Switch Mode

အခန်း (၅၀၉)

မင်း ဘာလို့ ဒီကို ရောက်နေရတာလဲ

ထိုကြေညာချက်အား သတိထားမိလိုက်သည့် လူအများစုမှာ အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ အမြုတေအဆင့် ကျင့်ကြံသူအချို့မှာလည်း ၎င်းအား ဖတ်ရှုကြည့်ခဲ့သေးသည်။ သို့သော် သူတို့အများစုမှာ ၎င်းအား ဖတ်ကြည့်လိုက်ပြီးနောက် ထိုကြေညာချက်အား ထုတ်ပြန်ခဲ့သည့်လူကို သိလိုက်ရသောအခါ နှာမှုတ်လိုက်ကြ၏။

” မဟုတ်က ဟုတ်ကတွေကွာ ”

” အဆင့်နိမ့် လူမှုအဖွဲ့အစည်းက အဆင့်နိမ့် လူတစ်ယောက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ပွဲရမှတ်တွေမရှာနိုင်တော့ ဒီလိုနည်းတွေ အသုံးပြုနေရတာပါလား။ ဟာသပဲ ”

” ငါတို့ဆီမှာတောင် အခြေတည်အဆင့် ကျင့်ကြံသူတွေကို မီးပင်လယ်ကြီးထဲ ခေါ်သွားနိုင်တဲ့ ဓမ္မအဆောင်တွေ ရှိတာမဟုတ်ဘူး။ ဒီလို ဘာအဆင့်မှ မရှိတဲ့ကောင်က တော်တော်ကို လေလုံးထွားတဲ့ကောင်ပဲ။ သူ့ဆီမှာ တကယ်ပဲ ဝှက်ဖဲတွေရှိနေရင်တောင် ဝိညာဉ်လှေလို့ခေါ်တဲ့ သူ့ရဲ့လှေကတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေကို မီးပင်လယ်ကြီးထဲမှာ အသက်ပျောက်သွားအောင်ပဲ လုပ်နိုင်မှာ သေချာတယ် ”

ဝမ်ပေါင်လဲ့၏ ကြေညာချက်ကြီး ထွက်ပေါ်လာပြီးနောက် ထိုကဲ့သို့သော လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာကြ၏။ ကျိုးပျောင်နှင့် အခြားသူများပင်လျှင် မျက်နှာများ ရှုံ့မဲ့နေကြပြီး ဝမ်ပေါင်လဲ့၏ လှေများမှာ အလုပ်ဖြစ်မည်မဟုတ်ကြောင်း မှတ်ယူထားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ အတင်းအကြပ် စေခိုင်းခဲ့သော‌ကြောင့်သာ မီးစိမ်းကျွန်းပေါ်မှ ထွက်ခွာလာပြီး ဤကျွန်းပေါ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ အကယ်၍ သူ၏ စီးပွားရေးလုပ်ငန်းအား လူအများစုက အားပေးထောက်ခံနေကြမည်ဆိုပါက သူတို့မှာ သူ့အား ကြည်ကြည်ဖြူဖြူနှင့် ကူညီပေးလိုက်ကြမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့မှာ သူတို့၏ ပတ်ပတ်လည်ရှိ လှောင်ရယ်သံများကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ခေါင်းများငုံ့သွားကြပြီး လှေငှားရမ်းမည့်အကြောင်းအား ထပ်၍ မကြေငြာတော့ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ထို့ကြောင့် မည်သူကမှ ဝမ်ပေါင်လဲ့၏ ကြေညာချက်နှင့်ပတ်သက်၍ လာရောက်မေးမြန်းခြင်း မရှိကြပေ။ ကျိုကျိုးပျောင်နှင့် အပေါင်းအပါများမှာမူ မီးစိမ်းကျွန်းဆီသို့ မပြန်ရဲကြသောကြောင့် ပင်မကျွန်းပေါ်တွင်သာ ကြိတ်မှိတ်သည်းခံ၍ ဆက်ရှိနေရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့မှာ အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းပြီး ဝမ်ပေါင်လဲ့တစ်ယောက် လက်လျှော့သွားသည့်အချိန်မှ မီးစိမ်းကျွန်းသို့ပြန်ရန် စိတ်ကူးထားကြသည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ စောင့်ဆိုင်းနေရင်း ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်အား လေ့ကျင့်နေခဲ့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း အမြုတေအဆင့်၌ တည်ငြိမ်မှုအပြည့်ရှိနေပြီဖြစ်ရာ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ပထမအဆင့်အား အခက်အခဲမရှိ လေ့ကျင့်နိုင်ခဲ့၏။

သူ့ဆီတွင် ရှိသော အမြုတေသုံးခုအနက် တစ်ခုမှာ လျှပ်စီးအမြုတေ ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် လျှပ်စီးစွမ်းအား အမြောက်အမြားကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ကိုလည်း လျင်မြန်စွာ လေ့ကျင့်နိုင်စွမ်းရှိနေ၏။ ထိုသို့ဖြင့် သူသည် သိပ်မကြာခင်တွင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ ပထမအဆင့်အား ကျွမ်းကျင်တတ်မြောက်လုနီးပါး ဖြစ်လာတော့သည်။

သူသည် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်လိုက်စဉ်တွင် လျှပ်စီးတန်းများမှာ သူ၏ ခန္ဓာကိုယ်အနှံအပြားသို့ ရွေ့လျားသွား၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အတွင်းကလီစာများထဲတွင် အလွန်အင်မတန်မှ သေးငယ်သော လျှပ်စီးတန်းလေးများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြ၏။ ထို့ကြောင့် သူသည် လျှပ်စီးနယ်မြေထဲသို့ အမြဲတမ်းရောက်နေသကဲ့သို့ပင် ခံစားနေရတော့သည်။

သူ၏ လျှပ်စီးအမြုတေမှာ သူ၏ အပြင်ခန္ဓာကိုယ်အား အားဖြည့်ပေးနေသလို သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီများကိုလည်း တိုးတက်လာအောင် ကူညီပေးနေ၏။ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်အား လေ့ကျင့်ခြင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ကျင့်ကြံခြင်းစွမ်းအားများကို ကျစ်လစ်သိပ်သည်းလာအောင် စုစည်းနိုင်စွမ်း ရှိလာ၏။

ထို့ကြောင့် သူသည် အစောပိုင်း အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်တွေသာ ရှိနေသေးသည့်တိုင်အောင် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ထိုအဆင့်ထက် သိသိသာသာပို၍ သာလွန်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်ပညာရပ်ကိုလည်း လျစ်လျူရှုထားခြင်းမရှိပေ။ သူ၏ ပတ်ဝန်းကျင်အနေအထားမှာ ပြောင်းလဲသွားခဲ့ပြီး သူသည် အာရုံသိပ်မစိုက်နိုင်တော့သောကြောင့် သူ၏ ဝိညာဉ်လမ်းညွှန်မှုပညာရပ်၏ တိုးတက်နှုန်းမှာ အရှိန်လျော့သွားခဲ့ရ၏။ သို့သော်လည်း သူသည် အမှောင်အိပ်မက်ထဲတွင် ရှိခဲ့စဉ်တုန်းက အမှောင်ပညာရပ်အကြောင်း လေ့လာထားခဲ့ဖူးသည်ဖြစ်ရာ ၎င်းမှာ ပုံမှန်နှုန်းဖြင့် တိုးတက်နေဆဲဖြစ်ကြောင်း သိထားပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နေ့စဉ်နှင့်အမျှ ပို၍အစွမ်းထက်လာ၏။ သူသည် ထိုကဲ့သို့ ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာနေသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရတော့သည်။

သလင်းကျောက် ပိုက်ကွန်ကြီးများမှာ အစွမ်းကုန်သွားပြီဖြစ်သောကြောင့် ‌နောက်ဆုံးတွင် လျန်လုံမှာ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ သူသည် စိတ်ထဲ၌ မကျေမချမ်း ဖြစ်နေရသည့်တိုင်အောင် သင်ခန်းစာ ရသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ နည်းလမ်းအမျိုးမျိုး ထုတ်သုံးကာ တိုက်ခိုက်ခဲ့သောကြောင့် သူသည် ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်ကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း နားလည်သွား၏။ သူသည် အစီအစဉ်ကောင်းကောင်းတစ်ခု ရေးဆွဲရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် အရံတောင်ထိပ်တစ်ခုပေါ်ရှိ ဂူဗိမာန်တစ်လုံးထဲတွင် အခြေချ နေထိုင်လိုက်ပြီးနောက် လေ့ကျင့်ရင်း လက်တုံ့ပြန်နိုင်ရန် အစီအစဉ်များ ရေးဆွဲနေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ ကျယ်ပြန့်တာအိုနန်းတော်၏ ကျင့်ကြံခြင်းလောကထဲတွင် သူ့အတွက် ပြိုင်ဘက်များများစားစားမရှိပေ။ ထို့ကြောင့် နေ့ရက်များမှာ အေအေးချမ်းချမ်းသာ ကုန်ဆုံးသွားလေ့ရှိသည်။ မြဲ့လျဲ့ကျိနှင့် ဖုန့်ချိုးရန်တို့၏ အဖွဲ့အစည်းများကြားမှ တင်းမာမှုများသာလျှင် အပြင်းထန်ဆုံး ပဋိပက္ခများ ဖြစ်ကြ၏။ ထိုအတောအတွင်းတွင် ပြည်ထောင်စုပျိုးပင်များမှာ ကျယ်ပြန့်တာအိုနန်းတော်ကြီးနှင့် ရင်းနှီးလာအောင် ကြိုးစားအားထုတ်ခဲ့ကြ၏။ ပြည်ထောင်စုကြီးအား အထင်သေးကာ ရွံရှာစက်ဆုပ်သည့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိနေသေးသည့်တိုင်အောင် ပြည်ထောင်စုပျိုးပင်များမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားကာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျင့်ကြံသူများနှင့် မိတ်ဆွေများဖွဲ့နိုင်ခဲ့၏။ ထိုသို့ဖြင့် သူတို့အားလုံးမှာ ပတ်ဝန်းကျင်အသစ်တွင် နေသားကျလာကြတော့သည်။

ကျယ်ပြန့်တာအိုနန်းတော်အတွက်လည်း တာဝန်များမှာ အရေးကြီးဆုံး အရာများထဲမှ တစ်ခုဖြစ်၏။ သူတို့မှာ နေ့စဉ်နေ့တိုင်း တာဝန်ပေါင်းမြောက်မြားစွာကို ထမ်းဆောင်ကြသလို ပြည်ထောင်စုပျိုးပင်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အတည်တကျ ဖြစ်လာကြပြီးနောက် တာဝန်များအပေါ် အာရုံစိုက်လာကြတော့သည်။ လီယီ၏ ဦးဆောင်မှုအောက်တွင် သူတို့၏ အုပ်စုဖွဲ့စကားဝိုင်းလေးမှာ အပြိုင်အဆိုင် ဖြစ်လာကြ၏။ ၎င်းမှာ မိမိ စုဆောင်းရရှိထားသည့် တိုက်ပွဲရမှတ်များအား ကြွားဝါးနိုင်သော နေရာတစ်ခု ဖြစ်လာတော့သည်…

ပြည်ထောင်စုပျိုးပင်များမှာ ဝမ်ပေါင်လဲ့၏ ကြေညာချက်အား သတိထားမိခဲ့ကြပါသော်လည်း သူတို့အားလုံးမှာ ‌ချီတုံချတုံ ဖြစ်နေခဲ့ရသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ မီးပင်လယ်ထဲသို့ ဝင်သွားပါက မလွဲမသွေ သေဆုံးသွားရမည်သာ ဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့၏လှေမှာ အပြစ်အနာအဆာတစ်ခုခု ရှိနေပြီး ‌ပင်လယ်အောက်တွင် မတော်တဆတစ်ခုခု ဖြစ်သွားမည်ဆိုပါက သူတို့မှာ ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏လေ့ကျင့်မှုများကြောင့် ရရှိခံစားခဲ့ရသည့် ပျော်ရွှင်မှုများမှာ အချိန်ကြာကြာ မခံလိုက်ပေ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည့်တိုင်အောင် မည်သူကမှ သူ၏လှေများကို လာရောက် ငှားရမ်းခြင်းမရှိသောကြောင့် သူသည် ဗျာများလာရတော့သည်။

သို့သော် စိတ်ထဲတွင် တွေးပူနေ၍ အကျိုးထူးမည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြည့်လိုက်ပြီးနောက် သူ့အား မည်သူကမှ မယုံကြည်သောကြောင့် ယခုလို ဖြစ်နေရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ကျိုးပျောင်နှင့် အပေါင်းအပါများအား အင်အားသုံး၍ ခြိမ်းခြောက်ကာ ဥပမာပြသည့်အနေဖြင့် ထိုလှေများအား အသုံးပြုခိုင်းရန် သင့်မသင့် စဉ်းစားတွေးတောနေ၏။ ထိုအချိန်တွင် ကျိုးရိဖန်းမှာ သူ၏ ဝိညာဉ်လှေတစ်စင်းကို ငှားရမ်းရန် ရောက်ရှိလာတော့သည်။

ကျိုးရိဖန်းမှာ သူ့တစ်ယောက်တည်း ရောက်လာခြင်းမဟုတ်ပေ။ သူသည် ‌ခုန်းတောက်နှင့် ကျောက်ယမုန့်တို့နှင့် ဆွေးနွေးခဲ့သည့်ပုံပင်။ သူတို့သုံးယောက်မှာ တာဝန်တစ်ခုကို တစ်ပြိုင်နက်တည်း လက်ခံလိုက်ကြပြီး သူတို့ဆီတွင် ရှိသော တိုက်ပွဲရမှတ်လေးများကို ခြစ်ကုတ်စုဆောင်းကာ ဝိညာဉ်လှေတစ်စင်း ငှားရမ်းရန် ဆုံးဖြတ်လိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာ သူတို့သုံးယောက်၏ ကူညီမှုကြောင့် စိတ်နှလုံးများ လှုပ်ရှားသွားရသဖြင့် အခကြေးငွေ ကောက်ခံခြင်းမရှိဘဲ သူတို့အား လှေသုံးစင်းလုံး ငှားပေးလိုက်၏။ ထိုသို့ဖြင့် ခဏအကြာတွင် သူတို့သုံးယောက်မှာ ဝမ်ပေါင်လဲ့အား အပြည့်အဝ ယုံကြည်လိုက်ကြပြီး ထိုလှေများကို ထိန်းချုပ်ကာ မီးပင်လယ်ထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။

ယခုကဲ့သို့ အခြေတည်အဆင့်ကျင့်ကြံသူများ မီးပင်လယ်ထဲသို့ ဝင်ရောက်ဖူးသည်မှာ နှစ်ပေါင်းများစွာအတွင်းတွင် ပထမဆုံးအကြိမ် ဖြစ်၏။ ထိုအကြောင်းနှင့် ပတ်သတ်သည့် သတင်းများကို မည်သူကမှ တကူးတကကြီး လိုက်ဖြန့်နေခြင်း မရှိပါသော်လည်း လူအချို့၏ အာရုံကို ဖမ်းစားသွားနိုင်ဆဲပင်။ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာဆိုလျှင် သူတို့၏နောက်မှ တိတ်တဆိတ်လိုက်ကာ သူတို့၏ လှုပ်ရှားမှုများအား အနီးကပ် လိုက်လံကြည့်ရှုနေခဲ့၏။ ဝမ်ပေါင်လဲ့မှာလည်း မတော်တဆတစ်ခုခု ပေါ်ပေါက်မလာစေရန် သူ၏ တံခါးပိတ်ကျင့်စဉ်အား အဆုံးသတ်လိုက်ပြီး မီးပင်လယ်ထဲသို့ ဝင်ရောက်သွားကာ သူတို့အား လိုက်လံကာကွယ်ပေးလိုက်တော့သည်။

သူတို့မှာ ယခုမှ ပထမဆုံးအကြိမ်အဖြစ် မီးပင်လယ်ထဲသို့ ဝင်ရောက်ဖူးသည်ဖြစ်ရာ လက်ဗလာနှင့်သာ ပြန်လာခဲ့ရ၏။ သို့သော် သူတို့မှာ လက်လျှော့သွားခြင်းမရှိဘဲ ဝိညာဉ်လှေများကို ဆက်၍ အသုံးပြုကာ မီးပင်လယ်ထဲသို့ နေ့စဉ်နေ့တိုင်းနီးပါး ဝင်ရောက်သွားနေကြဆဲပင်။ ထို့ကြောင့် ထိုကိစ္စကြီးမှာ တဖြည်းဖြည်းနှင့် လူသိများလာ၏။ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျင့်ကြံသူများပင်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံနေကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် ထိုသုံးယောက်မှာ အတူတကွပူးပေါင်းကာ ငရဲမီးကြွက်တစ်ကောင်အား ဖမ်းဆီးနိုင်ခဲ့၏။ ထိုသတင်းကြောင့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ လူပေါင်းမြောက်မြားစွာမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။ နောက်ဆုံးတွင် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူတစ်ယောက်မှာ ဝိညာဉ်လှေအား စမ်းကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို လိုအပ်နေပါသော်လည်း တိုက်ပွဲရမှတ် အလုံအလောက်မရှိသောကြောင့် အခြားရွေးချယ်စရာ မရှိတော့ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် အရဲစွန့်ကာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်လှေအား ငှားရမ်းလိုက်ပြီး မီးပင်လယ်ထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။

ပထမဆုံးတစ်ယောက် ဘေးကင်းကင်းနှင့် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ‌ နောက်ထပ် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာကြတော့သည်… ထိုအချိန်တွင် ကျိုးရိဖန်းနှင့် အခြားသူများမှာ ပင်လယ်ထဲသို့ မဝင်ကြတော့ပေ။ သူတို့၏ တိုက်ပွဲရမှတ်စုဆောင်းရေး နည်းဗျူဟာများထဲတွင် ပင်လယ်ထဲသို့ ဝင်ရသည့် တာဝန်များ မပါပေ။ သူတို့မှာ ဝမ်ပေါင်လဲ့အား ကူညီပေးချင်သောကြောင့်သာ သူ၏လှေကို ငှားရမ်း၍ ပင်လယ်ထဲသို့ ဝင်ပြခဲ့ခြင်း ဖြစ်သည်။

သူတို့မှာ ပြည်ထောင်စုကြီးဆီမှ ကျင့်ကြံသူများ ဖြစ်နေကြသည် မဟုတ်ပါလော။ ထို့ကြောင့် ဤနေရာတွင် သူတို့မှာ အပြင်လူများသာ ဖြစ်ကြပေသည်။ ပင်လယ်အထက်တွင်သာ ရှိနေပါက သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရနိုင်ပါသော်လည်း မီးပင်လယ်ထဲသို့ ဆင်းသွားမည်ဆိုလျှင်မူ သူတို့၏ ခရီးစဉ်မှာ ချောမွေ့နိုင်လိမ့်မည်ဟု တစ်ရာရာခှိုင်နှုန်း အာမခံနိုင်မည်မဟုတ်ပေ။ သူတို့မှာ အခြားသူများနှင့် ပဋိပက္ခများ ဖြစ်ကြမည်မှာ မလွဲမသွေပင် ဖြစ်သည်။ အကယ်၍ ထိုသို့သာ ဖြစ်လာမည်ဆိုပါက သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအဆင့်အတန်းများအရဆိုလျှင် ကြီးမားသော အန္တရာယ်ကြီးများနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရမည်မှာ အမှန်ပင် ဖြစ်သည်။

ထို့အပြင် သူတို့သုံးယောက်မှာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဆုလာဘ်များစွာ အသီးသီးရရှိခဲ့ကြသည် မဟုတ်ပါလော။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ တိုက်ပွဲရမှတ် အမှတ်သုံးဆယ်မှ ငါးဆယ်အထိ စုဆောင်းမိခဲ့ကြ၏။ ၎င်းမှာ ပြည်ထောင်စုပျိုးပင်များအတွက်ဆိုလျှင် ကြီးမားသော အမြတ်အစွန်းတစ်ခု ဖြစ်ပေသည်။

သူတို့ မရှိတော့သည့်တိုင်အောင် လှေငှားရမ်းသည့် လုပ်ငန်းမှာ ထိခိုက်သွားခြင်းမရှိပေ။ ထိုလှေများအား ငှားရမ်းနေကြသည့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျင့်ကြံသူ အရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာသောကြောင့် ထိုစီးပွားရေးလုပ်ငန်း၏ ဂုဏ်သတင်းမှာ တိုးတက်လာပြီး လူများမှာလည်း ၎င်းအား ပို၍ ယုံကြည်လက်ခံလာကြတော့သည်။ ထိုသို့ဖြင့် လူအများမှာ အစပိုင်းတွင် စိတ်ကူးထဲ၌သာ တွေးတောနေခဲ့ရာမှ နောက်ဆုံးတွင် လက်တွေ့လာရောက် ငှားရမ်နေကြတော့သည်။ ကျိုးပျောင်နှင့် အပေါင်းအပါများမှာလဲ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ အံကြိတ်ကာ ထိုစီးပွားရေးလုပ်ငန်းငန်းအား ပို၍ပင် အာရုံစိုက်၍ ကြော်ငြာပေးလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ဖက်တီးကျင့်ကြံသူအား သွားတွေ့လိုက်ပြီးနောက် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ညှိနှိုင်းမှုတစ်ခု ပြုလုပ်လိုက်သဖြင့် ထိုဖက်တီးကျင့်ကြံသူမှာလည်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်လှေများအကြောင်းကို စတင်ကြော်ငြာပေးနေလိုက်တော့သည်။ အဖွဲ့အစည်းပေါင်း မြောက်မြားစွာ အတူတကွပူးပေါင်း၍ အလုပ်လုပ်နေကြသည်ဖြစ်ရာ ငှားရမ်းလိုအားမှာ ထိုးတက်လာပြီး သူ၏ စီးပွားရေးလုပ်ငန်းမှာလည်း အောင်မြင်သွားတော့သည်။ နှစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ မီးစိမ်းကျွန်း အပြင်ဘက်၌ ဝိညာဉ်လှေများ ငှားရမ်းရန် စောင့်ဆိုင်းနေကြသည့် လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် ပို၍ များလာတော့သည်။ ထို့ကြောင့် လှေသုံးစင်းတည်းနှင့် မလုံလောက်တော့ပေ။

နေ့စဉ်နေ့တိုင်း သူ၏ ငွေစာရင်းထဲသို့ တိုက်ပွဲရမှတ် သုံးဆယ့်ခြောက်မှတ်တိတိ ဝင်ရောက်လာ၏။ အခြေတည်အဆင့် ကျင့်ကြသူများမှာလည်း ပင်လယ်ကြီးထဲသို့ အဆက်မပြတ် ဝင်ရောက်နေကြပြီး တာဝန်များထမ်းဆောင်ကာ တိုက်ပွဲရမှတ် အမြောက်အမြား စုစည်းနေကြတော့သည်။ ထို့ကြောင့် လှေငှားရမ်းသည့် စီးပွားရေးလုပ်ငန်းကြီးမှာ အောင်မြင်လာ၏။ သူ၏ စီးပွားရေးလုပ်ငန်းအား ဝယ်ယူရန် ကမ်းလှမ်းခဲ့သည့် လူများပင် ရှိခဲ့သေးသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဥ်းစားတွေးတောလိုက်ပြီးနောက် ထိုကမ်းလှမ်းချက်များအားလုံးကို ငြင်းဆန်လိုက်၏။ သူ၏ စီးပွားရေးလုပ်ငန်းများမှာ အောင်မြင်လာပြီဖြစ်ရာ သူ ဓမ္မလက်နက်များ ပေါင်နှံခဲ့သည့် ဖက်တီးကျင့်ကြံသူကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာပြီး သူ၏ စီပွားရေးလုပ်ငန်းထဲ၌ တိုက်ပွဲရမှတ် အမှတ်နှစ်ထောင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းလိုက်၏။ သူသည် အမြတ်အစွန်းများအားလုံး၏ နှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်ယူမည် ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ဈေးဆစ်နေသောကြောင့် ထိုဖက်တီးကျင့်ကြံသူကြီးမှာ ရင်းနှီးမြှုပ်နှံမည့် ပမာဏအား တိုက်ပွဲရမှတ် အမှတ်နှစ်ထောင့်ငါးရာအထိ တိုးမြှင့်ပေးလိုက်ပြီး အသားတင်အမြတ်၏ ဆယ့်ငါးရာခိုင်နှုန်းခန့်သာ ယူမည်ဟု ကမ်းလှမ်းလိုက်လေသည်။ ထိုအခါ သူတို့နှစ်ယောက်မှာ သဘောတူညီမှုတစ်ခု ရရှိသွားပြီး ဝမ်ပေါင်လဲ့၏ ငွေစာရင်းထဲသို့ တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်ကျော် ရောက်ရှိလာတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုရမှတ်များအားလုံးကို ဝိညာဉ်လှေအသစ်များ ဆောက်လုပ်ရာ၌ ပြန်၍ ရင်းနှီးမြှုပ်နှံလိုက်၏။ သူသည် သူ့ဆီတွင်ရှိသော တိုက်ပွဲရမှတ်များအားလုံးကို အသုံးပြုလိုက်ပြီးနောက် သူ၏ ဝိညာဉ်လှေများအား ဆယ်စင်းအထိ တိုးချဲ့လိုက်တော့သည်။

ဖက်တီးကျင့်ကြံသူကြီးအား ဆယ့်ငါးရာခိုင်နှုန်းတိတိ ပေးနေရသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ လက်ကျန် တိုက်ပွဲရမှတ်များကြောင့် အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်နေရဆဲပင်။ နေ့စဉ်နေ့တိုင်း သူ၏ငွေစာရင်းထဲသို့ တိုက်ပွဲရမှတ်တစ်ရာကျော် ပုံမှန်ဝင်ရောက်နေသည် မဟုတ်ပါလော။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ ဂုဏ်သတင်းကျော်စောလာတော့သည်။

လီယီမှာလည်း အုပ်စုဖွဲ့စကားဝိုင်းထဲတွင် သူမ၏ တိုက်ပွဲရမှတ်များအကြောင်းကို ကြွားဝါနေခြင်းမရှိတော့ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ လှေငှားရမ်းမှု လုပ်ငန်းကြီး ဆက်လက် လည်ပတ်နေရင်း နှစ်ပတ်တိတိ ကုန်ဆုံးသွား၏။ ထို့နောက် တစ်ရက်တွင် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် လေ့ကျင့်နေစဉ် လူတစ်ယောက်မှာ သူ၏ ဂူဗိမာန်အပြင်ဘက်သို့ ရောက်ရှိလာတော့သည်။

သူ၏ ရောက်ရှိလာမှုကြောင့် ဝမ်ပေါင်လဲ့မှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကာ ဦရေခွံများ ထုံကျဥ်သွားရ၏။ ထို့ကြောင့် သူသည် တအံ့တဩနှင့် အော်မေး‌မိလိုက်တော့သည်။

” မင်း… မင်း ဘာလို့ ဒီကို ရောက်နေရတာလဲ။ မင်း… မင်းက လူလား ဒါမှမဟုတ် သရဲ တစ္ဆေတစ်ကောင်လား “

Comment

Leave a Reply

Options

not work with dark mode
Reset