Switch Mode

အပိုင်း(၁၁၁၃)

ရှေ့ဖြစ်ဟောသူ၏ လက်ချောင်းသည် ကောင်းကင်ထက်ကနေ သက်ဆင်းလာ၏။ ရှေးဟောင်းနတ်ဆိုးပေလောက သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့နောက်ရှိ ရှေးဟောင်းနတ်ဆိုးအရိပ်သည် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာလာ၏။ ထိုအရိပ် ပတ်လည်၌ ပုံရိပ်ယောင်အလံငယ် (၂၄)လက်ရှိသည်။

ရှေးဟောင်းနတ်ဆိုးက ရှေ့သို့ လက်ညွှန်ရာ အလံငယ်(၂၄)လက်သည် အံ့မခန်းဖိအားကို ထုတ်လွှတ်လာသည်။ ရှေးဟောင်းနတ်ဘုရားနှင့် ရှေးဟောင်းမိစ္ဆာပုံရိပ်ယောင် အမျိုးမျိုးတို့ ပေါ်ထွက်လာ၏။ ရှေးဟောင်းအချိန်တွေတုန်းက ကြမ်းကြုတ်လှသော သားရဲအချို့လည်း ပါရှိသည်။

၎င်းတို့သည် ကောင်းကင်ယံတွင် ပြည့်သည်။

မန္တာန်မျိုးစုံသည် ခုချိန်တွင် နန်းတော်အပြင်ဘက်သို့ ကောင်းကင်ယံကနေ ကျဆင်းလာချေပြီ။ အရှင်လေဟာနယ်သည် အံတင်းတင်း ကြိတ်၏။ သူက တိုက်ခိုက်ရန် ပြင်သည်။ သို့သော် သူသည် ဝမ်လင်းသည် နေရာတွင် ရှိနေသည်ကို သဘောပေါက်ရာ ချက်ခြင်း ပြန်ရပ်တန့်သည်။

ဝတ်စုံနက်နှင့်လူက မလှုပ်ရှားပေ။ သို့သော် သူ့မျက်လုံးထဲတွင် လောဘအရိပ်အယောင် ရှိ၏။ သည်နန်းတော်အတွင်း၌ ဒဏ်ရာရနေသော ကောင်းကင်ဘုံအင်ပါယာချင်းလင် ရှိလို့နေသည်။ ရှေးဟောင်းမိစ္ဆာပါ သည်နေရာတွင် ရှိနေခဲ့လျှင်ပင် သူတို့ဘက်၌ လူပိုများ၏။ သူတို့သည် အစွမ်းမထက်သည့် ကျင့်ကြံသူဟူ၍ မရှိကြပါ။ ထို့ကြောင့် ရှေးဟောင်းမိစ္ဆာသည်ပင် စိုးရိမ်ကြောက်လန့်ရပေမည်။

“ချင်းလင်ရဲ့ သွေးသုံးစက်ရရင် ငါ့တာဝန် ပြီးပြီ။ အဲ့ကျရင် အရှင်က ငါ့ကျင့်ကြံမှုအဆင့် တိုးတက်ဖို့အတွက် ငါ့ကို ကူညီပေးလိမ့်မယ်…”

ဘူးသီးခြောက်ပေါ်ရှိ အဘိုးအို၏ မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူသည် တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။ ထို့နောက် သူ့မျက်လုံးထဲတွင် လောဘတတ်သည့်အရိပ်အယောင် ပေါ်လာ၏။ သူသည် သည်နေရာသို့ ရှေ့ဖြစ်ဟောသူနှင့်အတူ လာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူ့အတွက် ပြဿနာအများကြီး မကြုံတွေ့ခဲ့ရပေ။ သည့်အပြင် သူသည် ချင်းလင်ထံမှ တတိယအဆင့်သို့ ရောက်ရှိနိုင်မည့် လျှို့ဝှက်ချက်ကို ရရှိလိုခြင်းကြောင့် သည်နေရာသို့ လာခြင်းမဟုတ်ပေ။ ချင်းလင်၏ ကောင်းကင်ဘုံမန္တာန်များကို ရရှိလိုခြင်းကြောင့်သာ ဖြစ်၏။

ရှေ့ဖြစ်ဟောသူ၊ပေလောနှင့်ဝမ်ဝေတို့၏ မန္တာန်များ ကျဆင်းလာချိန်၌ ပြင်းထန်သော တုန်ဟီးသံများ ဖြစ်ပေါ်ကာ မြေပြင်ထက်တွင် မရေမတွက်နိုင်သောအက်ကြောင်းများ ဖြစ်ကုန်လေ၏။

ရှေ့ဖြစ်ဟောသူ၏ လက်ချောင်း ကျရောက်လာချိန်၌ မြေပြင်တစ်ခုလုံးသည် ပြိုပျက်ကာ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူပင် စတင် တုန်ခါလာရ၏။ လှိုဏ်ဂူကိုးထပ်လုံးကိုပါ သက်ရောက်မှု ရှိသည်။

ပေလော၏ အလံများမှ ဆင့်ခေါ်သည့် မြောက်များစွာသောပုံရိပ်ယောင်များကိုပါ ထည့်ပေါင်းပါက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူသာမက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခုလုံးပါ တုန်ခါကုန်၏။

မြေပြင်ပြိုလဲမှုသည် ကိုးထပ်မြောက်သည် အပျက်အစီးပုံသို့ ပြောင်းသွားစေလေ၏။ အစွမ်းထက်မန္တာန်သုံးခု ကျဆင်းလာချိန်တွင် ပေလော၏ ရှတတအသံသည် အရူးအမူး ဟိန်းထွက်လာသည်။ ထို့နောက် နန်းတော်ပတ်လည်ရှိ မြူနက်အားလုံးသည် အစွမ်းထက်လှသည့် သုံးယောက်ထံသို့ တိုးဝင်လာချေတော့သည်။

ဝုန်း…၊ဝုန်း…၊ဝုန်း…။

တောလဲသံများ မြည်ဟိန်းပဲ့တင် ထပ်၏။ ဝမ်လင်းနှင့် လင်းထျန်ဟူတို့သည် ရှေ့သို့ အလျင်အမြန် ပျံသန်းလာကြ၏။ သူတို့ အနား မရောက်ခင်မှာပင် သူတို့သည် ရှေ့တည့်တည့်မှ အံ့မခန်းဖိသိပ်အားကို ခံစားလိုက်ရသည်။

သို့ရာတွင် မန္တာန်များနှင့် မြူနက်ထုတို့ ထိပ်တိုက် တွေ့ချိန်၌ လောကသည်ပင် အရောင်ပြောင်းလဲကာ ရှစ်ထပ်မြောက်ရှိ နောက်ဆုံးလက်ကျန် ဖယောင်းတိုင်သည် ခဏတာ ရုန်းကန်ပြီး ငြှိမ်းသေသွားတော့သည်။

ထိုဖယောင်းတိုင် ငြှိမ်းသေသွားသည်နှင့် ပုလ္လင်ထက်ရှိ သက်လတ်ပိုင်းလူ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းသည် ပျောက်ရှသွားသည်။ထို့နောက် မိစ္ဆာစွမ်းအင်များသည် တရကြမ်း ထွက်လာကာ သည်နေရာတစ်ခုလုံးကို သိမ်းပိုက်သွားချေ၏။

ချက်ခြင်းလိုလိုပင် ထိုလူသည် ခေါင်းမော့လာ၏။ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှု ပျောက်ကွယ်ကာ ကြောက်မက်ဖွယ်မိစ္ဆာမီးတောက်တစ်ခုက အစားထိုးသွားသည်။ ခုချိန်၌ သူ့ဘယ်မျက်လုံးထဲတွင် ကြယ်ရှစ်လုံး မြန်ဆန်စွာ လှည့်ပတ်နေချေပြီ။ သူက တဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ သုန်မှုန်စွာ ပြုံး၏။

သူသည် ဤနေရာ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ထိုင်လျက်ရှိနေကာ သည်နှစ်များအတွင်း သူ့ခန္ဓာကိုယ်သည် တစ်လက်မပင် ရွှေ့လျားခြင်း မရှိခဲ့ပေ။ သို့ရာတွင် သည်အခိုက်အတန့်၌ သူသည် လှုပ်ရှားလာခဲ့ပေပြီ။

သက်လတ်ပိုင်းလူသည် မတ်တပ်ရပ်လာချိန်တွင် မိစ္ဆာစွမ်းအင်များသည် လှိုင်ထွက်လာ၏။ သူ ရှိနေသော နန်းတော်၌ မရေမတွက်နိုင်သောအက်ကြောင်းများစွာ ပေါ်လာသည်။ထို့နောက် နန်းတော်တစ်ခုလုံးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ နေရာအနှံ့ပြန့်ကြဲကုန်သည်။

မြူနက်ထုသည်ပင် ပြိုပျက်နေသော နန်းတော်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာကာ သက်လတ်ပိုင်းလူထံသို့ တိုးဝင်လာတော့သည်။ သူ့ခန္ဓာကိုယ်ထက်၌ ရုတ်တရက် အနက်ရောင်ချပ်ဝတ်တစ်ခု ပေါ်လာလေသည်။

သည်အခိုက်အတန့်၌ ဝမ်ဝေသည် နန်းတော်ပျက်စီးမှုကို တွေ့မြင်၏။ သူသည် နန်းတော်အပျက်ထဲမှ ပုံရိပ်တစ်ခုကိုလည်း တွေ့မြင်ပေသည်။ သူ့မျက်လုံးထဲတွင် တုန်လှုပ်နာကျင်မှုတို့ ပြည့်နှက်လာချေ၏။

“ဆရာ…”

ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲ၌ ရူးသွပ်မှုအရိပ်အမြွက် ဖြစ်ပေါ်သွားသည်။ သူသည် ယနေ့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည် မဟုတ်လော။

အခြားတစ်ဘက်၌ ပေလောသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာသည်။

“ သူက ခန္ဓာကိုယ်ပိုင်စိုးခြင်းဖြစ်စဉ်ကို ခုမှ အပြီးသပ်တာ။ သူက ဒါကို ခုထိ အထိုင်ကျအောင် မလုပ်နိုင်သေးဘူး။ ငါ သူ့ကို သူ့စွမ်းအားနဲ့ အသားကျသွားစေဖို့ ခွင့်ပြုပေးလို့ မရဘူး…”

သက်လတ်ပိုင်းလူက မတ်တပ်ရပ်လိုက်သည့်အခိုက်အတန့်တွင် လှိုဏ်ဂူရှစ်ထပ်ရှိ အတားအဆီးအားလုံးသည် တလက်လက် ဖြစ်ကုန်ကြပြီးနောက် ပြိုပျက်ကုန်ကြသည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က သူ မတ်တပ်ရပ်လိုက်ချိန်တွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည်ပင် ကြီးစွာ ပြောင်းလဲကုန်သည်။ နတ်ဆိုးစွမ်းအင်အားလုံးမှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ လွင့်ပြယ်ခဲ့ပြီး ဖြစ်ကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ အဖြစ် ပြန်ပြောင်းသွားခဲ့ပြီး ဖြစ်၏။ သို့ရာတွင် သည်အခိုက်အတန့်၌ အတောမသတ်နိုင်သည့် မိစ္ဆာစွမ်းအင်တို့သည် ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ ဝါ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထက်ရှိ ကောင်းကင်တစ်ခွင်တွင် လွှမ်းခြုံသွားတော့၏။

ခုမှ ပြန်ကောင်းမွန်ခါစ ကောင်းကင်ဘုံသားရဲများသည် ထိုမိစ္ဆာစွမ်းအင်၏ ခြုံလွှမ်းရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ မိစ္ဆာစွမ်းအင် ဖြတ်သန်းသွားသည်နှင့် ၎င်းတို့သည် အလွန်အမင်း သွေးဆာ ကြမ်းကြုတ်သော သားရဲများ ဖြစ်လာကြတော့သည်။

ယခင် ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ၊ ယခု နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ကြယ်ရောင်စုံကောင်းကင်ထက်၌လည်း မိစ္ဆာစွမ်းအင်နှင့် ပြည့်နှက်လာချေသည်။ ၎င်းစွမ်းအင်က ဧရာမပုံရိပ်ယောင်မိစ္ဆာအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ မောက်မာစွာ ရယ်မော၏။

ထိုရယ်သံသည် တိတ်ဆိတ်၏။ သို့သော် ၎င်းရယ်သံသည် မဟာမိတ်အဖွဲ့အစည်းတစ်ခုလုံးကို ခြုံလွှမ်းသွားပေသည်။ ဤအရာကား အံ့မခန်းစွမ်းအား အမျိုးအစားပင်။ တစ်နှစ်လောက် ကြာမြင့်ပြီ ဖြစ်သော မဟာမိတ်နှင့်အလုံးစုံကောင်းကင်တို့ကြား စစ်ပွဲသည် ဆက်လက် ဖြစ်နေဆဲပင်။ ထိုစစ်ပွဲအတွင်း မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးခဲ့ရသည်။ သို့သော် ရက်စက်သည့် တိုက်ပွဲများက ဘက်နှစ်ဘက်လုံးမှ လူများကို သတ်ဖြတ်ပွဲကြီးကြောင့် နီရဲနေစေသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ ကျင့်ကြံသူအမြောက်အများ ရောက်ရှိလာကြသလို မဟာမိတ်မှ ကျင့်ကြံသူအားလုံးနီးပါးသည်လည်း မဟာမိတ်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေသို့ လာနေကြသည်။ မြောက်ပိုင်းနယ်မြေတခွင်သည် သွေးညှီနံ့ ဖုံးနေချေ၏။

အရှင်မီးတောက်သည်ပင် သတ်ဖြတ်ခြင်း၌ ရူးသွပ်လုနီးပါး ဖြစ်နေ၏။ သို့ရာတွင် သည်နှစ်ဘက်လုံး သတ်ဖြတ်ခြင်း၌ နစ်မြုပ်နေကြစဉ် ထိုတိတ်ဆိတ်သောရယ်သံက ဖြတ်ကျော်သွား၏။ အရှင်မီးတောက်သည် မင်သက်သွား၏။ သူနှင့် တိုက်ခိုက်နေသော မမဟာမိတ်မှအကြီးအကဲသည်ပင် ထိုရယ်သံကြောင့် ပင့်သက်ရှိုက်မိသွားသည်။

သူတို့သာမက ပတ်ဝန်းကျင်ရှိ သာမန်ကျင့်ကြံသူအားလုံးသည်လည်း စတင် တုန်ယင်မိကြ၏။ သို့သော် သူတို့သည် အကြောင်းရင်းကို မသိကြပေ။

မဟာမိတ်၏ ဌာနချုပ်၌ ဝမ်ဝေနှင့်ဟူကျွမ်တို့လို အသက်ရှင်ကျန်ရစ်သော ကောင်းကင်ဘုံသားအချို့ ရှိနေ၏။ သူတို့သည် မဟာမိတ်၏ ကျောထောက်နောက်ခံများ ဖြစ်ကြသည်။ သူတို့က မြောက်ပိုင်းနယ်မြေရှိ တိုက်ပွဲသို့ ဝင်ရောက်ရန် ဦးတည် ပြင်နေကြသည်။

သို့သော် ထိုရယ်သံက သူတို့နားထဲသို့ ဖြတ်သန်းသွား၏။ သည်ကောင်းကင်ဘုံသားများ၏ အသွင်အပြင်သည် ကြီးစွာ ပြောင်းလဲကုန်၏။ သူတို့၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ပြည့်သွားသည်။

“ ဒီ…ဒီအသံက…”

“ကောင်းကင်ဘုံအင်ပါယာချင်းလင်…”

မဟာမိတ်ဌာနချုပ်အတွင်းရှိ ဝဲကတော့အထက်မှ ဂြိုဟ်ပေါ်ရှိ လျှို့ဝှက်ခန်းထဲမှ သက်လတ်ပိုင်းလူသည်ပင် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် ခန်းစီထက်ရှိ ခေါင်းလောင်းသည် ဘန်းခနဲ ရုတ်တရပ် ပေါက်ကွဲသွားသည်။

“ ကောင်းကင်ဘုံအင်ပါယာ…”

တချိန်တည်းမှာပင် တောက်ပသောဟင်းလင်းပြင်နယ်မြေ၌ ဝမ်လင်းကို ဦးဆုံး သတိပြုမိခဲ့သည့် အဘိုးအိုသည်လည်း ရုတ်တရက် ခေါင်းမော့ကြည့်၏။ သူ့အကြည့်သည် အကွာအဝေးတစ်ခုကို ထွင်းဖောက်ကာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ကြည့်နေသကဲသို့ ထင်ရသည်။ သူ့အသွင်သည် အလွန် အလေးအနက် ဖြစ်နေ၏။ သူ့ဘေး၌ အေးစက်စက်နှင့် တောက်ပသောလေဟာနယ်သခင်မှ မူပင်းမေရှိနေကာ သူမသည်လည်း မင်သက်သွားသည်။

“ သူ နိုးထလာခဲ့ပြီ။ မဟုတ်ဘူး..ဒါ သူ မဟုတ်ဘူး…” အဘိုးအို၏အသွင်သည် ပြောင်းလဲသွား၏။ သူ့အသွင်ဟန်ပန်ထဲ၌ စိတ်သက်သာရာရမှု အရိပ်အယောင်၊ အတိတ်ကို ပြန်အောက်မေ့မှု အငွေ့အသက် အပြင် စိတ်ပျက်မှုအရိပ်အမြွက်လည်း ပါဝင်နေပေသည်။

မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် နတ်လေးပါးကလန် ပိုင်ဆိုင်သည့် လောင်ကျွမ်းနေသောကြယ်နယ်မြေရှိ၏။ ထိုနေရာသည် တားမြစ်နေရာပင်။ ထိုကြယ်နယ်မြေ၏အတွင်းနက်ပိုင်းတွင် ပေတစ်ရာလောက်ကျယ်ပြောသည့် အဖြူရောင်ကျောက်တုံးတစ်ခု ရှိသည်။ဤကျောက်တုံးက မီးတောက်များ၏ ရင်းမြစ်ပင်။ သည်ကျောက်တုံးသည် ထောင့်မှန်အသွင်သဏ္ဌာန်ရှိ၏။ ၎င်းက အနီရောင်မဟုတ်ဘဲ နှင်းကဲသို့ ဖြူနေပေသည်။

သို့ရာတွင် သည်ကျောက်တုံးထံမှ အပူချိန်သည် အံ့မခန်းမြင့်မားလွန်းသည်။ ခုလက်ရှိ ဝမ်လင်းသည်ပင် သည်ကျောက်တုံးနှင့် ပေတစ်ထောင်အတွင်း ဝင်လာပါက အရည်ပျော်သွားပေလိမ့်မည်။ သူ့ဟင်္သာငှက်သည်ပင် ချက်ခြင်း သေဆုံးသွားနိုင်ပေသည်။

ကြယ်ငါးလုံး ရှေးဟောင်းနတ်ဘုရားသည်ပင် သည်ကျောက်တုံး၏ ပေတစ်ထောင်အတွင်း ကြာကြာ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။

ဤသာမန်ဟု ထင်ရသည့် ကျောက်တုံးသည် သည်လောင်ကျွမ်းသောကြယ်နယ်မြေ၏ ရင်းမြစ်ဖြစ်၏။ သည်ကျောက်တုံးကြောင့် ဤကြယ်နယ်မြေသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် လောင်ကျွမ်းနေခြင်းလည်း ဖြစ်သည်။

သည်အခိုက်အတန့်၌ ထိုကျောက်တုံးပေါ်တွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ထိုအဘိုးအိုသည် သူ့အသားအရေများကိုပါ ဆုံးရှုံးကာ အလွန်အိုမင်းနေဟန် ပေါက်၏။ သူ့ထံ၌ သေဆုံးခြင်းအော်ရာတို့ ပြည့်နှက်နေသည်။

သို့ရာတွင် သူ့အား မည်သူမျှ အထင်မသေးဝံ့ကြချေ။ သူသည် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လေ၏။ အတိတ်တုန်းက သူ့မီးတောက်သည် ကြယ်များကို တုန်လှုပ်စေခဲ့သည်။ အချို့ အထူးအကြောင်းများကြောင့် သူသည် ကောင်းကင်ဘုံနယ်မြေသို့ မဝင်ရောက်ခဲ့ပေ။ သို့သော် သူ့အတွက် သည်နေရာတစ်ခု ရှိနေ၏။

သည်အခိုက်အတန့်၌ အဘိုးအိုသည် မျက်လုံးဖွင့်လာသည်။ သူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ သူ့အကြည့်ထဲ၌ အတိတ်ကို ပြန်အောက်မေ့ဟန် အငွေ့အသက် ပေါ်လာသည်။

“ ငါ့ဟင်္သာငှက်နတ်ကလန်က တကယ်ပဲ နောက်တစ်ကြိမ် မမြင့်တက်လာနိုင်တော့ဘူးလား…”

လူအများစု သတိမထား၊ သို့မဟုတ် လျစ်လျူရှုထားသော ဂြိုဟ်တစ်လုံး ကြယ်များကြား၌ ရှိပေ၏။ ထိုဂြိုဟ်သည် အဆင့်ခြောက်ကျင့်ကြံခြင်းဂြိုဟ် ဖြစ်ကာ ဟင်္သာပြဒါးဂြိုဟ်ဟု ခေါ်တွင်သည်။

ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ မြူပင်လယ် နေရာတစ်ခု ရှိကာ ထိုနေရာတွင် ရှေးဟောင်းနတ်ဘုရား ကုန်းမြေ တည်ရှိပေသည်။ ရှေးဟောင်းနတ်ဘုရား ကုန်းမြေ၏ သွေးပင်လယ်အတွင်း၌ ဆံပင်နီဖြင့် လူတစ်ယောက်သည် ခေါင်းမော့လာကာ သူ့မျက်လုံးထဲ၌ အထင်သေးမှုတစ်ခု ထွက်ပေါ်နေသည်။

“ ကြယ်ရှစ်လုံး ရှေးဟောင်းမိစ္ဆာ…။ဒါက အသေးအမွှားပဲ။ နောက်ထပ် နှစ်ရာချီပြီးရင် ငါ တာဆန်ဟာ ဒီနေရာကနေ ထွက်ခွာနိုင်စွမ်း ရှိလိမ့်မယ်။ အဲ့အချိန်ကြရင် ဘယ်သူက ငါ့ရှေ့မှာ ပေါ်လာပြီး လာနှောက်ယှက် ဟန့်တားနိုင်မလဲ…”

တာဆန်၏အသံသည် ပဲ့တင်ထပ်သွားရင်း သွေးပင်လယ်သည် တဝီဝီလှည့်လည်၏။ ရှေးဟောင်းနတ်ဘုရား ကုန်းမြေသည် ထူစီ ဖွင့်လှစ်ခဲ့သော သီခြားလေဟာနယ်တစ်ခု ဖြစ်၏။ သူ့ခန္ဓာကိုယ်ကို ထိုနေရာထဲ၌ သိုလှောင်ထားခဲ့ခြင်းပင်။

သူ့ခန္ဓာကိုယ် မည်မျှ ကြီးမားသည်ကို ဖော်ပြရန်ပင် မဖြစ်နိုင်ပေ။ သူခန္ဓာကိုယ်ဘေးနား၌ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ထားမည်ဆိုပါက ၎င်းဂြိုဟ်သည် ကလေးကစားစရာ သာသာ ဖြစ်နေပေလိမ့်မည်။ သူ့ဧရာမလက်သီးကြီးသည် ကြမ်းတမ်းလှကာ သည်ဟင်းလင်းပြင်ထဲ၌ ပြည့်နှက်စေသော မြေကြီးအက်ကွဲမှုဖိအားကို ပေးစွမ်းပေသည်။

သို့ရာတွင် တာဆန်၏စကားများကြောင့် ရှေးဟောင်းနတ်ဘုရားကုန်းမြေအတွင်းရှိ သွေးပင်လယ် လှိုင်းထန်လာနေရင်း ထူစီ၏ ညာလက်ညှိုးသည် ရုတ်တရပ် အနည်းငယ် လှုပ်ရှားသွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset