Switch Mode

အပိုင်း(၁၁၁၂)

“သွားကြစို့…” ဝမ်လင်း၏ စကားသည် ပြတ်၏။ သူသည် လက်ဝါးရာ ဖွင့်လှစ်ပေးသည့် လမ်းအတိုင်း လိုက်လာသည်။ သူသည် ထိုလက်ဝါးရာ၏အစစ်အမှန် စွမ်းအား၏ အလွန်နည်းပါးသောအစိတ်အပိုင်းတစ်ခုကိုသာ ဤအခိုက်အတန့်၌ ထုတ်ဖော်နိုင်စွမ်း ရှိလိုက်သည်ဟု ခံစားမိ၏။ သူသာ ၎င်း၏စွမ်းအားအပြည့်ကို အသုံးပြုနိုင်ခဲ့ပါလျှင် ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ ကိုးထပ်လုံးသည် သည်လက်ဝါးရိုက်ချက် တစ်ခုတည်းနှင့် ကြေမွသွားနိုင်ပေလောက်သည်။

လင်းထျန်ဟူသည် ဝမ်လင်းနောက်ကနေ အမြန် လိုက်ပါလာ၏။ ဝမ်လင်းအပေါ် သူ့ထိတ်လန့်မှုသည် ပို၍ တိုးလာ၏။ သူ ဝမ်လင်းအား နားလည်နိုင်ခြင်းသည် နည်းသထက် နည်းပါးလာသည်။ သူက သူ့ကျင့်ကြံမှုအဆင့်သည် ဝမ်လင်းထက် မြင့်မားသည်ကို သိသော်လည်း သူတို့သာ အမှန်တကယ် တိုက်ခိုက်ပါက သူ သံသယမရှိ ရှုံးလိမ့်မည်ဟု ခံစားချက် ရနေတော့သည်။

ဝမ်လင်းသည် မြန်ဆန်စွာ ရွှေ့လျားလာနေရင်း သိပ်မကြာခင်တွင် တဝက်ပျက်စီးနေသော နန်းတော်အနားသို့ ရောက်လာသည်။ သူသည် ဆေးလုံးများစွာကို ပါးစပ်ထဲသို့ ပစ်သွင်းထည့်ကာ လင်းထျန်ဟူအား အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ငွေရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာ၏။ ထိုအလင်းတန်းမှာ ငွေရောင်အမျိုးသမီးအလောင်းအဖြစ်သို့ ပြောင်းသွားကာ ဝမ်လင်းဘေးနားတွင် ပေါ်လာသည်။သူမက လင်းထျန်ဟူကို အေးစက်စွာ ကြည့်၏။

လင်းထျန်ဟူ၏မျက်လုံးသူငယ်အိမ်ပါ ကျုံ့သွားမိ၏။ သူသည် ဝမ်လင်းသည် ပို၍ ဆန်းကြယ်ကာ စွမ်းအားကောင်းလာသည်ဟု ခံစားနေရတော့သည်။

“ငါ သူ့ကို မခန့်မှန်းတတ်တော့ဘူး။ ငါ သူ့ကို လေးနက်၊ဆန်းကြယ် တယ်ဆိုတဲ့ စကားနှစ်ခွန်းနဲ့ပဲ ဖော်ပြတတ်တော့တယ်…” လင်းထျန်ဟူ၏ ဘဝ၌ သည် လေးနက်၊ဆန်းကြယ် သည်ဟူသော ဝိသေသကို ရှေ့ဖြစ်ဟောသူထံ၌သာ အသုံးပြုခဲ့ဖူး၏။ သို့သော် ခုချိန်၌ သူသည် သည်စကားနှစ်ခွန်းဖြင့် ဖော်ကျူးရသည့် နောက်ထပ်တစ်ယောက် ရှိလာခဲ့ပေပြီ။

ဝမ်လင်းသည် ဝမ်ဝေ သူ့အား ပေးခဲ့သော အစိမ်းရောင်ဆေးလုံးကိုတော့ အသုံးမပြုသေးပေ။ ထိုအစား သူက လက်ဝါးရာကို ထုတ်ဖော်ရာ၌ ကြောက်မက်ဖွယ်ကုန်ဆုံးစေခဲ့သည့် မူလစွမ်းအင်ကို ဖြည့်တင်းနိုင်ရန် အခြားဆေးလုံးတော်တော်များများကိုသာ အသုံးပြုခဲ့ပေသည်။သူ စောနက အသုံးပြုခဲ့သည့် မူလစွမ်းအင်သည် သံဓားကို အသုံးပြုခဲ့ချိန်ထက် မည်သို့မျှ နည်းပါးလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဝမ်လင်းသည် ချောရည်ပူထဲကနေ ထွက်လာခါစ ဖြစ်၏။ ထို့အတွက်ကြောင့် သူ့ခန္ဓာကိုယ်ထဲ၌ မီးမူလစွမ်းအင်များအပြင် သူ ခုထိ မစုပ်ယူနိုင်သေးသည့် မူလစွမ်းအင်မြောက်များစွာ ရှိနေသေးသည်။ ထို့အပြင် သည်ကျင့်ကြံနေသော လများအတွင်း ဟင်္သာငှက်တက်တူးသည်လည်း မီးမူလစွမ်းအင်တော်တော်များများကို စုပ်ယူခဲ့သေး၏။

ချောရည်ပူထဲ၌ ကျင့်ကြံနေချိန်က ဝမ်လင်းသည် ဟင်္သာငှက်တက်တူးအမှတ်အသားကနေ စုပ်ယူသည့် မီးမူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းနိုင်သည်ကိုလည်း သတိပြုမိခဲ့၏။

ဆေးလုံးများကို စုပ်ယူပြီးသည့်နောက် ဝမ်လင်းသည် သူ့ဟင်္သာငှက်တတ်တူးအမှတ်အသားထဲရှိ မီးမူလစွမ်းအင်တို့ကို အသုံးမပြုခဲ့ပေ။ ထိုအစား သူက သူ့ခန္ဓာကိုယ်ထဲရှိ မီးမူလစွမ်းအင် မစုပ်ယူနိုင်သေးသော မီးမူလစွမ်းအင်ကိုသာ အခုမှ ပြန်စုပ်ယူသည်။ ဆေးလုံးများနှင့်ထိုမီးမူလစွမ်းအင်တို့ကို ထည့်ပေါင်းလိုက်ခြင်းကြောင့် ဝမ်လင်းသည် အနည်းငယ် ပြန်ကောင်းမွန်လာသည်။

သိပ်မကြာခင်တွင် သူသည် ဖယောင်းတိုင်ထွန်းသည့် တိုင်များရှိသော တဝက်ပျက်စီးနေသော နန်းတော်ရှိရာသို့ ရောက်ရှိလာခဲ့ပေပြီ။ ဖယောင်းတိုင်တစ်ခုကသာ ရုန်းကန် လောင်ကျွမ်းနေ၏။ သည်နေရာတွင် မည်သူမျှ ရှိမနေပေ။ ဝမ်လင်းက သည်နေရာကို ခြုံကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ…”

ဝမ်လင်း နောက်ကနေ ရောက်ရှိ လာသည့် လင်းထျန်ဟူက ပြန်ဖြေလိုက်၏။ “ငါတို့ ဒီအထပ်ကို ဝင်လာတုန်းက ဒီနေရာမှာ ဘာမြူနက်ထုမှ ရှိမနေခဲ့ဘူး။ ဒါပေမယ့်လည်း နန်းတော်ခန်းမထဲကို ဝင်လာပြီး ကိုးထပ်မြောက် ဝင်ပေါက်ကို ဖွင့်လိုက်တဲ့အချိန်မှာ မိစ္ဆာအရိပ်သုံးခု ထိုးထွက်လာပြီး ဒီဧရိယာကို မြူနက်တွေနဲ့ ပြည့်နှက်သွားစေတော့တယ်…”

“ဒီမိစ္ဆာအရိပ်သုံးခုက အတော်လေး ထူးဆန်းလွန်းတယ်။ အရှင်လေဟာနယ်က ဒီမိစ္ဆာအရိပ်တစ်ခုကြောင့် ချက်ခြင်း ဒဏ်ရာ ရသွားခဲ့တယ်။ ဝမ်ဝေကလည်း ပေလောရဲ့ အလစ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရသွားတယ်။ အဲ့နောက်မှာ ရှေ့ဖြစ်ဟောသူက ပေလောကို ကူညီပြီး တိုက်ခိုက်လာတယ်။ ဟူကျွမ်ကတော့ သူမ ဘာမှ မလုပ်နိုင်ခင်မှာဘဲ ကိုးထပ်မြောက်ထဲ ချက်ခြင်း စုပ်ယူခြင်း ခံလိုက်ရတယ်။ ငါလည်း မိစ္ဆာအရိပ်တစ်ခုကြောင့် ဒဏ်ရာ ရသွားခဲ့တယ်။အဲ့နောက် ငါဟာ မြူနက်ထုကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး…”

လင်းထျန်ဟူသည် ဖြစ်ပျက်ခဲ့သမျှကို ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်၏။ ဝမ်လင်းသည် နားထောင်နေရင်း သူသည် မျက်မှောင်ကြုတ်မိလာ၏။ ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ ပေလောကို ကူညီခြင်းအပေါ် အံ့အားမသင့်မိပေ။ ရှေ့ဖြစ်ဟောသူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ အကြိမ်များစွာ ရောက်လာခဲ့ဖူးရာ သူသည် ရှေးဟောင်းနတ်ဆိုးများနှင့် ဆက်နွှယ်မှု မရှိပါ ဆိုလျှင် ဝမ်လင်း ယုံကြည်လိမ့်မည် မဟုတ်ပေ။

သည့်အပြင် ကောင်းကင်ဘုံကံကြမ္မာကလန်တွင် ဝမ်လင်း ရှိခဲ့စဉ်က သူသည် ခရမ်းရောင်အုပ်စုခွဲမှ စီနီယာအစ်ကို အသုံးပြုခဲ့သော နတ်ဆိုးမန္တာန်နှင့် ဆင်တူသည့်မန္တာန်ကိုလည်း ပြန်မှတ်မိ၏။

နောက်ပိုင်းတွင် သူသည် အဖြစ်အပျက်များစွာကို ပို ကြုံလာရကာ သူ ပိုတွေးမိလေလေ သူ့ထင်မြင်ချက်မှာ သေချာလာခဲ့လေ ဖြစ်သည်။

ဝမ်လင်းသည် ပြန့်ကြဲမိစ္ဆာ၏ခန္ဓာကိုယ်လည်း သူ့ထံ၌ ရှိနေ၏။ ထိုခန္ဓာကိုယ်မှာ လင်းထျန်ဟူနှင့် ချွတ်ဆွတ်တူကာ အတော်လေး ငယ်ရွယ်သည်သာ ရှိ၏။

ဝမ်လင်းသည် သူ့သိုလှောင်အိတ်ထဲ၌ ခုထိ ထိုခန္ဓာကိုယ် ရှိနေခဲ့၏။ သူက သူသည် ဤခန္ဓာကိုယ်ကို ထုတ်ယူလိုက်ပါက လင်းထျန်ဟူ၏အသွင်သည် ကြီးစွာ ပြောင်းလဲသွားမည်ဟု ယုံကြည်ပေ၏။ ရှေ့ဖြစ်ဟောသူ၏ ဟန်ပန်အမူအရာပင် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။

“ရှေးဟောင်းမိစ္ဆာ…ရှေးဟောင်းနတ်ဆိုး…ရှေ့ဖြစ်ဟောသူနဲ့ လင်းထျန်ဟူ။ သူတို့ကြားမှာ ထူးဆန်းတဲ့ ပတ်သတ်မှုအချို့ ရှိနေမှာ ကျိန်းသေတယ်…” ဝမ်လင်းသည် နန်းတော်အတွင်းရှိ လောင်ကျွမ်းနေသောဖယောင်းတိုင်ကိုသေချာကြည့်နေ၏။

“ငါတို့ ဒီနေရာကို ဘယ်လို အသက်သွင်းမလဲ…” ဝမ်လင်းသည် ကိုးထပ်မြောက်သို့ သွားကိုသွားရပေမည်။ ကျောက်ရီ သို့မဟုတ် စစ်ထူနန်အတွက် ဖြစ်စေ သူသည် ထိုကိုးထပ်မြောက်သို့ ဝင်ရောက်ရပေမည်။ စစ်ထူနန်သည် သည်လောက်ထိ ရောက်မလာနိုင်ခဲ့သော်လည်း ဝမ်လင်းက စစ်ထူနန်၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ပထမဆုံးအထပ်များ၌ အဆင်ပြေနေလိမ့်မည်ဟု ယုံကြည်ပေ၏။

သို့ရာတွင် ကျောက်ရီမှာ ကိုးထက်မြောက်၌ ရှိနေ၏။ စစ်ထူနန်၏ အဆိပ်ကို ကုသနိုင်ဖို့ မျှော်လင့်ချက်မှာလည်း ကိုးထပ်မြောက်တွင်သာ ရှိနေသည်။ သူ့အပေါ် ကျေးဇူးရှိသည့်သူ နှစ်ယောက်လုံးအတွက် ဝမ်လင်းသည် မည်သို့ လက်လျော့နိုင်ပါ့မည်နည်း။ သူက ကိုးထပ်မြောက်မှာ အန္တရာယ်များသည်ကို သိနေသော်လည်း အန္တရာယ်ရှိသည့်အတွက်ကြောင့် သူ လက်လျော့လိုက်ပါက သူသည် ဝမ်လင်း မမည်တော့ပေ။

လင်းထျန်ဟူက ချီတုံချတုံဖြင့် မေးလာ၏။ “မင်း တကယ် ဆက်သွားချင်တာလား…”

ဝမ်လင်းသည် ခေါင်းညိတ်ပြ၏။

လင်းထျန်ဟူသည် အနည်းငယ် စဉ်းစားလိုက်၏။ သို့သော် သူ့မျက်လုံးထဲ၌ ရူးသွပ်မှုအရိပ်အမြွက် ဖြစ်ပေါ်သွားကာ သူသည် ခပ်တိုးတိုး ဆိုသည်။ “ထားလိုက်ပါတော့လေ…။ မင်းက ငါ့ထက် ကျင့်ကြံတဲ့ အချိန် နည်းတယ်။ဒါပေမယ့် ကိုးထပ်မြောက်ကို သွားဖို့ သတ္တိတွေ ရှိနေတယ်။ ဒီအဘိုးအိုရဲ့ ချစ်ခင်ရတဲ့ သားရဲလည်း ဟိုသောက်မိစ္ဆာကြောင့် ဖျက်စီးခြင်း ခံလိုက်ရပြီ။ ငါဟာ ငါ့ဘဝတလျှောက်လုံး လွှမ်းမိုးခြင်းနယ်ပယ်ကို ကျင့်ကြံခဲ့ပြီးပြီ။ ငါဟာ ဒီလိုပုံစံနဲ့ ထွက်မသွားချင်ဘူး…။ရှေ့ဖြစ်ဟောသူတောင် ဝင်ရဲသေးတာ။ ငါလည်း ဘာကြောင့် ကြောက်နေသင့်တော့မလဲ…”

သူသည် ရှေ့သို့ ဆက်တိုးကာ ဖယောင်းတိုင်ထွန်းသည့် တိုင်များထံသို့ ဦးတည်သွားသည်။ ထို့နောက် သူက ဟူကျွမ် ပြုလုပ်ခဲ့သည့်ကို ပြန်စဉ်းစား၍ ထိုအတိုင်း အခြေခံကာ လှုပ်ရှားမှု အမြန် ပြုလုပ်လိုက်သည်။

ဖယောင်းတိုင်ထွန်းသည့် တိုင်(၉၉)ခုသည် တဖြည်းဖြည်း ရွှေ့လျားလာရင်း ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာ၏။ ၎င်းတို့က ရွှေ့လျားနေရင်း အစီအရင်ကြီးတစ်ခုအသွင် ဆောင်လာသည်။

ဖယောင်းတိုင်ထွန်းသည့်တိုင် (၉၉)ခု၏ ဗဟိုချက်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်လာ၏။သိပ်သည်းသော မြူနက်ထုသည် ၎င်းအတွင်းကနေ ထွက်ပေါ်လာသည်။

လင်းထျန်ဟူသည် အံတင်းတင်းကြိတ်ကာ အလင်းစက်ဝန်းထဲသို့ အရင်ဆုံး တိုးဝင်သွား၏။ ဝမ်လင်းသည်လည်း တုံ့ဆိုင်းမနေပေ။ သူသည် အသက်ဝဝရှုသွင်းကာ ငွေရောင်အမျိုးသမီးအလောင်းကို အရင်ရှေ့သို့ သွားစေသည်။ ထို့နောက် သူလည်း အလင်းစက်ဝန်းထဲသို့ ခြေချလိုက်၏။

ဝမ်လင်းနှင့်လင်းထျန်ဟူတို့ ကိုးထပ်မြောက်သို့ ဝင်ရောက်လာချိန်တွင် ကိုးထပ်မြောက် ဗဟိုချက်ရှိ နန်းတော်အတွင်း၌ မြူနက်ထုများဖြင့် လွှမ်းခြုံနေသော ပုံရိပ်တစ်ခုသည် ခေါင်းမော့ကာ ရုန်းကန်ဟန် ပြုလာ၏။ ထိုပုံရိပ်၏မျက်ခုံးနှစ်ခုကြားတွင် အလင်းတစ်ခု ရှိနေကာ အဆုံးမရှိသောအနက်ရောင်အခိုးငွေ့များက နောက်ဆုံးကျန်နေသေးသည့် အလင်းအစက်အပြောက်ကို ဝါးမြိုရန် တာဆူနေသည်။

ထိုနန်းတော်အပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံများလည်း ထွက်ပေါ်နေ၏။ ပြင်းထန်သောတိုက်ပွဲတစ်ခု ထိုနေရာတွင် ဖြစ်ပွားနေသည်မှာ သိသာသည်။

နန်းတော်အပြင်ဘက်၌ လူတိုင်းနီးပါး ရှိနေ၏။သို့သော် သူတို့အားလုံးသည် ဒဏ်ရာ ရရှိထားကြသည်။ သူတို့သည် နန်းတော်ကို လှည့်ပတ်နေ၏။ မရေမတွက်နိုင်သော မိစ္ဆာအရိပ်များသည်လည်း တရကြမ်း ထိုးထွက်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား တိုက်ခိုက်နေကြသည်။ ကျင့်ကြံသူတို့ မည်မျှတိုက်ခိုက်နေပါစေ သည်မိစ္ဆာအရိပ်များက လွင့်ပျောက်သွားသည်ဟူ၍ မရှိ ဖြစ်နေ၏။

အရှင်လေဟာနယ်၏မျက်နှာက ဖြူရောနေ၏။ သူက နန်းတော်နှင့် သိပ်မဝေးသော နေရာတွင် ထိုင်နေ၏။ သူသည် သွေးနက်များ ပါးစပ်အပြည့်အန်ထုတ်ကာ သူ့ခန္ဓာကိုယ်အနှံ့သို့ လက်ညွှန်၍ သူ့ဒဏ်ရာများကို ဖိနှိပ်ထားရန် ကြိုးစားနေသည်။

သူ့ဘေး၌ ဝတ်စုံနက်နှင့်လူလည်း ဖြူရောစွာ ရှိနေ၏။ သူသည်လည်း ထိုင်၍ ကျင့်ကြံနေ၏။ သူ့မျက်လုံးကတော့ ရှေ့တည့်တည့်ကိုသာ မလွတ်တမ်း ကြည့်နေသည်။

ရှေ့ဖြစ်ဟောသူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းနေ၏။ သူ ထိုသို့ ဝေ့ယမ်းတိုင်း ပြင်းထန်သောတိုက်ခိုက်မှုများကို ထုတ်ဖော်ကာ သူ့ထံသို့ တိုးဝင်လာသည့် အရာအားလုံးကို ဖျက်စီးပစ်သည်။ ဝမ်ဝေကတော့ သုန်မှုန်စွာ ရှိနေ၏။ သူသည် မွန်းစတားဆန်သော ရေလိုက်ကာစကို သူ့အား ဝန်းရံထားစေရင်း အရူးအမူး တိုက်ခိုက်နေသည်။

သူ ထိုသို့ အရူးအမူး တိုက်ခိုက်နေသည်မှာ အကြောင်းပြချက်နှစ်ခု ရှိ၏။ တစ်ခုမှာ သူ့ဆရာ ချင်းလင်းအတွက်၊ နောက်တစ်ချက်ကတော့ ကိုးထပ်မြောက်သို့ စုပ်ယူခြင်း ခံလိုက်ရသော ဟူကျွမ်အတွက်ပင်။ ထိုအဖြစ်က သူ့အား စိတ်ပူပန် ထွေပြားသွားစေခဲ့သည်။ဤအတွက်ကြောင့်လည်း ပေလောက သူ့အား အလစ်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့ဖြစ်ဟောသူ၏ အကူအညီပါ ထည့်ပေါင်းပါက သူတို့သည် ဝမ်ဝေကို ဒဏ်ရာ ရစေနိုင်ခဲ့၏။ သို့သော် ဝမ်ဝေထံတွင် ဆေးလုံးများစွာ ရှိပေ၏။ သူသည် ဆေးလုံးအချို့ကို သောက်သုံးကာ ပေလောနှင့်ရှေ့ဖြစ်ဟောသူတို့ကို လစ်လျူရှုပြီး ဟူကျွမ်ကို ရှာဖွေရန် ကိုးထပ်မြောက်သို့ တရကြမ်း ဝင်လာခြင်းပင်။

ပေလောသည်လည်း အခြားဘက်တွင် ရှိနေ၏။ နတ်ဆိုးစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်ကာ သူ့ပတ်လည်တွင် နတ်ဆိုးမီးတောက်တစ်ခုကို ဖြစ်ပေါ်နေစေသည်။ ရှေးဟောင်းနတ်ဆိုးအရိပ်သည် သူ့နောက်တွင် ပေါ်လာ၏။ သည်အရိပ်က အထည်ဒြပ်ဖြစ်လုနီးပါးပင်။၎င်းထံမှ အားကောင်းသောနတ်ဆိုးအော်ရာကို ပေးစွမ်းသည်။

သူ့ ညာလက်ကို ပင့်မြှောက်လိုက်တိုင်း မရေမတွက်နိုင်သော မန္တာန်များ ပျံသန်းထွက်ကာ မိစ္ဆာအရိပ်များအား တိုက်ခိုက်နေ၏။ သူက တိုက်ခိုက်ရင်း အော်ပြောလိုက်သည်။ “တာကျား…မင်းရဲ့ မိစ္ဆာအရိပ်မန္တာန်က မိစ္ဆာစွမ်းအင်တွေအများကြီး သုံးစွဲရတယ်ဆိုတာ ငါ သိတယ်မင်း ဘယ်လောက် ဖြုန်းတီးနိုင်မလဲ ငါ ကြည့်မြင်ချင်သေးတယ်…”

ပေလော၏ ရှတတစကားသံသည် လူတိုင်း၏ စိတ်နှလုံးကို အေးစိမ့်စေ၏။ ထိုအသံထဲ၌ နတ်ဆိုးဖိအား ပါဝင်နေပေသည်။

“ပေလော…ငါ့ပိုင်စိုးမှုဖြစ်စဉ် အပြီးသပ်ရင် မင်း ငါ့မှာ မိစ္ဆာစွမ်းအင် ဘယ်လောက်များများ ရှိလည်းဆိုတာ သိလာလိမ့်မယ်…”

ထိုစကားကို ကြားသည့်အခါ ဝမ်ဝေ၏မျက်လုံးသည် နီရဲလာ၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ သူ့ရှေ့တွင် အပြာရောင်အလင်းတစ်ခု ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းအလင်းသည် အစစ်အမှန်ပင်လယ်တစ်ခုကဲ့သို့ ကောင်းကင်တစ်ခွင်တွင် ပြည့်နှက် လှိုင်းထန်သည့် ပင်လယ်ပြင် အဖြစ်သို့ ပြောင်းလဲ၏။ ဝမ်ဝေသည် မာန်သွင်းလိုက်၏။ထို့နောက် သည်မွန်းစတားဆန်သော ပင်လယ်သည် ကောင်းကင်ထက်ကနေ ထိုးဆင်းကျကာ နန်းတော်အပြင်ဘက်ရှိ မြူနက်ထုထံသို့ ကျဆင်းလာ၏။

ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုကလည်း တိုက်ခိုက်နေ၏။ သူက မရေမတွက်နိုင်သော မန္တာန်များကို ထုတ်ဖော်ကာ မိစ္ဆာအရိပ်များအား သတ်ဖြတ်ရန် စတင်သည်။

ကျောက်ရီသည်လည်း ဤနေရာတွင် ရှိနေ၏။ သို့သော် သူက အရင်ထက်ပင် အားနည်းနေခဲ့ချေ၏။ သူသည် သူ့ရှေ့ရှိ မြူနက်ထုကို စိုးရိမ်စွာသာ ကြည့်နေရသည်။ သို့ရာတွင် သူ့အနားရှိ မိစ္ဆာစွမ်းအင်များက အားကောင်းလွန်း၏။ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုအနေဖြင့် သည်မိစ္ဆာစွမ်းအင်ကို ခုခံနိုင်ဖို့ရာ ခက်ခဲလွန်းသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းနှင့်လင်းထျန်ဟူတို့ ရောက်ရှိလာကြ၏။ သည်ကိုးထပ်မြောက်မှာ ကြီးမားလှခြင်း မရှိ။ နန်းတော်ကလွဲ၍ သည်နေရာတွင် မည်သည့်အရာမှ ရှိမနေပေ။ သူတို့ ရောက်ရှိလာသည်နှင့် သူတို့ရှေ့၌ မထင်မှတ်ဖွယ် ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို တွေ့မြင်လိုက်ရချေသည်။

ရှေးဟောင်းနတ်ဆိုးပေလော၏ အရိပ်နှင့် ဝမ်ဝေတို့၏ မွန်းစတားဆန်သော လှိုင်းလုံးများသည် သတိပြုမိဖွယ် အကောင်းဆုံး ဖြစ်၏။ သည်အခိုက်အတန့်၌ ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ပေါ်လာ၏။ သူသည် ကောင်းကင်ထက်သို့ လက်ညွှန်ကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း…”

သူ ထိုသို့ပြောလိုက်သည်နှင့် ဝမ်ဝေ၏ မန္တာန်ကြောင့် ဖြစ်ပေါ်နေသော ပင်လယ်ထဲ၌ ထည်ဝါသောဝဲကတော့တစ်ခု ပေါ်လာ၏။ ထို့နောက် အထက်ကနေ ပြင်းထန်သောဖိအားတစ်ခု သက်ဆင်းလာသည်။ ဧရာမလက်ချောင်းကြီးတစ်ချောင်းသည် ရေထုထဲကနေ ထွက်လာကာ နန်းတော်အား ဖုံးလွှမ်းထားသည့် မြူနက်ထုပေါ်သို့ ဖိချလာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset