Switch Mode

အပိုင်း(၁၁၀၇)

တောင်ခြေမွခြင်း

အရှင်​လေဟာနယ်သည် ရုတ်တရက် လှည့်ကာ မန္တာန်တစ်ခုကို အသုံးပြုရန် ချိပ်ဟန်တစ်ခု ဖြစ်​ပေါ်​စေရန် ပြင်သည်။ သို့​သော် ဤအခိုက်အတန့်၌ ​ရှေ့ဖြစ်​ဟောသူ၏ပါးစပ်က အနည်းငယ် လှုပ်ရှားသွားကာ အရှင်​လေဟာနယ်ကို ချက်ခြင်း ရပ်တန့်သွား​စေသည်။မမြင်ရ​သောအားတစ်ခုက သူ့မန္တာန်ကို ကြားဖြတ်​နှောက်ယှက်လိုက်သည့်အလား။

အရှင်​လေဟာနယ့် အသွင်က ကြီးစွာ​ပြောင်းလဲသွား၏။ သည်အခိုက်၌ ​ကျောက်ရီသည် မီး​တောက်များကို ဖြတ်သန်းကာ အရှင်​လေဟာနယ်၏ရင်ဘက်​ပေါ်သို့ မြန်ဆန်စွာ ကျ​ရောက်သွား​​တော့သည်။

အရှင်​လေဟာနယ်က ​သွေးအန်လိုက်ရသည်။သူသည် ​​နောက်သို့လည်း ​ခြေလှမ်းအနည်းငယ် တရွတ်ဆွဲသွားရ၏။

ဓါးစွမ်းအင်သည်လည်း လွင့်ပြယ်ကာ ​ကျောက်ရီအဖြစ်သို့ ပြန်​ပြောင်းလဲသွား၏။သူ့ အသွင်က ဖြူဖပ်ဖြူ​ရော ဖြစ်​နေ​ချေသည်။ သူ့ ထွင်း​ဖောက်တိုက်ခိုက်မှုက ​အရှင်​လေဟာနယ်ကို များစွာ ထိခိုက်​စေခဲ့သလို ဤဖြစ်စဉ်အတွင်း သူလည်း ဒဏ်ရာရခဲ့​ပေသည်။

​ကျောက်ရီက ဝမ်​ဝေနှင့်ဟူကျွမ်တို့နား ပြန်ဆုတ်လာ၏။ သူက ဝမ်လင်းထံသို့ သတင်းစကား လှမ်းပို့လိုက်သည်။ “ဝမ်လင်း…ငါ့ဓါးစွမ်းအင်က သူ့ကို သတ်ဖို့အတွက် မလုံ​လောက်ဘူး။ဒါ​ပေမယ့် သူ့အရင် ဒဏ်ရာ​တွေကို ပြန်ဆွပြီး ပိုဆိုး​စေခဲ့ပြီ…”

ထိုသို့ ​ပြောလိုက်ပြီး​နောက် ​ကျောက်ရီသည် ထိုင်ချကာ သူ့ကိုယ်သူ ပြန်ကုသ၏။မထင်မှတ်စွာ သူက ​ဆေးလုံးများကို တ​နေရာရာက​နေ ထုတ်ယူ ​သောက်သုံးလိုက်သည်။ သည်​ဆေးလုံးများက စိတ်ဝိညာဥ်ခန္ဓာကိုယ်များအတွက် အထူးပြုထားခြင်းပင်။ သည်​ဆေးလုံးတို့က ​ဆေးလုံးအစား စီးဆင်း​သောစိတ်ဝိညာဉ်စွမ်းအင်နှင့် ပိုတူသည်။

အရှင်​လေဟာနယ်၏မျက်နှာသည် ​သေ​လောက်​အောင် ဖြူ​ရော​နေသည်။ သူသည် နဂိုရရှိထားသည့် ဒဏ်ရာများကို ဖိနှိပ်ထားခဲ့ကာ ပိုဆိုးမလာ​အောင် ​တောက်​လျောက် လုပ်ထားခဲ့ရ၏။

သို့ရာတွင် ​ကျောက်ရီ၏ဓါးရိုက်ချက်​ကြောင့် သူ့ဒဏ်ရာများမှာ ​ပေါက်ကွဲထွက်လာ၏။ သူ့ကျင့်ကြံမှုအဆင့်သည်လည်း ထပ်​လျော့ကျသွားခဲ့ရ​ပေပြီ။သူသည် နိဗ္ဗာနဖြိုခွဲခြင်း အ​စောပိုင်းအဆင့်ထိ ​လျော့ကျသွားခြင်း မရှိ​​​သော်လည်း သည်ထက်ပိုဆိုးလာပါက အ​စောပိုင်းအဆင့်သို့ သိပ်လို​​တော့မည် မဟုတ်​ပေ။

ပထမဆုံးအကြိမ်အဖြစ် သူ့စိတ်ထဲ၌ ​အေးစိမ့်မှုကို ခံစားမိသည်။သူက ​နောက်သို့ပင် ​ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်​စေကာ သူ့ခန္ဓာကိုယ်အား ညွှန်၍ တည်ငြိမ်​အောင် လုပ်သည်။သို့​သော် သည်လုပ်​ဆောင်မှုမှာ သူ့အား ​နောက်ထပ်​သွေးအန်​စေပြန်သည်။

သူ့အသွင်ဟန်ပန်မှာ ကြမ်းကြုတ်​​နေသည်။သာ့အကြည့်က ဝမ်လင်း၊ ​ကျောက်ရီတို့ ထံ၌ ရှိမ​နေ​ပေ။ ​​ရှေ့ဖြစ်​ဟောသူထံ၌သာ မမှိတ်မသုန် ကျ​ရောက်​နေသည်။

​ရှေ့ဖြစ်​ဟောသူက​တော့ ပုံမှန်ဟန်ပန်အတိုင်းပင်။ အရှင်​လေဟာနယ်၏အကြည့်က သူ့အား မည်သို့မျှ မသက်မသာ မဖြစ်​စေသည့်ဟန် ရ၏။ သူက တည်ငြိမ်စွာပင် ဆိုလာသည်။ ​”ရောင်းရင်းကျင့်ကြံသူ ​အရှင်​လေဟာနယ်…သင် ဒီလို အ​​ခြေအ​နေဖြစ်မှသာ ငါ သင့်ကို ကူညီဝံ့လိမ့်မယ်…”

ထိုသို့​ပြောပြီး​နောက် ​ရှေ့ဖြစ်​ဟောသူသည် ဝမ်​ဝေနှင့်ဟူကျွမ်တို့အား ပြုံး၍ ကြည့်ကာ ဆိုသည်။ “တိမ်​ကောင်းကင်စုံတွဲက ဒီအဘိုးအိုကို မျက်နှာသာ​ပေးဖို့ ​မျှော်လင့်ပါတယ်။ ဒီက​နေ့ ပုဂ္ဂိုလ်​ရေး ရန်​ကြွေး​တွေ ​မေ့ထားကြပြီး ​နောက်တစ်ထပ်ကို ဝင်​ရောက်ဖို့ပဲ အာရုံစိုက်ရ​အောင်လား…”

လင်းထျန်ဟူ အသွင်မှာ သုန်မှုန်​နေ၏။ ​ရှေ့ဖြစ်​ဟောသူက လျှို့ဝှက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်ကို မည်သို့ မ​​တွေ့ဘဲ ​နေပါ့မည်နည်း။ သူသည် အရှင်​လေဟာနယ် ​ဘေးနားသို့ ​ရောက်လာကာ ဝမ်လင်းနှင့်သူ့လူများကို ​အေးတိ​အေးစက်ကြည့်သည်။

ဘူးသီး​ခြောက်​ပေါ်ရှိ အဘိုးအိုက​တော့ မထူးခြားနားဟန်ဖြင့် လူတိုင်းကို ကြည့်လိုက်၏။ သို့ရာတွင် သူသည် ​ရှေ့ဖြစ်​ဟောသူနှင့် အရှင်​လေဟာနယ်တို့ဘက်တွင် ရပ်တည်မှန်း ရှင်းလင်း​​ပေသည်။

တချိန်တည်းမှာ ​တောက်ပ​သော​လေဟာနယ်သခင်မ ဟု ထင်​ကြေး​ပေးခံရ​သော မိန်းက​လေးသည်လည်း မတ်တပ်ထရပ်ကာ အရှင်​လေဟာနယ့် အနားသို့ လှမ်းသွားသည်။ သူမ၏လှပ​သောအကြည့်က ဝမ်လင်းထံသို့ ​ကျ​ရောက်လာကာ နူးညံ့စွာ ​ပြောလာသည်။ ​”ရောင်းရင်းကျင့်ကြံသူဝမ်.. ဒီ​နေ့ကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြစို့။ သင် ဒီ​နေရာက​​နေ ထွက်ခွာရင်လည်း ငါ့​တောက်ပ​သောဟင်းလင်းပြင်နယ်​မြေက ဒီကိစ္စမှာ ဝင်မပါ​တော့ဘူး…”

ဝတ်စုံနက်နှင့်လူက လွဲ၍ လူတိုင်းသည် ဘက်တစ်ဖက်ကို ​ရွေးချယ်ပြီး ဖြစ်၏။ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက လက်နှစ်ဖက်ယှက်၍ ဝမ်​ဝေကို တ​လေးတစား ​ပြောလိုက်သည်။ “ဂျူနီယာက အဆင်အခြင်မဲ့သွားခဲ့ပါတယ်။ ကျ​နော်က ဒီကိစ္စကို စီနီယာပဲ ဆုံးဖြတ်​ပေး​စေချင်ပါတယ်…”

ဝမ်​ဝေသည် ဝမ်လင်း အ​စောပိုင်းက တိုက်ခိုက်မှုနှင့် ပတ်သတ်၍ မ​ပျော်မရွှင် ဖြစ်ခဲ့ရ​သော်လည်း ဝမ်လင်း ဘယ်အချိန်ရပ်တန့်ရမည်ကို သိ​နေသည်ကို ​တွေ့မြင်သည့်အခါ ​ခေါင်းညိတ်လိုက်၏။ သူ့အကြည့်က ​ရှေ့ဖြစ်​ဟောသူနှင့် အခြားလူများထံသို့ ကျ​ရောက်သွား၏။ သူက တည်ငြိမ်စွာ ဆိုလိုက်သည်။ ​”ကောင်းပြီ…အခု ကိုယ်​ရေးကိုယ်တာရန်ငြှိုး​တွေကို ​ဘေးဖယ်ထားကြမယ်။ ​နောက်ဆုံးသုံးထပ်ဟာ အန္တရာယ်​တွေနဲ့ ပြည့်​နေတာ။ ဒါ့​ကြောင့် ​ကျေးဇူးပြုပြီး ​ရောင်းရင်းကျင့်ကြံသူတို့…တင်းခံမထားကြ​တော့နဲ့။ ငါတို့ ခုနှစ်ခု​မြောက်အထပ်ကို တည်​နေရာ ​ရွှေ့​ပြောင်းပြီးကြရင် ဗဟို​နေရာမှာ ဆုံကြမယ်…”

ဝမ်​ဝေသည် စကားစသပ်လိုက်ပြီး​နောက် ​ရှေ့ဖြစ်​ဟောသူနှင့် တခြားသူများသည် ပြုံး၍ ​ခေါင်းညိတ်လိုက်ကြ၏။ ဟူကျွမ်က မတ်တပ်ထရပ်ကာ ​ကျောက်ပြားနားသို့ လှမ်း​လျှောက်သွားသည်။ သူမသည် ထို​ကျောက်ပြား​ပေါ်သို့ လက်တင်ကာ ညင်သာစွာ ဖိချလိုက်၏။​ကျောက်ပြားထံမှ ခရမ်း​ရောင်အလင်းထွက်​ပေါ်လာ​တော့၏။

ချက်ခြင်းပင် အက်​ကြောင်းများစွာ ​မြေပြင်ထက်၌ ​ပေါ်လာပြီး ရုတ်တရက် ပြိုဆင်း၍ ကြယ်​ရောင်စုံ​ကောင်းကင်တစ်ခု ​လှစ်ဟ​ပေါ်လာသည်။ လူတိုင်းသည် ​အောက်ဘက်သို့ကျ၍ ​ပျောက်ကွယ်သွားကြ​​တော့၏။

​ကျောက်ရီအတွက်​တော့ ဝမ်​ဝေက သူ့အား ​​ခေါ်​ဆောင်လာခဲ့သည်။

​ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ခုနစ်ထပ်​မြောက်သည် ပထမဆုံး ​ခြောက်ထပ်နှင့် ကွာခြားသည်။သည်ခုနစ်ထပ်​မြောက်၌ မည်သည့် အ​ဆောက်အဉီမှ ရှိမ​နေ၊ မီး​တောက်ပင်လယ်ဖြင့်သာ ဖုံးလွှမ်း​နေသည်။

သည်​နေရာမှာ ကြီးမားလွန်ခြင်း​ မရှိ​ပေ။ အလယ်ဗဟို၌ မီး​တောင်တစ်ခု ရှိကာ မြူနက်များ ဝန်းရံထားသည်။ မီး​တောင်မှ မြည်ဟိန်းသံများ ထွက်​ပေါ်၍ မီးများ မကြာမကြာ ​ကောင်းကင်ထက်က​နေ ကျဆင်း​နေသည်။

လူတိုင်းသည် ဤ​နေရာသို့ လူစုခွဲကာ တည်​နေရာ​ရွှေ့​ပြောင်း ပို့​ဆောင်ခြင်း ခံလိုက်ရ​ပေ၏။ ဝမ်လင်းက သည်​နေရာသို့ ​ခြေချလိုက်ချိန်တွင် သူ့​ဘေးပတ်လည်သို့ ကြည့်ကာ မျက်​မှောင်ကြုတ်သွား၏။

“မှား​နေပြီ. .”

သည်​နေရာက ​မြေပုံ​ပေါ်တွင် ​မှတ်တမ်းတင်ထားသည့် ခုနစ်ထပ်​မြောက်နှင့် လုံးဝကွာခြား​နေသည်။ ဝမ်လင်းက သုန်မှုန်စွာ ​ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်ရာ ​ပေတစ်​ထောင်အကွာရှိ ဟူကျွမ်ကို ​တွေ့မြင်၏။ ဟူကျွမ်ကလည်း သူ့​​ဘေးပတ်လည်ကို ကြည့်ကာ စိတ်ရှုပ်​ထွေးဟန် ဖြစ်​ပေါ်​နေသည်။

ဝမ်လင်းက သူမအား လှမ်းကြည့်ချိန်၌ ဟူကျွမ်သည်လည်း ဝမ်လင်းကို ပြန်ကြည့်လာ၏။ သူမက ကံ​ကောင်းမှု တစ်ခု ကြုံ၍ ဝမ်လင်း သည်​လှိုဏ်ဂူ အ​ကြောင်း ရင်းနှီး​နေသည်ကို ခန့်မှန်းမိထားပြီး ဖြစ်သည်။ ခုချိန်တွင် သူမက ဝမ်လင်း၏အကြည့်ကို ​တွေ့မြင်သည့်အခါ မချင့်ပြုံးပြုံး၍သာ ​ခေါင်းယမ်းလိုက်​တော့၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ ဟူကျွမ်၏ အမူအရာမှာ ဟန်​ဆောင်ထားခြင်း မဟုတ်ရာ သူမသည်လည်း သည်​ခုနစ်ခု​မြောက်အထပ်၏ ​ပြောင်းလဲမှုအ​ပေါ် စိတ်ရှုပ်​ထွေး​နေ​ပေမည်။

“ရှစ်ထပ်​မြောက်ကို ဝင်လို့ရမယ့် ဝင်​ပေါက်က ဒီမီး​တောင်ပဲ ဖြစ်ရမယ်…”

ဟူကျွမ်၏အသံက ပျံ့လွင့်လာကာ လူတိုင်းနားထဲသို့ ကျ​ရောက်သွားသည်။

အကွာအ​ဝေး တစ်ခု၌ အရှင်​လေဟာနယ်သည် ဖြူ​ရောစွာ ရှိ​နေသည်။ သူ့ညာလက်ကိုလည်း ရင်ဘက်​ပေါ်၌ တင်ထား၏။ သူ့ဒဏ်ရာများ၏ နာကျင်မှုက အချိန်တိုင်း တိုးလာ​နေသည့်အလား။

​”ရှေ့ဖြစ်​ဟောသူ၊ဝမ်လင်း၊ ဓါးစိတ်ဝိညာဉ် ငါ ဒါကို ​မေ့လိမ့်မှာ မဟုတ်ဘူး။ ငါ ခံခဲ့ရတာထက် ဆယ်ဆ မင်းတို့ကို ပြန်​ပေးဆပ်​စေမယ်…”

သူက သူ့​ဘေးပတ်လည်သို့ သုန်မှုန်စွာ ကြည့်လိုက်၏။

​”သေစမ်း…​ကောင်းကင်ဘုံအင်ပါယာလှိုင်ဂူက ငါ့အတွက် အဆင်​ပြေမ​နေဘူး။ ဒီ​နေရာရဲ့ မီးမူလစွမ်းအင်က ဒီ​ခွေး​ကောင်ဝမ်လင်းအတွက် အကျိုးရှိ​နေမှာ ငါ စိုးရွှံ့မိတယ်…”

အရှင်​​လေဟာနယ်သည် သူ့စိတ်ထဲက​နေ ကြုံးဝါးလိုက်၏။ သို့​သော် သူသည် တခုခုကို သ​​ဘော​ပေါက်သွားကာ ​ချွေး​စေးပြန်သွားမိ၏။

“ကျင့်ကြံမှုအဆင့် ​လျော့ကျတာက ငါ့ စိတ်​နေစိတ်ထားကိုပါ ​ပြောင်းလဲသွား​စေတာပဲ။ ငါက ဘယ်လိုလုပ် လွယ်လွယ် ​ဒေါသထွက်လို့ ရပါ့​တော့မလဲ…”

အရှင်​လေဟာနယ်က အသက်ဝဝရှုသွင်းကာ သူ့စိတ်ထဲမှ ​ဒေါသအား ပြန်ဖိနှိပ်ထားလိုက်ရသည်။

ဝမ်​ဝေသည် ဟူကျွမ်အနားသို့ ​ရောက်လာကာ သူတို့နှစ်​ယောက်သည် အလင်းတန်းနှစ်ခုအဖြစ် ​ပြောင်း၍ မီး​တောင်ထံသို့ ဦးတည်သွားသည်။ ​ရှေ့ဖြစ်​ဟောသူနှင့် အခြားလူများသည်လည်း မီး​တောင်ထံသို့ ဦးတည်သွားကြ၏။

အရှင်​လေဟာနယ်သည်လည်း ဝမ်လင်းကို ​အေးစက်စက်ကြည့်လိုက်ပြီး မီး​တောင်ထံသို့ ပျံသန်းသွား​တော့သည်။

ဝမ်လင်းကလည်း ​ရှေ့သို့ ပျံသန်းလာ၏။သူက သူ့ကျင့်ကြံမှုအဆင့်သည် သူ့​ရှေ့ရှိ မွန်းစတားအိုများနှင့် မယှဥ်နိုင်​ကြောင်း သိသည်။ ထို့​ကြောင့် သူက ​​​နောက်က​နေသာ ခပ်ဖြည်းဖြည်း လိုက်သွားသည်။

ခပ်ဖြည်းဖြည်းသာ ​ရှေ့ဆက်သွားသည့် ​နောက်တစ်​ယောက်က​တော့ ပန်း​ရောင်ဝတ်စုံနှင့် မိန်းက​လေးပင်။သူမ၏ လှပသည့် မျက်လုံးအကြည့်က ဝမ်လင်း​ပေါ်သို့ ကျ​ရောက်​နေ၏။ သူမက ဝမ်းလင်းကို ရပ်​​စောင့်​နေသကဲ့သို့ပင်။

ဝမ်လင်းအသွင်က ​အေးစက်စက်ပင်။ သူက ထိုမိန်းက​လေး အရှိန်တန့်လိုက်သည်ကို ​တွေ့မြင်သည့်အခါ သူမအား ​ကွေ့ပတ်ကာ သွား၏။သူက ထိုမိန်းက​လေးနှင့် အဆက်အစပ် မလုပ်လို​ပေ။

ပန်း​ရောင်ဝတ်စုံနှင့် အမျိုးသမီးက ဝမ်လင်း သူမအား ​​ရှောင်​ကွေ့သွားသည်ကို ​တွေ့သည့်အခါ ​အေးစက်စက် နှာ​ခေါင်းရှုံ့သည်။သူမက ဝမ်လင်းအား အာရုံထပ်စိုက်မ​နေ​တော့​ဘဲ မီး​တောင်ရှိရာသို့သာ ပျံသန်းသွား​တော့၏။

ပန်း​ရောင်မိန်းက​လေး ထွက်သွားသည်ကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲမှ ထူးဆန်း​သောအလင်းတစ်ခု လှစ်ဟသွားသည်။ ဝမ်လင်းက ခပ်ဖြည်းဖြည်း သွား​နေရင်းဖြင့် ​မြေပြင်အက်​ကြောင်းများအတွင်းရှိ ​ကောင်းကင်ဘုံ​ကျောက်စိမ်း အကြွင်းအကျန်များကို ​တွေ့​နေရသည်။

လွန်ခဲ့​သော နှစ်​ပေါင်း​​မြောက်များစွာက သည်​နေရာမှာ ​ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ခုနစ်ထပ်​မြောက်ဖြစ်ခဲ့မှန်း ဤအချက်က သိသာ​စေ​နေသည်။အံ့မခန်း​ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်း​ကြောင့်သာ သည်​နေရာမှာ မီး​တောက်များ ဖြစ်လာခဲ့ဟန် ရ၏။

မီးတောင်ကို ကြည့်နေရင်း ဝမ်လင်းသည် မျက်လုံးမှိတ်ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ အချိန်အတန်ကြာပြီးနောက် သူသည် မျက်လုံးပြန်ဖွင့်၏။ သူ့ကြိုတင်ထင်မြင်ချက်မှာ ပိုသေချာလာတော့သည်။

သည်မီးတောင်သည် အခုနေရာ၌ အရင်က မရှိခဲ့ပေ။ တယောက်ယောက်က သည်နေရာကို ရွှေ့ခဲ့တာ ဖြစ်ပုံရ၏။ သူသည် မီးတောင်နားသို့ ရောက်လာလေလေ ထိုအတွေးက ပို၍ သေချာလေ ဖြစ်တော့သည်။

ဝမ်လင်းသည် မီးတောင်ပတ်လည်ရှိ ကျောက်တုံးကျောက်စများသည် မြေပြင်နှင့် လုံးဝ ခြားနားကြောင်း တွေ့မြင်၏။

“လူတိုင်းက ဒီမီးတောင်နဲ့ ပတ်သတ်လို့ တခုခုထူးဆန်းနေတာကို ခန့်မှန်း သိမြင်ကြမှာပဲလို့ ငါ ထင်တယ်…”

ဝမ်လင်းသည် မီးတောင်အောက်ခြေ၌ ရပ်နေ၏။ သူသည် မီးတောင်အတွင်းသို့ ဝင်ရောက်ရန် အလျင်မလိုပေ။ သူက မီးတောင်ဝအက်ကြောင်းကနေ စီးဆင်းနေသည့် ချောရည်ပူများကို တွေ့မြင်လိုက်ရာ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားချေ၏။ ချောရည်ပူမှ အပူချိန်မြင့်မားခြင်းက ဝမ်လင်းကို မည်သို့မျှ မသက်မသာ ဖြစ်မနေစေပေ။ သူ့ကို အလွန်သက်သာမှုသာ ပေး၏။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည်ပင် ပို၍ အသက်ဝင်လာချေသည်။

“ဒီနေရာက ငါ့အတွက် အကျိုးဖြစ်စေတယ်…” ဝမ်လင်းက သူ့ညာလက်ကို အက်ကြောင်းထဲရှိ ချောရည်ပူထံသို့ လှမ်းလိုက်သည်။ သူသည် ချောရည်ပူထဲမှ အဆုံးမဲ့မီးဒြပ်စင်ကို ချက်ခြင်း ခံစားမိသည်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် လှုပ်ရှားလာကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ စုပ်အားတစ်ခု ဖြစ်ပေါ်လာသည်။ သူက သူ့ညာလက်ကို တံတားတစင်းကဲ့သို့ အသုံးချ၏။ ချောရည်ပူထဲမှ မီးမူလစွမ်းအင်သည် ရုတ်တရက် ရွှေ့လျားလာကာ ဝမ်လင်းလက်ကနေ တဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်လာ၏။

“ငါက ကောင်းကင်ဘုံအင်ပါယာပေဖန်ရဲ့ မန္တာန်ခြောက်ခုရဲ့ ပထမသုံးခုကို သင်ယူပြီးခဲ့ပြီ။ဒါပေမယ့်လည်း စီနီယာအစ်ကို ချင်းရွှေရဲ့ အပြောအရ နောက်ပိုင်းမန္တာန်သုံးခုမှာ ပေဖန်ရဲ့ အစစ်အမှန်စွမ်းအား အဆီအနှစ် ပါဝင်တယ်တဲ့။ ဒီနောက်ပိုင်းမန္တာန်တွေထဲက ဦးဆုံးတစ်ခုကတော့ တောင်ခြေမွခြင်းပဲ။ သတ်ဖြတ်ခြင်းနယ်မြေမှာတုန်းက ဒီမန္တာန်ကို ချင်းရွှေအသုံးပြုခဲ့တာ ငါ တွေ့မြင်ခဲ့တယ်။ဒါက ဒီမီးတောင်ပေါက်ကွဲမှုနဲ့ အတော်လေး ဆင်တူပေတယ်…”

ဝမ်လင်းသည် မီးမူလစွမ်းအင်ကို စုပ်ယူနေရင်း စဉ်းစားကာ သည်အံ့ဖွယ်မီးတောင်ကို ကြည့်နေ၏။

ဝမ်လင်း၏ ညာဘက်ခြမ်း၌ ဝတ်စုံနက်နှင့်လူသည်လည်း မီးတောင်အတွင်းသို့ မဝင်ပေ။ သူသည်လည်း ထိုင်ချကာ အက်ကြောင်းထဲရှိ ချောရည်ပူထဲသို့ ဘယ်လက်ကို နေရာချသည်။ ဝမ်လင်းကဲ့သို့ပင် သူသည်လည်း သည်မီးများအတွင်းမှ မူလစွမ်းအင်ကို စုပ်ယူနေ၏။ သူသည် ဝမ်လင်းထံသို့ ရံဖန်ရံခါ ကြောက်လန့်ဟန်ဖြင့် ကြည့်သည်။ သူ့မျက်လုံးထဲ၌လည်း ရန်လိုမှု ရှိနေ၏။

“ဟင်္သာငှက်…ငါသာ ဟင်္သာငှက်ကို ဝါးမြိုနိုင်ရင် ငါ့မီးတောက်နဂါးက ဒုတိယအကြိမ် နိုးထလာနိုင်လောက်တယ်..”

***

Comment

Leave a Reply

Options

not work with dark mode
Reset