“ဝမ်လင်းက စီနီယာကို နှုတ်ဆက်ပါတယ်။ကျနော် အရင်က ကတိပေးထားခဲ့တာကို ဘယ်လိုလုပ်မေ့ဝံ့ပါ့ပါမလဲ။ ဒီနေရာဟာ ဘယ်လောက်ပဲ အန္တရာယ်များများ ငါဟာ ချင်းရှောင်ရဲ့ ခန္ဓာကိုယ်ကို ဒီနေရာထိ ယူဆောင်လာခဲ့ပါတယ်…” ကျောက်ရီကို တွေ့မြင်ရခြင်းက ဝမ်လင်းကို စိတ်ခံစားချက် ဖြစ်စေ၏။ ကျောက်ရီသည် သူ့အပေါ် ကျေးဇူးရှိခဲ့သူ အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည် မဟုတ်လား။ ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့် မည်သည့်အဆင့်သို့ ရောက်နေပါစေ သူသည် ကျောက်ရီအပေါ်၌ အမြဲတမ်း လေးစားသမှု ထားပေမည်။
ကျောက်ရီက ဝမ်လင်းကို ကြည့်နေရင်း သူ့ဟန်ပန်က ဝမ်းနည်းဟန် ဖြစ်ပေါ်လာသည်။ သူသည် ခေါင်းယမ်းကာ ဆိုသည်။ “ငါ့ကို စီနီယာ လို့ ခေါ်စရာ မလိုပါဘူး။ မင်း စိတ်ထဲမထားရင် ငါ့ကို အစ်ကိုကြီးကျောက်လို့ ခေါ်နိုင်တယ်…”
ကျောက်ရီ၏ မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွား၏။ သူက ဝမ်လင်းကို သေချာ ဂရုတစိုက် ကြည့်လိုက်သည်။
“မင်းကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့တာ ဘယ်သူလဲ။ မင်း မူလစိတ်ဝိညာဉ်က မှိန်ဖျော့နေတယ်။ ပြန်ကောင်းမွန်တာလည်း နှေးနေတဲ့အတွက်ကြောင့် အနာဂတ်မှာ မသိနိုင်တဲ့ အန္တရာယ်တွေ ဖြစ်လာဖို့ ဦးတည်လာလိမ့်မယ်…”
ကျောက်ရီ၏ အသွင်သည် အေးစက်သွား၏။
ဝမ်လင်းသည် မချင့်ပြုံးပြုံး၍ ကျောက်ရီအား အဖြစ်အပျက်ကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်သည်။ သူက မူလရင်းမြစ်အကြောင်းတော့ ဖော်ပြခဲ့ခြင်း မရှိဘဲ ဟင်္သာငှက်နိုးထလာခဲ့သည့်အကြောင်းကိုသာ ပြောဆိုခဲ့သည်။ ထိုသို့ ပြောရခြင်းမှာ ကျောက်ရီကို မယုံကြည်၍ မဟုတ်ပေ။ သို့သော် မူလရင်းမြစ်နှင့် ပတ်သတ်သည့် ကိစ္စသည် အလွန်တရာ အရေးကြီးလှသည် မဟုတ်လား။
“အရှင်လေဟာနယ်…” ကျောက်ရီ၏မျက်လုံးထဲ၌ အေးစက်သောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။
“အရှင်လေဟာနယ်…ငါ ဒီလူ့ကို မှတ်ထားမယ်…” ကျောက်ရီက ခေါင်းညိတ်ပြသည်။သူက ထပ်မမေးတော့ပေ။ အရှင်လေဟာနယ် ဆိုသည့် နာမည်ကို သူ့စိတ်ထဲ၌ ရေးထွင်းထားလိုက်ပြီ ဖြစ်သည်။ ချင်းရှောင်အား ခေါ်ဆောင်လာပေးသည့် ဝမ်လင်းကို နာကျင်စေခြင်းက သူ့ သည်းခံနိုင်စွမ်းကို လာထိပါးခြင်းပင်။ အခွင့်အရေးသာ ရှိရင် ကျောက်ရီ၏ စိတ်နေစိတ်ထားအရ သူသည် အရှင်လေဟာနယ်ကို ကြီးကြီးမားမား တန်ဖိုးတစ်ခု ပြန်ပေးဆပ်စေပေမည်။
“မင်း ဒီနေရာကို ရောက်လာတာ ဆေးလုံးတွေအတွက် ဖြစ်ရမယ်။ ဆေးလုံးအများစုဟာ တိမ်ကောင်းကင်စုံတွဲရဲ့ ယူဆောင်သွားခြင်း ခံရပြီး ဖြစ်ပေမယ့်လည်း ကျန်နေသေးတဲ့ ဆေးလုံးတွေကတော့ စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေအတွက် အသုံးဝင်တယ်။ သူတို့က ဒါတွေကို ယူမသွားတာက သူတို့ရဲ့ သိုလှောင်တဲ့နည်းလမ်းဟာ အလွန်ရှုပ်ထွေးလို့ပဲ…”
ကျောက်ရီသည် ထိုသို့ ပြောနေရင်း ရုတ်တရက် သူသည် အကြောင်းအရာ ပြောင်းလဲ၍ ပြောလာသည်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီဆေးလုံးတွေကို မင်း ရရှိဖို့အတွက် ငါ နည်းလမ်းတစ်ခု ရှာပေးမယ်…”
ကျောက်ရီ စကားဆုံးသည်နှင့် သူက ဓားစွမ်းအင်တန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ဆေးဝါးဖော်စပ်သည့်အခန်းထဲရှိ အတားအဆီးများထဲကနေ ထိုးထွက်သွားသည်။ သူသည် လေထဲ၌ ပေါ်လာကာ လက်နှစ်ဖက်ယှက်၍ ဆိုလာသည်။ “စီနီယာတိမ်ကောင်းကင်စုံတွဲ၊ ဒီလူက ငါ့ မိတ်ဆွေပါ။ ကျေးဇူးပြုပြီး သူ့ကို ဆေးလုံးအချို့ ပေးပေးပါ…”
အကွာအဝေးတစ်ခုကနေ ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ သည့်နောက် ဝမ်ဝေနှင့်ဟူကျွမ်တို့သည် လှမ်းလျှောက်လာကြသည်။ သူတို့နှစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လာကြခြင်း ဖြစ်သည်။ သို့သော် ထူးဆန်းသည်က သူတို့သည် ဆေးဝါးဖော်စပ်သည့်အခန်းသို့ ရောက်ရန် ခြေလှမ်းသုံးလှမ်းသာ လှမ်းလိုက်ကြခြင်းပင်။
ဝမ်ဝေသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဆေးဝါးဖော်စပ်သည့်အခန်းအပြင်ဘက်ရှိ အတားအဆီးများကို ဘယ်တုန်းကမှ မတည်ရှိသကဲ့သို့ ကွယ်ပျောက်သွားစေသည်။ ထိုအဖြစ်က ဝမ်လင်း၏ မျက်လုံးသူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။
“ဒီကောင်လေးက ဒီဓားစိတ်ဝိညာဉ်နဲ့ ပတ်သတ်မှု ရှိလိမ့်မယ်လို့ ငါ ခန့်မှန်းခဲ့ပြီးသားပဲ။ ကြည့်ရတာ ငါ့ခန့်မှန်းချက်က မှန်နေတဲ့ပုံပဲ…” ဝမ်ဝေက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူ့ရှေ့၌ အက်ကြောင်းတစ်ခု ချက်ခြင်း ပေါ်လာသည်။ သည့်နောက် ခရမ်းရောင်ကျောက်စိမ်းပုလင်း ခြောက်ပုလင်းသည် သူ့လက်ဝါးပေါ်သို့ ပျံသန်းလာသည်။
“အဆင့်ငါး ကောင်းကင်ဘုံစုဆောင်းခြင်း ဆေးလုံးတွေပါတဲ့ ဒီဆေးပုလင်းခြောက်ခုဟာ မင်းအတွက် အသုံးဝင် ပါလိမ့်မယ်…” ထိုသို့ပြောလိုက်ပြီးသည့်နောက် ဝမ်ဝေသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ပုလင်းခြောက်ပုလင်းသည် ဝမ်လင်း ရှိရာသို့ ပျံသန်းလာတော့သည်။
ထိုခရမ်းရောင်ကျောက်စိမ်းပုလင်းခြောက်ခုထံမှ သိပ်သည်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်နေသည်။ ၎င်းပုလင်းများထဲရှိ ရနံ့မှာလည်း အလွန်လတ်ဆတ်သည်။ ဝမ်လင်းသည် ပုလင်းခြောက်ခုကို ကိုင်ကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက ၎င်းတို့ကို ချက်ခြင်း သောက်သုံးခြင်း မပြုသေးဘဲ သိုလှောင်အိတ်ထဲ၌ ထည့်သိမ်းထားလိုက်၏။
ဟူကျွမ်က ဝမ်လင်းကို သေချာကြည့်နေကာ ရုတ်တရက် ပြောလာသည်။ “မင်းက ပျက်သုဉ်းခြင်းအတားအဆီးကို အမွေဆက်ခံတဲ့သူလား…”
ဝမ်လင်းသည် ဟူကျွမ်ကို ကြည့်၍ တည်ငြိမ်စွာပင် ပြန်ပြောသည်။ “ငါက အမွေဆက်ခံသူ မဟုတ်ပါဘူး။ ဒီပျက်သုဉ်ခြင်းအတားအဆီးနဲ့ ပတ်သတ်တဲ့ အချို့အဝက်ကိုပဲ သိထားရုံပါ…”
ကျောက်ရီက ဝမ်ဝေ ကောင်းကင်စုဆောင်းခြင်းဆေးပုလင်းခြောက်လုံးကို ဝမ်လင်းအား ပေးလိုက်သည်ကို တွေ့သည့်အခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင် ဖြစ်သွားရ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဝမ်ဝေကို ကြည့်ကာ ပြောလိုက်သည်။ “စီနီယာ ဝမ်ဝေ…ဒီလူက ငါ့ မိတ်ဆွေဟောင်း ဖြစ်တဲ့အပြင် ငါ့အပေါ်လည်း ကျေးဇူးရှိပါတယ်။ ဒီအချက်ကို အရင်က ငါ မပြောပြခဲ့ဖူးဘူး။ ဒါပေမယ့် ငါဟာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ချိပ်ပိတ်ခံထားရတုန်းက သူက ငါ့ကို ကယ်တင်ပေးခဲ့တာပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ငါဟာ စီနီယာနဲ့ ဆုံရဖို့ အခွင့်အရေး ရှိလာခဲ့လိမ့်မှာ မဟုတ်ဘူး…”
ဝမ်ဝေသည် ကျောက်ရီကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ထို့နောက် သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ နောက်ထပ် အက်ကြောင်းတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ သည်တစ်ကြိမ်၌ ငါးရောင်စုံကျောက်စိမ်းပုလင်း ငါးခု သူ့လက်ထဲသို့ ပျံသန်းထွက်လာ၏။ သူက ၎င်းဆေးပုလင်းတို့ကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။
“ဒီဆေးလုံးတွေကို ကောင်းကင်ဘုံရှောင်ကြဉ်ခြင်းဆေးလုံးလို့ သိထားကြတယ်။ ဒါတွေက အဆင့်လေး ကောင်းကင်ဘုံဆေးလုံးတွေပဲ။ ဒီဆေးလုံးတွေက မင်းရဲ့ ဒဏ်ရာတွေကို အများကြီး လျော့ချပေးလိမ့်မယ်…”
ဝမ်လင်းသည် ထိုဆေးပုလင်းများကို ယူလိုက်ကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ သည်ဆေးပုလင်းများထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် မွန်းစတားဆန်လှကာ စောနက ဆေးပုလင်းခြောက်လုံးထက် များစွာ ပိုသာနေသည်။
ကျောက်ရီသည် မျက်မှောင်ကြုတ်သွားပြန်သည်။ သူ့ဟန်ပန်က မကျေမနပ်ဖြစ်နေသည့်ပုံ ပေါ်နေသေးသည်။သူက လက်နှစ်ဖက်ယှက်မနေတော့ဘဲ ဆိုလာသည်။ “စီနီယာက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်အကြောင်းကို သိနေမှတော့ သင်ဟာ မိုးကောင်းကင်ဘုံအရှင် ချင်းရှောင်နဲ့ ပတ်သတ်လို့လည်း သိလိမ့်မယ်လို့ ယူဆပါတယ်…”
ဝမ်ဝေ၏မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသ်ည။ သူက ဘာမှ ဆက်မေးမနေတော့ဘဲ အက်ကြောင်းထဲမှ ဆေးပုလင်းသုံးခုကို ထပ်မံ ထုတ်ယူသည်။ သူက ၎င်းတို့ကို မိတ်ဆက်မနေဘဲ ဝမ်လင်းထံသို့ တိုက်ရိုက် ပစ်ပေးလိုက်တော့သည်။
ဝမ်လင်းသည် ၎င်းတို့ကို ဖမ်းယူလိုက်၏။ သူက ၎င်းတို့ကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် သူ့အသွင်က ပြောင်းလဲသွားသည်။ ပုလင်းသုံးလုံးထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့သည် စောနက ငါးရောင်စုံပုလင်းများထက် ပို၍ အားကောင်းနေသည်။ သည်ဆေးလုံးများက ပိုကောင်းသည်မှာ သိသာပေသည်။
“တခါတုန်းက ဂျူနီယာဟာ မိုးကောင်းကင်ဘုံနယ်မြေက အမျိုးသမီးအလောင်းတစ်လောင်းကို အရူးအမူး စွဲလမ်းခဲ့ဖူးတယ်။ ဒါ့ကြောင့် ဒီအလောင်း ပုတ်ဆွေးသွားခြင်းကနေ ကာကွယ်တားဆီးနိုင်ဖို့အတွက် ဒီအမျိုးသမီးအလောင်းကို သိမ်းဆည်းထားဖို့ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေနဲ့ စေတီတစ်ခု တည်ဆောက်ခဲ့တယ်…” ကျောက်ရီ၏ မျက်လုံးထဲ၌ အတိတ်၏ လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်လို့နေသည်။
“နောက်ပိုင်းမှာ ဂျူနီယာ တွေ့ရှိခဲ့ရတာဟာ သူမဟာ ထင်းအာ မဟုတ်ဘဲ ကောင်းကင်ဘုံအရှင်သခင် ချင်းရှောင်ဖြစ်နေခဲ့တာပါပဲ…”
ဝမ်ဝေ၏အသွင်သည် ပြောင်းလဲသွားသည်။ သူသည် သူသာ သည်ဓားစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များကို အတင်းရှာဖွေခဲ့ပါက ဓားစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များကို ဖျက်စီးပစ်မိမည်ကို စိုးရိမ်ခဲ့သည်။ထို့ကြောင့် သူက မေးခွန်းများသာ မေးခဲ့ပေသည်။ သို့ရာတွင် ခုချိန်၌ သူ သည်ဇာတ်လမ်းကို ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲ၌ လှိုင်းထန်လာခဲ့ပေပြီ။
ဟူကျွမ်၏ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။ သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် ကြည့်မိလိုက်ကြ၏။ ထို့နောက် ဝမ်ဝေက သူ့ရှေ့ရှိ အက်ကြောင်းထဲသို့ နောက်တစ်ကြိမ် လက်ဆန့်ထုတ်လိုက်သည်။ သည်တစ်ကြိမ်၌ ရောင်စုံဆေးလုံး ဒါဇင်နှင့်ချီ၍ ဝမ်လင်းထံသို့ ပျံသန်းသွားတော့သည်။
ကျောက်ရီကို စူးစိုက်ကြည့်နေရင်း ဝမ်ဝေက ဆိုလာသည်။ “မင်း ဇာတ်လမ်းကို ဆက်ပြောပါ…”
ဝမ်လင်းအသွင်က ထူးဆန်းသွားသည်။ နောက်ဆုံးတွင် သူသည် ကျောက်ရီသူ့အတွက် ဆေးလုံးရယူပေးမည့် နည်းလမ်းကို သဘောပေါက်သွားတော့သည်။
“ထင်အာ(ချင်းရှောင်)ကို နောက်ဆုံးအကြိမ် မိုးကောင်းကင်ဘုံနယ်မြေကို ခေါ်လာတော့ ငါ ဝမ်လင်းနဲ့ တွေ့ခဲ့တာပဲ…” ကျောက်ရီ၏ မျက်လုံးထဲရှိ အတိတ်ကိုအောက်မေ့မှုက ပို၍ အားကောင်းလာသည်။ သူသည် လှပသော၊မမေ့နိုင်သော မှတ်ဉာဏ်များအတွင်း၌ နစ်မြုပ်နေဟန် ရ၏။ သူ့မျက်နှာထက်၌ လွမ်းဆွတ်သည့်အပြုံးတစ်ခု တွဲခိုလို့နေသည်။
သူသည် မိုးကောင်းကင်ဘုံနယ်မြေ၌ အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းကို ပြန်ပြောပြနေတော့သည်။
ဝမ်ဝေနှင့်ဟူကျွမ်တို့က အတိတ်တုန်းက အစစ်အမှတ်ဖြစ်ခဲ့သည့် အကြောင်းအရာများကို နားထောင်လို့နေ၏။ သူတိ့က တစုံတစ်ယောက် ချင်းရှောင်အား လုယူလိုခဲ့သည့် အကြောင်း ပြန်ကြားလိုက်သည့်အခါ ဟူကျွမ်၏ နူးညံ့သောအသွင်ဟန်ပန်၌ သတ်ဖြတ်လိုစိတ် ဖျပ်ခနဲ ဖြစ်ပေါ်သွား၏။ ဝမ်ဝေ၏ မျက်လုံးသည်လည်း အေးစက်သွားကာ ပြင်းထန်သောဖိအားကို ထုတ်လွှတ်သည်။
ကျောက်ရီက ခပ်တိုးတိုးဆက်ဆို၏။ “ငါ သူမအတွက် အရာအားလုံးကို ပေးဆပ်ဝံ့တယ်။ ဘာ နောင်တမှ မရှိဘူး…”
ခုချိန်ထိပင် ကျောက်ရီက သူ ချင်းရှောင်အတွက် အသက်စွန့်ခဲ့သည့်အရာအပေါ် လုံးဝ နောင်တမရခဲ့ပေ။
ကျောက်ရီက ချင်းရှောင်၏ခန္ဓာကိုယ်ကို ကာကွယ်နိုင်ရန် အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိဖို့ သူ့စိတ်ဝိညာဉ်အား လောင်ကျွမ်းပစ်ခဲ့သည်ကို ကြားလိုက်ရသည့်နောက် ဟူကျွမ်သည် ကျောက်ရီအား ကရုဏာသက်စွာ ကြည့်သည်။
“ထိတ်လန့်ဖွယ် ကံကြမ္မာပေပဲ…” ဝမ်ဝေက သက်ပြင်းချမိ၏။ သူ့ကျင့်ကြံမှုအဆင့်နှင့်အတွေ့အကြုံများကြောင့် သူသည် ကျောက်ရီ ပြောသည့်အကြောင်းအရာများသည် အမှန်လား၊အလိမ်လား ကောင်းကောင်း ခွဲနိုင်ပေသည်။
သူ့ နှစ်ထောင်ချီ၍ စွဲလမ်းမှုကြောင့် ချင်းရှောင်ကိုယ်ထြ၌ အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်လာကာ သူမသည် နိုးထလာခဲ့ရသည် မဟုတ်လား။ သူမသည်လည်း သေခါနီး ကျောက်ရီကို အသက်ပြန်ရှင်စေကာ မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်အသစ်အဖြစ် ပြုလုပ်ပေးခဲ့သည်။ကျောက်ရီထံမှ သည်ဇာတ်လမ်းကို ကြားလိုက်ရသည့်နောက် ဝမ်ဝေနှင့်ဟူကျွမ်တို့သည် တိတ်ဆိတ်စွာ စဉ်းစားသွားကြသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်ဝေက သက်ပြင်းချကာ ကျောက်ရီထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလာသည်။ “ချင်းရှောင်အပေါ် အစ်ကိုကျောက်ရဲ့ ကြင်နာမှုကို ငါ မှတ်သားထားမှာပါ။ ငါ အစ်ကိုကျောက်အပေါ်မှာ စော်ကားသလိုမျိုး လုပ်ခဲ့မိတာ ရှိရင် ကျေးဇူးပြုပြီး မမှတ်ယူပါနဲ့…”
ဟူကျွမ်က ကျောက်ရီကို ကြည့်နေရင်း သူမ၏ဟန်ပန်သည် နာကျင်မှုနှင့် ပြည့်နေ၏။ သူမက ပြောလာသည်။ “ငါတို့ အစ်ကိုကျောက်ရဲ့ ကျေးဇူးကို မေ့မှာ မဟုတ်ပါဘူး…”
သူတို့သည် ကျောက်ရီ၏ စကားများကို မယုံကြည်ဘဲ မည်သို့နေပါ့မည်နည်း။ သည့််အပြင် ခုလက်ရှိ ကျောက်ရီ၏ မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်မှာ သူ ပြောခဲ့သည့်အရာအားလုံးအတွက် အကောင်းဆုံး ရှင်းပြချက် ဖြစ်နေသည် မဟုတ်လား။
“ညီလေးဝမ်က ချင်းရှောင်ရဲ့ ခန္ဓာကိုယ်ကို ဒီအထိ ယူလာခဲ့တယ်လို့ ငါ ထင်တယ်…”
ဝမ်ဝေက ဝမ်လင်းကို ကြည့်ကာ မလေးစားမိဘဲ မနေနိုင် ဖြစ်ရ၏။ အတိတ်တုန်းက သူသည် ဝမ်လင်းနှင့်ပတ်သတ်၍ အာရုံအများကြီး မထားခဲ့ပေ။ သို့သော် မထင်မှတ်စွာ ဝမ်လင်းက ကျေးဇူးသိတတ်သည့်သူ တစ်ယောက် ဖြစ်နေခဲ့ပေသည်။
သည်အခိုက်၌ ကိစ္စရပ်များက ရှင်းလင်းသွားပြီဟု ထင်ရ၏။ သို့သော် ဝမ်လင်းက ချင်းရှောင်၏ ခန္ဓာကိုယ်ကို ချက်ခြင်း ထုတ်ယူခြင်း မပြုသေးပေ။ ထိုအစား သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်ဝေနှင့်ဟူကျွမ်တို့ကို ကြည့်ကာ ပြောသည်။ “စီနီယာတို့က အမှန်တကယ် ဘယ်သူတွေလဲ…”
ဝမ်ဝေက ဝမ်လင်း သတိထားနေသည်ကို တွေ့သည့်အခါ ပို၍ပင် လေးစားသွားသည်။ ဝမ်လင်း၏ သတိထားမှုက သူသည် ကျောက်ရီအပေါ် သူ့ကတိကို မည်မျှ အမှန်အကန် ဂရုစိုက်ကြောင်းကို ပြသနေသည် မဟုတ်လား။
“ရှိစေတော့…။ငါ ပုံရိပ်ကို ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့တာ အချိန်ကြာလွန်းခဲ့ပြီ။ မင်းနဲ့ကျောက်ရီက ငါတို့ကို ကူညီပေးခဲ့တယ်။ဒါ့အပြင် အင်ပါယာချင်းလင်ကိုလည်း ကူညီပေးခဲ့တယ်။ ဒါ့ကြောင့် မင်းတို့အပေါ်မှ လျှို့ဝှက်နေစရာ မလိုတော့ပါဘူး…”
ဝမ်ဝေက သက်ပြင်းချကာ ခြောက်ခုမြောက်အထပ်၏ ဗဟိုချက်ထံသို့ ကြည့်၏။ သူ့မျက်နှာထက်၌ အတိတ်ကို အောက်မေ့မှုတို့ ဖြစ်ပေါ်လာသည်။
“ငါဟာ ကောင်းကင်ဘုံအင်ပါယာချင်းလင်ရဲ့ လက်အောက်က နံပါတ်တစ်သက်တော်စောင့် ဖြစ်သလို တချိန်တည်းမှာလည်း ငါဟာ သူ့ရဲ့ ဒုတိယမြောက်တပည့် ဖြစ်ခဲ့တယ်…” ဝမ်ဝေသည် သူ့ပုံရိပ်နောက်ခံအမှန်ကို ပြောပြနေရင်း သူ့ခန္ဓာကိုယ်ကနေ ဖော်ပြနိုင်စွမ်းကင်းမဲ့သည့် အော်ရာတစ်ခု ပျံ့နှံ့လာ၏။ ထိုအော်ရာသည် ကောင်းကင်ယံကို တုန်လှုပ်စေမည့် မောက်မာမှုတစ်ခု ပါဝင်သည်။
ချက်ခြင်းလိုလိုပင် ကောင်းကင်ဘုံနယ်မြေ၌ ဝမ်ဝေ၏ ကျော်ကြားခဲ့မှုကို ခံစားမိနိုင်၏။
ဟူကျွမ်ကလည်း ညင်သာစွာ ပြောလာသည်။ “ငါဟာ ဆရာရဲ့ ခုနစ်ယောက်မြောက်တပည့်၊ ငါနဲ့ ညီမလေး ချင်းရှောင်တို့ဟာ အတူကြီးပြင်းခဲ့တာ…”
“ကပ်ဘေးကြောင့် ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့တဲ့အချိန်မှာ ငါတို့ဟာ ကံကောင်းပြီး အပြင်ဘက်မှာ ရောက်နေခဲ့တဲ့အတွက် ဒီကပ်ဘေးကနေ လွတ်ခဲ့တယ်။ ဆရာ မသေသေးဘဲ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ခြေရာဖျောက်ပုန်းကွယ်ခဲ့တဲ့အကြောင်း သိခဲ့တဲ့နောက် ငါတို့ဟာ နှစ်ပေါင်းများစွာ မရေမတွက်နိုင်တဲ့လှိုဏ်ဂူတွေကို ရှာဖွေခဲ့ကြတယ်။ နောက်ဆုံး ငါတို့ ဆရာဟာ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ (ဝါ) နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှိနေလိမ့်မယ်လို့ ဆုံးဖြတ်နိုင်ခဲ့ကြတယ်…”
ဝမ်လင်း၏ စိတ်သည် မင်သက်သွား၏။ သူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။
ဟူကျွမ်က ဝမ်လင်းကို ကြည့်ကာ သူမ၏ လက်ကို ညာဘက်ရှိ အတားအဆီးထံ၌ ဝေ့ယမ်းသည်။ ထိုအတားအဆီးက ချက်ခြင်း ပြောင်းလဲကာ အရင်ထက် ပိုအားကောင်းသွားသည်။
“ဒီ ဆေးဝါးအခန်းရဲ့ ပတ်လည်မှာ ရှိတဲ့ အတားအဆီးတွေရဲ့ မတူညီမှုကို နင် တွေ့မြင်ပြီး ဖြစ်လိမ့်မယ်။ နင့် အတားအဆီးအပေါ် နားလည်မှုနဲ့ဆိုရင် နင်ဟာ ခန့်မှန်းချက်တစ်ခု ရှိနေပြီးသား ဖြစ်မှာပါ။ ဆရာဟာ ကောင်းကင်ဘုံလှိုဏ်ဂူကို ဖွင့်လှစ်ပြီးတဲ့နောက် ဒီမှာရှိတဲ့ အဆောက်အဦအားလုံးနဲ့ အတားအဆီးအားလုံးကို ဆရာ့အမိန့်ကြောင့် ငါဟာ နေရာချထားခဲ့တယ်။ ငါတယောက်တည်းသာ ဒီနေရာမှာ ရှိတဲ့အတားအဆီးတွေကို ပြီးပြည့်စုံစွာ နောက်ထပ်အတားအဆီး ထည့်ပေါင်းစပ်နိုင်တဲ့လူ ဖြစ်တယ်…”
ဟူကျွမ်၏အသံက ကျယ်လောင်ခြင်း မရှိပေ။ သို့သော် ဝမ်လင်းနားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူမ၏ စကားလုံးများက တိုးဝင်လာသည်။
ဝမ်လင်းသည် ပင့်သက်ရှိုက်မိ၏။ သူက မချင့်ပြုံးပြုံးသည်။ “ဒီတော့ ဒါက အမှန်တကယ်တော့ သင့်ကြောင့်ကို။ ကျနော်က ဒါဟာ စီနီယာဝမ်ဝေ လက်ချက်လို့ ထင်ထားခဲ့မိတာ…”
ဝမ်ဝေက ခေါင်းယမ်းကာ ရယ်မော၍ ပြောသည်။ “ငါ့အတားအဆီးအပေါ် ကျင့်ကြံမှုက သူမထက် အားနည်းတယ်…”
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစေတီကို ထုတ်ရန် ပြင်လိုက်၏။ သို့ရာတွင် ထိုအခိုက်၌ ဝမ်လင်း၏အသွင်က ပြောင်းလဲသွားသည်။ ရုတ်တရက် သူသည် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်၌ ခြောက်ထပ်မြောက်အလွှာတလျှောက်တွင် ခပ်ရှရှ ရယ်သံတစ်ခု ပျံ့လွင့်လို့လာသည်။
***