ့သည့် ဥပဒေသကြောင့် ဓားသွားသည် ချင်းရှောင်အပေါ် အန္တရာယ် မဖြစ်စေဘဲ ဝမ်လင်းထံသို့ တိုက်ရိုက် ကျရောက်လာသည်။

ဓားသွားစွမ်းအင် ကျရောက်လာခဲ့လျှင် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည်ပင် ထက်ပိုင်းကွဲသွားနိုင်၏။ တကယ်တော့ သူသည် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ဖြစ်သည် မဟုတ်လော။

ဓားသွားစွမ်းအင် သက်ဆင်းလာခိုက် ဝမ်လင်း၏ ညာမျက်လုံးသည် အပြာရောင်တောက်ပကာ အဇူရာအလင်းဒိုင်း ပေါ်လာပြီး ဓားသွားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။

ကောင်းကင်ကိုပါ တုန်ခါစေမည့် ပေါက်ကွဲသံ ဖြစ်ပေါ်သွားသည်။ အဇူရာအလင်းဒိုင်း၏ အလယ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ၎င်းက ကျိုးပျက်သွားခြင်းမရှိသော်လည်း ထိခိုက်သွားခဲ့ပေပြီ။

ဝမ်လင်းသည် ၎င်းဒိုင်းကို ရရှိခဲ့သည်မှာ မကြာလှသေးသော်လည်း ဤဒိုင်းမှာ အဝေးမှ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်စွမ်း ရှိခဲ့၏။ အရှင်လေဟာနယ်ကဲ့သို့ အစွမ်းထက်လူမျိုးပင် သည်ဒိုင်းကို နောက်သို့သာ လွင့်စင်စေနိုင်ခဲ့၍ အက်ကြောင်းပေါ်အောင် မလုပ်နိုင်ခဲ့ပေ။

အဇူရာအလင်းဒိုင်းပေါ်၌ အက်ကြောင်းများ ပိုပို ဖြစ်ပေါ်လာ၏။ ဝမ်လင်းသည် ထိုအခိုက်ကို အသုံးချကာ ချင်းရှောင်၏ခန္ဓာကိုယ်နှင့်အတူ နောက်သို့ ဆုတ်သည်။ သူ မည်မျှ ပြေးပြေး သူသည် ဓားသွားစွမ်းအင်ကနေ မလွတ်မြောက်နိုင် ဖြစ်နေသည်။

သူ့နှဖူးထက်ကနေ ချွေးစေးပြန်လာ၏။ သို့သော် ၎င်းချွေးများသည် ဓားသွားစွမ်းအင်မှ အေးစိမ့်မှုကြောင့် ရေခဲသလင်းများအဖြစ်သို့ ပြောင်းရသည်။ သည်လို သေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ပုံရိပ်ကို ဖုံးကွယ်ထားမနေတော့ဘဲ ဟိန်းသံ ပြု၏။ သူ့မျက်ခုံးကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်ငါးလုံးသည် တောက်ပလာကာ ဝဲကတော့တစ်ခု ဖြစ်သည့်အထိ လှည့်ပတ်၍ သူ့မျက်ခုံးကြားတွင် ပေါ်လာတော့သည်။

အားကောင်းသော ရှေးဟောင်းနတ်ဘုရားစွမ်းအားက သူ့ခန္ဓာကိုယ်၌ ပြည့်နှက်လာရင်း ယင်းစွမ်းအားက မီးပြင်းဖိုထံသို့ တရကြမ်း ဦးတည်၏။ ထိုအဖြစ်က ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို ပတ်လည်ရှိ အလင်းကို ပို၍ တောက်ပလာစေသည်။

“တည်နေရာပြောင်း၊ နေရာချိန်းစမ်း…” ဝမ်လင်းသည် မာန်သွင်းအော်ဟစ်၏။ သူ့အသံထဲ၌ ခပ်ရှရှ ဖြစ်မှု ပါဝင်နေသည်။ ထိုအသံသည် လူတိုင်း၏ နားထဲသို့ ကျရောက်လာချိန်၌ သူတို့၏ စိတ်သည် စုတ်ဖြဲခြင်းခံလိုက်ရသကဲ့သို့ ခံစားရစေသည်။

ထိုမာန်သွင်းသံ ထွက်ပေါ်လာနေရင်း ဝတ်စံနက်နှင့်လူ ပတ်လည်ရှိ မီးစွမ်းအင်သည် တိုးမြင့်လာသည့် အလင်းထံမှ စွမ်းအားကို ခုခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ဝတ်စုံနက်နှင့်လူသည် နောက်သို့ အလျင်အမြန် ဆုတ်ကာ ထွက်ပြေးသည်။

သို့သော် သူ မလွတ်မြောက်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်၌ အလင်း ပြည့်နှက်လာကာ ပျောက်ကွယ်လို့သွားသည်။ အဇူရာအလင်းဒိုင်းက ဓားသွားစွမ်းအင်ကို ဆက် တောင့်ခံနိုင်တော့သည့်ပုံ မရှိသည့် အခိုက်တွင် ဝမ်လင်းသည်လည်း ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း ပြန်ပေါ်လာချိန်၌ ဝတ်စုံနက်နှင့်လူ ရှိနေသော နေရာသို့ ရောက်နေခဲ့ပေပြီ။ ဝတ်စုံနက်နှင့်လူကတော့ ဓားသွားစွမ်းအင်ရှေ့တွင် ပေါ်လာခဲ့သည်။

ဝတ်စုံနက်နှင့်လူ ပေါ်လာသည်နှင့် သူ့အမြင်တွင် ဓားသွားစွမ်းအင် ပြည့်နှက်သွားသည်။ သူသည် ၎င်းဓားအင်များ၏ ဖြတ်သန်းခြင်းကို ခံလိုက်ရ၏။ သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာကာ နှစ်ပိုင်းကွဲထွက်သွားတော့သည်။

သို့ရာတွင် သူ့ခန္ဓာကိုယ် တစစီဖြစ်သွားချိန်၌ သူ့မူလစိတ်ဝိညာဉ်သည် မီးနဂါး၏အကူအညီဖြင့် လွတ်မြောက်လာ၏။ သူ့မူလစိတ်ဝိညာဉ်၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နှက်နေချေသည်။

သို့ရာတွင် အန္တရာယ်က ဤမျှနှင့် မပြီးသေးချေ။ သူ့ခန္ဓာကိုယ်အား ဖျက်စီးခဲ့သည့် ဓားသွားစွမ်းအင်သည် သူ့မူလစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာချေ၏။ ဓားသွားစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ကိုပါ ထွင်းဖောက်လုနီး ဖြစ်လာသည်။

ဝတ်စုံနက်နှင့်လူက ထိုအခိုက်အတန့်တွင် စိုးရိမ်ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်နေသော နတ်ဘုရားအာရုံကို အလျင်အမြန် ဖြန့်ကျက်ကာ သတင်းစကား ပို့၏။ “ရှေးဟောင်းမိစ္ဆာအရှင်…ကျနော်က အန္တမတန်ခိုးရှင်ရဲ့ ခုနစ်ယောက်မြောက်တပည့် လျိုဟို…”

ဝတ်စုံနက်နှင့်လူက ထိုသတင်းစကားကို ပို့လိုက်သည့်အခိုက်တွင် ဓားသွားသည် ရုတ်တရပ် ဘေးတစ်ဖက်သို့ ရွှေ့လျားသွားကာ ဝတ်စုံနက်နှင့်လူအား လွှဲချောပြီး ကျော်လွန်သွားသည်။ ထို့နောက် ဓားသွားစွမ်းအင်သည် ဝမ်လင်းထံသို့ နောက်တစ်ကြိမ် လိုက်လံလာတော့၏။

ထိုအရာများအားလုံးသည် အချိန်တိုအတွင်း မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဝမ်ဝေနှင့်ဟူကျွမ်တို့နှစ်ယောက်လုံးသည် လှုပ်ရှားလာကာ သူတို့၏မန္တာန်များကို ဝမ်လင်းထံသို့ ဦးတည်နေသည့် ဓားသွားစွမ်းအင်ကို ခုခံနိုင်ဖို့ငှာ တပြိုင်နက်တည်း အသုံးပြုလိုက်ကြသည်။

ဝမ်လင်းသည် ကံကောင်းထောက်မစွာ ဓားသွားစွမ်းအင်ကြောင့် ရှင်သန်နိုင်ခဲ့၏။ သို့သော် သူသည် ရှေးဟောင်းမိစ္ဆာကို စူးစိုက်ကြည့်ရင်း သူ့အသွင်ဟန်ပန်မှာ သုန်မှုန်နေချေသည်။

ရှေးဟောင်းမိစ္ဆာတာကျားက လှမ်းထွက်လာ၏။ သို့သော် သူက ဝမ်လင်းထံသို့ ဦးတည်ခြင်း မဟုတ်၊ ဝတ်စုံနက်နှင့်လူ၏ မူလစိတ်ဝိညာဉ်ဘေးနားသို့ ရောက်ရှိသွားခြင်းပင်။ ထိုမူလစိတ်ဝိညာဉ်ကို ဖမ်းယူလိုက်ပြီးနောက် သူက နောက်တစ်ကြိမ် ခြေလှမ်း၏။ သူသည် ဓားသွားစွမ်းအင်အား ခုခံနေသော ဝမ်ဝေနှင့်ဟူကျွမ်တို့နားသို့ ရောက်ရှိလာတော့သည်။

ရှေးဟောင်းမိစ္ဆာတာကျား နီးကပ်လာချိန်၌ သူက ပါးစပ်ဟကာ ဟိန်းအော်သံ ပြုသည်။

ဝေါင်း…။

ရှေးအမိန့် လူများ၏ ဟိန်းအော်သံအားလုံးမှာ အစွမ်းထက်၏။ သို့သော် မန္တာန်များကဲ့သို့ပင် ၎င်းဟိန်းအော်သံများထဲ၌လည်း မတူညီသောအစွမ်းသတ္တိများ ပါဝင်ကြပေသည်။ ရှေးဟောင်းမိစ္ဆာတစ်ပါး၏ ဟိန်းသံသည် ရှေးဟောင်းနတ်ဘုရားလောက် မသန်မာလှသော်လည်း ၎င်းအသံက လူတိုင်း၏ စိတ်ကို ကျူးကျော်နိုင်သော မိစ္ဆာဆန်သည့်အသံအား ဖန်တီးနိုင်ပေသည်။

သူက ဟိန်းသံပြုရင်း ရှေးဟောင်းမိစ္ဆာတာကျား၏ နောက်ဘက်တွင် ဦးဂြိုတစ်ချောင်းနှင့် ဧရာမအနက်ရောင်အရိပ်တစ်ခု ပေါ်လာသည်။ ထိုဧရာမအရိပ်ကြီးက မိစ္ဆာအားလုံး၏ ရင်းမြစ်ဖြစ်နေသကဲ့သို့ပင်။ တာကျားက ဟိန်းသံ ပြုရင်း သူ့အရိပ်သည်လည်း ပါးစပ်ဟကာ ဟိန်းသံ ပြုချေ၏။

ဟူကျွမ်၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူမက ချက်ခြင်းပင် သွေးအန်ထုတ်ရသည်။ ဝမ်ဝေသည်လည်း သွေးအန်လိုက်ရ၏။ သို့ရာတွင် သူက အံတင်းတင်းကြိတ်ကာ ဟူကျွမ်ကို ဖမ်းကိုင်၍ နောက်သို့ ဆုတ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များစွာကို ဖြစ်ပေါ်စေရာ မရေမတွက်နိုင်သော ရေတိုင်လုံးများ သူ့ရှေ့၌ အရူးအမူး ထွက်ပေါ်လာသည်။

သည်ရေတိုင်လုံးများ တစ်ခုပြီးတစ်ခု ပေါ်လာနေရင်း မျက်စိတစ်မှိတ်အတွင်း ရေတိုင်လုံး ထောင်ချီ ပေါ်လာသည်။

သို့ရာတွင် ရှေးဟောင်းမိစ္ဆာတာကျား၏ ရှေ့၌ ဤမန္တာန်က ကလေးအကွက်သာသာပင်။ ဟိန်းသံ တစ်ချက်နှင့်အတူ ရေတိုင်လုံးအားလုံးမှာ ပျက်စီးသွားသည်။ ရေတိုင်လုံးများ ဆက်တိုက်ပျက်စီးနေရင်း ဝမ်ဝေနှင့်ဟူကျွမ်တို့သည် သွေးထပ်အန်ရသည်။ သူတို့က ဝမ်လင်းရှိရာသို့ ဦးတည်လာ၏။

ဖြူရောရောမျက်နှာဖြင့် ဟူကျွမ်က လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များစွာကို ဖြစ်စေပြီး အတားအဆီးများကို ဖန်တီးကာ ရေတိုင်လုံးနှင့် ပေါင်းစပ်စေသည်။ သို့ရာတွင် ရေတိုင်လုံးများက ရှေးဟောင်းမိစ္ဆာတာကျား၏ ဟိန်းသံကြောင့် ဆက်တိုက် ပျက်စီးနေချေသည်။

သူတို့နှစ်ယောက်ပင် ဤသို့ ဖြစ်နေပါက အရှင်လေဟာနယ်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သူက ချက်ခြင်း သွေးအန်ကာ မျက်လုံး ပြာထွက်သွား၏။ သူသည် နောက်သို့ အမြန်ဆုတ်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရာ မရေမတွက်နိုင်သော အဝါရောင်သဲမှုန်များ သူ့ပတ်လည်၌ ဝန်းရံ၏။ သို့ရာတွင် ထိုသဲမှုန့်များသည် ဒိုင်းတစ်ခုအသွင် မဖွဲ့တည်နိုင်ခင်မှာပင် ပျက်စီးသွားရ၏။ ထိုသဲများအားလုံးသည် အရှင်လေဟာနယ်၏ ခန္ဓာကိုယ်ထံသို့ လွင့်စင်ကုန်ကာ သူ့အား နောက်သို့ လွင့်ထွက်သွးစေ၏။ သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာစေတော့သည်။

ပေလောသည်သာ ခုခံနိုင်ရုံမျှ ရှိ၏။ ရှေးအမိန့်၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူသည် နောက်သို့သာ ဆုတ်လိုက်ရသည်။

ရှေးဟောင်းမိစ္ဆာတာကျား၏ ဟိန်းသံစွမ်းအားအောက်၌ ဝမ်လင်း၏ ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူသည် သွေးအန်လိုက်ရသည်။ သို့သော် သူ့အသွင်သည် ပို၍ ကြမ်းတမ်းလာတော့၏။

ဝေါင်း…။

ဝမ်လင်းသည် ကြမ်းကြုတ်သည့်ဟန်ပန်ဖြင့် ဒေါသတကြီး ဟိန်းသံ ပြု၏။ ဤအသံကား ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဟိန်းသံ ဖြစ်လေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်က အရူးအမူး ကြီးထွားလာသည်။ သည်အခိုက်အတန့်၌ သူသည် ရှေးဟောင်းနတ်ဘုရားတည်း ဟူသော သူ့အဆင့်အတန်းကို ဖုံးကွယ်မထားနိုင်မှာလည်း စိတ်ပူပန်မနေတော့ပေ။ သူ့ခန္ဓာကိုယ်မှာ ပေသောင်းချီအထိ မြင့်မားကြီးထွားလာ၏။ သူသည် လောကကိုပါ ထောက်ပံ့ထားသည့်အလား။

သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်ငါးလုံးသည် အလျင်အမြန် လှည့်လည်ကာ ပေါက်ကွဲထွက်လာသည့် ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့အား ခြုံလွှမ်းသည်။ ဟင်္သာငှက်တက်တူးကပါ သူနှင့်အတူ ပေါင်းစည်းလာဟန်ရကာ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်နှင့်အတူ ကြီးထွက်လာလေသည်။ သည်တက်တူးအမှတ်အသားက ဝမ်လင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရေးထွင်းထားသကဲ့သို့ပင်။ သည်ငှက်၏အမြှီးကတော့ သူ့မျက်နှာတလျှောက်တွင် ရှိ၏။ သည်အခိုက်အတန့်တွင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားနှင့် ဟင်္သာငှက်ကဲ့သို့ ထင်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset