Switch Mode

အပိုင်း(၁၁၀၈)

ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ခုနစ်ထပ်မြောက်တွင် မီးဒြပ်စင်မူလစွမ်းအင်သည် အလွန်အမင်း သိပ်သည်းနေသည်။ အထူးသဖြင့် ချောရည်ပူများထဲတွင်ပင်။ ဝမ်လင်းသည် မီးမူလစွမ်းအင်များကို စုပ်ယူနေရင်း ၎င်းစွမ်းအင်တို့သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ပတ်လည်၌ ခြုံလွှမ်း၍ အားဖြစ်နေစေသည်။

ဝမ်လင်းက အလွန်သက်တောင့်သက်သာ ခံစားနေမိ၏။ သူသည် ခြောက်ခုမြောက်အထပ်၌ ဆေးလုံးမြောက်များစွာကို သုံးစွဲခဲ့သော်လည်း သူ့ဒဏ်ရာများသည် အနည်းငယ်သာ ပြန်ကောင်းမွန်ခဲ့သည်။လုံးဝ ပြန်ကောင်းမွန်ခဲ့ခြင်း မရှိသေးပေ။ ခုချိန်၌ သူသည် မီးမူလစွမ်းအင်တို့ကို စုပ်ယူနေရင်း သူ့ဒဏ်ရာများသည် တဖန်ပြန်ကောင်းမွန်လို့လာနေသည်။

ထိုကောင်းမွန်မှုနှုန်းက နှေးသော်လည်း ဝမ်လင်းအဖို့ မျှော်လင့်ချက်တစ်ခုတော့ ရစေသည်သာ ဖြစ်သည်။

သို့ရာတွင် လူအများစုသည် မီးတောင်၏အတွင်းဘက်သို့ ဝင်ရောက်သွားနှင့်ခဲ့ကြပြီ ဖြစ်ရာ ဝမ်လင်းသည် သက်ပြင်းချမိ၏။ တလတာ ကုသနေစဉ်အတွင်း သူသည် ဝမ်ဝေကို ခုနစ်ခုမြောက်ကောင်းကင်ဘုံအဆိပ်နှင့် ပတ်သတ်၍ ကုသဖို့ နည်းလမ်းတို့ကို မေးမြန်းခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ၌ ဝမ်ဝေနှင့်ဟူကျွမ်တို့သည် အဆိပ်နှင့် ပတ်သတ်ခဲလှ၏။ သူတို့သည် သည်ခုနစ်ခုမြောက်ကောင်းကင်အဆိပ်အကြောင်း အနည်းငယ် သိသော်လည်း အသေးစိတ်ကိုတော့ မသိပေ။ သည်တော့ ဝမ်လင်းအတွက် စစ်ထူနန်၏ အဆိပ်ကို ကုသပေးနိုင်ဖို့ မျှော်လင့်ချက်သည် ကောင်းကင်ဘုံအင်ပါယာချင်းလင် သို့မဟုတ် သူ့သမီး ချင်းရှောင်တို့ထံ၌သာ ရှိတော့၏။

သူသည် သည်ခုနစ်ခုမြောက်အထပ်၌ ကြာကြာနေနေ၍ မဖြစ်မှန်း သိ၏။ ထို့ကြောင့် သူက အသက်ဝဝရှုသွင်းကာ သူ့ခန္ဓာကိုယ်အတွင်းသို့ မူလစွမ်းအင်များကို ပိုမြန်ဆန်စွာ စီးဆင်းစေသည်။ သူ့လက်ထံမှ ပြင်းထန်သော စုပ်အားတစ်ခုထွက်ပေါ်လာရင်း မီးမူလစွမ်းအင်များကို စုပ်ယူနေ၏။ထို့နောက် ဝမ်လင်းက လက်ပြန်ရုတ်သိမ်းသည်။ သူသည် ခုန်ထလိုက်ပြီးနောက် မီးတောက်ထိပ်ဝကနေ ဖြတ်၍ ဝင်ရောက်လိုက်တော့သည်။

ဝမ်လင်း ထလိုက်သည်နှင့် ဝတ်စုံနက်နှင့်လူသည်လည်း ထလာကာ မီးတောက်ထိပ်ဝသို့ နောက်နေရာတစ်ခုကနေ ဦးတည်သွားသည်။

ဝမ်လင်းသည် ထိုဝတ်စုံနက်နှင့်လူသည်လည်း မီးမူလစွမ်းအင်တို့ကို သူ့လို စုပ်ယူနေသည်အား သိသည်။ သည်လူ၏ မျက်ခုံးနှစ်ခုကြားတွင် ရှိနေသော အမှတ်အသားက ဝမ်လင်းကို သတိထားစေပေသည်။

ဝမ်လင်းသည် ခပ်မြန်မြန် မသွားပေ။ သူသည် မီးတောင်ထိပ်ဝသို့ တဖြည်းဖြည်းချင်း ရောက်ရှိလာ၏။ မီးတောက်ထိပ်ဝ၌ အပေါက်ကြီးတစ်ခု ရှိကာ အတွင်းဘက်ကနေ သိပ်သည်းသော မြူနက်ထုတစ်ခု ဖြည်းဖြည်းချင်း ပျံ့နှံ့နေသည်။

မြင့်မားသည့်အပူချိန်က သည်ဧရိယာတွင် ပြည့်နှက်နေသည်။ မီးတောင်ဝနားရှိ ကျောက်များသည်ပင် နီရဲနေ၏။

မီးတောင်ဝ၌ နီရဲရဲကျောက်များ လွင့်မြောက်နေသည်။ ဝမ်လင်းသည် သည်အပူရှိန်ကြောင့် မသက်မသာ ဖြစ်မနေပေ။ အောက်သို့ငုံ့ကြည့်လိုက်ရင်း မီးတောင်ဝအတွင်းတွင် နီရဲတောက်ပမှုက ခြုံလွှမ်းထားသည်ကို တွေ့ရ၏။ အတွင်းဘက်ကနေ အနက်ရောင်အခိုးငွေ့များသည်လည်း မကြာမကြာ ထိုးထွက်နေသည်။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းက ခြေလှမ်းချကာ မီးတောင်ဝင်ပေါက်ထဲသို့ တိုးဝင်လာသည်။ ဝမ်လင်းက နတ်ဘုရားအာရုံကို သူ့ပတ်လည်၌ ဖြန့်ကျက်ရင်း အတွင်းသို့ ဝင်ရောက်လာနေသည်။ မီးတောင်အတွင်းဘက်မှ ထွက်ပေါ်လာနေသည့် အနက်ရောင်အခိုးငွေ့များသည် ရုတ်တရက် လွင့်ပါးသွား၏။

အပူလှိုင်းများက သူ့ထံသို့ တရကြမ်းတိုးဝင်လာနေ၏။အပူဓာတ်သည် သူ့နားသို့ ရောက်လာချိန်၌ ဝမ်လင်းသည် သူ့ဒွာရပေါက်များကို ဖွင့်ဟကာ ၎င်းအပူအတွင်းရှိ မီးမူလစွမ်းအင်ကို စုပ်ယူသည်။

ဝမ်လင်း၏မျက်လုံးသည် ထူးဆန်းစွာ လင်းလက်နေ၏။ သူသည် မီးတောင်အတွင်းသို့ ပိုမြန်ဆန်စွာ နစ်မြုပ်နေသည်။ သူ့နောက်၌ ဝတ်စုံနက်နှင့်လူသည်လည်း အကွာအဝေးတစ်ခုခြား၍ လိုက်ဆင်းလာနေသည်။ သူသည် ဝမ်လင်း၏ သတ်ဖြတ်ချင်စိတ်ကို စွဲဆောင်မိစေဖို့ မလိုလားသည်မှာ သိသာ၏။

ဝတ်စုံနက်နှင့်လူသည် ဝမ်လင်းမှာ အလွယ်တကူ ရင်ဆိုင်၍ ရသူမဟုတ်မှန်း သိနှင့်ပြီး ဖြစ်သည်။ ဝမ်လင်းသည် ပြတ်သားရက်စက်သလို ဉာဏ်နီဉာဏ်နက်လည်း အတော်များသည် မဟုတ်လား။ အရှင်လေဟာနယ်ကဲ့သို့ လူမျိုးပင် ဝမ်လင်းကြောင့် ကြောက်မက်ဖွယ်အခြေအနေသို့ ဆိုက်ရောက်ရကာ သူ့ကျင့်ကြံမှုအဆင့်သည်လည်း အတော်လေး လျော့ကျခဲ့ရပေသည်။

ထိုအကြောင်းကို တွေးမိကာ ဝတ်စုံနက်နှင့်လူသည် ပို၍ ထိတ်လန့်မိ၏။ အထူးသဖြင့် ဝမ်လင်း၏ အေးစက်စက်အကြည့်ကို ပြန်ယောင်မိသည်။

“ငါ ဒီလူ့ကို ဝါးမြိုချင်တဲ့ ဆန္ဒရှိတယ်…။ဒါပေမယ့်…ခက်ခဲတယ်…ခက်ခဲတယ်…တော့်တော့်ကိုခက်ခဲတယ်…”

ဝတ်စုံနက်နှင့်လူသည် သက်ပြင်းချမိ၏။

ဝမ်လင်းသည် ဝတ်စုံနက်နှင့်လူ အတွေးနှင့် ဗျာများနေသည်ကို မသိပေ။ သူက သူ့ထံသို့ တိုးဝင်လာနေသည့် အပူလှိုင်းကို ဆက်တိုက် စုပ်ယူနေရင်းဖြင့်သာ ပိုမြန်သထက်မြန်စွာ ရွှေ့လျားနေသည်။ သူ ပို၍ မီးတောင်အတွင်းဘက်သို့ ရောက်လာလေလေ အပူသည် ပို၍ သိပ်သည်းလာလေပင်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်စများပေါ်၌လည်း အပူကြောင့် နီရဲကာ အက်ကြောင်းများစွာ ရှိနေ၏။

မီးတောင်နံရံများသည်လည်း ချောမွတ်ခြင်း မရှိပေ။ ကျောက်စများ ထိုးထိုးထွက်နေ၏။ ဝမ်လင်းသည် နံရံမှ ထိုးထွက်နေသည့် ကျောက်တုံးများထဲမှ တစ်ခုအပေါ်သို့ ဖျပ်ခနဲ ခြေချလိုက်၏။ ထိုကျောက်တုံးသည် အနီရင့်ရောင် ရှိ၍ အနက်ရောင်အခိုးငွေ့များကို ထုတ်လွှတ်နေသည်။

ဝမ်လင်း သည်ကျောက်တုံးပေါ်သို့ ခြေချလိုက်ချိန်၌ ကျောက်စကျောက်နများ ပဲ့ကြွေကာ မီးတောင်အတွင်းသို့ နစ်မြုပ်သွားတော့သည်။

သူ ခြေချလိုက်ချိန်၌ ဝမ်လင်းသည် ရုတ်တရက် ရှိုက်သွင်းလိုက်ရာ ပြင်းထန်သောအပူလှိုင်းသည် သူ့ပါးစပ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ဝမ်လင်းသည် မီးတောက်ပင်လယ်တစ်ခုကို ဝါးမြိုပစ်သည်နှင့်ပင် အလားသဏ္ဌာန်တူတော့သည်။ အပူသည် မီးတောက်အဆီအနှစ်အဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ရှိုက်သွင်းခြင်း ခံရသည်။ ထို့နောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းသည်။ သူ့မျက်နှာသည် နီရဲလာ၏။ သို့သော် သူ့မျက်လုံးတို့မှာ အလွန်တောက်ပလှသည်။

သူ့ခန္ဓာကိုယ်ရှိ မူလစွမ်းအင်တို့သည် အရူးအမူး စီးဆင်းနေရင်း မီးမူလစွမ်းအင်ကို ချေဖျက်နေ၏။ ခုနစ်မိနစ်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းသည် အပေါ်သို့ မော့ကြည့်သည်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သည့်နောက် မီးတောင်အတွင်းနက်ပိုင်းသို့ ဆင်းသက်လိုက်တော့သည်။

ဝမ်လင်း ထွက်ခွာသွားသည်အခိုက်၌ ဝတ်စုံနက်နှင့်လူသည် သည်ကျောက်တုံးပေါ်သို့ ခြေချလာသည်။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှု အရိပ်အယောင် ရှိနေ၏။

“မီးမူလစွမ်းအင်ကို ဒီလိုပုံစံ ဝါးမြိုပစ်တာ။ ဒီလူက အရူးပဲ…” မီးမူလစွမ်းအင်သည် ရုန်းကန်ပြင်းထန်၏။ ဝတ်စုံနက်နှင့်လူသည် သူကိုယ်တိုင် အခုလိုမျိုး ဝါးမြိုခြင်း မပြုဝံ့သည်ကို သိ၏။ သူက ၎င်းတို့ကို ဖြည်းဖြည်းချင်းသာ သတိနှင့် စုပ်ယူနိုင်ပေသည်။

ဝမ်လင်းသည် မြန်သထက်မြန်စွာ ရွှေ့လျားနေ၏။ သိပ်မကြာခင်တွင် သူသည် မီးတောင်အောက်ခြေထိ ရောက်လာ၏။ သူ့အကြည့်က အောက်ဘက်ရှိ အပူလှိုင်းနှင့်အခိုးအငွေ့တို့ကြား ထွင်းဖောက်သွားကာ အောက်ဘက်ရှိ အရာရာကို တွေ့မြင်နေရစေသည်။

မီးတောင်အောက်ခြေသည် အနီရင့်ရောင် ချောရည်ပူများနှင့် ပြည့်နေသည်။ ချောရည်ပူ ပင်လယ်အလားပင်။ မကြာမကြာ ချောရည်ပူဖောင်းများ ဗလုံစီနေ၏။ ထိုသို့ဖြစ်တိုင်း သိပ်သည်းသော အပူလှိုင်းသည် အထက်သို့ ဆန်တက်ကာ မီးတောက်ထိပ်ဝထိ ရောက်ရှိ၏။

အနက်ရောင်အခိုးငွေ့များသည်လည်း အပူလှိုင်းနှင့်အတူ အထက်သို့ မြင့်တက်သည်။

ချောရည်ပူပင်လယ်အထက်ရှိ မီးတောင်နံရံများကြားတွင် ကပ်နေသောနေရာတစ်ခု ရှိသည်။ သည်နေရာက ပြီးခဲ့သောခြောက်ထပ်ရှိ ဝင်ပေါက်များနှင့် ချွတ်ဆွတ်တူနေသည်။

သို့ရာတွင် ဝင်ပေါက်ပေါ်၌ သွေးနက်ဖြင့် ရေးဆွဲထားသော ရှုပ်ထွေးသောစာလုံးတစ်လုံး ရှိနေ၏။

၎င်းစာလုံးထံမှ ရူးသွပ်ဖွယ်ခံစားမှုတစ်ခုကို ပေးစွမ်းနေကာ ကောင်းကင်နှင့်မြေကြီးသည် အထက်အောက် ပြောင်းပြန်လှန်နေသည့်အလား။

ဝမ်လင်းက ထိုစကားလုံးကို တွေ့မြင်သည့်အခါ ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူက သည်စာလုံးသည် ရှေးဟောင်းနတ်ဘုရားကလန်က ပိုင်ဆိုင်သော ဘာသာစကားမှန်း သိလိုက်သည်။ သည့်အပြင် ၎င်းဘာသာစကားသည် ရှေးဟောင်းနတ်ဆိုးနှင့်ရှေးဟောင်းမိစ္ဆာကလန်များ၏ ဘာသာစကားလည်း မည်သည်။

မိစ္ဆာ။ ဤစကားလုံးသည် မိစ္ဆာ ဟူသော နာမကို ရေးဆွဲထားခြင်းပင်။

သည်အခိုက်အတန့်၌ နန်းတော်အပြင်ဘက်တွင် ဝမ်လင်း၊ဟူကျွမ်နှင့် ပေလောတို့သည် တစ်အုပ်စု၊ ရှေ့ဖြစ်ဟောသူနှင့် အခြားလူများက နောက်တစ်အုပ်စုအဖြစ် စုဖွဲ့နေကြသည်။ သူတို့က လေထဲ၌ မြောလွင်ကာ နန်းတော်ဝင်ပေါက်ကို စူးစိုက်ကြည့်နေကြသည်။

လင်းထျန်ဟူ၊ဘူးသီးခြောက်ပေါ်မှ အဘိုးအို၊လှပသော အမျိုးသမီးတို့သည် မန္တာန်များ အသုံးပြုကာ ဝင်ပေါက်ကို ဆက်တိုက် တိုက်ခိုက်နေသည်။ သို့ရာတွင် အပူဓာတ်ကြောင့် ထိခိုက်မှုအသံများမှာ မွကြေနေ၏။ သည်အသံသည် ဝေးဝေးသို့ ပျံ့လွင့် ပဲ့တင်ထပ်နိုင်ခြင်း မရှိတော့ပေ။

ဝမ်လင်းသည်လည်း ထိုနေရာသို့ ရောက်ရှိလာ၏။ သူ ရောက်ရှိလာမှုက အရှင်လေဟာနယ်၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သို့ရာတွင် သူက ၎င်းစိတ်ဆန္ဒကို မြန်ဆန်စွာ ပြန်ဖိနှိပ်ထားလိုက်၏။

ဝမ်လင်းသည် ဝမ်ဝေနှင့်ဟူကျွမ်တို့နား သွားလိုက်၏။ သူက ဝင်ပေါက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သည်အခိုက်အတန့်၌ လင်းထျန်ဟူသည် မာန်သွင်းလိုက်ရာ သူ့နောက်ရှိ ဓားလေးလက်သည် ဝင်ပေါက်တံခါးအား ရိုက်ချလာတော့၏။ တံခါးပေါ်ရှိ မိစ္ဆာ ဆိုသည့်စကားလုံးသည် တဖျပ်ဖျပ် ဖြစ်သွား၏။ သို့သော် မည်သည့် ထိခိုက်ပျက်စီးမှုမှ ရှိသွားသည့် လက္ခဏာ မပေါ်ပေ။

“ရှစ်ခုမြောက်အထပ်ကို ဝင်ရောက်ဖို့ ချိပ်ပိတ်မှုကို ငါ မဖွင့်လှစ်နိုင်ဘူး…” လင်းထျန်ဟူသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ နောက်ပြန်ဆုတ်သည်။ လှပသောအမျိုးသမီးနှင့် ဘူးသီးခြောက်ပေါ်ရှိ အဘိုးအိုတို့သည်လည်း ခေါင်းယမ်းကာ လက်လျော့လိုက်ကြသည်။

ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း မျက်မှောင်ကြုတ်နေ၏။ သူတို့သည်လည်း သည်ဝင်ပေါက်တံခါးကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပြီး ဖြစ်ကာ မချိုးဖျက်နိုင်ခဲ့ကြပေ။ သည်နေရာရှိ ချိတ်ပိတ်ထားမှုဖြင့် ဆိုပါက သူတို့သည် နန်းတော်အတွင်းသို့ ဝင်ရောက်နိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းသည် နန်းတော်ဝင်ပေါက်ရှိ မိစ္ဆာ စကားလုံးကို စူးစိုက် ကြည့်နေသည်။ သူက သည်နေရာရှိ မွန်းစတားအိုကြီးများရှိနေပါက သူ ဘာမှ လုပ်စရာလိုဖို့ မလိုအပ်မှန်း သိထားပေသည်။ သူက မနီးမဝေးရှိကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်ချကာ မျက်လုံးမှိတ်၍ စတင် ကျင့်ကြံတော့သည်။သူသည် ကျင့်ကြံနေသော်လည်း သတိကပ်ထားပေသည်။

ဝမ်လင်းနှင့် သိပ်မဝေးသောနေရာတွင် ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ကျောက်တုံးတစ်တုံးပေါ်၌ မတ်တပ်ရပ်နေသည်။ မရေမတွက်နိုင်သောနှင်းပွင့်များက သူမအား ဝန်းရံထားကာ မြင့်မားသည့်အပူချိန်ကို ခုခံပေးထားသည်။ သူမအောက်ရှိ ကျောက်တုံးသည်ပင် အေးခဲမည့် အရိပ်လက္ခဏာ ပြသလာသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်း ရောက်လာသည့်နောက် ဝတ်စုံနက်နှင့်လူ ရောက်လာသည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။ သူက ဘေးတစ်ဖက်တွင် မြောလွင့်နေရင်း နန်းတော်ကို စူးစိုက်ကြည့်ကာ စဉ်းစားနေသည်။

နန်းတော်ဝင်ပေါက်ပေါ်ရှိ မိစ္ဆာစကားလုံးသည် အံ့မခန်းချိပ်ပိတ်မှုအား တစ်ခု ပါဝင်နေ၏။ ဝမ်ဝေ၊ဟူကျွမ်၊ရှေ့ဖြစ်ဟောသူနှင့် ပေလောတို့ အပါအဝင် လူတိုင်းနီးပါးသည် တပြိုင်နက်တည်းလိုလိုက် တိုက်ခိုက်လိုက်ကြသည်။ပြိုင်တူတိုက်ခိုက်မှုအသံက မထင်မှတ်စွာဖြင့် အပူလှိုင်းများကို ချိုးဖျက်သွားသည်။ထိုအခါ အသံပဲ့တင်မှုများကြောင့် မီးတောင်ကနေ ကျောက်စကျောက်နများစွာ ပြိုဆင်းကျ၏။

လူတိုင်းသည် ဆက်၍ တိုက်ခိုက်နေရင်း တုန်ဟီးသံများက ပို၍ ကျယ်လောင်လာသည်။ သည်အသံများသည် အတူပေါင်းစည်းကာ မီးတောင်အပြင်ဘက်ထိပါ ပဲ့တင်သံများ ထွက်ပေါ်လာ၏။

အဆုံးသပ်၌ ပေလော၏ နောက်ဆုံးတိုက်ခိုက်မှုနှင့်အတူ မန္တာန်များအားလုံးသည် မုန်တိုင်းတစ်ခုအသွင် စုစည်းကာ နန်းတော်ထံသို့ ဝေ့ခတ်သွား၏။ ကောင်းကင်ယံတုန်ဟီးစေမည့် မည်သံတစ်ခု ဖြစ်ပေါ်ကာ မီးတောင်တစ်ခုလုံးပင် တုန်ခါသွားဟန် ရသည်။ အောက်ဘက်ရှိ ချောရည်ပူများသည်လည်း မြေငလျင်တစ်ခု လှုပ်ခတ်သည့်အလား လှိုင်းထန်သွား၏။

နန်းတော်ဝင်ပေါက်ပေါ်ရှိ မိစ္ဆာ စကားလုံးသည် ရုတ်တရက် ပျက်စီးသွားတော့၏။ ဝင်ပေါက်သည် ပွင့်ဟသွားလေပြီ။ သို့သော် ဝင်ပေါက်ပွင့်သွားသည်နှင့် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset