ခပ်ရှရှ ရယ်သံကို ကြားလိုက်ရသည့်နောက် ဝမ်လင်းသည် လေဟာနယ်ထဲကနေ လှမ်းလျှောက်ထွက်လာဟန် ရသည့် ဦးခေါင်းပြောင်လူတစ်ယောက် သည်နေရာသို့ မြန်ဆန်စွာ လာနေသည်ကို တွေ့မြင်လိုက်ရသည်။
“ပေလော…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။
“ချင်းလင်ရဲ့ တပည့်ကောင်းက ဒီနတ်ဆိုးကို အတားအဆီးတစ်ခုထဲမှာ အမှန်တကယ် ပိတ်လှောင်ထားနိုင်ခဲ့တာပဲ…” ပေလော သည်ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် ဝမ်လင်းကို သတိပြုမိသွားသည်။ သူက အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။
“မင်းလည်း ဒီကို ရောက်လာနိုင်စွမ်း ရှိနေတာပဲ…” ပေလော၏ မျက်လုံးထံမှ ထူးဆန်းသောတောက်ပမှုတစ်ခု ဖြစ်ပေါ်နေသည်။
ဝမ်ဝေ၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေလိုက်ရာ မိုးရေလိုက်ကာစသည် ချက်ခြင်း ပေါ်လာကာ ပေလောရှိရာသို့ တိုးဝင်သွားတော့သည်။
ဟူကျွမ်ကလည်း ဘေးတဖက်ရှိ အတားအဆီးထဲသို့ ခြေချကာ သူမ၏ ညာလက်ချောင်းထိပ်ကို ကိုက်လိုက်သည်။ထို့နောက် သူမက လေထဲ၌ ဆန်းကြယ်သောစာလုံးတစ်ခုကို မြန်ဆန်စွာ ရေးဆွဲလိုက်သည်။ ထိုစာလုံးပေါ်လာသည့်နောက် တစ္အေအလင်းတန်းတစ်ခုကို ပေးစွမ်းလာသည်။
ဤအခိုက်အတန့်၌ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ခြောက်ထပ်မြောက်မှ အတားအဆီးအားလုံးသည် အသက်ဝင်လာသည်ဟု ထင်ရကာ တပြိုင်နက်တည်း မထင်မှတ်စွာ လင်းလက်လာသည်။ ၎င်းအတားအဆီးများသည် အရပ်မျက်နှာအနှံ့ကနေ ထွက်ပေါ်လာကာ ရှေးဟောင်းနတ်ဆိုးပေလောထံသို့ တိုက်ရိုက် ပျံသန်းဝင်လာကြသည်။
ကောင်းကင်သည် အတားအဆီးများနှင့် ပြည့်သည်။ ဟူကျွမ်က လက်ညွှန်ကာ အတားအဆီးအားလုံးကို စုစည်း၏။
ရှေးဟောင်းနတ်ဆိုးပေလောသည် သူ့လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီသို့ ဖိချလိုက်ရာ ပြင်းထန်သောနတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး နတ်ဆိုးစွမ်းအင်ဝဲကတော့တစ်ခု ဖြစ်တည်သည်။
“ဒီနတ်ဆိုးက မင်းတို့နှစ်ယောက်နဲ့ မတိုက်ခိုက်ချင်ဘူး။ မင်းတို့နှစ်ယောက်ဟာ ချင်းလင်ကို ကယ်တင်ချင်တယ်။ ငါက ရှေးဟောင်းမိစ္ဆာတာကျားအတွက် ရောက်လာခဲ့တာ။ ငါတို့ရဲ့ ပန်းတိုင် မတူပေမယ့်လည်း ငါတို့အတူတကွ လုပ်ဆောင်နိုင်တယ်။ မင်းတို့နှစ်ယောက်တည်းဆို တာကျားရဲ့ ချိပ်ပိတ်မှုကို မဖွင့်လှစ်နိုင်မှာ စိုးမိတယ်။ငါနဲ့ဆိုရင် ဒီချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ပိုများပြားလာလိမ့်မယ်…” ပေလောသည် ဝဲကတော့အတွင်း၌ ရှိနေ၏။ နတ်ဆိုးစွမ်းအင်တို့သည် သူ့ပတ်လည်၌ လှည့်ပတ်နေ၏။ သူ့အသံသည် ဝဲကတော့ထဲကနေ ထွက်လာကာ ကျရောက်လာသည်။
ဝမ်လင်းသည် ဒဏ်ရာ ရထားပြီး ဖြစ်၏။ ထို့ကြောင့် သူ့မျက်နှာသည် ပေလော၏ စွမ်းအားအပြည့်အသံကြောင့် ချက်ခြင်း ဖြူရောသွားသည်။ သူက ဆေးလုံးအချို့ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်တို့ကို စီးဆင်းလှည့်လည်စေလိုက်ရ၏။
“ငါ့အဆိုပြုချက်က ဘယ်လိုလဲ။ ငါတို့သာ ဆက် တိုက်ခိုက်ရင် မင်းတို့လည်း ကောင်းကင်ဘုံအင်ပါယာချင်းလင်ကို မကယ်တင်နိုင်သလို ငါလည်း တာကျားကို သတ်နိုင်မှာ မဟုတ်ဘူး…” ပေလော၏အသံသည် နတ်ဆိုးစိတ်ဆန္ဒတို့နှင့် ပြည့်နှက်သည်။ ပေလော သည်စကားကို ပြောရခြင်းမှာ သူသည် ဝမ်ဝေနှင့်ဟူကျွမ်တို့ အတူပူးပေါင်းတိုက်ခိုက်မည်ကို လန့်နေသောကြောင့်ပင်။ ဟူကျွမ်က သည်နေရာရှိ အတားအဆီးများကို ထိန်းချုပ်နိုင်သည် မဟုတ်လား။ ပေလောက ကောင်းကင်ဘုံမြှပ်နှံ့ခြင်းရေကန်ကနေ ထွက်ခွာလာကတည်းက သူသည် လေးခုမြောက်အထပ်မှာကတည်းက သူတို့နှင့် တွေ့ခဲ့ပြီး ဖြစ်သည်။
ထိုတွေ့ရှိခဲ့ချိန်၌ သူတို့သည် ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြ၏။အဆုံးသပ်၌ မည်သူကမျှ မည်သူကို သတ်နိုင်ခဲ့ခြင်း မရှိဘဲ တိုက်ပွဲအဆုံးသပ်ခဲ့သည်။ သို့ရာတွင်ဟူကျွမ်ကြောင့် ပေလာသည် အတားအဆီးထဲ၌ လပေါင်းများစွာ ပိတ်မိနေခဲ့ရသည်။
သူ သည်နေရာသို့ အခု ရောက်လာရခြင်းမှာ ဆက်လက် တိုက်ခိုက်ရန်မဟုတ်၊ အတူပူပေါင်းရန် ဖြစ်သည်။
ဟူကျွမ်၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူမက ဝမ်ဝေကို ကြည့်သည်။ ဝမ်ဝေသည်လည်း ပေလာကို စူးစိုက်ကြည့်၏။ သူ့မျက်လုံးထဲရှိ အေးစက်မှုက ဖြည်းဖြည်းချင်း ပြန်လျော့ပါးသွားသည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရေလိုက်ကာစသည် ပျောက်ကွယ်သွားတော့၏။ သည့်နောက် သူက တည်ငြိမ်စွာ ဆိုသည်။ “ကောင်းပြီ…”
ပေလောသည် စိတ်နည်းနည်း အေးသွားသည်။သူသည် မြေပြင်ထက်သို့ ဆင်းသက်လိုက်၏။ သို့သော် သူသည် တိမ်ကောင်းကင်စုံတွဲနှင့် အကွာအဝေးတစ်ခုခြား၍သာ နေနေသည်။သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်သွားသည်။သူက ရယ်မော၍ ဆိုသည်။ “ညီလေးဝမ်…မင်းရဲ့ ကျင့်ကြံမှုအဆင့်က မထင်မှတ်စွာ ထပ်တိုးတက်လာပြန်ပြီ…။ဒါပေမယ့်လည်း မင်း ဒဏ်ရာကို မြန်မြန် မကုသရင် အနာဂတ်မှာ မင်းကျင့်ကြံမှုအပေါ် သက်ရောက်နိုင်တယ်။ ထားလိုက်ပါ။ ဒီနတ်ဆိုးက မင်းကြောင့် ဒီနေရာကို ဝင်လာနိုင်စွမ်း ရှိခဲ့တာ…”
“ငါ့မှာ မင်းအတွက် ဆေးဝါးရှိနေပေမယ့်လည်း မင်းဒဏ်ရာက တယောက်ယောက်ကြောင့် ရလာခဲ့တာ ဖြစ်ရမယ်။ ဒီလူ့နာမည် ငါ့ကို ပြောပါ။ မင်းရဲ့ ငါ့အပေါ် မျက်နှာသာပေးမှုအတွက် ဒီလူ့ကို ငါ ပြန်သတ်ပေးမယ်…”
ဝမ်လင်းအသွင်က အေးစက်သွား၏။ သူ့ဉာဏ်ရည်ဖြင့် သူသည် ပေလော၏ စကားများမှ ဒေါသစွပေးခြင်းနှင့် ဖြားယောင်းခြင်းတို့ကို မမြင်တွေ့ဘဲ မည်သို့ ရှိပါ့မည်နည်း။ ပေလောသည် ဝမ်လင်း သည်နေရာထိ ဝင်လာနိုင်စွမ်း ရှိနေသည်ကို အတော်လေး အံ့အားသင့်နေပေသည်။သူက တိမ်ကောင်းကင်စုံတွဲနှင့် ဝမ်လင်းတို့ကြား ပတ်သတ်မှုကိုလည်း မသိ ဖြစ်နေ၏။ ဝမ်လင်းသည် ခပ်ဖျော့ဖျော့ပြုံးကာ သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောလာသည်။ “ကျေးဇူးအများကြီး တင်ပါတယ်…ရှေးဟောင်းနတ်ဆိုးအရှင်၊ငါ့ကို နာကျင်စေခဲ့တဲ့လူ ပေါ်လာရင် ငါ သင့်ကို ပြောပြပါ့မယ်။ ကျေးဇူးပြုပြီး သင် အခု ပေးထားတဲ့ ကတိကို မမေ့ပစ်ပါနဲ့…”
ပေလော၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ရယ်မော၍ ဆိုသည်။ သူသည် သည်အကြောင်းကို ထပ်ပြောမနေတော့ပေ။
အခုချိန်က ချင်းရှောင်၏ခန္ဓာကိုယ်ကို ထုတ်ပြဖို့အတွက်တော့ မသင့်တော်တော့သည်မှာ သိသာပေသည်။ ဝမ်ဝေသည် အစိမ်းရောင်ဖယောင်းချပ် ပိတ်ထားသော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူက ၎င်းဆေးလုံးကို ဝမ်လင်းထံသို့ ကမ်းပေးရင်း သူ့မျက်လုံးထဲတွင်တော့ အတိတ်ကို အောက်မေ့မှုအငွေ့အသက်တို့ ဖြစ်ပေါ်နေသည်။
“ဒါက ဆရာ ငါ့ကို ပေးခဲ့တဲ့ အစိမ်းရောင်ဆေးလုံးပဲ။ မင်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် မူလစွမ်းအင် ဘယ်စွမ်းအင်ကိုပဲ ကျင့်ကြံပါစေ ဒီလောကရဲ့ စွမ်းအင်တစ်ခု ဖြစ်နေသ၍ ဒီဆေးလုံး သောက်ပြီးတာနဲ့ မင်း ဒဏ်ရာတွေအားလုံး ယူပစ်သလို ချက်ခြင်း ပျောက်ကင်းသွားစေနိုင်လိမ့်မယ်။ ငါ့မှာ ဒီလိုဆေးလုံး အများကြီး မကျန်တော့ဘူး။ မင်း ဒါက အခု သုံးချင်သုံး ဒါမှမဟုတ် နောင်မှသုံးဖို့အတွက် သိမ်းထားချင်သိမ်းထား ကြိုက်သလို ရွေးချယ်နိုင်တယ်…”
ဝမ်ဝေသည် ထိုသို့ ပြောလိုက်ရင်း သူက ပေလောကို အေးစက်စွာ ကြည့်သည်။ သူ့ထံ၌ သည်လိုဆေးလုံးမျိုး စုစုပေါင်းမှ သုံးလုံးသာ ကျန်ရှိတော့၏။ ဆေးတစ်လုံးသည် ဟူကျွမ်ထံ၌ ရှိ၍ နှစ်လုံးသည် သူနှင့်အတူ ရှိသည်။
ပေလောက အစိမ်းရောင်ဖယောင်းချပ်ပိတ်ကို တွေ့မြင်လိုက်သည်နှင့် သူ့မျက်လုံးထဲတွင် လောဘတက်လာဟန် ဖြစ်ပေါ်သွားသည်။ သူက ၎င်းဆေးလုံးကို သိထားပေ၏။ သူနှင့်ရှေးဟောင်းနတ်ဆိုး တာကျားတို့ ချင်းလင်ကို အလစ်တိုက်ခိုက်ခဲ့သည့် အချိန်က ချင်းလင်၏ ပြင်းထန်သောဒဏ်ရာများဖြင့်ပင် ၎င်းဆေးလုံးသည် အချို့သက်ရောက်မှုများ ပိုင်ဆိုင်ထားနေဆဲပင်။
သည် ဆေးလုံးအစွမ်းကြောင့် ချင်းလင်သည် အတော်လေးခုခံနိုင်စွမ်း ရှိခဲ့ကာ ထို့ကြောင့်လည်း ရှေးဟောင်းနတ်ဆိုးမှာ လုပ်ကြံတိုက်ခိုက်မှု ကျရှုံးခဲ့ရခြင်းပင်။
“ဒီဆေးလုံးကို လက်ဆောင်ပေးတဲ့သဘောဟာ သူတို့က ဝမ်လင်းနဲ့ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနေတယ်လို့ ဆိုလိုတာပဲ။ ဒါ့အပြင် သူတို့မှာ ဒီလို ဆေးလုံးမျိုး အချို့တလေရှိနေသေးတယ်လို့လည်း ပြောတယ်။ ငါက ဒီအချက် ဟုတ်လား၊မဟုတ်လား မသိပေမယ့်လည်း အစစ်အမှန်တိုက်ခိုက်မှုတွေသာ စတင်လာခဲ့ရင် ဒီဆေးလုံးက ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်…”
ပေလောက သည်ဆေးလုံးထံမှ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ဆေးလုံးကို ကိုင်ထားရင်း ဝမ်လင်းသည် ချက်ခြင်း သောက်ပစ်ခြင်း မပြုသေးဘဲ သူ့သိုလှောင်အိတ်ထဲ၌သာ ထည့်သိမ်းထားလိုက်သည်။ သည့်နောက် သူတို့သည် ဟူကျွမ်၏ လမ်းညွှန်မှုဖြင့် သည်ခြောက်ထပ်မြောက်၏ အလယ်ရှိ မြူနက်ထဲသို့ သွားကြသည်။
ကျောက်ရီသည်လည်း ဝမ်လင်းဘေးနား၌ ရှိနေ၏။ ဝမ်လင်းသည် အခုချိန်၌ အတော်လေး အားနည်းနေ၏။ထို့ကြောင့် တယောက်ယောက်က သူ့အား စောင့်ကြပ်ပေးဖို့ လိုသည်။ သည့်အတွက်ကြောင့် ကျောက်ရီသည် ဝမ်လင်းနားကနေ ထွက်သွားလိမ့်မည် မဟုတ်တော့ပေ။
သိပ်မကြာခင်တွင် သူတို့ရှေ့၌ မြူနက်ထု ပေါ်လာ၏။ ပေလောက မြူနက်ထုကို မုန်းတီးဟန်ဖြင့် ကြည့်သည်။ သူသာ အတိတ်တုန်းက ကျရှုံးမှု မရှိခဲ့ပါက ရှေးဟောင်းမိစ္ဆာတာကျားသည် သည်အခွင့်အရေးကို ရှာဖွေရရှိနိုင်စွမ်း ရှိခဲ့လိမ့်မည် မဟုတ်ပေ။
“ဒါပေမယ့်လည်း ဒါက သိပ်ဆိုးတဲအရာတော့ မဟုတ်ပါဘူးလေ။ ချင်းလင်က ဒီမြူနက်ထုတွေနဲ့ဆိုရင် ဘယ်လိုလုပ် လွယ်လွယ် ကုသလို့ ရပါ့တော့မလဲ…” တာကျားသည်လည်း အောင်မြင်ခဲ့လိမ့်ဦးမည် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက သူသည် သည်နေရာ၌ မည်သို့ အချိန်အကြာကြီး ရှိနေပါ့မည်နည်း။
နန်းတော်အတွင်းသို့ ခြေချလာပြီးနောက် ဝမ်လင်းသည် မြေပြင်ထက်ရှိ ကျောက်ပြားတစ်ခုကို ချက်ခြင်း တွေ့မြင်သွားသည်။ သည်ကျောက်ပြားမှာ ပေနှစ်ဆယ်လောက် မြင့်မားကာ ၎င်းအပေါ်၌ လက်ဝါးရာတစ်ခုသာ ရှိသည်။
ဝမ်ဝေက ပေလောကို ကြည့်ကာ ပြောသည်။ “နောက်ဆုံးသုံးထပ်ဟာ ဆရာ့ရဲ့ သီးသန်းအခန်းပဲ။ အဲ့နေရာတွေမှာ ပြောင်းလဲမှု တစ်ခုခု ရှိနေရင်တော့ ငါလည်း မသိဘူး။ ပိုကောင်းမွန်တဲ့ အခွင့်အရေးအတွက် ငါတို့ နောက်လူတွေ ရောက်လာတဲ့အထိ စောင့်နေတာ ပိုသင့်တော်လိမ့်မယ်။ ဝမ်လင်းလည်း သူ့ဒဏ်ရာ ကုသဖို့ အချိန်အချို့ ရတာပေါ့။ ဒါမှ မင်းလည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ စွမ်းအား ပြန်ရမှာ…”
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။ သူသည် တိမ်ကောင်းကင်စုံတွဲကို ခုထိ ဖြတ်မြင်နိုင်စွမ်း မရှိသေးပေ။ သူတို့သည် အထဲသို့ ဝင်ရောက်ရန် စိတ်ပူနေဟန် မရဘဲ အခြားလူများ ရောက်လာခြင်းကို အမှန်တကယ် စောင့်လိုနေသည်။
ရှေးဟောင်းနတ်ဆိုး ပေလောလည်း ရှိနေသေး၏။ ထို့ကြောင့် သူက မေးခွန်းများ မေးမနေတော့ပေ။
“အတွေးများမနေဘဲ ကုသတာမှာပဲ အာရုံစိုက်ထား။ ငါက ဒီနှစ်ယောက်ဟာ ထူးဆန်းလှတာ တွေ့မြင်ခဲ့ပြီးပြီး။ ဒါပေမယ့် သူတို့နှစ်ယောက်က ငါတို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူး…” ကျောက်ရီသည် ဝမ်လင်းဘေး၌ ရှိနေ၏။ သူက ဝမ်လင်းကို ဓားစိတ်ဝိညာဉ်များသာ အသုံးပြုနိုင်သည့် အထူးနည်းလမ်းတစ်ခုကနေ သတင်းစကား ပေးလိုက်ခြင်းပင်။
ဝမ်လင်းက ခေါင်းညိတ်ပြသည်။ သည့်နောက် သူက ထိုင်ချလိုက်၏။ သို့သော် အစိမ်းရောင်ဆေးလုံးကိုတော့ ထုတ်ယူခြင်း မပြုပေ။ ထိုအစား သူသည် အခြားဆေးလုံးများကိုသာ ထုတ်ယူ စစ်ဆေးပြီး တစ်လုံးပြီးတစ်လုံး သုံးစွဲလိုက်သည်။ သည့်နောက် သူသည် မျက်လုံးမှိတ်ကာ ကုသခြင်း၌သာ အာရုံစိုက်၏။
သူသည် ကုသနေသော်လည်း သူ့နတ်ဘုရားအာရုံကိုတော့ ချိပ်ပိတ်မှု ပြုမထားပေ။ ထိုအဖြစ်က သူ့ကုသမှုအရှိန်ကို သက်ရောက်မှု ရှိစေသော်လည်း သူသည် သည်နေရာ၌ သတိထားကာ နိုးနိုးကြားကြား နေနေရမည် မဟုတ်လော။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်ဆုံးသွားခဲ့ပေပြီ။ ဤခုနစ်ရက်အတွင်း ဝမ်ဝေနှင့်ဟူကျွမ်တို့သည်လည်း ကျင့်ကြံနေသကဲ့သို့ ထိုင်နေကြသည်။ ရှေးဟောင်းနတ်ဆိုးပေလောသည်လည်း သည်အတိုင်းပင်။
ဝမ်လင်းက ပါးစပ်အပြည့် လေရှိုက်သွင်းလိုက်၏။ သူ့ဒဏ်ရာများသည် အနည်းငယ် ပြန်ကောင်းမွန်လာခဲ့ပေပြီ။ သို့သော် သည်နေရာ၌ ပုန်းကွယ်စောင့်ဆိုင်းနေသော အန္တရာယ်များက ရှိနေဆဲပင်။ ကံကောင်းစွာဖြင့် သူ့ထံ၌ အပြည့်အဝ ပြန်ကောင်းမွန်စေမည့် ဆေးဝါးများ ရှိနေခြင်း ဖြစ်သည်။ ဝမ်လင်းသည် ဆေးလုံးများ ထပ်မံထုတ်ယူကာ ၎င်းတို့ကို စစ်ဆေး၍ သောက်သုံးလိုက်သည်။
သို့ရာတွင် သူ့နတ်ဘုရားအာရုံကိုတော့ ဖြန့်ကျက်ကာ ဝင်ပေါက်ထံ မပြတ်စောင့်ကြည့်နေသည်။ သူသည် ထိုင်နေရင်းဖြင့် အရှင်လေဟာနယ် ရောက်လာဖို့ကို စောင့်ဆိုင်းနေသည်။ သူသည် အရှင်လေဟာနယ်တို့ သုံးယောက်အုပ်စုသည် အရင်ဆုံးရောက်လာမည့် အုပ်စု ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။
သည်နေရာ၌ အချိန်က အတော်လေး ကြာမြင့်လှသည်ဟု ထင်မှတ်ရသည်။ ဆေးလုံးများကြောင့်လည်း ဝမ်လင်း၏ ဒဏ်ရာက ဖြည်းဖြည်းခြင်း ပြန်ကောင်းလာနေသည်။ ယနေ့သည် သူတို့စောင့်ဆိုင်းနေသည့်နေ့ကစလျှင် (၂၇)ရက်မြောက်နေ့ ဖြစ်၏။
ဝမ်ဝေနှင့်ဟူကျွမ်တို့ မျက်လုံးဖွင့်ကာ ဝင်ပေါက်သို့ ကြည့်လိုက်ချိန်၌ နေ့လယ်ခင်းချိန်ခန့် ရှိနေပေပြီ။ ရှေးဟောင်းနတ်ဆိုးပေလောက ဝင်ပေါက်တံခါးသို့ လှမ်းကြည့်သည်မှာ ဝမ်ဝေတို့ထက် နှာတဖျား သာနေသေး၏။
ဝင်ပေါက်၌ နေရာချထားသည့် ဝမ်လင်း၏ နတ်ဘုရားအာရုံထံမှလည်း တုန်ခါမှုလှိုင်းကို ခံစားမိ၏။ သူက မျက်လုံးဖွင့်ကာ ဝင်ပေါက်တံခါးထံသို့ ကြည့်သည်။
လူတစ်ယောက်သည် သည်နန်းတော်ခန်းမအတွင်းသို့ ဖြည်းဖြည်းချင်း လှမ်းဝင်လာ၏။ ထိုသူသည် နှင်းပွင့်များဝန်းရံထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။နှင်းပွင့်များက သူမပတ်လည်၌ ကခုန်နေကာ အတော်လေး ကြည့်ကောင်းလွန်းနေ၏။
“သူမပဲ…” ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အရင်ဦးဆုံး ရောက်လာသည့်သူက အရှင်လေဟာနယ်တို့ သုံးယောက်အုပ်စု ဟုတ်မနေခဲ့ဘဲ တောက်ပသောဟင်းလင်းပြင်သခင်မဟု ထင်ကြေးပေးခံရသော ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး ဖြစ်လို့နေသည်။
သူမ၏ အသွင်သည် တည်ငြိမ်၏။ သူမ၏ လှပသောမျက်လုံးတို့ဖြင့် သည်နန်းတော်ခန်းမအတွင်းသို့ ခြုံငုံ ကြည့်လိုက်သည်။အထူးသဖြင့် ဝမ်လင်းထံသို့ပင်။ သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ ထောင့်တစ်နေရာကို ရှာကာ ထိုင်ချလိုက်၏။
ထိုမိန်းကလေး ထိုင်ချပြီး ခုနစ်မိနစ် မပြည့်ခင်မှာပင် ဝမ်လင်းက နန်းတော်ခန်းမအပြင်ဘက်မှ တုန်ခါမှုလှိုင်းတစ်ခုကို ထပ်မံ ခံစားမိသည်။ သူက အထက်သို့ မော့ကြည့်လိုက်ရာ နန်းတော်ခန်းမအတွင်းသို့ ဝင်ရောက်လာသည့် ပုံရိပ်သုံးခုကို တွေ့မြင်လိုက်ရသည်။
ထိုပုံရိပ်သုံးခုမှာ အရှင်လေဟာနယ်၊ လှပသောအမျိုးသမီးနှင့် ဝတ်စုံနက်တို့ ဖြစ်ကြသည်။
သူတို့သုံးယောက် နန်းတော်ခန်းမအတွင်းသို့ ဝင်လာသည့်အခိုက်အတန့်တွင် လူတိုင်း၏ အာရုံကို စွဲဆောင်သွားသည်။ အရှင်လေဟာနယ်က ဝမ်လင်းကို ချက်ခြင်း သတိပြုမိ၏။သူ့မျက်လုံးထဲ၌ မွန်းစတားဆန်သော သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားသည်။
ဝမ်လင်းကလည်း သူ့ကို တွေ့မြင်၏။ ဝမ်လင်း၏ မျက်လုံးက အေးစက်သွားကာ သူသည် တည်ငြိမ်စွာ ဆိုလိုက်သည်။ “ရှေးဟောင်းနတ်ဆိုးအရှင်…ငါ့ကို ဒဏ်ရာရစေခဲ့တဲ့သူက သူပဲ…”
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခိုက်တွင် ဝမ်ဝေနှင့်ဟူကျွမ်တို့သည် အရှင်လေဟာနယ်ထံသို့ စူးရဲစွာ ကြည့်လိုက်ကြ၏။ ရှေးဟောင်းနတ်ဆိုးပေလောသည်ပင် အရှင်လေဟာနယ်ထံသို့ အပြုံးမမည်သောအပြုံးဖြင့် လှမ်းကြည့်သည်။
ကျောက်ရီက ရှေ့သို့ ပျံဝဲလာရင်း သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ ဖြတ်ပြေးသွားသည်။
ထိုရုတ်တရက်ပြောင်းလဲမှုက အရှင်လေဟာနယ်ကို လေအေးတစ်ချက် ရှိုက်သွင်းမိသွားစေသည်။ သူ့နှဖူးထက်၌ ချွေးစေးပြန်လာ၏။ သူသည် ဝမ်လင်းသည် လအနည်းငယ်အတွင်း သည်လူများ သူ့အား ကူညီပေးရန် မည်သို့ လုပ်ဆောင်ခဲ့သည်အား မသိ ဖြစ်ရ၏။
တိမ်ကောင်းကင်စုံတွဲနှင့် ထူးဆန်းသောကတုံးပြောင်လူတို့သည် သူ အထွတ်အထိပ်တွင် ရှိနေစဉ်ကပင် သူ့အား သတိထားစေသော ခံစားမှုအား ပေးပေလိမ့်မည်။ ခုချိန်တွင် သူသည် ဒဏ်ရာအပြင်းအထန်ရထားကာ သူ့မူလစိတ်ဝိညာဉ်တစ်ဝက်သည်လည်း ပျောက်ရှခဲ့ပြီ မဟုတ်လား။ သူ့ကျင့်ကြံမှုအဆင့်ကလည်း နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကနေ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ထိ လျော့ကျနေခဲ့ပြီ မဟုတ်လား။
သူက ရှေ့သို့ မတိုးသာ၊ နောက်သို့ မဆုတ်ဝံ့ ဖြစ်ရသည်။ ခန်းမအတွင်းရှိ လူတိုင်း၏အကြည့်က သူ့ထံသို့သာ ကျရောက်နေ၏။ သူ တစ်ခုခု လှုပ်ရှားမှု ပြုသည်နှင့် သည်နေရာရှိ လူများက သူ့အား တိုက်ခိုက်လာမည့်ကဲ့သို့ ထင်ရသည်။
“ငါက ကျင့်ကြံခြင်းမဟာမိတ်ရဲ့ အကြီးအကဲ…အရှင်လေဟာနယ်၊ အကြီးအကဲခေါင်းဆောင်အရှင် ကျုံးရွှမ်ရဲ့ ဂျူနီယာညီလည်း ဟုတ်တယ်….။မင်းတို့ အကြည့်က ဘာအဓိပ္ပာယ်လဲ…” အရှင်လေဟာနယ်သည် သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် လုပ်ကာ ကျင့်ကြံခြင်းမဟာမိတ်၏အမည်နာမကိုပါ ထုတ်ဖော်ခဲ့ရသည်။
***