အဆောက်အဦများ၏ မလှမ်းမကမ်းရှိ တောင်အတု တစ်ခုနောက်ကနေ လူနှစ်ယောက် လှမ်းလျှောက်လာကြ၏။ သူတို့မှာ အမျိုးသားနှင့်အမျိုးသမီးတို့ ဖြစ်သည်။ အမျိုးသားဖြစ်သူက ချောမောလှကာ ဝမ်လင်းကို ပြုံး၍ ကြည့်နေသည်။
သူ့နောက်ရှိ အမျိုးသမီးထံ၌ ညင်သာသော အကြည့်တစ်ခု ရှိနေသည်။ သို့သော် ထိုအကြည့်ထဲ၌ အံ့အားသင့်ဟန် အငွေ့အသက်တစ်ခု ပါဝင်နေ၏။ သူမသည် ဝမ်လင်း ဤနေရာသို့ ရောက်ရှိလာနိုင်စွမ်း ရှိလိမ့်မည်ဟု မမျှော်လင့်ထားသည့်ပုံ ရသည်။
တိမ်ကောင်းကင်စုံတွဲကို ကြည့်နေရင်း ဝမ်လင်း၏အသွင်က တည်ငြိမ်နေလျက်ပင်။ သို့သော် သူ့စိတ်ထဲ၌ သတိထားနေ၏။ သူ့ကျင့်ကြံမှုအဆင့်မှာ ပြန်ကောင်းမွန်ခြင်း မရှိသေးပေ။ သူသည် ခုချိန်၌ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူထဲတွင် သူ့အားအနည်းဆုံး အခြေအနေသို့ ရောက်နေ၏။ အနည်းငယ် သတိချွတ်ချောမိသည်နှင့် သူ့အသတ်ပါ ပေးလိုက်ရနိုင်သည် မဟုတ်လား။
သူက အတားအဆီးတစ်ခုနားသို့ တည်ငြိမ်စွာ ခြေတစ်လှမ်း နောက်ပြန်ဆုတ်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောသည်။ “စီနီယာ တိမ်ကောင်းကင်စုံတွဲကို နှုတ်ဆက်ပါတယ်…”
ထိုသို့ ပြောနေရင်း သူက သူတို့နှစ်ယောက်နောက်ကို ကြည့်လိုက်ရာ ကျောက်ရီကို မတွေ့ရချေ။ထိုအဖြစ်က သူ့စိတ်နှလုံးကို တင်းကြပ်စေသည်။
“ညီလေးရဲ့ အတားအဆီးပညာရပ်အပေါ် အသိအမြင်က တကယ့်ကို ဆန်းကြယ်တာပဲ။ ကြည့်ရတာ ငါက မင်းကို လျော့တွက် မိခဲ့တဲ့ပုံပဲ…”
ဝမ်ဝေသည် ရယ်မောရင်း ဆိုသည်။ သူသည် ဝမ်လင်းအကြောင်း အများကြီး မသိပေ။ ကျောက်ရီသည်လည်း ဝမ်လင်းနှင့်ပတ်သတ်၍ တခွန်းမှ မပြောခဲ့ဖူးပေ။ ဝမ်ဝေ၏အမြင်အရ ဝမ်လင်းသည် သည်နေရာသို့ ရောက်လာရန် အတားအဆီးများကို ချိုးဖျက်ရမည့် ဖြစ်ရာ ထို့အတွက် သူ့အတားအဆီးစွမ်းရည်မှာလည်း အထွတ်အထိပ်သို့ ရောက်နေရမည်ဟု မြင်၏။
ဝမ်လင်း ဒဏ်ရာ ရထားသည်ကိုလည်း ဝမ်ဝေက ဖြတ်မြင်ခဲ့ပြီး ဖြစ်သည်။
ဝမ်လင်းအတွက်တော့ တိမ်ကောင်းကင်စုံတွဲသည် အတော်လေး ထူးဆန်းလှ၏။ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ ပွင့်သည့် အချိန်၌ လူတိုင်းသည် ပုလင်းကမ္ဘာထဲသို့ စုပ်ယူခြင်း ခံခဲ့ရ၏။သို့ရာတွင် ပုလင်းကမ္ဘာပျက်စီးသွားသည့်နောက် သည်စုံတွဲမှာ ပေါ်မလာခဲ့ပေ။
ဝမ်လင်းက သည်နှစ်ယောက်နှင့် စကားအများကြီး ပြောနေချင်စိတ် မရှိပေ။ ကျောက်ရီ ဤနေရာ၌ ရှိမနေခြင်းအပေါ်တွင်တော့ သူ့ထံ၌ ကိုယ်ပိုင်ခန့်မှန်းချက် ရှိနှင့်ပြီး ဖြစ်သည်။ ထို့အပြင် သူသည် ဒဏ်ရာ ရထား၏။ ထို့ကြောင့် သူသည် နောက်ဆုတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။ “စီနီယာနှစ်ယောက် ကိစ္စမရှိဘူးဆိုရင် ဂျူနီယာ ထွက်သွားပါတော့မယ်…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းသည် ချက်ခြင်း နောက်ဆုတ်၏။ သူသည် ဘေးတစ်ဖက်ကနေ ဆေးလုံးများ သိုလှောင်ထားသည့်နေရာသို့ ပတ်သွားရန် ပြင်သည်။
ဝမ်ဝေမျက်နှာပေါ်၌ အပြုံးက ရှိနေဆဲပင်။ သူသည် ခေါင်းအနည်းငယ် ယမ်း၏။ ဝမ်လင်း အတားအဆီးများထဲသို့ ပျောက်ကွယ်သွားခြင်း မရှိခင် သူသည် ပြောလာသည်။ “ဒီကောင်လေးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်…”
သူ့ လက်တွဲဖော် ဟူကျွမ်ကလည်း ပြုံးနေ၏။ “ဒီဝမ်လင်းက သတိထားလွန်းတယ်။ ညီမက သူနဲ့ စကား ထပ်ပြောချင်ပေမယ့် သူက ရှင့်ကို လန့်ပြီး ပြေးပြီ…”
ဝမ်ဝေသည် ရယ်မောလိုက်၏။ “သူက ငါ့ရှိကနေ လန့်ပြေးတာ မဟုတ်ပါဘူး။ သူက နောက်တစ်နေရာကို သွားတာ။ သူ အတားအဆီးကို အသက်မဝင်စေဘဲ ချောချောမွတ်မွတ် ခြေလှမ်းသွားတာကို ကြည့်ကြည့်လိုက်။ သူ ဒီနေရာမှာ ရှိနေတဲ့ အတားအဆီးတွေပေါ်မှာ ကောင်းကောင်းနားလည်တာကို ပြသနေတယ်…”
ဟူကျွမ်က ဝမ်လင်း ပျောက်ကွယ်သွားသောနေရာသို့ ကြည့်၏။ ထို့နောက် သူမသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တိုးညင်းစွာ ဆိုသည်။ “သူ့အသက်အရွယ်နဲ့ သူဟာ ဒီနေရာကို ကောင်းကောင်းနားလည်နေတာ ယုံဖို့ခက်တယ်…”
ဝမ်ဝေသည် ဟူကျွမ်ကို ပြုံးပြ၍ ရယ်မောကာ ဆိုသည်။ “ညီမက သူ ဒီနေရာမှာ ရှိတဲ့ အတားအဆီးတွေကို လွယ်လင့်တကူ ဖြတ်သန်းသွားတာကို မနာလို ဖြစ်နေတာလား။ ဒါပေမဲ့ ငါ သဘောတူတယ်။ သူဟာ ဒီနေရာကို ကောင်းကောင်း သိနေတဲ့ပုံပဲ။ ဒါက ပို စိတ်ဝင်စားစရာ ကောင်းသွားပြီ…”
“မနာလိုဖြစ်တာလား…အစ်ကိုက ခုအသက်အရွယ်ထိ ညီမကို လာစနေတာပဲ…” ဟူကျွမ်က ပြုံး၏။ သူမ၏ မျက်လုံးများသည် လရောင်ကဲ့သို့ ရွှန်းလဲ့ကာ အလွန်လှပပေသည်။
ဝမ်ဝေသည်လည်း ပြုံး၏။ သူ့အသွင်သည် ဉာဏ်ပညာနှင့် ပြည့်နေ၏။သူသည် စကားဆိုလာသည်။ “အရင်တုန်းက ငါတို့ ဓားစိတ်ဝိညာဉ်ကျောက်ရီမှာ အပေါင်းအပါတစ်ယောက်ရှိမယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ငါသာ မမှားဘူးဆိုရင် ဒီဓားစိတ်ဝိညာဉ်ရဲ့ အပေါင်းအပါဟာ သူ(ဝမ်လင်း) ဖြစ်လိမ့်မယ်…”
ဟူကျွမ်က မင်သက်သွား၏။ သေချာတွေးကြည့်ပြီးနောက် သူမသည် ပြုံး၍ ဆိုလာသည်။ “အစ်ကိုက ဒီလိုပြောမှတော့ ဒီလိုပဲ ဖြစ်မှာပေါ့။ ဒီလိုသာ အမှန်တကယ် ဖြစ်လာခဲ့ရင် သူဟာ ရန်သူတစ်ယောက် မဟုတ်တော့ဘူး…”
“သူ ဒီနေရာကို ကောင်းကောင်းနားလည်နေခဲ့တယ်ဆိုရင်တော့ သူဟာ ဆေးလုံးတွေ သိုလှောင်ထားတဲ့ နေရာကို သွားလိမ့်မယ်။ ငါတို့ တစ်ချက်လောက် သွားကြည့်ကြတာပေါ့။ ဓားစိတ်ဝိညာဉ်လည်း အဲ့နေရာမှာ ရှိနေလိမ့်မယ်။ ဓားစိတ်ဝိညာဉ်နဲ့ ဝမ်လင်းတို့ကြားမှာ လျှို့ဝှက်ချက်အချို့ ရှိနေလိမ့်မယ်…”
ဝမ်ဝေသည် ပြုံး၍ ရှေ့သို့ ဆက်လျှောက်သွားသည်။
ဟူကျွမ်က ဝမ်ဝေကို ကြင်နာမှုအပြည့်ဖြင့် ကြည့်သည်။ ဟူကျွမ်သည် ဝမ်ဝေ၏ တွက်ချက်ခန့်မှန်းမှုအားလုံးကို ခိုင်မာစွာ ယုံကြည်ပေသည်။ သူမသည်လည်း ခြေလှမ်း၍ ဝမ်ဝေအနားသို့ လှမ်းလျှောက်လာလိုက်သည်။
ဝမ်လင်းသည် နောက်ဆုတ်သွားရင်း သူသည် အတားအဆီးတစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာသည်။ ခြောက်ခုမြောက်အထပ်ရှိ အတားအဆီးများသည် ပို၍ ရှုပ်ထွေးလာ၏။ထို့ကြောင့် ဝမ်လင်း၏ အမြန်နှုန်းအပေါ်သို့လည်း သက်ရောက်မှု ရှိလာသည်။ သူသည် အချို့အတားအဆီးများကို ချက်ခြင်းလိုလို ဖြတ်ကျော်နိုင်၏။ သို့သော် အချို့အတားအဆီးများအတွက်မူ သေချာ တွက်ချက်ပြီးမှသာ ခြေတစ်လှမ်း လှမ်းနိုင်သည်။
ခုနစ်ရက်တာအချိန်ကုန်ဆုံးပြီးနောက် ဝမ်လင်းသည် သည်ဧရိယာ ပတ်လည်သို့ လှည့်ပတ်ကြည့်ပြီး ဆေးလုံးသိုလှောင်ထားသော နေရာနှင့် နီးကပ်လာပေပြီ။
မြေပုံအရ ထိုနေရာသည် ဆေးဝါးဖော်စပ်သည့်အခန်း ဖြစ်၏။ ထိုအခန်းထဲ၌ ဆေးလုံးများ သိုလှောင်ထားသော နေရာသို့ တည်နေရာရွှေ့ပြောင်းပေးသည့် အစီအရင်တစ်ခု ရှိသည်။ အကွာအဝေးတစ်ခုရှိ ဆေးဝါးဖော်စပ်သည့်အခန်းကို ကြည့်ကာ ဝမ်လင်းသည် ၎င်းထံသို့ လျှောက်လှမ်းလာသည်။
သူသည် လျှောက်လှမ်းလာနေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကို လေ့လာကြည့်သည်။ ထိုအတားအဆီးများ၏ တုန်ခါလှိုင်းကို အခြေခံကာ သူသည် အခြားတစ်ယောက်ယောက် နီးကပ်လာလျှင် သိရှိပေလိမ့်မည်။
သည်ဆေးဝါးဖော်စပ်သည့်အခန်းက ကြီးမားလှခြင်း မရှိပါ။ ၎င်းဘေး၌ ဥယျာဉ်တစ်ခု ရှိသည်။ သို့သော် ဥယျာဉ်ထဲရှိသစ်ပင်ပန်းမန်များမှာ ခြောက်သွေ့နေပေပြီ။ဝမ်လင်းသည် ဥယျာဉ်ထဲသို့ ဝင်ရောက်ရန် ပြင်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။ ဝမ်လင်းသည် ဆေးဝါးဖော်စပ်သည့်အခန်းကို စူးစိုက်ကြည့်နေရင်း ထိုနေရာရှိ အတားအဆီးသည် မြေပုံပေါ်တွင် ဖော်ပြထားသည်နှင့် အနည်းငယ် ကွာခြားနေသည်ကို ခပ်ရေးရေး ခံစားမိသည်။
လမ်းတစ်လျှောက်၌ ပထမဆုံးအထပ်ငါးခုအတွက် မြေပုံ ဖော်ပြချက်သည် အလွန်တိကျနေပေသည်။ အခုနေရာရောက်မှသာ အတားအဆီးများသည် ခြားနားသွား၏။ ထိုအတွက် ရှင်းပြနိုင်သည့် တစ်ခုတည်းသော အချက်မှာ တစ်စုံတစ်ယောက်သည် သည်နေရာရှိ အတားအဆီးများကို စွက်ဖက်ထားနှင့်ပြီးဟူ၍ပင်။
ဝမ်လင်း၏အသွင်က သုန်မှုန်နေသည်။ သူသည် သူ့ဘေးပတ်လည်သို့ ကြည့်ကာ အတားအဆီးများကို လေ့လာကြည့်ရင်း သူ့မျက်လုံးသည် လင်းလက်လာသည်။ အချိန်အတန်ကြာပြီးနောက် သူသည် အချို့သဲလွန်စများကို ခပ်ရေးရေး မြင်လာနိုင်၏။ သို့သော် ထိုသဲလွန်စများကြောင့် သူသည် ပို၍ မျက်မှောင်ခပ်တင်းတင်း ကြုတ်မိသည်။
သူတွေ့မြင်ရသည်က အချို့အတားအဆီးများကို ထိပ်ဆုံးပိုင်း၌ ထည့်ပေါင်းထား၍ အနည်းငယ် ပြောင်းလဲမှုကိုပင်။ သို့ရာတွင် အရင်အတားအဆီးများ အပေါ် နောက်ပိုင်းထည့်ပေါင်းသည့် အတားအဆီးများသည် မမျှော်လင့်ထားစွာဖြင့် အရင်အတားအဆီးများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။
ဤအတားအဆီးများသည် အလွန်အပြောင်းအလဲ များ၏။
ထို့အတွက်ကြောင့် ဝမ်လင်း၏ အတားအဆီးအပေါ် နားလည်မှုကို သိသာစွာ နှောက်ယှက်နေ၏။
“ဒါက မထင်မှတ်ထားဘဲ ပြီးပြည့်စုံစွာ ပေါင်းစပ်နေတယ်။ အတားအဆီးတွေအပေါ် ငါ့နားလည်မှုနဲ့ ပျက်သုဉ်းခြင်းအတားအဆီး အမွေအနှစ်အရဆိုရင် အတားအဆီးတစ်ခုအပေါ် အခြားအတားအဆီးနောက်တစ်ခုကို နေရာထပ်ချရင် ဒီလိုပြီးပြည့်စုံစွာ ပေါင်းစပ်နေဖို့ မဖြစ်နိုင်ဘူး။ အခု ဒါက ဖြစ်နေနိုင်တယ်ဆိုရင်တော့ ဒီလိုလုပ်နိုင်တဲ့လူဟာ အတားအဆီးစွမ်းရည်အပေါ်မှာ အထွတ်အထိပ် ရှိနေတဲ့သူ ဖြစ်ရမယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူရဲ့ ခြောက်ထပ်မြောက်၊ ဒီနေရာမှာ ရှိနေတဲ့ အတားအဆီးတွေကလည်း တွေ့မြင်ရခဲတယ်။ ဒါ့ကြောင့် တစုံတယောက်ဟာ ဘယ်လိုလုပ် အခြားအတားအဆီးတစ်ခုကို ပြီးပြည့်စုံစွာ ထည့်ပေါင်းစပ်နိုင်ပါ့မလည်း…”
“ဒီလို အတားအဆီးတစ်ခုအပေါ်မှာ နောက်ထပ်အတားအဆီးတစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစပ်နေစေဖို့ လုပ်နိုင်တဲ့လူသာ အမှန်တကယ် ရှိရင် ဒီလှိုဏ်ဂူထဲမှာ ရှိတဲ့ အတားအဆီးအားလုံးဟာ အဲ့လူအတွက် ကလေးကစားစရာသာသာ ဖြစ်သွားလိမ့်မယ်။ ဒီလူက ဒီလှိုဏ်ဂူကိုးထပ်လုံးကို လွယ်လွယ်လေး ဖြတ်သန်းသွားလာနိုင်လိမ့်မယ်…”
ဝမ်လင်းသည် ထိုသို့တွေးမိကာ ပင့်သက်ရှိုက်၍ တုန်လှုပ်မိ၏။ သူသည် ထိုအချက်ကို မယုံကြည်ချင်ပေ။ သူသည် နောက်တစ်ကြိမ် အတားအဆီးများကို သေချာလေ့လာကြည့်ပြန်သည်။ သည်နေရာရှိ အတားအဆီးများ ပေါင်းစပ်နေမှုက ပြီးပြည့်စုံသည်ဟူ၍သာ ဖော်ပြနိုင်၍ အခြားစကားလုံး သုံကာ ညွှန်းဆိုနိုင်လိမ့်မည် မဟုတ်ပေ။
“ဖြစ်နိုင်တာက…” ဝမ်လင်းစိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာ၏။ သူသည် ထိုအတွေးကြောင့် မျက်လုံးပြူးသွားသည်။
“ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာ ရှိတဲ့ အတားအဆီးတွေကို နေရာချခဲ့တဲ့လူနဲ့ အခုဒီနေရာမှာ ရှိတဲ့ အတားအဆီးတွေကို ပြောင်းလဲစေခဲ့တဲ့လူဟာ တစ်ယောက်တည်း ဖြစ်နေနိုင်မလား…”
ဝမ်လင်းသည် ထိုသို့တွေးမိကာ ပင့်သက်ရှိုက်မိပြန်၏။
ဝမ်လင်းက အတားအဆီးများကို ထပ်မံ စူးစိုက်ကြည့်နေရင်း သူ့အတွေးခန့်မှန်းချက်သည် မှန်နိုင်သည်ဟု ခပ်ရေးရေး ခံစားမိနေ၏။ ထို့နောက် သူသည် ပိုက်ကွန်ကြီးတစ်ခုကိုလည်း ရှာတွေ့သွားသည်။ သူသည် ၎င်းပိုက်ကွန်ကို မည်သူက သည်နေရာတွင် လာချထားသည်ကိုတော့ မသိပေ။
ပိုက်ကွန်ကို တွေ့မြင်သည့်အခါ သူ့စိတ်ထဲ၌ အရင်ဆုံးတွေးမိသည်က တိမ်ကောင်းကင်စုံတွဲပင် ဖြစ်သည်။
အနည်းငယ် စဉ်းစားကြည့်ပြီးနောက် ဝမ်လင်းက သည်ရှုပ်ထွေးလှသည့် အတားအဆီးများကြောင့် လက်မလျော့ဖို့ ဆုံးဖြတ်၏။ သည်အတားအဆီးများ အလွန်ရှိ သိုလှောင်ထားသော ဆေးလုံးများက သူ့အတွက် အရေးကြီးလှသည် မဟုတ်လား။ ဝမ်လင်းက အတားအဆီးများကို စူးစိုက်ကြည့်ကာ ကောက်ချက်ချ ဆင်ခြင် ကြည့်နေ၏။
သည်နေရာရှိ အတားအဆီးများသည် အလွန်ရှုပ်ထွေး၏။ အခြားလူများ ဝင်ရောက်ခြင်းကနေ တားဆီးထားမှန်း သိသာသည်။ ဝမ်လင်းသည် ရိုးစင်းစွာ ထိုင်ချ၏။ သူ့မျက်လုံးထဲ၌ အတားအဆီးများ တဖျပ်ဖျပ် ပြေးနေသည်။ သူက သိုလှောင်အိတ်ထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ဝမ်လင်းက သုံးရက်တိတိ ထိုင်နေ၏။ သုံးရက်ကြာပြီးနောက် သူ့မျက်လုံးသည် တဖြည်းဖြည်း နီရဲလာချေသည်။ သူ့ခေါင်းထဲ၌ အတားအဆီးများ မရေမတွက်နိုင်အောင် ပြောင်းလဲမှုများ တဖျပ်ဖျပ် ဖြစ်နေတော့သည်။ သူက ၎င်းအတားအဆီးများကို ချိုးဖျက်ရန် မှန်ကန်သည့် နည်းလမ်းတစ်ခုကို ရှာဖွေနေခြင်း မဟုတ်လား။
လေးယောက်မြောက်နေ့တွင် ဝမ်လင်းသည် ခေါင်းမော့လာ၏။ သူသည် မတ်တပ်ရပ်လိုက်သည်။ထို့နောက် ဆေးဝါးဖော်စပ်သည့်အခန်းနားသို့ ရောက်လာ၏။ သည့်နောက် သူသည် ရှေ့တည့်တည့်သို့ ခြေလှမ်းသုံးလှမ်း တုံ့ဆိုင်းခြင်းမရှိ လျှောက်လှမ်းလိုက်သည်။
ငါးလှမ်းမြောက်၌ ဝမ်လင်း၏ ခြေလှမ်းသည် အနည်းငယ် တုံ့ဆိုင်းလာသည်။ သူ့တွက်ချက်မှုများအရ ငါးလှမ်းမြောက်ခြေလှမ်းသည် အတားအဆီးကို ချိုးဖျက်ဖို့ အဖြေမှန် ရှာရာ၌ အခက်ခဲဆုံး ဖြစ်သည်။ ကြည့်ရသည်မှာ သူ ဘယ်နေရာသို့ လှမ်းသည်ဖြစ်စေ မှားယွင်းမည့်သကဲ့သို့ပင်။
“ငါးလှမ်းမြောက်ခြေလှမ်း…” ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ အချိန်အတန်ကြာပြီးနောက် သူသည် ပြုံးလာသည်။
“ငါးလှမ်းမြောက်ဆိုတာ မရှိဘူး…” သူသည် ငါးလှမ်းမြောက်ကို လှမ်းလိုက်ချိန်၌ လေဟာနယ်ထဲသို့သာ လှမ်း၍ ခုန်ကာ ရှေ့တည့်တည့်သို့ ခြေချလိုက်သည်။ ထို့အတွက်ကြောင့် သည်ခြေလှမ်းကို ခြောက်လှမ်းမြောက်ဟု ဆိုနိုင်ပေမည်။
ခြေချလိုက်ပြီးနောက် ဝမ်လင်းက သူ့ဘေးပတ်လည်ကို ချက်ခြင်း လေ့လာကြည့်၏။ မည်သည့်အတားအဆီးကိုမျှ သွားထိမိခြင်း မရှိသည်ကိုတွေ့မှ သူသည် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ဝမ်လင်းသည် အတားအဆီးများကို မြန်ဆန်စွာ ဖြတ်သန်း၍ ဆေးဝါးဖော်စပ်သည့်အခန်းအပြင်တွင် ပေါ်လာသည်။
သူ အတွင်းသို့ ဝင်ခါနီး၌ သူ့အသွင်သည် ပြောင်းလဲသွား၏။ သူသည် ရုတ်တရက် နောက်ဆုတ်၏။ သူ နောက်ဆုတ်လိုက်စဉ် တံခါးသည် ပွင့်ဟကာ ဓားစွမ်းအင်တန်းတစ်ခု ထိုးထွက်လာသည်။ ထိုဓားစွမ်းအင်သည် နီးကပ်လာ၏။ သို့သော် ဝမ်လင်းကို တွေ့မြင်လိုက်သည့်အခါ ၎င်းဓားစွမ်းအင်ထံမှ အံ့အားသင့်ဟန်အသံ ထွက်ပေါ်သွားသည်။
သိပ်မကြာခင်တွင် ဓားစွမ်းအင်သည် ပြန့်ကြဲသွားကာ အဖြူရောင်ပုံရိပ်တစ်ခု အဖြစ် ပေါ်လာ၏။ ထိုပုံရိပ်ကတော့ ကျောက်ရီပင်။
ဝမ်လင်းသည် စကားမဆိုသေးပေ။ သူသည် အရင်ဦးဆုံး ဆေးဝါးဖော်စပ်သည့်အခန်းကို ကြည့်၏။ အခန်း၏အတွင်းအပြင်သည် မတူညီသည့်ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေရာ နတ်ဘုရားအာရုံဖြင့် ထွင်းဖောက်နိုင်ခြင်း မရှိပေ။ ထို့အတွက်ကြောင့်လည်း ကျောက်ရီသည် ရောက်လာသည့်သူကို ဝမ်လင်းမှန်း မသိခြင်းပင်။ ဝမ်လင်းကလည်း ကျောက်ရီကို မထောက်လှမ်းမိခြင်း ဖြစ်သည်။
“မင်း ဒီနေရာကို ရောက်လာနိုင်စွမ်းရှိမယ်ဆိုတာ ငါ သိနေတယ်…” ဝမ်လင်းကို ကြည့်နေရင်း ကျောက်ရီသည် အတိတ်ကို ပြန်အောက်မေ့သွားဟန်ရ၏။ သူသည် ပြုံးလာ၏။ ထိုအပြုံးထဲ၌ ဝမ်းနည်းမှုအငွေ့အသက်အချို့လည်း ပါရှိနေသည်။
ဝမ်လင်းအမြင်၌ ကျောက်ရီသည် အတော်လေး ပြောင်းလဲသွားခဲ့ပေပြီ။ သူ့ကို အံ့အားသင့်စေသည်က ကျောက်ရီထံမှ ထွက်ပေါ်နေသော အော်ရာသည် အတုအပနိဗ္ဗာနလေဟာနယ်ရတနာတစ်ခုထံမှ အော်ရာနှင့် ဆင်တူသော အော်ရာပင် ဖြစ်နေခြင်းပင်။
***