သူ့ဆီသို့ ရောက်ရှိလာသည့် ဧည့်သည်မှာ ဆံပင်တိုတိုနှင့် သာမန်အရပ်အမြင့်ရှိသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ ဝတ်ရုံများကို ဆင်မြန်းထား၏။ သူ၏ ပုံပန်းသွင်ပြင်မှာ တက်တက်ကြွကြွရှိနေပြီး သူ၏ မျက်ဝန်းများထဲ၌ လိမ္မာပါးနပ်မှု အရိပ်အယောင်များ သန်းနေသည်ကို မြင်နိုင်ပေသည်။
သူသည် သူ၏ ဆံပင်တိုလေးအား ဆီများရွှဲနေအောင် လိမ်းထားသောကြောင့် နေရောင်အောက်တွင် ပြောင်လက်နေတော့သည်။ ထို့ကြောင့် အဝေးမှကြည့်လိုက်မည်ဆိုပါက သူသည် မီးအိမ်တစ်လုံးနှင့်ပင် တူနေ၏။
သူသည် ဝမ်ပေါင်လဲ့၏ ဂူဗိမာန်အပြင်ဘက်တွင် ရပ်နေပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် ဝမ်ပေါင်လဲ့အား ပြုံးဖြဲဖြဲနှင့် ကြည့်နေသည်။ ထို့နောက် သူသည် ချောင်းဟန့်ကာ သူ၏ဆံပင်ကို ပွတ်သပ်လိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်တော့သည်။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ ကျွန်တော်တို့တွေ မတွေ့ရတာတောင် ကြာပြီနော် ”
ထိုကဲ့သို့ တမူထူးခြားသော ဆံပင်ပုံစံနှင့် လိမ္မာပါးနပ်သည့် အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်တာအိုကျောင်းထဲ၌ ရှိနေခဲ့စဉ်တုန်းက ကြိမ်ဖန်များစွာ အလုပ်တွဲလုပ်ဖူးခဲ့သော ရှဲ့ဟေးရန်ပင် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ချာချာလည်သွားရပြီး သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ မဟုတ်ဘဲ ကောင်းကင်တာအိုကျောင်းသို့ ပြန်ရောက်သွားသည်လောဟု တွေးနေမိတော့သည်။
သူ ကောင်းကင်တာအိုကျောင်းသို့ ပြန်သွားခဲ့စဉ်တုန်းက ချန်းယွီထုံတစ်ယောက် ရှဲ့ဟေးရန် ပျောက်သွားခဲ့သည့်အကြောင်း ပြောပြခဲ့သည်ကို ပြန်၍ အမှတ်ရသွားသည်။ ချန်းယွီထုံမှာ ကျောင်းထဲရှိ သူ၏အချိတ်အဆက်များ အားလုံးကို အသုံးပြု၍ ရှဲ့ဟေးရန်အား ရှာဖွေခဲ့သည့်တိုင်အောင် လုံးဝရှာမတွေ့ခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား ဤနေရာ၌ ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးသွားသည့်တိုင်အောင် ရှဲ့ဟေးရန်၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် စီးပွားရေးသမားတစ်ယောက်နှင့် တူနေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့အား သွားဖြဲကာ ပြုံးပြနေ၏။ သူ၏ မျက်ဝန်းများမှာမူ စီးပွားရေး အခွင့်အလမ်းသစ်တစ်ခု ရှာတွေ့လိုက်သကဲ့သို့ အရောင်တလက်လက် တောက်ပနေ၏။
အချိန်အတော်အတန် ကြာပြီးသွားမှ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်နေရာမှ စိတ်များ ပြန်လည်တည်ငြိမ်လာ၏။ သူသည် ရှဲ့ဟေးရန်အား သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ယခင်တုန်းကအတိုင်းသာ ရှိနေသေးသည်ကို သိလိုက်ရ၏။ သူသည် နှောင်းပိုင်း ရှေးဟောင်းသိုင်းပညာအဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရှုံ့မဲ့မဲ့နှင့် ပြုံးမိသွားတော့သည်။ ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင်များမှာ အလွန်အင်မတန်မှ လျှို့ဝှက်ဆန်းကြယ်နေကြောင်း သူက သတိထားမိသွား၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ပြည်ထောင်စုကြီးဆီသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့ခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် အမျိုးမျိုး ခန့်မှန်းကြည့်နေပါသော်လည်း နောက်ဆုံးတွင် မနေနိုင်သဖြင့် မေးမိလိုက်၏။
” မင်း… ဘာလို့ ဒီကိုရောက်နေရတာလဲ ”
ထိုအခါ ရှဲ့ဟေးရန်မှာ ချောင်းဟန့်လိုက်ပြီး ဆီရွှဲအောင်လူးထားသော သူ၏ဆံပင်အား ထပ်၍ ပွတ်သပ်ကာ ရန်မပြုလိုသည့် အမူအရာဖြင့် ပြုံးပြလိုက်၏။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့ရာ…. အဲ့တာကတော့ လျှို့ဝှက်ချက်တစ်ခုပါ။ အစ်ကို့ကို ဘယ်လိုရှင်းပြရမလဲဆိုတာ ကျွန်တော် မစဉ်းစားရသေးဘူး။ အစ်ကိုမှတ်ထားရမှာက ကျွန်တော် အစ်ကို့ကို အရင်တုန်းက ပြောခဲ့ဖူးတဲ့စကားပဲ။ စီးပွားရေးလမ်းကြောင်းတွေ ရှိနေတဲ့နေရာမှာ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်ကလည်း အမြဲတမ်း ရှိနေမှာဗျ။ အစ်ကိုက ကျွန်တော်ရဲ့ ဖောက်သည်ကြီးတစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတာမလို့ ကျွန်တော်က အစ်ကို့ကို စောင့်ကြည့်နေခဲ့တာပါ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏နဖူးအား ပွတ်မိလိုက်၏။ သူသည် သူ၏ အံ့ဩတုန်လှုပ်မှုများကို ချုပ်တည်းရန် ကြိုးစားနေသည့်တိုင်အောင် မကြာခဏဆိုသလို စိုးရိမ်တကြီး ဖြစ်လာရဆဲပင်။ ရှဲ့ဟေးရန်မှာ လျှို့ဝှက်ဆန်းကြယ်လွန်းနေသည်ဟု သူက ခံစားနေရ၏။ ထို့ကြောင့် သူ၏ အသိစိတ်ထဲ၌ အတွေးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်…
ရှဲ့ဟေးရန်မှာ သူ ခန့်မှန်းထားခဲ့သည့်အတိုင်း ကျယ်ပြန့်တာအိုနန်းတော်မှ ဖြစ်နေသည်လော။
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး နှုတ်ဆိတ်နေလိုက်၏။ ရှဲ့ဟေးရန်ကမူ ဝမ်ပေါင်လဲ့၏ ခေါင်းထဲမှ အတွေးပေါင်းမြောက်မြားစွာကို ရပ်မိနေသည့်ပုံပင်။ ထို့ကြောင့် သူသည် သက်ပြင်းချကာ ဝမ်ပေါင်လဲ့အား ထပ်၍ အရိုအသေပေးလိုက်ပြန်သည်။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ အစ်ကို ဘာမှ အတွေးလွန်နေစရာ မလိုပါဘူး။ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်က စီပွားရေးသမားတစ်ယောက်ပါ။ စီးပွားရေးသမားတွေက ဘယ်လို လူစားမျိုးလဲဆိုတာ အစ်ကို ကောင်းကောင်းကြီးသိပါတယ်။ အစ်ကိုနဲ့ ကျွန်တော် အလုပ်တွေအများကြီး တွဲလုပ်ဖူးတာပဲ။ ကျွန်တော့်ကို ယုံပါ ”
” ကျွန်တော်က ဒီနေ့ ဂိုဏ်းတူအစ်ကိုပေါင်လဲ့ဆီကို လာလည်ပြီးတော့ စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ဆွေးနွေးချင်လို့ အခုလို ရောက်လာတာပါ ” ရှဲ့ဟေးရန်မှာ တည်ကြည်စွာပြုံးကာ မျက်လုံးများ မှေးသွား၏။ သူ၏ မျက်ဝန်းများထဲတွင်မူ စီးပွားရေးသမားတစ်ယောက်၏ လိမ္မာပါးနပ်သည့် အရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။
” ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးလဲ ” တစ်ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ အခြားအတွေးများကို မေ့ထားလိုက်၏။ သူ၏ သံသယများအတွက် အဖြေရှာတွေ့နိုင်ရန်မှာ မလွယ်ကူကြောင်း သူက နားလည်ထားသည်။ ထို့အပြင် သူသည် ရှဲ့ဟေးရန်နှင့် ခင်မင်ရင်းနှီးနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ထိုတစ်လျှောက်လုံး ရှဲ့ဟေးရန်မှာ စီးပွားရေးသမားတစ်ယောက်ကဲ့သို့ အမြဲတမ်း ပြုမူနေထိုင်ခဲ့သည် မဟုတ်ပါလော။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်က ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ကိုယ်ပိုင်အချိတ်အဆက်တွေ ရှိပြီးသား။ ကျွန်တော် အစ်ကို့ကို ပြောဖူးတဲ့အတိုင်းပဲ။ ကောင်းကင်တာအိုကျောင်းထဲမှာ မဟာထိပ်သီးအကြီးအကဲကနေစလို့ သာမန်ကျောင်းသားအဆင့်အထိ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်နဲ့ မသိတဲ့လူဆိုတာ မရှိဘူး။ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော် မလုပ်နိုင်တဲ့အရာ ဘာမှ မရှိဘူး ”
” ကျွန်တော် ပြောခဲ့တဲ့စကားတွေက ကျယ်ပြန့်တာအိုနန်းတော်ထဲမှာလည်း အကျုံးဝင်တယ်။ အစ်ကိုက ခေါင်းဆောင်ကြီး ဖုန့်ချိုးရန်ရဲ့ အတွင်းခံဘောင်းဘီတွေကို လိုချင်နေတယ်ဆိုရင်တောင် ဈေးထိုက်ထိုက်တန်တန် ပေးမယ်ဆိုရင် ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်က မရရအောင် ယူပေးမှာ ” ရှဲ့ဟေးရန်မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ သူသည် ထိုသို့ကြိမ်းဝါးရင်း သူ၏ ဆံပင်အား ထပ်၍ သပ်လိုက်ပြန်သည်။
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ခေါင်းများခဲသွားရ၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်၏ အတွင်းခံဘောင်းဘီအား အဘယ်ကြောင့် လိုချင်ရပါမည်နည်းဟု စိတ်ထဲ၌ တွေးမိလိုက်၏။ ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ ဖုန့်ချိုးရန်၏ ပုံရိပ်ကြီးမှာ ဆိုင်းမဆင့် ဗုံမဆင့် ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် အမူအရာတည်ကြည်သွားပြီး ပြန်ပြောလိုက်၏ ” အလုပ်အကြောင်းပဲ ပြောရအောင် ”
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏စကားကို ကြားလိုက်ရသောအခါ ပြုံးဖြဲဖြဲဖြစ်သွား၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ ခေါင်းငုံ့သွားပြီးနောက် ဝမ်ပေါင်လဲ့အား အသိပေးလိုက်၏။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ အစ်ကို့ရဲ့ လှေငှားတဲ့လုပ်ငန်းက ဒီလောက်အထိ နာမည်ကြီးနေတာမလို့ ကျယ်ပြန့်တာအိုနန်းတော်အကြောင်း ကျွန်တော် သိထားသလောက်ဆိုရင် အစ်ကိုက အဲဒီလုပ်ငန်းကို နောက်ထပ်တစ်လလောက်ပဲ ထပ်ပြီးတော့ လုပ်လို့ရတော့မှာ။ ဖက်တီး ယွင်ဖျောင်ကျိ အစ်ကို့ဘက်ကနေ ထောက်ခံပေးနေရင်တောင် ဂိုဏ်းက အစ်ကို့ရဲ့ စီးပွားရေးလုပ်ငန်းကို သုံးလအတွင်း အပိုင်သိမ်းမှာ သေချာတယ် ”
” သူတို့က အတင်းအဓမ္မ အပိုင်သိမ်းမှာနော်။ အဲ့တာမလို့ အစ်ကိုက အဲဒီလုပ်ငန်းကို သူ့တို့ဆီ မဖြစ်မနေ ရောင်းကိုရောင်းရမှာ။ အဲ့တာမလို့ အစ်ကို အခုလို အချိန်ရတုန်း တတ်နိုင်သမျှ အကျိုးမြတ်များများ ရှာထားဖို့လိုတယ် ” ရှဲ့ဟေးရန်မှာ တိုးတိုးလေးပြောလိုက်၏။ သူသည် သူ သိရှိထားပြီးသား အချက်အလက်များအပေါ် မူတည်၍ ဝမ်ပေါင်လဲ့၏ လှေငှားလုပ်ငန်းအား သုံးသပ်ပြလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပါသော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ယခုလို ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားပြီးသားဖြစ်သည်။ သူ၏ စီးပွားရေးလုပ်ငန်းမှာ အကြာကြီး တည်မြဲနေနိုင်မည်မဟုတ်ကြောင်း သူက ကြိုတင်မှန်းဆထားခဲ့၏။ သို့သော် သူသည် ရှဲ့ဟေးရန် ပြောသလို လပိုင်းမျှသာ အချိန်ကျန်တော့မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
” ဆက်ပြော ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် စကားဆက်ခိုင်းလိုက်၏။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ အဲ့တာမလို့ အစ်ကို အဲဒီ စီးပွားရေးလုပ်ငန်းနဲ့ အချိန်တိုအတွင်းမှာ တိုက်ပွဲအမှတ်တွေ တတ်နိုင်သမျှ အများဆုံး စုစည်းဖို့ လိုတယ်။ အဲ့တာမှ အစ်ကို့အတွက် အမြတ်အများကြီးကျန်မှာ။ အဲ့လိုမှပဲ အစ်ကို့ဘက်က မရှုံးမှာ… ဒါပေမဲ့ အဲ့လိုလုပ်ဖို့ဆိုရင် အစ်ကို ဝိညာဉ်လှေတွေ အများကြီးကို အမြန်ဆုံး ထုတ်လုပ်ပေးနိုင်ဖို့လိုတယ် ” ရှဲ့ဟေးရန်၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပနေ၏။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း အသက်ရှူသံများပင် အနည်းငယ်ခန့် မြန်ဆန်လာတော့သည်။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ အစ်ကို ကျွန်တော့်ကို ယုံလား…. ယုံရင် ကျွန်တော့်ကို အစ်ကိုရဲ့စီးပွားရေးလုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံခွင့်ပေး။ အဲ့တာဆိုရင် အစ်ကိုလည်း ဝိညာဉ်လှေတွေအများကြီးကို အမြန်ဆုံးနည်းနဲ့ ထုတ်လုပ်နိုင်သွားမှာ ”
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားကိုကြားလိုက်ရပြီးနောက် မည်သည့်စကားမှ ဆက်မပြောပေ။ ရှဲ့ဟေးရန်မှာ ကိစ္စကြီးတစ်ခုလုံး၏ အပေါ်ယံ အချက်အလက်များကိုသာ ပြောပြရသေးသည်မဟုတ်ပါလော။ သူသည် အကျိုးအမြတ်များ ခွဲဝေယူမည့် ကိစ္စနှင့်ပတ်သက်၍ တစ်ခွန်းမှ မဟသေးပေ။ ထို့ကြောင့် သူသည် လေးလေးနက်နက် စဉ်းစားတွေးတောနေသည့် မျက်နှာအမူအရာဖြင့် မျက်လုံးများ မှေးသွား၏။
ရှဲ့ဟေးရန်လည်း ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အခြေအနေများကို ချက်ချင်းပင် ရိပ်စားမိသွားသဖြင့် ပြုံးပြလိုက်၏။ စိတ်ထဲတွင်မူ သူသည် ဉာဏ်ပြေးသောလူများနှင့် စီးပွားရေးလုပ်ရသည်ကို သဘောတွေ့နေဆဲဖြစ်ကြောင်း တွေးနေ၏။ ဝမ်ပေါင်လဲ့မှာ ဉာဏ်ပြေးရုံသာမက သူ၏ အကြီးမားဆုံး ဖောက်သည်များထဲမှ တစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာမြောက်မြားစွာ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ ရှေ့သို့ခါးကိုင်း၍ ဆိုလိုက်၏။
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ ကျွန်တော်တို့နှစ်ယောက် အလုပ်တွေများကြီး တွဲလုပ်ဖူးပြီးသားမလို့ အစ်ကို့ကို မကွယ်မဝှက်ဘဲ အကုန်ပြောပြမယ်။ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်က အစ်ကို နောက်လတွေမှာရမယ့် အမြတ်အစွန်းထဲက တစ်ပြားတစ်ချပ်မှ ယူမှာမဟုတ်ဘူး။ ကျွန်တော် အစ်ကို့ရဲ့ လုပ်ငန်းထဲမှာ တိုက်ပွဲရမှတ် သုံးထောင့်သုံးရာတိတိ ရင်းနှီးမြှုပ်နှံမယ်။ ပြီးရင် အစ်ကို ကုန်ကြမ်းပစ္စည်းတွေ လိုအပ်တိုင်း ကျွန်တော့်ဆီသာ လာခဲ့။ သုံးဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့တောင် ရောင်းပေးဦးမှာ။ အစ်ကို လိုအပ်တဲ့ တွက်ချက်မှုတွေ လုပ်ကြည့်လိုက်။ ဒီကမ်းလှမ်းချက်ထဲမှာ အကျိုးအမြတ် အများဆုံးရမယ့်လူက အစ်ကိုပဲ ”
” ကျွန်တော့်အတွက်က… နောက်နှစ်လသုံးလလောက်နေလို့ ဂိုဏ်းက အစ်ကို့ရဲ့လုပ်ငန်းကို လာသိမ်းတဲ့အချိန်ကျ အစ်ကို့ကို နစ်နာကြေးပေးလိမ့်မယ်။ အဲဒီနစ်နာကြေးက ရမှတ်တစ်သောင်းအောက်ရှိနေရင် ကျွန်တော် အကုန်ယူမယ်။ တကယ်လို့ ရမှတ်တစ်သောင်း ကျော်နေရင်လည်း ကျွန်တော် တစ်သောင်းထက် ပိုမယူဘူး ”
” ဂိုဏ်းတူအစ်ကိုပေါင်လဲ့။ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်က စီးပွားရေးသမားတစ်ယောက်ပါ။ ကျွန်တော် နှစ်လသုံးလအတွင်း ကျွန်တော့် ရင်းနှီးမြှုပ်နှံငွေရဲ့ သုံးဆလောက်ကိုပဲ ပြန်ရဖို့ မျှော်မှန်းထားတာပါ။ လောဘမကြီးပါဘူးဗျ ”
ရှဲ့ဟေးရန်မှာ ထိုသို့ဆိုကာ ဝမ်ပေါင်လဲ့အား ထပ်၍ပြုံးပြလိုက်ပြီး သူ၏ အဖြေအား စောင့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း အပြင်းအထန် စဉ်းစားတွေးတောနေရပြီဖြစ်သည်။ သူသည် တိုက်ပွဲရမှတ်များ အသည်းအသန် လိုအပ်နေသည် မဟုတ်ပါလော။ သူ၏ စီးပွားရေးလုပ်ငန်းအရဆိုလျှင် ဝိညာဉ်လှေတစ်စင်း ပိုလာတိုင်း တစ်ရက်လျှင် တိုက်ပွဲရမှတ် သုံးဆယ့်ခြောက်မှတ်တိတိ ပို၍ ရရှိနိုင်မည် ဖြစ်သည်။
ဝိညာဉ်လှေတစ်စင်းအား ဆောက်လုပ်ရသည်မှာ တိုက်ပွဲရမှတ် ရာနှင့်ချီ၍ ကုန်မည်ဖြစ်သည်။ ရှဲ့ဟေးရန်၏ ပြောစကားသာ အမှန်ဆိုလျှင် သူသည် သုံးဆယ်ရာခိုင်နှုန်း လျှော့ဈေးနှင့် ရမည်ဖြစ်သောကြောင့် အများကြီးပို၍ စုဆောင်းမိနေမည် ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်ရှိသင်္ဘောအရေအတွက်အား အစင်းနှစ်ဆယ်အထိ ချက်ချင်းတိုးချဲ့နိုင်မည် ဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် နေ့စဉ်နေ့တိုင်း တိုက်ပွဲရမှတ် အမှတ်နှစ်ရာကျော် ပုံမှန်ရရှိနေမည် မဟုတ်ပါလော။ သို့ဖြစ်ရာ တစ်လတည်းနှင့် တိုက်ပွဲရမှတ် ခြောက်ထောင်ကျော် စုဆောင်းမိနိုင်မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ အကျိုးအမြတ်များကို လုပ်ငန်းထဲသို့ ပြန်၍ ရင်းနှီးမြှုပ်နှံရန်လည်း စဉ်းစားနေ၏။ ထိုကဲ့သို့သာ စွန့်စားရဲပါက သူသည် အကျိုးအမြတ်များ ပို၍ရရှိနိုင်ပေသည်။ သူ၏ စီးပွားရေးလုပ်ငန်းမှာ တစ်ခဏချင်း ကြီးထွားလာနိုင်စွမ်း ရှိသည်မဟုတ်ပါလော။ သူ့ဆီတွင် အချိန်အလုံအလောက်ရှိနေသရွေ့ သူသည် အချိန်နှင့်အမျှ အကျိုးအမြတ်များ ပို၍ရရှိလာမည်သာဖြစ်သည်။ တစ်ရက်အတွင်း တိုက်ပွဲရမှတ် တစ်ထောင်ကျော်ကိုပင် စုဆောင်းမိနိုင်သည့် အဆင့်အထိ ရောက်လာနိုင်ပေသည်။ အကယ်၍ သူ့ဘက်မှ ထပ်၍ ရင်းနှီးမြှုပ်နှံလိုက်မည်ဆိုပါက ယွင်ဖျောင်ကျိမှာလည်း သူရရှိနေသည့် အကျိုးအမြတ် ရာခိုင်နှုန်းအတိုင်း လိုက်၍ ရင်းနှီးမြှုပ်နှံရမည်သာ ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက သူ၏ အကျိုးအမြတ်ရာခိုင်နှုန်းမှာ လျော့ကျသွားမည်သာ ဖြစ်သည်… သို့ဖြစ်ရာ သူသည် ထိုအချက်ကို အသုံးပြု၍ သူတို့နှစ်ယောက်၏ကြားမှ ဆက်ဆံရေးအား ပို၍ တိုးတက်လာအောင် ဆောင်ရွက်နိုင်ပေသည်။
နောက်ထပ်တစ်ချက်မှာ ရှဲ့ဟေးရန်သည် စီးပွားရေးလုပ်ငန်း လည်ပတ်နေစဉ်ကာလပတ်လုံး တစ်ပြားတစ်ချပ်မှ မတောင်းဆိုခြင်းပင်။ သူသည် ဂိုဏ်းမှပေးသော နစ်နာကြေးကိုသာ ယူမည် ဖြစ်သည်။ သို့ဖြစ်ရာ ဂိုဏ်းမှာ သူ၏ လုပ်ငန်းအား သေချာပေါက် အပိုင်သိမ်းမည်ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ထို့ကြောင့် သူသည် ထိုလုပ်ငန်းအား ရေရှည်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် ပြင်ပရင်းနှီးမြှုပ်နှံငွေများကို အရေးတကြီး လိုအပ်နေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်သွား၏။
” ရှဲ့ဟေးရန်။ ငါ မင်းကို ငွေထပ်ထည့်ဖို့လည်း မတောင်းဆိုဘူး။ မင်းရဲ့ သတ်မှတ်ချက်တွေအကုန်လုံးကိုလည်း ငါ သဘောတူတယ်။ ဒါပေမဲ့ ငါ့ဘက်ကလည်း သတ်မှတ်ချက်တွေရှိတယ်။ ပထမအချက်က မင်း လျှော့ဈေးပေးဖို့ အာမခံရမယ်။ ဒုတိယအချက်က… မင်းရဲ့ အချိတ်အဆက်တွေကို အသုံးပြုပြီးတော့ ဂိုဏ်းက ငါ့လုပ်ငန်းကို ဝယ်မယ့်ကိစ္စကို တတ်နိုင်သလောက် အချိန်ဆွဲထားပေးရမယ် ”
” နောက်ထပ်တစ်ချက်က ငါက ဝိညာဉ်လှေ ဆောက်လုပ်တဲ့နည်းကိုပဲ ဂိုဏ်းဆီရောင်းပေးမှာ။ ဆောက်ပြီးသား ဝိညာဉ်လှေတွေကို ပေးမှာမဟုတ်ဘူး ”
” ငါတို့တွေက အလုပ်တွေအများကြီး အတူတူတွဲလုပ်ခဲ့တာမလို့ ငါမင်းကို ယုံပါတယ်။ ပြီးတော့ ငါက အရှုပ်အယှက်တွေ မရှိတဲ့ ကမ်းလှမ်းချက်တွေဆို အရမ်းသဘောကျတဲ့ကောင်။ မင်း ငါ့ရဲ့ သတ်မှတ်ချက်တွေကို လက်ခံမယ်ဆိုရင် ငါ့ဘက်ကလည်း သဘောတူတယ် “