သံဓားကို ကိုင်ထားလိုက်သည့်အခိုက်၌ ဝမ်လင်းမျက်လုံးထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ လုံးဝ ပျောက်ကွယ်ကာ သူ့မျက်လုံးတို့သည် ရေကဲ့သို့ တည်ငြိမ်နေသည်။
သံဓားက အရှင်လေဟာနယ်အပေါ် သတ်ချင်သည့် သူ့ စိတ်ဆန္ဒများကို စုပ်ယူသွားသည့်အလားပင်။
ဝမ်လင်းသည် သံဓားကို ကိုင်ထားချိန်၌ ၎င်းဓားတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်တစ်ခု ရှိသည်ကို ခပ်ရေးရေးခံစားမိသည်။ ၎င်းစိတ်ဝိညာဉ်က နိုးထလာတော့မည့်အလား။ သည်စိတ်ဝိညာဉ်သာ နိုးထလာပါက လောကကို ဖျက်စီးပစ်နိုင်လောက်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာပေမည်။
လှပသောအမျိုးသမီးက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်း ဓားအိမ်ကို ထုတ်ယူလိုက်ချိန်တွင် သူမသည် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူမက ထိုဓားအိမ်ကို မည်သည့်အရာမှန်းတော့ သေချာမသိ ဖြစ်နေတုန်းပင်။ သို့ရာတွင် ဝမ်လင်း၏အကြည့်က တည်ငြိမ်သွားသည့်အချိန်၌ သူမ၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်ကာ မယုံကြည်နိုင်ဟန် ဖြစ်လာတော့သည်။
ဝတ်စုံနက်နှင့်လူသည်လည်း ထို့အတူပင်။ သူ့အကြည့်ကလည်း ဝမ်လင်းလက်ထဲရှိ ဓားအိမ်ပေါ်သို့ ကျရောက်နေရင်း မျက်မှောင်ခပ်တင်းတင်း ကြုတ်ထား၏။
ဝမ်လင်းသည် ဓားရိုးကနေ သံထားကို ကိုင်၍ ရုတ်တရက် ဓားအိမ်ထဲကနေ ဆွဲထုတ်သည်။ သံဓားက ဓားအိမ်ထဲကနေ ကျွတ်ထွက်လာချိန်၌ ကြောက်မက်ဖွယ်အော်ရာတစ်ခု မြင့်တက်လာတော့သည်။
ထိုအော်ရာမှာ အလွန်အားကောင်းလှ၏။ သည်အော်ရာ ထွက်ပေါ်လာသည်နှင့် ခန်မးနံရံထက်တွင်ပါ အက်ကြောင်းများ ပေါ်လာရသည်။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းအနားရှိ ရုပ်တုနှစ်ခုပေါ်တွင်ပါ အက်ကြောင်းများ ပေါ်လာကာ အချိန်မရွေး ပျက်စီးသွားတော့မည့်ဟန် ရှိလေသည်။
ထိုအခိုက်အတန့်၌ သံဓားသည် လုံးဝ ထွက်ပေါ်လာ၏။ ဝမ်လင်းက တုံ့ဆိုင်းမနေဘဲ သံဓားကို ပင့်မြှောက်ကာ မူလရင်းမြစ်ကို ဆင်ခြင်ရာ၌ လုံးဝနစ်မြုပ်နေသည့် အရှင်လေဟာနယ်ထံသို့ ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။
အရှင်လေဟာနယ်က ဝမ်လင်းကို မှုလောက်စရာမရှိဟု ယူဆထား၏။ သူ့အမြင်၌ ဝမ်လင်းသည် ပုရွတ်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ သူ့နတ်ဘုရားအာရုံကို မူလရင်းမြစ်ပတ်လည်တွင် အလျင်အမြန် ဖြန့်ကျက်စေကာ မူလရင်းမြစ်၏လျှို့ဝှက်ချက်ကိုသာ အသည်းအသန် ရှာဖွေဖို့ ရည်သန်နေ၏။
သူ့ အလိုလိုသိစိတ်က သူသာ မူလရင်းမြစ်၏ အဖြေကို သိလာခဲ့လျှင် သူသည် တတိယအဆင့်ကျင့်ကြံခြင်းလမ်းကြောင်းအမှန်ကို ရှာတွေ့နိုင်ပြီဟု ပြောနေသည်။သူက ထိုအကြောင်းကို တွေးမိလေလေ ပို၍လည်း စိတ်လှုပ်ရှားလာနေ၏။
သူသည် သူ့နှလုံးခုန်သံကိုပါ ပြန်ကြားနေရ၏။ သို့ရာတွင် သူသည် သဲလွန်စတစ်ခု ရှာတွေ့ခါနီးအခိုက်၌ သူ့ခန္ဓာကိုယ်မှာ အေးစက်လာပြီး သေရေးရှင်ရေးအခြေအနေတစ်ခုက သူ့အပေါ်သို့ ကျဆင်းလာသည်ဟု ခံစားမိလိုက်သည်။
ထိုခံစားချက်မှာ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန် ပျက်စီးစဉ်ကထက်ပင် ပိုအားကောင်းနေ၏။သူက ထိုအော်ရာကို အနည်းငယ် ရင်းနှီးနေ၏။ သူသည် ဝမ်လင်းလက်ထဲရှိ သံဓားကို တွေ့မြင်သည့်အခါ မျက်မှောင်ကြုတ်သွားတော့သည်။
“အတုအပနိဗ္ဗာနလေဟာနယ် ရတနာ…”
ထိုဓားက ဝမ်လင်းလက်ထဲကနေ လွတ်ထွက်လာခြင်း မရှိသော်လည်း ပေတစ်သိန်းလောက်ရှိသည့် ဓားရှည်ကြီးတစ်လက်၏ ပုံရိပ်ယောင်ကြီးသည် ဝမ်လင်းနှင့်အရှင်လေဟာနယ်တို့ကြားတွင် ပေါ်လာလေသည်။
ထိုဓားကြီးက ငွေရောင်အလင်းတို့နှင့် ပြုလုပ်ထားကာ ကြမ်းရှရှအော်ရာကို ပေးစွမ်းနေ၏။ ၎င်းက ပေါ်လာသည်နှင့် အရှင်လေဟာနယ်အပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလာ၏။ အရှင်လေဟာနယ်က လေအေးတစ်ချက်ရှိုက်သွင်းလိုက်ရာ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ရှိလာ၏။
သူ့ထံတွင် ရှောင်ဖို့ အချိန် မရှိတော့ပေ။ ဝမ်လင်း၏ ချိန်သားကိုက် တိုက်ခိုက်မှုက ကောင်းမွန်လွန်းလှ၏။ ဤအရာကပင် သည်သတ်ဖြတ်ခြင်းအစီအရင်အတွက် သော့ချက်ပင်။ ငွေရောင်ဓားကြီးက မြန်လွန်း၏။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မန္တာန်တစ်ခု ထုတ်ဖော်နိုင်သည့် အချိန်ထက်ပင် အဆများစွာ ပိုမြန်နေသေးသည်။ ငွေရောင်အလင်းက အရှင်လေဟာနယ်၏ရင်ဘက်ပေါ်သို့ စောင့်ချလာ၏။
ချက်ခြင်းပင် အရှင်လေဟာနယ်၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ အံ့မခန်းနှုန်းဖြင့်ထွက်လာကာ သူ့ခန္ဓာကိုယ်အား ဝန်းရံသွားသည်။အရှင်လေဟာနယ်၏ ခန္ဓာကိုယ်က ခရမ်းရောင်တောက်ပနေ၏။ သူ့မူလစိတ်ဝိညာဉ်မှာ လုံးဝ ခရမ်းရောင် ဖြစ်၏။
သာမန်ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်မှာ အလွန်ပျက်စီးလွယ်၏။ထို့ကြောင့် သူတို့၏မူလစိတ်ဝိညာဉ်တို့သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အပေါ်၌ မှီခိုရသည်။ သို့ရာတွင် သင်သည် အရှင်လေဟာနယ်ကဲ့သို့ ကျင့်ကြံမှုအဆင့်တစ်ခုကို မြင့်မားစွာ ရောက်ရှိလာချိန်၌ သင့်မူလစိတ်ဝိညာဉ်မှာ သင့်ခန္ဓာကိုယ်ထက် အဆများစွာ ပိုသန်မာလာပေလိမ့်မည်။ အရှင်လေဟာနယ်က သူ့ခန္ဓာကိုယ်ကို သူ့မူလစိတ်ဝိညာဉ်နှင့် ဝန်းရံကာ ငွေရောင်ဓားချက်ကို ပိတ်ဆို့၏။
ငွေရောင်အလင်းက ပြင်းထန်စွာ လင်းလက်၏။ အရှင်လေဟာနယ်၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ့မျက်နှာပင် နီမြန်းလာ၍ သွေးအန်ရသည်။ သူ့မူလစိတ်ဝိညာဉ်သည်လည်း တုန်ယင်နေပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သူ့ခန္ဓာကိုယ်ကနေလည်း တစီစီအသံများ ထွက်ပေါ်လာ၏။ သူသည် နောက်သို့ လွင့်စင်သွားရသည်။သို့သော် သူ့ကိုယ်သူ အားတင်း၍ ရပ်တန့်လိုက်ရာ ထို့ကြောင့် သူသည် မူလရင်းမြစ်အဝန်းအဝိုင်းတွင်သာ ရှိနေမြဲ ဖြစ်တော့၏။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်ထဲသို့ မူလရင်းမြစ်စွမ်းအင်များ ကျူးကျော်လာစေပြီး သူ့ဒဏ်ရာများကို ပိုဆိုးဝါးသွားစေတော့သည်။
“ခွေးကောင်လေး…မင်းမှာ အတုအပနိဗ္ဗာနလေဟာနယ်လက်နက် ရှိရင်တောင် မင်းမှာ ငါ့ကို သတ်ဖို့ အရည်အချင်း မရှိသေးဘူး…”
အရှင်လေဟာနယ်က ဝမ်လင်းထံသို့ ခပ်ကြမ်းကြမ်း ကုတ်ဆွဲချလိုက်ရင်း သူ့မျက်လုံးသည် ကျဉ်းမြောင်းနေတော့သည်။
ဝမ်လင်း၏မူလစွမ်းအင်တို့က သံဓားအတွင်းသို့ အရူးအမူး စီးဝင်နေရင်း သူ့မျက်နှာသည် ဖြူရောနေ၏။ သူသည် ထိုသံဓားကို အရင်က စစ်ဆေးကြည့်ခဲ့ကတည်းက သူသည် ၎င်းသံဓားကိုသန့်စင်မွန်းမံခြင်း မရှိဘဲ မသုံးနိင်ဟု သိထားခဲ့သည်။
၎င်းသံဓားမှာ အခြားလက်နက်ရတနာများနှင့် လုံးဝ ခြားနား၏။ သို့ရာတွင် သူ့သတ်ဖြတ်ခြင်းအစီအရင်ကို အပြည့်အဝ ပုံဖော်စေနိုင်ဖို့က သူသည် ၎င်းသံဓားကို တုံ့ဆိုင်းခြင်းမရှိ သုံးကို သုံးရမည် မဟုတ်လား။
ဝမ်လင်းက ၎င်းသံဓား သူ့မူလစွမ်းအင်များအား စုပ်ယူမှုကို ကြိုပြင်ဆင်ထားခဲ့၏။ သူ့ခန္ဓာကိုယ်ထဲကနေ မူလစွမ်းအင်မြောက်များစွာ ထွက်သွားနေသော်လည်း သူသည် အထိတ်တလန့်ဖြစ်သွားခြင်းမရှိဘဲ တည်ငြိမ်နေသည်။
အရှင်လေဟာနယ်က ဝမ်လင်းကို ကုတ်ဆွဲတိုက်ခိုက်လိုက်ချိန်၌ ဝမ်လင်းက သူ့သံဓားကို နောက်တစ်ကြိမ် ပင့်မြှောက်၍ အသက်ဝဝရှုသွင်းသည်။ မူလစွမ်းအင်သည် သူ့ခန္ဓာကိုယ်ကနေ မြင့်တက်လာနေရင်း ဓားသည် ငွေရောင်အလင်းများဖြင့် ဖုံး၍ လာသည်။ သူသည် နောက်တစ်ဖန် ခုတ်ပိုင်းချသည်။
ငွေရောင်အလင်းတန်း တောက်ပလာချိန်၌ အရှင်လေဟာနယ်က သူ့ညာလက်ကို အပြင်းအထန် ဝေ့ယမ်း၏။ သူ့အသွင်သည် လုံးဝ သုန်မှုန်နေသည်။ သူသည် ခုချိန်တွင် အနည်းငယ် စိတ်ပူနေပေပြီ။ ခုချိန်၌ သူ့ခန္ဓာကိုယ်ထဲရှိ မူလရင်းမြစ်စွမ်းအင်ကလည်း သူ့အား အန္တရာယ်အများအပြား မဖြစ်စေဘူးဆိုလျှင်ပင် အဆက်မပြတ် တိုက်ခိုက်နေသည် မဟုတ်လား။ သူက သည်မူလရင်းမြစ်စွမ်းအင်အနည်းငယ်လေးကို ခုခံထားနိုင်ဖို့အတွက် သူ့မူလစွမ်းအင်မြောက်များစွာကို အသုံးပြုထားရပေသည်။
သူသည် သူ့စိတ်ဆန္ဒကိုလည်း သည်မူလရင်းမြစ်ကို ခုခံနေရင်း နားလည်အောင် ဆင်ခြင်ရာ၌ နစ်မြုပ်ထားရသေး၏။ အစောပိုင်းက အရှင်လေဟာနယ်သည် ဝမ်လင်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိသည့်သူ တစ်ယောက်ဟု ယူဆထားခဲ့၏။ သို့သော် သူသည် ဝမ်လင်းထံ၌ သည်လို အတုအပနိဗ္ဗာနလေဟာနယ် ရတနာတစ်ခု ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။
သို့အတွက်ကြောင့် အရှင်လေဟာနယ်အဖို့ ဝမ်လင်းကို အာရုံစိုက်ဖို့ လိုလာသည်။ သို့သော်လည်း သူသည် မူလရင်းမြစ်အပေါ် နားလည်ဆင်ခြင်နေခြင်းကိုလည်း လက်မလွှတ်လိုပေ။ ဝမ်လင်းအပေါ် သူ့ သတ်လိုစိတ်က အကန့်အသတ်သို့ ရောက်လာသည်။
“ငါ နောက်ထပ် မိနစ်အတော်အတန်သာ အချိန်ရရင် ဒီမူလရင်းမြစ်ရဲ့ နောက်ကွယ်က ဆန်းကြယ်မှုကို နားလည်ဖို့ ယုံကြည်မှု ရှိတယ်…” အရှင်လေဟာနယ်က သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခရမ်းရောင်ရေခဲကုဗတုံးတစ်ခု သူ့လက်ထဲတွင် ပေါ်လသည်။ ထိုရေခဲကုဗတုံး ပေါ်လာသည့်အခိုက်တွင် သည်ခန်းမတစ်ခုလုံး၌ အေးစိမ့်မှု လှိုင်ထွက် ခြုံလွှမ်းလာသည်။
သူ့စိတ်နှလုံးမှာ နာကျင်နေရလျက် အရှင်လေဟာနယ်၏ မူလစိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုသည် ခွဲထွက်ကာ နောက်ထပ်အရှင်လေဟာနယ်ကိုယ်ပွားတစ်ခု အဖြစ် ဖြစ်ပေါ်သည်။ထို့နောက် ထိုခန္ဓာကိုယ်က ခရမ်းရောင်ရေခဲသလင်းကို မြိုချလိုက်ပြီးနောက် ဝမ်လင်းထံသို့ လျှပ်စီးတန်းအလား တိုးဝင်လာတော့သည်။
ဝမ်လင်းကလည်း လက်ထဲရှိ သံဓားကို ဝေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတစ်ခု တောက်ပသွားကာ နောက်ထပ်ငွေရောင်ဓားပုံရိပ်ယောင်ကြီး တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ထိုဓားသည် အရှင်လေဟာနယ်၏ မူလစိတ်ဝိညာဉ် ကိုယ်ပွားထံသို့ ဦးတည်သွား၏။ ကျယ်လောင်စွာပေါက်ကွဲကာ ကိုယ်ပွားသည် နောက်သို့ လွင့်ထွက်သွား၏။ ကိုယ်ပွားမှာ အတော်လေး မှိန်ဖျော့သွားသည်။ထို့အတူ ပုံရိပ်ယောင်ဓားသည်လည်း ပျက်စီးသွားရသည်။
ထိုခရမ်းရောင်ရေခဲကုဗတုံးပေါ်လာချိန်၌ ဝမ်လင်းသည် သူ့သံဓားနှင့်မြင့်မြတ်သောရွှမ်ပေါင်တို့၏ မြှားရတနာတို့ ၏ အော်ရာနှင့် ဆင်တူသော အော်ရာကို ခံစားမိ၏။ ၎င်းကုဗတုံးမှာလည်း အတုအပနိဗ္ဗာနလေဟာနယ် ရတနာတစ်ခု ဖြစ်ကြောင်း သိသာပေသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များစွာကို ဆုံးရှုံးနေပေပြီ။ သို့သော် ခုချိန်၌ ထိုအဖြစ်ကို စိုးရိမ်နေဖို့ အချိန်မရှိပေ။ သတ်ဖြတ်ခြင်းအစီအရင်က စတင်ခဲ့ပေပြီ။ ဝမ်လင်းသည် ၎င်းကို လက်မလွှတ်လို့တော့ပေ။သူသာ အရှင်လေဟာနယ်ကို ဒဏ်ရာအပြင်းအထန်ရအောင်မှ မလုပ်နိုင်ခဲ့ပါက သူ့အစီအစဉ်သည် ကျရှုံးသွားသည်ဟု ဆိုရမည်။
သူသည် သူ့မူလရင်းမြစ်ကို ထုတ်ဖော်ခဲ့သည်သာမက သူ့အတုအပနိဗ္ဗာနလေဟာနယ် လက်နက်ရတနာကိုလည်း ထုတ်ဖော်ခဲ့ရ၏။ သူသည် အရှင်လေဟာနယ်ကို မသတ်နိုင် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိစေလျင်တော့ လှပသောအမျိုးသမီးနှင့် ဝတ်စုံနက်လူတို့ကိုလည်း ဟန့်တားနိုင်မည် ဖြစ်၏။
အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ သံဓားကို အသုံးပြုလိုက်ချိန်၌ ၎င်းသံဓားသည် ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိရမည်ဟု ခံစားမိ၏။ ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်ကြောင့် သံဓား၏စွမ်းအားအကုန်ကို မထုတ်ဖော် နိုင်ပေ။သို့သော် သံဓားသည် အသုံးပြုရန် မည်သည့် သန့်စင်မွန်းမံမှုမှ လုပ်ဖို့ မလိုအပ်မှတော့ ၎င်း၏ အစစ်အမှန်ခွန်အားကို ထုတ်ဖော်ဖို့ နည်းလမ်းတစ်ခုတော့ ရှိရပေမည်။ သူသည် သည်ရတနာကို လူတစ်ယောက်ကဲ့သို့ ဆက်ဆံဖို့ လိုအပ်၏။
ဝမ်လင်း မျက်လုံးမှိတ်လိုက်ချိန်၌ သူသည် ဓားအား ထိန်းချုပ်မှုကို လက်လွှတ်လိုက်သည်။ သံဓားသည် ဓားတေးသံတစ်ခုကို ထုတ်လွှတ်လာ၏။ အရှင်လေဟာနယ်၏ ကိုယ်ပွားသည် နောက်တဖန် တိုးဝင်လာသည်။ ကိုယ်ပွားထဲရှိ ခရမ်းရောင်ရေခဲကုဗတုံးမှာ အဆုံးမဲ့အေးစိမ့်မှုကို ထုတ်လွှတ်နေ၏။ ၎င်းက နီးကပ်လာခြင်း မရှိသေးခင်မှာပင် ပြင်းထန်သောအအေးစွမ်းအင်က ဝမ်လင်းနားသို့ ရောက်နှင့်လာပြီး ဖြစ်သည်။
ဝမ်လင်းလက်ထဲရှိ သံဓားက ရုတ်တရက် မြင့်တက်လာ၏။ သို့သော် သည်တစ်ကြိမ်၌ ဝမ်လင်းက လှုပ်ရှားစေခြင်း မဟုတ်၊ ဓားကိုယ်တိုင် ဝမ်လင်းလက်ထဲကနေ ရုန်းကြွလာခြင်းသာ ဖြစ်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲကနေ မူလစွမ်းအင်များ အရူးအမူး ထွက်ခွာနေ၏။သံဓားသည်လည်း ပျော်ရွှင်နေသည့်အလား ဓားတေးသံများကို ထုတ်လွှတ်သည်။ အရှင်လေဟာနယ်၏ကိုယ်ပွား အနားရောက်လာချိန်တွင် နောက်ထပ်ငွေရောင်ဓားပုံရိပ်ကြီးသည် ပေါ်လာပြီ။
သို့ရာတွင် သည်ငွေရောင်ဓားကတော့ အရင်နှင့် ခြားနားနေသည်။ အစစ်အမှန်ဓားတစ်လက်အလားပင်။ ပုံရိပ်ယောင်ဟူ၍ ပြောရန်ပင် မဖြစ်နိုင်တော့ပါ။ ၎င်းဓားပေါ်လာသည်နှင့် ဧရာမငွေရောင်ဓားကြီးသည် ချက်ခြင်း ခုတ်ပိုင်းချလာသည်။
ပေါက်ကွဲသံတစ်ခုနှင့်အတူ အရှင်လေဟာနယ်၏ကိုယ်ပွားနှင့် ဓားကြီးတို့ ထိပ်တိုက်တွေ့၏။ အရှင်လေဟာနယ်၏ ကိုယ်ပွားက ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။သို့သော်ဓားကြီးကတော့ ပျောက်ကွယ်သွားခြင်းမရှိ၊ ၎င်း၏ ငွေရောင်အလင်းက ပို၍ပင် တောက်ပလာ၏။ ထို့နောက် ၎င်းဓားသည် စက်ဝန်းပြတ်ကဲ့သို့ ရွှေ့လျားကာ ဘယ်ဘက်ခြမ်းကနေ တိုက်ခိုက်လာသည်။
ဒုတိယတိုက်ချက်က ပထမတိုက်ချက်နှင့် ဆက်နွှယ်နေ၏။ သေမျိုးသိုင်းပညာရှင်တစ်ယောက် ဓားကွက်အသုံးပြုလိုက်သည့်အလား။ ထိုမျှသာဆို တုန်လှုပ်ဖွယ်မကောင်းသေးချေ။ သို့သော် ငွေရောင်ဓားသည် အရှင်လေဟာနယ်၏ကိုယ်ပွားနှင့် ထိပ်တိုက်တွေ့ပြီးပြီးချင်း ချက်ခြင်း အောက်ကနေ ပင့်၍ တိုက်ခိုက်လာခြင်း ဖြစ်တော့၏။
တစ်စက်မှှ တန့်နှေးသွားခြင်းမရှိ။ ငွေရောင်ဓားကြီးသည် ငွေရောင်ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ အရှင်လေဟာနယ်၏ကိုယ်ပွားကို ငွေရောင်နဂါးတစ်ကောင်အလား ဆက်လက် တိုက်ခိုက်လာခြင်း ဖြစ်သည်။ တစ်ချက်ပြီးတစ်ချက် ငွေရောင်ဓားက အရှင်လေဟာနယ်၏ကိုယ်ပွားကို တိုက်ခိုက်လာ၏။
ဓား၏အမြန်နှုန်းမှာလည်း မြန်သထက် မြန်လာသည်။ ပထမတိုက်ခိုက်သည် အနည်းငယ် နှေး၏။ ဒုတိယတိုက်ချက်သည် ပိုမြန်လာသည်။ ခုချိန်၌ မျက်စိတစ်မှိတ်အတွင်း ဓားချက်ခုနစ်ချက်သည် တစ်ပြိုင်နက်တည်းလိုလို ချိတ်ဆက်သွားခဲ့လေပြီ။
ဝမ်လင်း၏မူလစွမ်းအင် အားလုံးမှာ ခြောက်ချက်မြောက်ဓား တိုက်ခိုက်မှုတွင် ပျောက်ကွယ်သွားခဲ့ပေပြီ။ ခုနစ်ချက်မြောက်ဓားချက်အတွက်က သူ့ခန္ဓာကိုယ်၏ အဆီအနှစ်ကို စုပ်ယူ၍ တိုက်ခိုက်စေခြင်းပင်။ ကံကောင်းစွာဖြင့် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှာ သန်မာလွန်း၏။ ထို့ကြောင့် သူသည် ခုနစ်ခုမြောက်ဓားချက် ထုတ်ဖော်မှုကိုလည်း တောင့်ခံနိုင်စွမ်း ရှိသွားသည်။
ခုနစ်ခုမြောက်ဓားချက် ပြီးသည့်နောက် ရှစ်ခုမြောက်ဓားချက်သည် ငွေရောင်နဂါးတစ်ကောင်အလား ထိုးစိုက်ကျလာ၏။ သည့်နောက် ကိုးခုမြောက်၊ဆယ်ခုမြောက်၊ ဆယ့်တစ်ခုမြောက် ဓားချက်တို့ပါ တဆက်တည်း လိုက်ပါလာတော့သည်။
***