အရှင်လေဟာနယ်သည် ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူ့ဒေါသကို အချိန်အတန်ကြာ ဖိနှိပ်ထားနေရပြီးနောက် သူသည် ဆက်ချုပ်တီးမထားနိုင်တော့ပေ။ ဤအခိုက်အတန့်တွင် သူသည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
“ခွေးကောင်လေး…ဒီနေ့ ငါ မင်းကို ရှင်လျက် အရည်ခွံ စုတ်ပစ်မယ်…”
ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်၏။ သူ့မျက်လုံးသည် အေးစက်နေသည်။
အရှင်လေဟာနယ်က ဝမ်လင်းနောက်သို့ လိုက်နေခိုက်တွင် မန္တာန်များနှင့် ပြည့်နှက်နေသော မြူနက်ထုသည် ရုတ်တရပ် ချဲ့ကားလာပြန်သည်။ သည်တစ်ကြိမ်၌ ရှေ့ဖြစ်ဟောသူ လွင့်ထွက်လာခြင်းပင်။ သူ့ဟန်ပန်က ဖြူရောနေသော်လည်း အခြေအနေဆိုးဝါးနေပုံတော့ မပေါ်ပေ။ သူ ထိုးထွက်လာချိန်၌ မြူနက်ထုသည် အနက်ရောင်အလင်းအဖြစ် ပြောင်းလဲကာ သူ့ထံသို့ တိုးဝင်လာချေ၏။
ရှေ့ဖြစ်ဟောသူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ထိုးထွက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညာလက်ဖြင့် ထိ၏။ သူ့မျက်ခုံးကြားကနေ ခုနစ်ရောင်စုံအလင်းတန်းတစ်ခု ထိုးထွက်ကာ ထိုအနက်ရောင်အလင်းနှင့် ထိပ်တိုက်တွေ့သည်။
ထိပ်တိုက်တွေ့ချိန်၌ ပေါက်ကွဲမှု ဖြစ်ပွားသွား၏။ ရှေ့ဖြစ်ဟောသူက ထိုအားကို အရှိန်ယူကာ နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်သည်။
သည်ရုတ်တရပ် ပြောင်းလဲမှုက အရှင်လေဟာနယ်၏ စိတ်ကို တုန်ခါစေသည်။ သို့ရာတွင် သူက ဝမ်လင်းကို သတ်ပစ်ဖို့ကိုတော့ လက်မလျော့ပေ။ သူက အမှန်တကယ် ပိုမြန်ဆန်စွာ လှုပ်ရှားလို့လာ၏။
ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုက ရှေ့ဖြစ်ဟောသူ ရှုံးနိမ့်သွားသည်ကို တွေ့မြင်ရသည့်အခါ သူ့မျက်နှာထက်၌ ထိတ်လန့်မှုတို့ ပြည့်နှက်လာ၏။ သူက နောက်သို့ ချက်ခြင်း ဆုတ်သည်။ သို့သော် သူ့အဖို့ နောက်ကျခဲ့ပေပြီ။
မြူနက်ထု၏ တဝီဝီလှည့်လည်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။ မြေပြင်တုန်ဟီးမှုသည် ဆက်တိုက် ပဲ့တင်ထပ်၏။ ထို့နောက် ခပ်အုပ်အုပ်အသံတစ်ခုနှင့်အတူ ပေလောသည် မြူနက်ထုအပြင်သို့ လွင့်ထွက်လာ၏။ သွေးများစွာ နေရာအနှံ့သို့ ပြန့်ကြဲကုန်သည်။ ပေလောပတ်လည်ရှိ ပြန့်ကြဲနေသော နတ်ဆိုးစွမ်းအင်သည် အမြန်စုစည်း၏။ သူ့မျက်လုံးထဲ၌ မကျေမနပ်မှုတို့ ပြည့်နှက်နေသည်။
သူ့နောက်တွင် မြူနက်ထုသည် မြန်ဆန်စွာ ကျုံ့လာ၏။ ချက်ခြင်းလိုလိုပင် မြူနက်ထုသည် ချပ်ဝတ်နှင့်ရှေးဟောင်းမိစ္ဆာအသွင်ထိ ပြန်ကျုံ့လာခဲ့သည်။
ရှေးဟောင်းမိစ္ဆာ၏ ညာလက်ထဲ၌ ပေသုံးဆယ်ခန့်ရှိ ဓားသွားနက်ကို ကိုင်ဆောင်ထားကာ ရှေ့သို့ ရွှေ့လျားလာသည်။ သူသည် မနှေးမမြန်ပင် လှမ်း၏။ ဒုတိယမြောက် ခြေလှမ်းလှမ်းလိုက်သည့်နောက် သူသည် ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုရှေ့သို့ ရောက်သွားခဲ့လေပြီ။
ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုက ကြောက်လန့်စွာ နောက်ဆုတ်ရန် ပြင်သည်။ သို့သော် သူ နောက်ဆုတ်ရန် ဟန်ပြင်ခိုက် ရှေးဟောင်းမိစ္ဆာသည် သူ့အား ဖြတ်ကျော်လှမ်းကာ အဘိုးအိုက ဓားသွားနက်၏ ဖြတ်သန်းခြင်းကို ခံလိုက်ရပေပြီ။
အံ့မခန်းထက်ရှသော စွမ်းအင်က အဘိုးအို၏အသွင်ကို ကြီးစွာ ပြောင်းလဲစေသည်။ သူက တွေးတောခြင်းပင် မပြုဘဲ သူ့ခြေထောက်အောက်ရှိ ဘူးသီးခြောက်ကို သူ့ရှေ့၌ ပိတ်ဆို့စေကာ သူ့ညာလက်ဖြင့် ဘူးသီးခြောက်ကို ရိုက်လိုက်၏။ သို့ရာတွင် ဘူးသီးခြောက်မှ မန္တာန်ထွက်ပေါ်ခါစမှာပင် ဓားသွားသည် ဖျပ်ခနဲ လင်းလက်ကာ ၎င်းဘူးသီးခြောက်ကို ထက်ပိုင်းပြတ်သွားစေ၏။ အဘိုးအိုသည် အောက်သို့ ငုံ့ကြည့်ရင်း မင်သက်မိသည်။မင်သက်နေရင်းဖြင့်ပင် သူ့ခန္ဓာကိုယ်ပါ နှစ်ပိုင်းဖြတ်ခံလိုက်ရတော့၏။
သူ့မူလစိတ်ဝိညာဉ်သည်လည်း ထွက်ပြေးရန်ပင် အချိန်မရလိုက်ပေ။ ထိုဓားသွားကာ သူ့ခန္ဓာကိုယ်အား ဖျက်စီးသွားခဲ့ပေပြီ။
ထိုအရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ရှေးဟောင်းမိစ္ဆာတာကျားသည် ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုအား ဖြတ်ကျော်လာပြီးနောက် ရပ်တန့်ခြင်း မရှိပေ။ အဘိုးအိုသည် ဓားသွားချက်ကြောင့် ပျက်စီးသွားခဲ့ရပေပြီ။
ထိုမြင်ကွင်းက လူတိုင်းအား လေအေးတစ်ချက် ရှိုက်သွင်းမိစေ၏။ ဝတ်စုံနက်နှင့်လူက ပို၍ ထိတ်လန့်လာကာ သူက ပိုမြန်ဆန်စွာ လွတ်မြောက်ရန် ပြေး၏။
ဓားသွားထက်မှ သွေးစက်များ တစက်စက် ကျဆင်းနေသည်။ ရှေးဟောင်းမိစ္ဆာသည် ပေလောနောက်သို့ ထပ်လိုက်လာ၏။
“ပေလော…အတိတ်တုန်းက ငါ မင်းကို မသတ်ခဲ့တာဟာ ငါတို့ဘိုးဘေးတွေက တချိန်တည်းက တူညီတဲ့ကလန်က ဖြစ်ခဲ့တာကြောင့်ပဲ။ ဒါပေမယ့် မင်းက သေချင်လို့ ဒီမိစ္ဆာရှိ ရောက်လာခဲ့မှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…” “သေလိုက်…အတိတ်တုန်း ငါတို့ သဘောတူညီချက်ဟာ ငါကက ချင်းလင်ရဲ့ ခန္ဓာကိုယ်ကိုယူ၊ မင်းက မှတ်ဉာဏ်တွေကို ယူဖို့ ဖြစ်တယ်။ မင်းသာ ငါတို့ သဘောတူညီချက်ကို မချိုးဖောက်ခဲ့ရင် ဒီခန္ဓာကိုယ်ဟာ ငါ့ဟာ ဖြစ်နေလောက်ပြီ…”
ပေလောသည် ထိုသို့ အော်ဟစ်ရင်း နောက်ဆုတ်နေ၏။
ချပ်ဝတ်နှင့် ရှေးဟောင်းမိစ္ဆာက လှောင်ပြုံးပြုံး၏။ သူက ဓားသွားကို ကိုင်ထားရင်း ပြောလာသည်။ “ဒါက ငါနဲနဲ ပိုပြီး လက်သွက်သွားခဲ့လို့။ ငါသာ နောက်ကျသွားခဲ့ရင် ငါတို့ရဲ့ အနေထားက အခုနဲ့ ပြောင်းပြန် ဖြစ်နေလောက်ပြီ…”
သူက ထိုသို့ ပြောလိုက်ရင်း သူ့လက်ထဲရှိ ဓားသွားကို ပေလောထံသို့ ပိုင်းချသည်။
“ဒီမိစ္ဆာအတွက် မင်းရဲ့ နတ်ဆိုးစိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်စမ်း…”
တုန်လှုပ်ဖွယ် ဓားသွားသည် လောက၌ ပေါ်လာ၏။ သည်ဓားသွားချက်က ကောင်းကိုကိုပါ ထက်ပိုင်းခြမ်း စေမလား မှတ်ထင်ရသည်။ ရှေးဟောင်းမိစ္ဆာ ပိုင်းချလိုက်ချိန်၌ မိုးကြိုးခြိမ်းတမျှ တုန်ဟီးသံကိုပါ ကြားရလေ၏။
ပေရာချီ ဓားသွားစွမ်းအင်တန်းသည် ရုတ်တရပ် ထွက်ပေါ်ကာ ပေလောအား ကြမ်းတမ်းစွာ ရိုက်ချလာသည်။ ထိုအဖြစ်က ပေလော၏အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သည်ဓားသွားမှာ မြန်လွန်းလှကာ သူ့ထံသို့ မကျရောက်လာခင် ရှောင်တိမ်းဖို့ အချိန်မလောက်ပေ။
ဓားသွားစွမ်းအင်သည် ပေလော၏ခန္ဓာကိုယ်ကို ထွင်းဖောက်လာကာ မြေပြင်ထက်သို့ ကျရောက်၏။ ပြိုပျက်နေသော မြေပြင်ထက်မှ တုန်ဟီးသံ ဓားသွားချက်ကြောင့် ခပ်နက်နက်လျှိုတစ်ခုပင် ပေါ်လာရတော့သည်။
ပေလော၏ခန္ဓာကိုယ်သည် ထက်ပိုင်းခြမ်း ခံရကာ အသွေးအသားပုံသို့ ပျက်စီးရသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ် ပျက်စီးနေရင်း လေထဲသို့ အစိမ်းရောင်နတ်ဆိုးအလင်းသည် ပျံသန်းထွက်လာကာ ချက်ခြင်းပင် ပေတစ်ထောင်ခန့်ရှိသည့် ရှေးဟောင်းနတ်ဆိုးတစ်ပါးအသွင်သို့ ပြောင်းလဲသည်။
ဤသည်ကား ရှေးဟောင်းနတ်ဆိုးပေလော၏ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်၏။ သူ ပေါ်လာချင်းချင်း သူသည် တုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် နောက်ဆုတ်တော့သည်။ ရှေးဟောင်းမိစ္ဆာက အေးစက်စက် နှာခေါင်းရှုံ့ကာ ဓားသွားနှင့်အတူ နောက်သို့ လိုက်တော့၏။ အခြားသူများကတော့ သူ့အတွက် ချိုးခြောက်နိုင်သည်ဟု မယူဆပေ။ ရှေးဟောင်းနတ်ဆိုးအပြင် သူ အာရုံစိုက်သည့် အခြားတစ်ယောက်ကတော့ ရှေးဟောင်းနတ်ဘုရားအော်ရာနှင့် ရောနှောနေသည့်သူပင်။
ရှေးဟောင်းမိစ္ဆာတာကျားက ပေလောနောက်သို့ လိုက်နေရင်း သူသည် အကွာအဝေးတစ်ခုရှိ ပေလောထံသို့ အေးစက်စက် လှမ်းကြည့်သည်။
ဝမ်လင်းသည် ခွေးရူးတစ်ကောင်ကဲ့သို့ သူ့နောက်သို့ လိုက်လာနေသော အရှင်လေဟာနယ်ထံကနေ ရှောင်နိုင်ရန် အမြန်သွားနေ၏။ သို့သော် သူ့အမြန်နှုန်းသည် အရှင်လေဟာနယ်နှင့် မယှဉ်သာပေ။ သည်လို သေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်းက တက်တူးကလန်၏ ခြောက်သွေ့တက်တူးကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်ပေါ်သို့ နေရာချလိုက်သည်။ ထိုအရာက သူ့ အမြန်နှုန်းကို အထွတ်အထိပ်သို့တိုင် ချက်ခြင်း ရောက်ရှိသွားစေသည်။
“နန်းတော်ရှိတဲ့နေရာကို သွား။ ငါ့ဇနီးက အဲ့မှာ ရှိတယ်…။ သူမဟာ ဆရာရဲ့ခန္ဓာကိုယ် ပိုင်စိုးခြင်းမခံရခင်က သတိဝင်နေခဲ့တယ်။ ဒါ့ကြောင့် သူမဟာ ဆရာ့ရှိကနေ သတင်းစကား တစ်ခုခု ရရှိခဲ့မှာ ကျိန်းသေတယ်…” ဝမ်ဝေ၏အသံသည် ဝမ်လင်းနောက်ကနေ ထွက်ပေါ်လာ၏။ သူ့ဒဏ်ရာများသည် လုံးဝ ကုသပြီးခဲ့ပြီး ဖြစ်၏။ စကားပြောလိုက်ပြီးနောက် သူသည် ဝမ်လင်းကို ထားခဲ့ကာ အရှင်လေဟာနယ်ထံသို့ တိုးဝင်သွားတော့သည်။
ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမရှိ သူ့ဦးတည်ရာကို ချက်ခြင်း ပြောင်းသည်။ သူသည် ဖျပ်ခနဲပင် ပြိုပျက်နေသော နန်းတော်ရှေ့သို့ ရောက်ရှိလာ၏။ သူ့နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ သူသည် သတိမေ့နေသော ဟူကျွမ်ကို တွေ့ရသည်။
သူ ဟူကျွမ်နားသို့ ရောက်သွားချိန်တွင် ဝမ်လင်းသည် သူ့လက်ထဲသို့ မီးမူလစွမ်းအင်အချို့ကို စုစည်းစေကာ သူမ၏ မျက်ခုံးနှစ်ခုကြားထဲသို့ တုံ့ဆိုင်းခြင်းမရှိ လက်ညွှန်သည်။ မီးစွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားကာ သူမနား နိုးထသတိဝင်လာစေ၏။
“စီနီယာ…ကျေးဇူးပြုပြီး ဒီနေရာကနေ ထွက်ခွာဖို့ လမ်းကြောင်းတစ်ခု အမြန်ဖွင့်ပေးပါ…” ဝမ်လင်းသည် ရှင်းပြနေဖို့ အချိန်မရှိပေ။ သူက ဟူကျွမ်နိုးထလာသည်နှင့် သတင်းစကားတစ်ခုကို သူမထံသို့ အမြန်ပို့လိုက်ရသည်။
ဟူကျွမ် နိုးထလာသည့်နောက် သူမ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတစ်ခု ရှိနေသည်။ သို့သော် သူမသည် အမြန် ပြန်ကောင်းမွန်လာသည်။ သူမသည် မတ်တပ်ထရပ်ကာ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို အမြန်ဖြစ်စေသည်။ထို့နောက် သူမသည် ကောင်းကင်ထက်သို့ လက်ညွှန်သည်။ တုန်ဟီးသံသည် ကောင်းကင်ယံအနှံ့ ပဲ့တင်ထပ်သည်။ထို့နောက် အလင်းတိုင်ခြောက်ခုသည် ဟူကျွမ်၏ ပေတစ်ရာအတွင်းကနေ ထိုးထွက်ကာ ပေါ်လာသည်။
အကွာအဝေးတစ်ခုရှိ ဝမ်ဝေသည် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရေလိုက်ကာစကို ဖန်တီးပြီး အရှင်လေဟာနယ်ကို ပိတ်လှောင်စေသည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်နေ၏။ သို့သော် သူ့အတွက် တိုက်ခိုက်နေဖို့ အချိန်ရှိမနေပေ။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ပိတ်လှောင်နေသည့် အရှင်လေဟာနယ်ကို ပိတ်လှောင်ထားသည့် ရေလိုက်ကာစသည် မရေမတွက်နိုင်သော ဓားများအဖြစ်သို့ ပြောင်းလဲ၍ ကျုံ့လာ၏။ ထိုတိုက်ခိုက်မှု ရလဒ်ကို စောင့်မနေဘဲ ဝမ်ဝေသည် ဟူကျွမ်နှင့်ဝမ်လင်းတို့နားတွင် ချက်ခြင်း ပေါ်လာတော့သည်။ အလင်းတိုင်သည် တလက်လက် တောက်ပနေ၏။ သည့်နောက် သူတို့သုံးယောက်သည် အလင်းတိုင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
တချိန်တည်းမှာပင် ဝတ်စုံနက်နှင့်လူသည်လည်း အထိတ်တလန့်ဖြင့် ရောက်ရှိလာ၏။ သူလည်း အလင်းတိုင်လုံးများထဲသို့ တိုးဝင်ကာ ပျောက်ကွယ်လို့သွားသည်။
အရှင်လေဟာနယ်၏ ခန္ဓာကိုယ်သည် ရေဓားများဖြင့် ခြုံလွှမ်းထားခြင်း ခံရ၏။ ၎င်းဓားများသည် သူ့ထံသို့ ထိုးစိုက်လာကြရင်း သူသည် မာန်သွင်းဟစ်အော်လိုက်ရာ အဝါရောင်မြေမုန်တိုင်းတစ်ခု ပေါ်လာသည်။ ထိပ်တိုက်တွေ့သံများ ဖြစ်ပေါ်ကာ သူသည် ဓားတိုက်ချက်များကို ပိတ်ဆို့၏။ သို့သော် သူသည် သွေးအန်လိုက်ရပေသည်။ ထိုအဖြစ်က သူ့အား အေးစိမ့်တုန်ယင်သွားစေ၏။ သူသည် ဒေါသထွက်ကာ ရူးသွပ်နေသော အခြေအနေကနေ ပြန်နိုးထာလာတော့သည်။
သူက သည်လိုမျိုး သေရေးရှင်ရေး အခြေအနေ၌ သူ့သတ်ဖြတ်ချင်စိတ်အား ထိန်းချုပ်ထားရာကနေ လွတ်ထွက်၍ ဘာကြောင့်များ တိုက်ခိုက်ခဲ့ရသနည်း။ သူသည် အနည်းငယ် ဂရုမစိုက်မိသည်နှင့် သည်နေရာတွင်ပင် သေဆုံးသွားရပေလိမ့်မည် မဟုတ်လော။
အရှင်လေဟာနယ်၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ခါးသီးမှုတို့သာ ပြည့်နေ၏။ သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲပင် အလင်းတိုင်များထံသို့ ဦးတည်သွားတော့သည်။ ရှေ့ဖြစ်ဟောသူကတော့ မမျှော်လင့်စွာ ပျောက်ကွယ်သွားခဲ့ပေ၏။ သူ မည်သည့်နေရာသို့ ထွက်သွားသည်ကို မည်သူမျှ မသိပေ။
“အစောပိုင်းတုန်းက ငါက ငါ့ကိုယ်ငါ ထိန်းချုပ်မှု လွတ်သွားတာကို သတိပြုမိခဲ့တယ်။ ဒါပေမယ့် အခုတော့ သေချာပြီ…ပထမကောင်းကင်ဘုံဒုက္ခက ခုလောက် မြန်မြန် ရောက်ရှိလာခဲ့လိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” အရှင်လေဟာနယ်သည် ပြောပြောဆိုဆိုဖြင့် အလင်းတိုင် ရှိရာသို့ တဟုန်ထိုး ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
ရှေးဟောင်းမိစ္ဆာ၏ လိုက်ခံခြင်းကို ခံနေရသော ရှေးဟောင်းနတ်ဆိုးပေလောသည် ဒေါသတကြီး အော်ဟစ်၏။ သူက သည်နန်းတော်ကနေ ထွက်ခွာရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တွေ့မြင်သည်နှင့် ထိုနေရာသို့ တရကြမ်း သွားရောက်သည်။ သို့ရာတွင် သူ အစီအရင်နား ရောက်သွားခါနီးမှာပင် သူ့နောက်သို့ လိုက်လာသော ရှေးဟောင်းမိစ္ဆာသည် သွေးဆာသောအကြည့်ကို ထုတ်ဖော်၏။ သူက သူ့လက်ထဲရှိ ဓားကို ပစ်လွှတ်ကာ သူ့လက်နှစ်ဖက်ကို ရုတ်တရပ် ဖြန့်ကားလိုက်သည်။
“စိတ်ဝိညာဉ်အားလုံးကို ဝါးမြိုသော မိစ္ဆာ…” သူက ထိုသို့ အော်ဟစ်လိုက်ရင်း သူ့ပတ်လည်ရှိ ချပ်ဝတ်သည် အဆုံးမသတ်သည့် မြူနက်ထုကို ထုတ်လွှတ်ကာ ထိုမြူနက်ထုသည် လောကကို တစ်ဖန် ပြည့်နှက်လာစေသည်။ မြူနက်ထုသည် ဧရာမမြင်းအသွင်သို့ ပြောင်းကာ ထွက်ပြေးနေသော ပေလောအား ရက်စက်စွာ ဝါးမြိုရန် တာဆူသည်။
ပေလောသည် နာကျင်စွာ ငြီးငြူလိုက်ရ၏။ သည့်နောက် သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်သည် ဝါးမြိုခြင်း ခံလိုက်ရ၏။ ကျန်တစ်ဝက်သည် သာမန်လူအရွယ်အစားသို့ ပြောင်းလဲသွားတော့၏။ထို့နောက် သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
မြူနက်ထုသည် ပေလော၏ စိတ်ဝိညာဉ်ခန္ဓာ တစ်ဝက်ကို မြန်ဆန်စွာ စုပ်ယူ၏။ ထို့နောက် မြူနက်ထုသည် တာကျားအား ဝန်းရံကာ နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသည်။ ၎င်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံသို့ တရကြမ်း တိုးဝင်ကာ ကောင်းကင်ယံထိ ဦးတည်သည်။
သူ ဆန်တက်လာချိန်၌ ကောင်းကင်သည် ကြေမွကာ ပွင့်ဟရသည်။
“မင်းတို့အားလုံး ဘယ်သူမှ မလွတ်နိုင်ဘူး…”
ဝမ်လင်းနှင့် တိမ်ကောင်းကင်စုံတွဲတို့ သုံးယောက်သည် ရှစ်ထပ်မြောက်ထပ်ရှိ နန်းတော်တွင် ချက်ခြင်း ပေါ်လာ၏။ ဟူကျွမ်က မြန်ဆန်စွာ ပြောလိုက်၏။ “အစောပိုင်းတုန်းက ဆရာ ငါ့ကို ပြောခဲ့တဲ့အချိန်မှာ သူက စကားတစ်ခွန်းသာ ဆိုခဲ့တယ်…”
“မိုးကောင်းကင်ဘုံနယ်မြေ ကျောင်းတော်…မူလစိတ်ဝိညာဉ်သလင်းကျောက်…ချင်းရှောင်ရဲ့ သွေး…”
ဝမ်ဝေ၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူ စကားမဆိုခင်မှာပင် ဝတ်စုံနက်နှင့်လူ နှင့် အရှင်လေဟာနယ်တို့သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ ထွက်လာကြ၏။ တချိန်တည်းမှာ ရှေးဟောင်းနတ်ဆိုးပေလော၏ ထိတ်လန့်နာကျင်နေသော စိတ်ဝိညာဉ်ခန္ဓာကိုယ်လည်း ပေါ်လာသည်။
သည့်အပြင် ဤအခိုက်အတန့်၌ လူတိုင်း ရပ်နေသော အောက်ရှိ မြေကြီးထုသည် ပြိုပျက်လာ၏။ မြေပြင်ထု ပြိုပျက်နေရင်း မိစ္ဆာစွမ်းအင်အမျှင်တန်းများမှာ အက်ကြောင်းထဲကနေ ထွက်ပေါ်လာ၏။ မြေကြီးထုသည် လုံးဝ ပျက်စီးသွားချိန်၌ မိစ္ဆာစွမ်းအင်မှ ဖြစ်ပေါ်လာသော နဂါးသည် တရကြမ်း ထိုးထွက်လာသည်။ ၎င်းက ပါးစပ်ဟကာ လူတိုင်းကို ဝါးမြိုပစ်ရန် ဟန်ပြင်သည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် စိတ်ထဲ၌ ဟူကျွမ်၏ စကားများကို ပြန်ကြားယောင်၏။ ချင်းရှောင်ရဲ့သွေး…ချင်းရောင်ရဲ့သွေး…။
မိစ္ဆာနဂါး ရောက်ရှိလာခိုက် ဝမ်လင်းသည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံစေတီ ပေါ်လာ၏။ ထိုစေတီမျှော်စင် မည်မျှ အဖိုးတန်သည်ကို ဂရုမစိုက်နိုင်တော့ဘဲ ဝမ်လင်းက သူ့လက်ဝါးဖြင့် ၎င်းကို ရိုက်ချကာ ပျက်စီးစေရာ သူ့ရှေ့၌ ချင်းရှောင်၏ခန္ဓာကိုယ် ပေါ်လာတော့သည်။
“ကျနော် တောင်းပန်ပါတယ်…” သူက ကျောက်ရီကို စိတ်ထဲကနေ တောင်းပန်၏။ ဝမ်လင်းသည် ချင်းရှောင်၏ လက်ညှိုးထိပ်မှ သွေးတစ်စက်ညှစ်ချလိုက်၏။ ထို့နောက် သူက ၎င်းသွေးစက်ကို သူတို့ရှေ့ရှိ မိစ္ဆာနဂါးထံသို့ ချက်ခြင်း ပစ်လွှတ်လိုက်သည်။
***