ပန်းရောင်မိန်းကလေး၏ မျက်နှာသည် သေလောက်အောင် ဖြူရောနေသည်။ နှဖူးထက်၌လည်း ချွေးများ ရွှဲနစ်နေ၏။ သူမ၏ခန္ဓာကိုယ်သည် အလွန်အားနည်းနေပေပြီ။သို့သော် မှတ်ဉာဏ်ရှာဖွေမှုကြောင့် ထိခိုက်မှုသည် မများလွန်းပေ။ ထို့ကြောင့်သူမသည် ပြန်ကောင်းမွန်ရန် ခဏတာ အနားယူဖို့သာ လိုအပ်သည်။
ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် တောက်ပသောဟင်းလင်းပြင်သခင်မနှင့်ပတ်သတ်၍ သူ သိလိုသည့် အဖြေကို ရရှိခဲ့ပြီး ဖြစ်သည်။ ထိုအဖြေမှာ အလုံးစုံ မပြည့်စုံသော်လည်း ဝမ်လင်း၏ ဉာဏ်ရည်ဖြင့် သူသည် ပြဿနာရပ်များကို မြင်နိုင်စွမ်း ရှိပေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏အကြည့်သည် နန်းတော်ထံသို့ ခြုံလွှမ်းသွားသည်။ သူသည် တည်နေရာရွှေ့ပြောင်းပေးသည့် နေရာကို ရှာတွေ့သွားပေပြီ။
“ဒီအစီအရင်ကို ဖွင့်လှစ်ပြီးရင်တော့ မင်းတို့နှစ်ယောက် ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်ပြီ။ ပြီးရင်တော့ မင်းတို့အပေါ်ဘဲ မူတည်သွားပြီ…” ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းကာ ပျောက်ကွယ်သွားတော့သည်။
သူသည် လှပသောအမျိုးသမီးကို မသတ်ခဲ့သော်လည်း မှတ်ဉာဏ်များ ရှာဖွေနေစဉ်အတွင်း သူမတွေ့မြင်ခဲ့သည့် သူ့လျို့ဝှက်ချက်အားလုံးကိုတော့ ဖျက်စီးခဲ့ပြီး ဖြစ်သည်။ သူမ၏စိတ်ထဲတွင်လည်း အတားအဆီးများ ချန်ထားခဲ့ပေသည်။ သူမသည် သူ့ကို ဆက်နှောက်ယှက်ပါက သူသည် သူမ၏စိတ်ကို ပြိုလဲစေနိုင်ပေသည်။
ဝမ်လင်းသည် ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ရှစ်ထပ်မြောက်သို့ ဝင်ရောက်လာသည့်အခိုက်တွင် သူသည် အကွာအဝေးတစ်ခုမှ တုန်ဟိန်းသံကို ကြားလိုက်ရကာ မူလစွမ်းအင်တုန်ခါမှုလှိုင်းကိုလည်း ခံစားမိလိုက်သည်။
ရှစ်ထပ်မြောက်သည် လုံးဝ နက်မှောင်နေ၏။လွှမ်းခြုံနေသော မြူနက်ထုတစ်ခုက ဝမ်လင်း၏ နတ်ဘုရားအာရုံ အဝေးသို့ ဖြန့်ကျက်ခြင်းကို တားဆီးထားသည်။ သို့ရာတွင် တုန်ဟိန်းသံသည် ပို၍ မြန်ဆန်လာကာ သူသည် ဒေါသတကြီးအသံများကိုပါ ခပ်ရေးရေး ကြားလိုက်ရသည်။ထိုအသံပိုင်ရှင်မှာ လင်းထျန်ဟူ ဖြစ်နိုင်၏။
ဝမ်လင်း၏မျက်လုံးသည် အလေးအနက် ဖြစ်လာ၏။ အချိန်အတန်ကြာ နားထောင်ပြီးသည့်နောက် ဝမ်လင်းသည် နောက်ဆုတ်၏။ သို့သော် သူ နောက်ဆုတ်လိုက်ချိန်တွင် သူ့ရှေ့ရှိ မြူထုသည် တဝီဝီလှည့်လည်ကာ လင်းထျန်ဟူ လှမ်းထွက်လာသည်။ သည်အခိုက်အတန့်၌ လင်းထျန်ဟူသည် သနားစရာအခြေအနေသို့ စိုက်ရောက်နေ၏။ သူ့မျက်နှာထက်၌လည်း ကြောက်လန့်မှုတို့ ပြည့်နေသည်။ သူ့ရင်ဘက်ပေါ်၌ အနက်ရောင်လက်ဝါးရာ တစ်ခု ရှိနေသည်။ သည်လက်ဝါးရာသည် သူ့အင်္ကျီစကို စုတ်ဖြဲကာ သူ့ရင်ဘက်ပေါ်၌ အရာ ဖြစ်နေစေသည်။ သူသည် ပြေးနေရင်း ထိုလက်ဝါးရာထံသို့ မြူနက်ထုသည် ရွှေ့လျားလာနေသည်။
သူ့နောက်ရှိ အရိပ်တစ်ခုသည် မြူနက်ထုကို ဖြတ်ကျော်လာသည်။ ဤအရိပ်က ၎င်းမြူနက်ထုကို အသုံးချကာ ဧရာမမိစ္ဆာပုံစံ ယူထားပေသည်။ ၎င်းက ထွက်ပြေးနေသော လင်းထျန်ဟူနောက်သို့ လိုက်နေကာ သူ့အား ဝါးမြိုရန် ကြံရွယ်နေသည်။
လင်းထျန်ဟူ၏မျက်လုံးထဲရှိ ကြောက်လန့်မှုသည် ပိုအားကောင်းလာ၏။ သို့သော် သူသည် အံတင်းတင်းကြိတ်၍ နောက်လှည့်လိုက်သည်။ သူသည် သူ့ပါးစပ်ကိုဟကာ မူလစွမ်းအင်ကို ထွေးထုတ်သည်။ထို့နောက် သူသည် လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်သည်။ လေဟာနယ်အက်ကြောင်းတစ်ခုသည် ပေါ်လာ၏။ လင်းထျန်ဟူ၏ အနီရောင်ချီလင်သားရဲသည် မာန်ဟိန်းကာ မိစ္ဆာအရိပ်ထံသို့ ဦးတည်ဝင်ရောက်သွားသည်။
ချီလင်၏ခန္ဓာကိုယ်သည် ဒဏ်ရာများနှင့် ပြည့်နေသည်။ ၎င်းဒဏ်ရာများကနေ သွေးများစွာ စိမ့်ထွက်နေသည်။ လင်းထျန်ဟူ၏မျက်လုံးထဲ၌ စိတ်နှလုံးနာကျင်မှု ဖြစ်ပေါ်နေသည်။ သို့သော် ခုချိန်၌ သူသည် ထိုအကြောင်းကို တွေးနေဖို့ အချိန်မရှိပေ။ သူက အော်ဟစ်လိုက်၏။ “သွေးစတေးခြင်း…”
သူ ထိုသို့ပြောလိုက်ရင်း သူသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ထိရိုက်ကာ သူ့နောက်ရှိ ကျန်နေသေးသော မူလဓားနှစ်လက်သည် ပျံသန်းထွက်လာသည်။ ၎င်းတို့က မိစ္ဆာထံသို့ ပျံသန်းသွားခြင်း မရှိပေ။ သို့သော် ချီလင်ထံသို့ ပျံသန်းသွား၏။
ချီလင်သည် နာကျင်စွာ အော်ဟစ်လိုက်၏။ သို့သော် ၎င်းသားရဲသည် မခုခံပေ။ ၎င်းက ဓားနှစ်လက် သူ့အား စိုက်လာခြင်းကို ခွင့်ပြု၏။ သွေးများစွာ ပန်းထွက်ကုန်သည်။ ချက်ခြင်းပင် သည်ပတ်ဝန်းကျင်ဧရိယာပေတစ်ထောင်ကို သွေးများ ဖုံးသွားတော့၏။
“သားရဲစိတ်ဝိညာဉ်…ပေါ်လာစမ်း…” လင်းထျန်ဟူသည် အော်ဟစ်လိုက်ရင်း ချီလင်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ သွေးမျိုးများ ရွာသွန်းကျနေရင်း ချီလင်၏စိတ်ဝိညာဉ်သည် ၎င်း၏ပျက်စီးနေသော ခန္ဓာကိုယ်ကနေ ပေါ်လာသည်။
ချီလင်၏စိတ်ဝိညာဉ်သည် ပေါ်လာသည့်အချိန်တွင် ၎င်းက မာန်သွင်းဟိန်း၏။ ထိုဟိန်းသံသည် ရုပ်ပိုင်းဆိုင်ရာဖြင့် မကြားနိုင်၊ မူလစိတ်ဝိညာဉ်ဖြင့်သာ ကြားသိနိုင်သည်။ ထိုဟိန်းသံ ဝမ်လင်းနားထဲသို့ ဝင်ရောက်လာသည့်အခါ မိုးကြိုးပစ်သံအလားပင်။
ချီလင်စိတ်ဝိညာဉ်က ဟိန်းအော်ရင်း မိစ္ဆာမွန်းစတားထံသို့ ဦးတည်ဝင်သွားသည်။၎င်းက သည်မိစ္ဆာကို စတင် ကိုက်ခဲကာ နောက်ကနေ လိုက်လံခြင်းကနေ တားဆီးရန် ရည်ရွယ်သည်။ လင်းထျန်ဟူသည် သွေးချင်းနီသောမျက်လုံးတို့ဖြင့်ချီလင်သွေးများကို ကြည့်သည်။ သူ့စိတ်နှလုံးသည် နာကျင်နေရချေ၏။
သည်ချီလင်သားရဲသည် သူ့နောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်တော့ပေ။ ၎င်းက သူနှင့်အတူ ခက်ခဲသည့်အချိန်တိုင်း ရှိခဲ့ပေသည်။ သို့ရာတွင် ဤအခိုက်အတန့်၌ သူသည် ၎င်း၏ စိတ်ဝိညာဉ်ကို ကြီးထွားနှုန်း မြင့်တင်နိုင်ရန် သူကိုယ်တိုင် ၎င်း၏သွေးအတွက် သတ်ပစ်ခဲ့ရပေသည်။
ဟိန်းသံထွက်ပေါ်နေရင်း လင်းထျန်ဟူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ ညွှန်သည်။ သွေးများသည် လေထဲသို့ စီးဆင်းနေကာ မိစ္ဆာနှင့်တိုက်ခိုက်နေသော ချီလင် ရှိသည့်နေရာသို့ စုဝေးသည်။ ထိုသွေးများထဲ၌ မြူနက်ထု၏ တဝက်ကျော်ကိုပါ လွင့်ပြယ်စေနိုင်သည့် ရွှေရောင်အရိပ်အယောင်တို့ ပါဝင်သည်။ ၎င်းက မိစ္ဆာထံသို့ စုစည်းနေချေသည်။
“ဝမ်လင်း…ငါ့ကို ကူညီပါ။ ဒီနေရာက အန္တရာယ်များလွန်းတယ်။တဦးတစ်ယောက်တည်း ကြာကြာနေနိုင်တဲ့ နေရာ မဟုတ်ဘူး။ နောက်ကျရင် ငါ မင်းကို ရှင်းပြမယ်…”
လင်းထျန်ဟူ သည်နေရာထိ ထွက်ပြေးလာခြင်းမှာ သူသည် တယောက်ယောက်ဝင်လာသည်ကို ထောက်လှမ်းမိသောကြောင့် ဖြစ်သည်။
ရှစ်ထပ်မြောက်သို့ ဝင်လာချင်းချင်း ဝမ်လင်းသည် လင်းထျန်ဟူ၏ ဤသို့ သနားစရာ အခြေအနေကို ချက်ခြင်း တွေ့မြင်လိုက်ရပေသည်။ သူက သူ့ကိုယ်ပိုင်ချီလင်ကိုပါ ဖျက်စီးခဲ့ရသည် မဟုတ်လား။ ဝမ်လင်းသည် ရှစ်ထပ်မြောက်သို့ ဝင်ခဲ့သည့် လူများ မည်သို့ဖြစ်ပျက်ခဲ့သည့်အပေါ် ဆိုးရွာသောခံစားချက် ရနေသည်။
သည်အခိုက်အတန့်၌ သူသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို တယောက်ယောက်အား မေးမှ ဖြစ်ပေမည်။ ဝမ်လင်းက ဆုံးဖြတ်ချက်ချကာ မြူနက်ထုထဲကနေ လှမ်းထွက်သည်။ လင်းထျန်ဟူ စကားပြောနေသည်ကို စောင့်မနေတော့ဘဲ သူက ခုန်ဝင်ကာ မန္တာန်တစ်ခု အသုံးပြုရန် ပြင်သည်။
“မန္တာန်တွေအသုံးမဝင်ဘူး…။ ဒီဟာက ဒါတွေအားလုံးကို ဝါးမြိုပစ်လိမ့်မယ်…” လင်းထျန်ဟူသည် ချက်ခြင်း လှမ်းအော်၏။ တချိန်တည်းမှာပင် သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သေးငယ်သော အနီရောင်ဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ၎င်းကို ရှေ့တည့်တည်သို့ ပစ်လွှတ်လိုက်၏။ ထို့နောက် လင်းထျန်ဟူ၏ နှလုံးသားသည် ကိုက်ခဲရင်း လှမ်းအော်သည်။ “ပေါက်ကွဲစမ်း…”
သူက ထိုသို့ ပြောလိုက်သည့်နောက် ဓားငယ်သည် ရုတ်တရပ် အဖျက်အစီးအားအဖြစ် ပျက်စီး၍ မိစ္ဆာထဲသို့ ဝင်ရောက်သွားသည်။ မိစ္ဆာသည် ချက်ခြင်း စူးစူးရှရှ အော်ဟစ်လိုက်၏။
ဝမ်လင်းအဖို့တော့ သည်မိစ္ဆာသည် ရှေးဟောင်းမိစ္ဆာတစ်ကောင် ဖြစ်သည်မှာ ရှင်းလင်းသည်။ သို့ရာတွင် သည်မိစ္ဆာက အနည်းငယ်တော့ ထူးဆန်းနေ၏။ ၎င်းက ပြန့်ကြဲမိစ္ဆာနှင့် ဆင်တူသော်လ်း နည်းနည်းကွာခြားနေသည်။
အချို့အကြောင်းပြချက်များကြောင့် သည်ရှေးဟောင်းမိစ္ဆာ၏ ဘယ်မျက်လုံးတွင် ကြယ်များ ရှိ၏။စုစုပေါင်း ရှစ်လုံးပင်။ ခုနစ်လုံးသည် မှိန်ဖျော့သော်လည်း ကျန်ကြယ်တစ်လုံးကတော့ မွန်းစတားဆန်သော မိစ္ဆာစွမ်းအင်ကို ပေးစွမ်းနေသည်။
သည်အခိုက်အတန့်၌ ရှေးဟောင်းမိစ္ဆာသည် နာကျင်မှုနှင့် ပြည့်သွားသည်။ ၎င်း၏ ဘယ်မျက်လုံးထဲ၌ ကြယ်များသည် လှည့်ပတ်နေသည်။ တောက်ပသောကြယ်တစ်လုံးသည် ပို၍ တောက်ပလာရင်း ၎င်းထံမှ ပြင်းထန်သောမိစ္ဆာစွမ်းအင် ထွက်ပေါ်ကာ မသတီစရာခံစားမှုကို ပေးသည်။
မာန်သွင်းနေရင်း ရှေးဟောင်းမိစ္ဆာ၏ခန္ဓာကိုယ်သည် လက်ခနဲ ဖြစ်သွားကာ သူသည် ချီလင်လက်ထဲကနေ မထင်မှတ်စွာ လွတ်မြောက်သွားသည်။ ၎င်းက လင်းထျန်ဟူ ထံသို့ တိုက်ရိုက် တိုးဝင်လာသည်။ ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကျုံ့သွား၏။ သူ့ညာလက်ဖြင့် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်တော့သည်။
ရှေးဟောင်းနတ်ဘုရားအရိပ်သည် ပေါ်လာ၏။ သို့သော် မြူနက်ထုများကြောင့် ၎င်းသည် ရှင်းရှင်းလင်းလင်းတော့ ဖြစ်မနေပေ။ သို့ရာတွင် သည်လက်သီးချက် ထွက်ပေါ်လာချိန်တွင် ရှေးဟောင်းမိစ္ဆာသည် မင်သက်ကာ ရုတ်တရက် နောက်လှည့်လာ၏။ ရှေးဟောင်းမိစ္ဆာက ဝမ်လင်းကို စူးစိုက်ကြည့်ကာ လင်းထျန်ဟူနောက်သို့ လိုက်လံခြင်းကို လက်လွှတ်သည်။ထို့နောက် ၎င်းက အရိပ်တစ်ခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာလေ၏။
၎င်းသည် ဝမ်လင်းမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်မှန်း သိနေသည်မှာ သိသာပေသည်။
ဝမ်လင်း၏စိတ်သည် ရွှေ့လျားကာ အဖြူအနက်၊ယင်နှင့်ယန် သင်္ကေတသည် သူ့နောက်တွင် ပေါ်လာသည်။ သူ့ညာလက်ကို ဆန့်ထုတ်၏။ အဖြူအနက်အခိုးငွေ့များသည် ရောယှက်ကာ ဝမ်လင်း သူ့နယ်ပယ်နှင့် ပေါင်းစပ်ထားသည့် ရတနာ ဖြစ်ပေါ်လာသည်။ ဤရတနာကား ကံကြမ္မာကျာပွတ်ပင်။
ကံကြမ္မာကျာပွတ်ကို လက်ထဲကိုင်ထားရင်း ဝမ်လင်းသည် သူ့လက်ကို လှုပ်ခါလိုက်၏။ ထို့နောက် ကျာပွတ်သားထံမှ ပွင့်ဟ၍ ရွှေရောင်အလင်းအမျှင်များ လှစ်ဟပေါ်လာသည်။
မိစ္ဆာနီးကပ်လာသည့်အခိုက်အတန့်၌ ကံကြမ္မာကျာပွတ်သည်လည်း မိစ္ဆာထံသို့ ကျရောက်လာချေသည်။ ရှေးဟောင်းမိစ္ဆာသည် ရုတ်တရပ် တန့်သွား၏။ ကျာပွတ်ဖြတ်ကျော်သွားသည့် နေရာကနေ မိစ္ဆာစွမ်းအင်များစွာ ပန်းထွက်သည်။ထိုမိစ္ဆာက နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏မျက်လုံးသည် ချင်းချင်းနီရဲသွား၏။ ၎င်းက နောက်တစ်ကြိမ် တိုးဝင်လာရန် ပြင်သည်။
သို့ရာတွင် ဝမ်လင်းလက်ထဲရှိ ကံကြမ္မာကျာပွတ်သည် နောက်တစ်ကြိမ် ရွှေ့လျားသွားပြန်၏။ ကျာပွတ်ရိုက်ချက်သည် ရှေးဟောင်းမိစ္ဆာပေါ်သို့ ကျရောက်လာကာ ၎င်းအား တုန်ယင်စေသည်။ ဝမ်လင်းသည် ရပ်တန့်ခြင်း မပြုပေ။ သူက ရှေးဟောင်းမိစ္ဆာပေါ်သို့ ကျာပွတ်ရိုက်ချက်များ ဆက်တိုက် ကျဆင်းစေသည်။ ရှေးဟောင်းမိစ္ဆာသည် ကျာပွတ်ကို လန့်လာဟန်ရကာ နောက်သို့ ဆက်တိုက် ဆုတ်၏။
သို့ရာတွင် ၎င်းက နောက်သို့ ပေရာချီ ဆုတ်ပြီးသည့်နောက် မြန်ဆန်စွာကျုံ့လာကာ ဧရာမလက်ဝါးရာအဖြစ်သို့ ပြောင်း၍ တဝီဝီအသံပေးရင်း ဝမ်လင်းထံသို့ တိုးဝင်လာချေတော့သည်။
“ဝမ်လင်း…ဂရုစိုက်။ ဒီမိစ္ဆာလက်ဝါးက အကာအကွယ်ပုံစံအားလုံးကို ထွင်းဖောက်နိုင်တယ်…” လင်းထျန်ဟူသည် လက်ဝါးကြောင့် မင်သက်နေ၏။ သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာသည် ဤလက်ဝါးကြောင့် မဟုတ်လော။
ဝမ်လင်းသည် မိစ္ဆာလက်ဝါးကို တွေ့မြင်သည်နှင့် သူ့မျက်လုံးသည် တောက်ပသွား၏။ သည်လက်ဝါးသည် သူ့အား ရင်းနှီးမှုကို ပေး၏။ ၎င်း နီးကပ်လာနေရင်း ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်သည်။ အတိတ်တုန်းက မိုးကောင်းကင်ဘုံနယ်မြေ၌ တုန်လှုပ်ဖွယ်ခံစားမှုကို ပေးစွမ်းခဲ့သော လက်ဝါးရာသည် ဝမ်လင်း၏စိတ်ထဲ၌ ပြန်ပေါ်လာတော့၏။
“ငါ ဒီလက်ဝါးကို သိတယ်…” အတိတ်တုန်းက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားလှခြင်းမရှိခဲ့ပေ။ သို့သော် ခုချိန်၌ သူသည် နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။ သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်လည်း ပိုင်ဆိုင်ထားသေး၏။ မိုးကောင်းကင်ဘုံနယ်မြေမှ လက်ဝါး အကြောင်း အတွေးသည် သူ့စိတ်ထဲ၌ ပြည့်နှက်လာ၏။ ထိုအတွေးက ထာဝရတည်ရှိမှုအဖြစ် ဖြစ်လာဟန်ရကာ ၎င်းအတွေးသည် စိတ်ဆန္ဒတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ သူ့ညာလက်ထဲသို့ ဝင်ရောက်ပြီး ရှေ့သို့ ထိုးထွက်သွားချေသည်။
သည်လက်ဝါးရိုက်ချက်သည် လောကကိုပါ အရောင်ပြောင်းလဲစေ၏။ မိုးကြိုးဟိန်းမြည်သံများ ပဲ့တင်ထပ်သည်။ အနက်ရောင်မြူထုအားလုံး နောက်သို့ အရူးအမူး လွင့်စင်၏။
ဤလက်ဝါးတိုက်ချက်ထဲ၌ ပါဝင်သည့် စိတ်ဆန္ဒထဲတွင် လောကရှိအရာအားလုံးကို ငါ ပိုင်တယ် ဟူသော အော်ရာမျိုး ပါဝင်နေ၏။ သည်လက်ဝါးသည် ချက်ခြင်းပင် ဧရာမလက်ဝါးကြီးအဖြစ်သို့ ပြောင်း၍ ကောင်းကင်နှင့်မြေကြီးကို ခြုံလွှမ်းသည်။ ၎င်းလက်ဝါးရိုက်ချက်သည် ရှေ့သို့ တွန်းထိုးလာရင်း ဖော်မပြနိုင်သည့်ဖိအားကို သယ်ဆောင်လာချေသည်။
ချက်ခြင်းပင် ဝမ်လင်း၏ စိတ်ဆန္ဒမှ ထွက်ပေါ်လာသည့် လက်ဝါးတိုက်ခိုက်မှုသည် မိစ္ဆာလက်ဝါးနှင့် ထိပ်တိုက်တွေ့၏။ ကောင်းကင်သည်ပင် တုန်ဟိန်းစေမည့် အသံကြီး ထွက်ပေါ်လာသည်။ မိစ္ဆာလက်ဝါးသည် ပေါက်ကွဲကာ ပျက်စီးသွားပြီး ရှေးဟောင်းမိစ္ဆာအဖြစ်သို့ ပြန်ပြောင်းလဲသွားရသည်။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ပြည့်နှက်ကုန်၏။ သည်ရှေးဟောင်းမိစ္ဆာက စူးရှရှအော်ကာ ထွက်ပြေးရန် ပြင်သည်။
သို့ရာတွင် ဝမ်လင်း၏ လက်ဝါးရိုက်ချက်က လွင့်ပြယ်သွားခြင်းမရှိဘဲ အရူးအမူး ရှေ့သို့ ဆက်တိုးလာ၏။ ရှစ်ထပ်မြောက်ရှိ မြူနက်ထုအားလုံးမှာ လွင့်စင်ကုန်ရသည်။ မထင်မှတ်စွာပင် သည်လက်ဝါးရာသည် မြူနက်ထုအတွင်း ကြီးမားသည့်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်စေ၏။ ရှေးဟောင်းမိစ္ဆာသည် လွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။ သည်လက်ဝါးရာက မှီလာ၏။ ၎င်းက ဗလုံးဗထွေး ဟစ်အော်ကာ ၎င်း၏ခန္ဓာကိုယ် တစစီဖြစ်သွားသည့်အခိုက်၌ ၎င်း၏ဘယ်မျက်လုံးသည် ဖျပ်ခနဲ လင်းလက်သွားသည်။ သူ့ဘယ်မျက်လုံးသည် လက်ဝါးရာထံမှ လွတ်မြောက်ကာ ရှေ့တည့်တည့်သို့ ပျံသန်းသွားချေ၏။
လက်ဝါးရာသည် ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်ရွှေ့လာသည်။ လမ်းတစ်လျှောက်ရှိ အဆောက်အဦအားလုံး ပျက်စီးကုန်၏။ လက်ဝါးရာ ရှေ့သို့ ဆက်ရွှေ့လာရင်း နောက်ဆုံးတွင် ဗဟိုချက်ရှိ နန်းတော်အစွန်းအဖျားနှင့် ထိတိုက်မိတော့သည်။
ကျယ်လောင်စွာ မြည်ဟိန်းပေါက်ကွဲ၏။ နန်းတော်တစ်ဝက်ကျော်သည် ပျက်စီးသွားကာ ဖယောင်းတိုင်ထွန်းသော တိုင်(၉၉)ခုမှာ နန်းတော် အတွင်းကနေ ထွက်ပေါ်လာသည်။ လက်ဝါးရာ ထိတိုက်မိချိန်၌ လောင်ကျွမ်းနေသော ဖယောင်းတိုင်နှစ်တိုင်ထဲမှ တစ်တိုင်ထံမှ မီးတောက်သည် ပျံသန်းထွက်လာ၏။ ကျန်သည့်တစ်တိုင်သည်လည်း ငြှိမ်းသေတော့မည့် လက္ခဏာ ပြသလာ၏။ သို့သော် ၎င်းက ရုန်းကန်ကာ လောင်ကျွမ်းနေဆဲပင်။
လင်းထျန်ဟူသည် ထိုအဖြစ်အပျက်အားလုံးကို ကြောင်ရီစွာ စူးစိုက်ကြည့်နေမိ၏။ သူသည် လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်နေမိတော့သည်။ ခုချိန်၌ သူ့စိတ်ထဲ၌ မုန်တိုင်းထန်နေပေပြီ။
***