ခန်းမအတွင်းရှိ လူများ၏အကြည့်များအားလုံးသည် အရှင်လေဟာနယ်၏ ကိုယ်ပွားထံတွင်သာ ကျရောက်နေ၏။ သံဓားထံမှ ဓားရိုက်ချက်များသည် လူတိုင်း၏ စိတ်နှလုံးကို ကြီးစွာ တုန်လှုပ်စေသည်။
ထိုအရာများအားလုံးမှ မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပေ။ ငွေရောင်အလင်းက မြန်သထက်မြန်လာရင်း ဓားချက် ဆယ့်ကိုးချက်မြောက်မှသည် နှစ်ဆယ့်နှစ်ချက်မြောက်ထိ ရောက်ရှိလာ၏။
ဝမ်လင်း၏ အရေပြားသည်ပင် များစွာ ခြောက်သွေ့နေသည်။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ပင် သည်လိုမျိုး စွမ်းအင်စုပ်ယူမှုကို ခုခံနိုင်စွမ်း မရှိ ဖြစ်ရသည်။
ဆယ့်ခုနစ်ချက်မြောက် ဓားချက် ပြီးသည့်နောက် ဓားချက်တစ်ချက်စီတိုင်းမှာ အရင်ထက် အဆများစွာ အားကောင်းလာနေ၏။ ဓားချက်မြောက် နှစ်ဆယ့်သုံးချက်မြောက်မှာ ဝမ်လင်း၏ ကန့်သတ်ချက် ဖြစ်လေသည်။ ဓားချက်နှစ်ဆယ့်သုံးချက်ပြီးသည့်နောက် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။
ဖျပ်ခနဲလင်းလက်မှုနှင့်အတူ အရှင်လေဟာနယ်ထံသို့ တိုက်ခိုက်နေသော ငွေရောင်အလင်းတိုက်ခိုက်မှုသည် ရုတ်တရပ် ရပ်တန့်သွား၏။ထိုအခိုက်၌ ငွေရောင်သည် အရင်ထက် လွန်စွာ တောက်ပလာ၏။
ထိုငွေရောင်အလင်းတောက်ပမှုအောက်၌ နှစ်ဆယ့်သုံးလက်သော ငွေရောင်ဓားကြီးများသည် အရှင်လေဟာနယ်ကိုယ်ပွားဘေးနားတွင် ပေါ်လာ၏။ ၎င်းတို့က ပေါ်လာသည်နှင့် အရှင်လေဟာနယ်၏ကိုယ်ပွားကို ဖြတ်သန်းထွင်းဖောက်လာကြကုန်သည်။
၎င်းဓားနှစ်ဆယ့်သုံးလက် အရှင်လေဟာနယ်၏ကိုယ်ပွားထံသို့ ထွင်းဖောက်သွားချိန်၌ တုန်ဟီးသံများ ဆက်တိုက် မြည်ဟိန်းလာ၏။
ကိုယ်ပွားအဖို့ ရှောင်နိုင်ရန် အခွင့်အရေး မရှိပါ။ ဓားကြီးနှစ်ဆယ့်သုံးလက် ကိုယ်ပွားအား ထွင်းဖောက်သွားချိန်၌ ကိုယ်ပွားအတွင်းရှိ ခရမ်းရောင်ရေခဲကုဗတုံးမှာ အက်ကွဲ၍ စတင် ပျက်စီးလာချေသည်။
ထိုရေခဲကုဗတုံးပျက်စီးမှုနှင့်အတူ အရှင်လေဟာနယ်၏ကိုယ်ပွားမှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ရ၏။
ထိုမျှနှင့် အဆုံးမသပ်သေးပါ။ ဓားကြီးနှစ်ဆယ့်သုံးလက်သည် ဓားပိုက်ကွန်တစ်ခုအလား အရှင်လေဟာနယ်ထံသို့ တိုးဝင်လာကြ၏။အရှင်လေဟာနယ်က မူလရင်းမြစ်ကို ဆင်ခြင်နေဆဲ အချိန်၌ သွေးအန်လိုက်ရ၏။ သူ့မျက်နှာမှာလည်း ဖြူရောနေသည်။ သူသည် ဤအခြေအနေကို ပင့်သက်ရှိုက်မိနေသည်။
“ဒါ…ဒါက သာမန်အတုအပနိဗ္ဗာနလေဟာနယ်ရတနာ မဟုတ်ဘူး…” သူသည် ဝမ်လင်းထံ၌ အခုလိုမျိုး အစွမ်းထက်လက်နက်ရတနာ ပိုင်ဆိုင်ကာ သက်ရ ခက်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ အခုချိန်၌ သူ့မူလစိတ်ဝိညာဉ်ကိုယ်ပွားသည် ဖျက်စီးခံလိုက်ရကာသူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားရပေပြီ။
ဓားကြီးနှစ်ဆယ့်သုံးလက်က သူ့မူလစိတ်ဝိညာဉ်အား ထွင်းဖောက်သွားခဲ့သည်ကို တွေ့မြင်လိုက်ရချိန်၌ သူ့ဦးရေပြားပင် ထုံထိုင်းမိနေ၏။ ခုချိန်၌ သူသည် မူလရင်းမြစ်၏ဆန်းကြယ်မှုကို နားလည်ရန် အသက်ရှုချိန် အနည်းငယ်သာ လိုတော့၏။ သူသာ သည်ဓားများကို ရှောင်လိုလျင်ပင် အသက်ခံရကောင်း ခံရနိုင်သည်။
အရှင်လေဟာနယ်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သူ ဖြစ်ရာ သူသည် ဝမ်လင်းက မူလရင်းမြစ်ဖြင့် သူအား ထောင်ချောက်ဆင်၊လောင်းကြေးထပ်၍ တိုက်ခိုက်ခြင်း၊ သူ့အား စွမ်းအားပြည့်ကို အသုံးမပြုနိုင်သည့် အခြေအနေကို ဆိုက်ရောက်စေမှန်း သိပြီးသား ဖြစ်၏။ သူ့အားစိုက်ထုတ်မှု အများစုမှာ သည်မူလရင်းမြစ်အပေါ် နားလည်အောင် လုပ်သည့်နေရာ၌ အသုံးချထားသည် မဟုတ်ပါလား။အခုအခြေအနေက သူ့ကို နောက်ဆုတ်ရချက်၊ရှေ့တိုးရခက် ဖြစ်နေစေ၏။
သို့သော်သူသည် နောက်မဆုတ်ခဲ့ပေ။ ထိုအစား သူက သူ့သိုလှောင်အိတ်ကိုပုတ်လိုက်၏။လက်သီးစုပ်ခန့် အနက်ရောင်လိပ်ခွံတစ်ခုသည် သူ့လက်ထဲ၌ ပေါ်လာ၏။ ၎င်းအရာက ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။ ထိုလိပ်ခွံကို မည်သည့်နေရာကနေ ဖယ်ရှားရယူခဲ့သည်ကိုလည်း မသိရပေ။
ထိုလိပ်ခွံမှာလည်း အတုအပနိဗ္ဗာနလေဟာနယ်ရတနာတစ်ခု ဖြစ်၏။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၏ အရေးကြီးသော အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူ့ထံတွင် ရတနာများ မရှားပါးလှချေ။ သူက လိပ်ခွံကို ပစ်လွှတ်လိုက်ပြီးနောက် အရှင်လေဟာနယ်မှာ အံတင်းတင်းကြိတ်ကာ တိုးဝင်လာသည့်ဓားများကို အာရုံမစိုက်တော့ပေ။ သူ့နတ်ဘုရားအာကို ဖြန့်ကျက်၍ မူလရင်းမြစ်စွမ်းအားကိုသာ နားလည်အောင် ကြိုးစားနေတော့၏။ သူသည် နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရသည့် တတိယအဆင့်ကျင့်ကြံခြင်း လမ်းကြောင်းကို ရှာတွေ့နိုင်ဖို့ ခပ်ရေးရေး၊သေးငယ်သောအမျှင်တန်းတစ်ခုလောက် ရှိနေပြီဟု ခံစားမိနေ၏။
လိပ်ခွံသည် ပျံသန်းထွက်လာ၏။ ၎င်းက အရှင်လေဟာနယ်ရှေ့၌ မြောလွင့်နေသည်။ ၎င်းက အနက်ရောင်အလင်းကို ထုတ်လွှတ်သည်။ သို့သော် ထိုအနက်ရောင်အလင်း စတင် တောက်ပလာချိန်၌ ဓားကြီးနှစ်ဆယ့်သုံးလက်မှာ ၎င်းလိပ်ခွံပေါ်သို့ ရိုက်ချလာ၏။ မိုးကြိုးပစ်သံတမျှ ကျယ်လောင်သွားသည်။ လိပ်ခွံသည် နောက်သို့ ကန်ထွက်သွားရင်း သည်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိနေသည့်ပုံ ရ၏။
သို့ရာတွင် သည်တိုက်ခိုက်မှုက မရပ်တန့်သွားပါ။ တတိယမြောက်ဓား ပျောက်ကွယ်သွားသည့်နောက် လေးခုမြောက်ဓား၊ငါးခုမြောက်ဓားတို့မှာ နောက်ကနေ မြန်ဆန်စွာ ကပ်ပါလာရင်း နှစ်ဆယ့်တစ်ခုမြောက်ဓားအထိ လိပ်ခွံပေါ်သို့ ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ရိုက်ချလာနေသည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
အနက်ရောင်လိပ်ခွံသည် နောက်သို့ ဆက်ဆုတ်နေရင်း ၎င်းအပေါ်၌ အက်ကွဲကြောင်းများစွာ ပေါ်လာ၏။ အသက်ရှုချိန်သုံးကြိမ်စာလောက် ကြာမြင့်ပြီးသည့်နောက် ၎င်းသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ပျက်စီးကာ နေရာအနှံ့သို့ ပြန့်ကြဲသွားတော့သည်။
၎င်းလိပ်ခွံ ပျက်စီးသွားချိန်၌ ဓားချက်များကို ပိတ်ဆို့နိုင်စွမ်းမှာလည်း ဆုံးရှုံးသွားသည်။နှစ်ဆယ့်နှစ်ချက်မြောက်ဓားနှင့်နှစ်ဆယ့်သုံးချက်မြောက်ဓား တို့သည် အရှင်လေဟာနယ်ထံသို့ တိုက်ရိုက် တိုးဝင်လာကြသည်။
ထိုနောက်ဆုံးကျန်နေသည့် ဓားကြီးနှစ်လက်ထံ၌ ဖျက်စီးမှုစွမ်းအား အများဆုံး ပါဝင်နေပေပြီ။ မျက်စိတစ်မှိတ်အတွင်း ၎င်းဓားနှစ်လက်သည် အရှင်လေဟာနယ်၏ ရင်ဘက်ထံသို့ တဟုန်ထိုး တိုးဝင်လာသည်။
အရှင်လေဟာနယ်ထံ၌ သည်လို အကွာအဝေးအတွင်း မည်သည့်မန္တာန်ကိုမျှ ထုတ်ဖော်ဖို့ အချိန်မရှိတော့ပေ။သူ့အတွက် မူလရင်းမြစ်ကို နားလည်အောင် လုပ်နိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ဖို့လည်း မဖြစ်နိုင်ပေ။ သည်လို သေရေးရှင်ရေး အခိုက်အတန့်၌ အရှင်လေဟာနယ်သည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့ဝတ်ရုံသည် လေမတိုက်ပါဘဲ စတင်လှုပ်ရှားလာ၏။ခရမ်းရောင်လေပြင်းသည် ရုတ်တရက် ပေါ်လာကာ သူ့ပတ်လည်၌ လေဝဲကတော့တစ်ခု ဖြစ်တည်လာသည်။
သို့ရာတွင် အနှီလေဝဲကတော့ ပေါ်လာချိန်၌ ၎င်းသည် နှစ်ဆယ့်နှစ်ချက်မြောက်ဓားနှင့် ထိပ်တိုက်တွေ့၏။ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ လေဝဲကတော့မှာလည်း ပျက်စီးသွားရပေပြီ။
၎င်းက ပျက်စီးသွားချိန်၌ နောက်ဆုံးဓားချက် နှစ်ဆယ့်သုံးချက်မြောက်သည် ဖြတ်သန်းလာကာ အရင်လေဟာနယ်၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားတော့၏။
တချိန်တည်းမှာပင် ဝမ်လင်း၏မျက်လုံးသည်လည်း အလွန်တောက်ပသွား၏။ သူသည် ထိုအခိုက်အတန့် သတ်ဖြတ်ခြင်းအစီအရင်၏ နောက်ဆုံးလှုပ်ရှားမှု အခိုက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ သံဓားပေါ်ရှိ သံချေးကွက်များကို ပွတ်သပ်ချကာ လက်ညှိုးဖြင့် တောက်ထုတ်သည်။
အရှင်လေဟာနယ်မှာ နှစ်ဆယ့်သုံးချက်မြောက်ဓားဖြင့် ထိမှန်ခြင်းခံရပြီး သွေးအန်လိုက်ရပြီ ဖြစ်သည်။ သူ့မျက်နှာမှာ ဖြူရောနေ၏။ သူ့ဝတ်စုံမှာလည်း စုတ်ပြတ်သတ်နေကာ သူ့ရင်ဘက်တွင် သွေးအလိမ်းလိမ်း ဖြစ်နေသည်။
အရှင်လေဟာနယ်က ရူးသွပ်သွားဟန် ရ၏။ သူသည် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို လုံးဝ လစ်လျူရှုကာ မူလရင်းမြစ်ပေါ်တွင် ဆင်ခြင်နေခြင်း၌သာ အာရုံစိုက်ထားဆဲပင်။မူလရင်းမြစ်စွမ်းအားကို ဆင်ခြင်ခြင်းအားဖြင့် သူသည် တတိယအဆင့်ကျင့်ကြံခြင်း၏ လမ်းကြောင်းပေါ်သို့ အတော်လေး နီးကပ်ကာ ဉာဏ်အလင်းရရှိလုနီးပါး ဖြစ်နေပြီ မဟုတ်လား။
သို့ရာတွင် ဝမ်လင်းက သူ့လက်ချောင်းဖြင့် တောက်ထုတ်လိုက်ချိန်၌ သံချေးကွက်ထံမှ ထူးဆန်းသောစွမ်းအားသည် လေဟာနယ်အတွင်း ဝင်ရောက်လာ၏။ထိုသံချေးသည် ညင်သာသောလေပြေညင်းပမာ ပျံသန်းထွက်သွားသည်။
အရှင်လေဟာနယ်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့ရင်ဘက်ကနေ သွေးများစွာ ပန်းထွက်သည်။ သူသည် နောက်သို့ အတင်းဆုတ်လိုက်ရချေသည်။ ထိုအဖြစ်က သူ့ကို မူလရင်းမြစ်ရှိနှင့်သော အနီရောင်အလင်းစက်ဝန်းကနေ ထွက်ခွာသွားစေရာ သူ နားလည်အောင် ဆင်ခြင်ခဲ့သည့် လုပ်ဆောင်မှုအားလုံးမှာ အပြီးသပ်ခါနီးကျမှ အားလုံး အချည်းနှီး ဖြစ်သွားရစေသည်။
“မဟုတ်ဘူး…” အရှင်လေဟာနယ်၏ မျက်လုံးတို့က ချင်းချင်းနီရဲနေ၏။ သူ့ခန္ဓာကိုယ်မှာ မူလရင်းမြစ် စွမ်းအားအဝန်းအဝိုင်းအတွင်းကနေ လွင့်ထွက်သွားခဲ့ချိန်၌ သူ ဘာမှ မတတ်နိုင်ခဲ့ပေ။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲကနေ သွေးများစွာ ပန်းထွက်လာသည်။
ဝမ်လင်း၏ တတိယမျက်လုံးက လက်ခနဲ ဖြစ်သွားကာ အနီရောင်အလင်းကို ပြန်ရုတ်သိမ်းသည်။ထိုအခါ မူလရင်းမြစ်စွမ်းအားအားလုံးနီးပါးသည် အမျှင်တန်းတစ်ခုမျှသာ ကျန်ရစ်တော့၏။
ဝမ်လင်းက လက်ထဲ၌ သံဓားကို ဆုပ်ကိုင်ထားရင်း လှပသောသက်လတ်ပိုင်းအမျိုးသမီးကို အေးစက်စွာ ပင့်ကြည့်လိုက်သည်။ထိုအမျိုးသမီးမှာ ဝမ်လင်းအကြည့်ကြောင့် တုန်ယင်ရ၏။ဝမ်လင်း၏ မန္တာန်နှင့်လက်နက်ရတနာတို့က သူမကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည် မဟုတ်လား။ သူမသည် ဝမ်လင်း၏အကြည့်ကို မခံယူဝံ့ ဖြစ်ရကာ ခေါင်းငုံ့သွား၏။
ဝတ်စုံနက်နှင့်လူထံသို့ ဝမ်လင်း ကြည့်လိုက်သည့်အခါ ထိုသူ၏မျက်လုံးထဲ၌ တုန်လှုပ်ကြောက်လန့်မှုတို့ ဖြစ်ပေါ်လာ၏။ မထင်မှတ်စွာပင် ထိုသူသည်လည်း ဝမ်လင်း၏အကြည့်ကို ရင်မဆိုင်ဝံ့ ဖြစ်ရ၏။ခုလက်ရှိ ဝမ်လင်း၏ အော်ရာမှာ သူ့ဘဝတစ်လျှောက်တွင် အသန်မာဆုံး ဖြစ်နေတော့သည်။
ဉာဏ်နီဉာဏ်နက်၊ပြတ်သားမှုတို့ကို အသုံးချကာ ဝမ်လင်းသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ ရိုက်ချနိုင်လိုက်သည် မဟုတ်လား။ မည်သူကမျှ သူကဲ့သို့ လူစားမျိုးကို ရန်စဖို့ ဆန္ဒရှိကြလိမ့်မည် မဟုတ်ပါ။
“သင် ငါ့ မူလရင်းမြစ်၊ ငါ့လက်နက်ရတနာ ကို လိုချင်ရင် မြန်မြန်လာယူစမ်းပါ…”
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့ တဖျပ်ဖျပ် ဖြစ်ပေါ်နေ၏။ သူက အေးစက်စက် နှာခေါင်းရှုံ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် နန်းတော်ခန်းမအတွင်းရှိ ရုပ်တုနှစ်ခုမှ ဖြစ်ပေါ်သော ခရမ်းရောင်ဝဲကတော့အတွင်းသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
သူ ပျောက်ကွယ်သွားသော်လည်း သူသည် လှပသောအမျိုးသမီး၊ဝတ်စုံနက်လူ၊နှင့် အရှင်လေဟာနယ်တို့ကို တုန်လှုပ်စေခြင်းအား အချိန်အတန်ကြာသည့်အထိ ချန်ရစ်ထားစေခဲ့သည်။
ဝတ်စုံနက်နှင့်လူ၏ မျက်လုံးထဲရှိ ထိတ်လန့်မှုမှာ မပျောက်ပျက်သွားသေးချေ။ ဝမ်လင်း အစောပိုင်းက ဆင့်ခေါ်ခဲ့သော ဓားကြီးနှစ်ဆယ့်သုံးလက်မှာ သူ့စိတ်နှလုံးကို အေးစိမ့်စေခဲ့သည် မဟုတ်လား။ဝမ်လင်းက သူ့စွမ်းအားကုန် အသုံးပြု၍ ထိုဓားနှစ်ဆယ့်သုံးလက်ကို ဆင့်ခေါ်ခဲ့မှန်းကို ရိပ်မိသော်လည်း သူသည် ထိုအချက်ကို လက်တွေ့ စိန်မခေါ်ဝံ့ပေ။
သည်ဓားနှစ်ဆယ့်သုံးလက်၏ တိုက်ခိုက်မှုက သူ့ယုံကြည်မှုအချို့ကို လျော့နည်းသွားစေခဲ့ပေပြီ။
“ဟင်္သာငှက်နတ်ကလန်က ဒီလူ့ကြောင့် ပြန် တောက်ပလာနိုင်တယ်။သူတို့ရဲ့ အတိတ်က အောင်မြင်မှုကို ပြန်ရရုံသာမက ပိုမြင့်မားတဲ့ အနေထားကိုတောင် ရောက်သွားနိုင်လိမ့်မယ်…။ ဒီလူ့မှာ မူလရင်းမြစ်လည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီမူလရင်းမြစ် စွမ်းအင်ကို ဘယ်သူက သူ့ရှိ ပေးလိုက်တာလဲ…”
ဝတ်စုံနက်နှင့်လူ၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက ပို၍ပင် အားကောင်းလာတော့သည်။
အရှင်လေဟာနယ်၏၏ မျက်နှာက ဖြူရောနေကာ စုတ်ပြတ်သတ်နေသည့် အခြေအနေသို့ ဆိုက်ရောက်နေ၏။ သူ့မျက်လုံးထဲ၌လည်း မချင့်မရဲ ဒေါသတို့နှင့် ပြည့်နှက်နေသည်။
“မဆိုသလောက်လေး…တကယ့်ကို မဆိုသလောက်လေးပဲ လိုတော့တာကွာ…” အရှင်လေဟာနယ်က လက်သီး ခပ်တင်းတင်းစုပ်ထားမိ၏။ သူသည် နာကျင်စွာ ခံစားနေရ၏။ သူ့မူလစိတ်ဝိညာဉ်တစ်ဝက်မှာလည်း ဖျက်စီးခြင်း ခံလိုက်ရရာ သူ့ကျင့်ကြံမှုအဆင့်သည် အတော်လေး လျော့ကျသွားခဲ့ရပေပြီ။ သူသည် မူလရင်းမြစ်ကို နားလည်ကာ ဉာဏ်အလင်းရခါနီး လက်တကမ်းအလိုမှ ရိုက်ပုတ်ချခံလိုက်ရသည့်အတွက် မချင့်မရဲ အော်ဟစ်လိုက်လေ၏။
သို့ရာတွင် သူသည် နှစ်ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့သည့်သူ ဖြစ်ရာ ထိုသို့ ပေါက်ကွဲအော်ဟစ်လိုက်ပြီးသည်နှင့် ပြန်တည်ငြိမ်လာခဲ့သည်။ သူ့မျက်လုံးထဲ၌လည်း ဝမ်လင်းအပေါ် သတ်ဖြတ်ချင်စိတ်က ပို၍ မွန်းစတားဆန်စွာ ပြည့်နှက်လာတော့သည်။
“ဒီကောင်လေးက ဉာဏ်များလွန်းတဲ့အပြင် ရဲရင့်ပြတ်သားတယ်။ ငါ့အနေနဲ့ အနာဂတ်မှာ သူ့ကို ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာဖို့ လုံးဝ ခွင့်ပြုပေးလို့ မဖြစ်ဘူး…”
လှပသောအမျိုးသမီး၏ စိတ်နှလုံးထဲရှိ တုန်လှုပ်မှုမှာလည်း ပေါ့သေးသေး မဟုတ်ပါ။ သူမက ပို၍ သိနေသည့်အတွက်ကြောင့် ဝတ်စုံနက်လူနှင့်အရှင်လေဟာနယ်တို့ထက်ပင် ပို၍ တုန်လှုပ်မိနေသည်ဟု ဆိုနိုင်သည်။
ဝမ်လင်း၏ မူလရင်းမြစ်အပြင် သူမကို တုန်လှုပ်စေသည့်အရာက သံဓား ဖြစ်၏။ သူမသည် အခုလို သံဓားကဲ့သို့ ရတနာများအကြောင်းကို တခါက ကြားခဲ့ဖူးသည်။
သူမသည် အတိတ်တုန်းက တောက်ပသောဟင်းလင်းပြင်နယ်မြေ၌ အကြီးအကဲများ ဤလောကရှိ ရတနာများအကြောင်း ပြောခဲ့သည့်အချိန်အား ပြန်မှတ်မိသွား၏။ လောကရှိ ရတနာများကို စိတ်ဝိညာဉ်၊ အံ့ဖွယ်၊ ကောင်းကင်ဘုံ၊ လေဟာနယ်နှင့် နိဗ္ဗာနဟု ငါးမျိုး ခွဲခြားထားသော်လည်း အမှန်တော့ ငါးမျိုးမကပေ။ ထို ငါးမျိုး၏ အထက်အဆင့်တွင် ရတနာများ ရှိသေး၏။ သို့သော် ထိုသို့ ရတနာများ၏ အဆင့်အတန်းကို ပြောခဲ့သည့် အကြီးအကဲသည်ပင် နိဗ္ဗာနအဆင့် ရတနာများကိုသာ တွေ့ကြုံခဲ့ဖူးပေသည်။
စိတ်ဝိညာဉ်နှင့်၊အံ့ဖွယ် ရတနာများသည် ပေါများလှ၏။ ပထမအဆင့်ကျင့်ကြံသူများအသုံးပြုကြသည်။ ကောင်းကင်ဘုံလက်နက်ရတနာများ အသုံးပြုကြသော ပထမအဆင့်ကျင့်ကြံသူများလည်း ရှိကြ၏။
သို့ရာတွင် ဒုတိယအဆင့်ကျင့်ကြံသူများအဖို့ကတော့ ကောင်းကင်ဘုံလက်နက်ရတနာများသည် သူတို့၏ လိုအပ်ချက်ကို ပြည့်မှီစေလောက်သည့် အထိ အားကောင်းခြင်း မရှိတော့ပေ။ ဒုတိယအဆင့်ကျင့်ကြံခြင်း၏ အမြင့်ဆုံး ဖြစ်သော နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူ မွန်းစတားအိုကြီးများအဖို့ကတော့ ကောင်းကင်ဘုံရတနာများသည် ထိပ်တန်းအရည်အသွေး မရှိပါက အသုံးမဝင်တော့ပေ။
ထို့အတွက်ကြောင့် သူတို့က ပိုအဆင့်မြင့်သည် လက်နက်ရတနာများကို ရှာဖွေကြရတော့၏။ ရှေးဟောင်းမှတ်တမ်းများအရ ဤသို့အဆင့်မြင့်သော ရတနာများမှာ လေဟာနယ်ရတနာများဖြစ်၏။
***