သူ့ကို တုန်လှုပ်သွားစေသည်က ဝမ်လင်း၏ခန္ဓာကိုယ် ပျက်စီးမသွားရုံသာမက ချက်ခြင်း မသေဆုံးသွားခြင်းပင်။ ရုတ်တရက်ပေါ်လာသည့် ထိုဒိုင်းက သူ့စွမ်းအားများ၏ (၇၀)ရာခိုင်နှုန်းကို ချေဖျက်ပစ်လိုက်၏။
သို့သော် ထိုကျန်သည့် သုံးဆယ်ရာခိုင်နှုန်းစွမ်းအားကပင် ဝမ်လင်းလိုလူကို သတ်ပစ်ဖို့ လုံလောက်၏။ အရှင်လေဟာနယ်ကို အံ့အားသင့်သွားစေသည်က ထိုလက်ကျန်စွမ်းအားက ဝမ်လင်းကို သွေးအန်ရုံသာ ဖြစ်စေခဲ့ပြီး ဒဏ်ရာရခြင်းနှင့်သာ အဆုံးသပ်၍ မသေဆုံးသွားစေခဲ့ခြင်းပင်။
ဝမ်လင်းသည် လေထဲ၌ ရှိနေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ လှိုင်းက သူ့မူလစိတ်ဝိညာဉ်ထံသို့ ဦးတည်နေသည်။ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်တွင် ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ရှိသော်လည်း တုန်ခါလှိုင်းကြောင့် သူ့မူလစိတ်ဝိညာဉ်သည် ဒဏ်ရာရသွားရပေသည်။ သူသည် နောက်ထပ်သွေးများစွာ အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်မှာလည်း နောက်သို့ တရကြမ်း လွင့်ထွက်သွားရသည်။
သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပေပြီ။ သို့သော်လည်း ဝမ်လင်း၏အကြည့်က တည်ငြိမ်နေဆဲပင်။ သူက အရှင်လေဟာနယ်ကို စူးစိုက်ကြည့်နေ၏။
သူ နောက်သို့ တဖန် လွင့်ထွက်သွားချိန်၌ သူသည် နန်းတော်ခန်းမထဲရှိ ရုပ်တုနှစ်ခု၏အကြည့် အလယ်တည့်တည့်သို့ ရောက်ရှိသွားသည်။
“မင်း မသေသေးဘူးပေါ့။ ငါ့ကို အဆုံးသပ်ခွင့် ပြုလိုက်တော့…” အရှင်လေဟာနယ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်တို့ ဖြစ်ပေါ်နေ၏။ သူသည် ဝမ်လင်း လွင့်ထွက်၍ ကျရောက်သွားသည့်နေရာမှာ တစ်ခုခုမှားနေသည်ဟု ခပ်ရေးရေး ခံစားမိ၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ကြမ်းကြုတ်စွာ ရိုက်ချလိုက်၏။
သူ့စိတ်ထဲ၌ ထိုတိုက်ချက်မှာ ဝမ်လင်းကို ကျိန်းသေပေါက် သေစေမည်ဟု တွေးထား၏။ အရှင်လေဟာနယ် ဝမ်လင်းကို တိုက်ခိုက်လိုက်သည့်အခါ ခန်းမမတွင်း၌ တုန်ဟီးသံများ မြည်ဟိန်းသွားသည်။ အဝါရောင်သဲမုန်တိုင်းတစ်ခု ပေါ်ထွက်လာကာ ဝမ်လင်းထံသို့ ဦးတည်ဝင်လာ၏။
ဝမ်လင်း၏အသွင်ကတော့ တည်ငြိမ်နေဆဲပင်။ သူက အရှင်လေဟာနယ်၏ ပြိုင်ဘက်မဟုတ်မှန်း သိ၏။ ဝမ်လင်းသည် ထိုလူမှာ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်မှာကတည်းက သူ့အား သတ်ချင်နေမှန်း ခံစားမိခဲ့၏။ တနည်းအားဖြင့် သူ့ဟင်္သာငှက်နိုးထလာပြီးနောက်မှ ထိုသူသည် သူ့အား သတ်ချင်လာသည်မှာ (၈၀) ရာခိုင်နှုန်း သေချာသည်။
ခုချိန်တွင် သူတို့က ခန်းမအတွင်း၌ နီးကပ်စွာ ရှိနေရာ အရှင်လေဟာနယ်သည် သူ့သတ်ဖြတ်ချင်စိတ်ကို ကျိန်းသေပေါက် ထုတ်ဖော်ပေလိမ့်မည်။ ဝမ်လင်းသည် သူ့လက်ရှိခွန်အားနှင့် အရှင်လေဟာနယ်ကို ခုခံရန်မှာ အချည်းနှီးဖြစ်သည်ကို သိ၏။ ကံကောင်းစွာဖြင့် သူသည် ဒုတိယအလွှာသို့ ဝင်ပေါက်ကို ခပ်ရေးရေး ရှာတွေ့မိခဲ့ခြင်းပင်။ ထို့အပြင် သူ့ထံ၌ သည်အချိန်တိုအတွင်း ဖော်ဆောင်မည့် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုလည်း ရှိသေး၏။ သူ့ပစ်မှတ်ကတော့ အရှင်လေဟာနယ်ထံသို့ပင်။
အခြားလူများ သူ့အား လာမရှုပ်ပါက သူသည် ထိုသူများကိုလည်း သွားမရှုပ်ပေ။ အရှင်လေဟာနယ်ကသာ သူ့အား မတိုက်ခိုက်ခဲ့ပါက ဝမ်လင်းသည်လည်း ထိုသတ်ဖြတ်ခြင်းအစီအရင်ကို အသုံးပြုလိမ့်မည် မဟုတ်ပေ။ သို့သော် ခုချိန်၌ အခြားဘက်က သူ့အား တိုက်ခိုက်လာခဲ့ပြီး ဖြစ်ကာ ဝမ်လင်းသည် မည်သို့မှှ ပြန်မလုပ်ဘဲ နေလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သူ့လက်ဖြင့် ရုပ်တုနှစ်ခုကဲ့သို့ တူညီသော ချိပ်ဟန်ကို ဖြစ်စေသည်။ သည်အခိုက်အတန့်၌ ရုပ်တုနှစ်ခု၏ အကြည့်များထံကနေ ခရမ်းရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
ထိုခရမ်းရောင်အလင်းတန်းနှစ်ခုသည် ထိုးထွက်လာသည်နှင့် ဝမ်လင်းကို ဝန်းရံထားကာ ဝဲကတော့တစ်ခုကို ဖန်တီးသည်။ ဝမ်လင်း၏ ခန္ဓာကိုယ်က ထိုဝဲကတော့ထဲသို့ ဆွဲယူခြင်း ခံရသည်။
သို့ရာတွင် အရှင်လေဟာနယ်သည် နှစ်ပေါင်းကြာရှည်လွန်းစွာ ကျင့်ကြံခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူ့အလိုလိုသိစိတ်သည် အားကောင်းလာကာ ဝမ်လင်း ခြေချလိုက်သည့်နေရာသည် တစ်ခုခုမှားနေသည်ကို ချက်ခြင်း သဘောပေါက်ခဲ့ပေသည်။ ထို့ကြောင့် သူက နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ချက်ခြင်း ထည့်ပေါင်းလိုက်ခြင်းပင်။ သူ့မန္တာန်ကြောင့် ဖြစ်ပေါ်လာသည့် သဲမုန်တိုင်းမှာ ဝဲကတော့ထဲရှိ ဝမ်လင်းထံသို့ ဦးတည်ဝင်လာသည်။
ဝမ်လင်းသည် ဝဲကတော့၏အမြန်နှုန်းအတိုင်း ရွှေ့လျားနေခဲ့ပါက ထို့နောက် သဲမုန်တိုင်းရောက်ရှိလာပြီး သူ အတွင်းထဲသို့ မဝင်ရောက်နိုင်ခင်မှာပင် သေဆုံးသွားပေလိမ့်မည်။
အရှင်လေဟာနယ်သည်လည်း ဝမ်လင်းထံသို့ တိုးဝင်လာသည်။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သဲမုန်တိုင်းနီးကပ်လာချိန်၌ သူ့တတိယမျက်လုံးသည် ပွင့်ဟလာသည်။ ဝမ်လင်း၏ တတိယမျက်လုံးသည် သူ့အစွမ်းထက်ဆုံး မန္တာန်တစ်ခု ဖြစ်၏။သို့သော် ထိုတတိယမျက်လုံး၏ အစွမ်းကို မကြာခဏ အသုံးပြု၍ မရပေ။ သို့ရာတွင် အရှင်လေဟာနယ်က နီးကပ်လာသည့်အခါ သေရေးရှင်ရေး အခြေအနေသို့ ရောက်နေပြီ ဖြစ်သည့်အတွက သူသည် ၎င်းကို ချက်ခြင်း ဖွင့်လှစ်လိုက်တော့သည်။
“အရှင်လေဟာနယ်…” ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပြည့်နေသည်။ သူက မာန်သွင်းအော်ဟစ်လိုက်၏။ တတိယမျက်လုံးပွင့်လာသည်နှင့် အနီရောင်အလင်းတစ်ခုသည် ယပ်တောင်အသွင်ပျံ့ကား၍ ပွင့်ဟလာသည်။
ဝမ်လင်း တတိယမျက်လုံးကို ဖွင့်လှစ်လိုက်ချိန်၌ အရှင်လေဟာနယ်၏ တည်ငြိမ်နေသောအသွင်သည် ပထမဆုံးအကြိမ် ပြောင်းလဲသွား၏။
“မူလရင်းမြစ်…” အရှင်လေဟာနယ်၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန်တို့ ပြည့်နေ၏။ ထို့အတူ ကျေနပ်ဝမ်းမြောက်မှုတို့လည်း ပြည့်လာခဲ့သည်။ သည်အခိုက်အတန့်၌ သူသည် ဟင်္သာငှက်နတ်ကလန်အကြောင်းနှင့် ကျင့်ကြံခြင်းမဟာမိတ်တို့အကြောင်းကိုပါ မေ့သွားလေ၏။ သူ့ရှေ့၌ ရှိနေသည့်အရာမှာ မူလရင်းမြစ်မဟုတ်လား။
သူသာမက ဝတ်စုံနက်နှင့်လူ၏အသွင်ဟန်ပန်သည်လည်း ကြီးစွာ ပြောင်းလဲသွား၏။ သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်နေသည်။
လှပသောအမျိုးသမီးကတော့ ထူးဆန်းသည့်ဟန်ပန်ဖြစ်နေကာ လောဘတက်နေသည့်ပုံ မရ။ သူမက ဝမ်လင်းကို ကြည့်၍ မျက်မှောင်ကြုတ်နေသည်။
မူလရင်းမြစ်သည် အနီရောင်အလင်းထဲတွင် ပြည့်နှက်နေ၏။ထိုအနီရောင်အလင်းက သဲမုန်တိုင်းနှင့် ထိပ်တိုက်တွေ့သည်။ သဲမုန်တိုင်းသည် တုန်ခါသွား၏။ အနီရောင်အလင်းမှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူ၏စွမ်းအားကနေ ဖြစ်ပေါ်လာသည့် သဲမုန်တိုင်းကို ဖြတ်သန်းလာကာ ၎င်းသဲမုန်တိုင်းအား မြန်ဆန်စွာ လွင့်ပါးစေ၏။
ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားကနေ နာကျင်မှုကို ခံစားရ၏။ အစကတည်းက သူ့ထံ၌ မူလရင်းမြစ် များများစားစား မကျန်တော့ပေ။ ၎င်းစွမ်းအင်က သဲမုန်တိုင်းနှင့် ရင်ဆိုင်ရချိန်၌ လွင့်ပါးကုန်၏။ သို့ရာတွင် သူက ပြန်ရုတ်သိမ်းခြင်း မပြုပေ။ ထိုအစား သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်တို့သာ ရှိနေ၏။ သူ့တတိယမျက်လုံးထဲကနေ မူလရင်းမြစ်စွမ်းအင်ကို ထပ်၍ သွန်းလောင်း၏။
ဝမ်လင်းသည် မူလရင်းမြစ်သည် တတိယအဆင့်ကျင့်ကြံခြင်းကို ရှာဖွေနေသည့်သူများအဖို့ မည်မျှ အရေးကြီးလှကြောင်းကို အသေအချာ သိပေ၏။ထို့ကြောင့် သူသည် အရှင်လေဟာနယ်သည် ငါးစာကို လာဟပ်မည်ကိုလည်း သိနေ၏။
အနီရောင်အလင်းက ချဲ့ကားလာချိန်၌ သဲမုန်တိုင်းသည် ချက်ခြင်း ပျက်စီးသွား၏။ မူလရင်းမြစ်စွမ်းအင်က အနီရောင်အလင်းကနေ ထိုးထွက်ကာ အရှင်လေဟာနယ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာတော့သည်။
အရှင်လေဟာနယ်၏အသွင်အမူအရာက ပြောင်းလဲသွား၏။ သူ့မျက်လုံးထဲရှိ လောဘကလည်း ပို၍ အားကောင်းလာသည်။ သူသည် ၎င်းကို ရှောင်လို၏။ သို့သော် သူသည် မူလရင်းမြစ်ကို ကိုယ်တိုင် ခံစားကြည့်နိုင်မည့် အပုံတစ်သောင်းမှ တစ်ပုံလောက်သာ ရနိုင်သည့် အခွင့်အရေးကိုလည်း လက်လွှတ်ဖို့ ဆန္ဒမရှိ ဖြစ်နေ၏။
တုံ့ဆိုင်းနေရင်း ဝမ်လင်း၏တတိယမျက်လုံးမှ အနီရောင်အလင်းမှာ အရှင်လေဟာနယ်ကို ဝန်းရံလာ၏။ သည်အခိုက်အတန့်၌ အရှင်လေဟာနယ်သည် တလွှာပြီးတလွှာ လှီးဖြတ်ခံရသည့်အလား သူ့အသွင်သည် တဝက်တပျက်ဝေဝါးလာတော့၏။
“မူလရင်းမြစ်…မူလရင်းမြစ်…” အရှင်လေဟာနယ်၏မျက်လုံးထဲ၌ လောဘတို့နှင့် ပြည့်နေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူသည် မူလရင်းမြစ်ကို လေ့လာတော့သည်။ သူက ခုချိန်တွင် တိုက်ပွဲ၌ ရှိနေသည့်အချက်ကိုပါ လုံးဝ လစ်လျူရှုထားသည်။သူ့မျက်လုံးထဲ၌ ဝမ်လင်းသည် ပမွှားသာ ဖြစ်၏။ သူသည် ထိုမူလရင်းမြစ်ကို နားလည်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၏။ သူသာ လုပ်နိုင်ခဲ့ပါက… အရှင်လေဟာနယ်က ဤသို့တွေးမိရင်း သူ့ကိုယ်သူ ငယ်ရွယ်သွားသကဲ့သို့ပင် ခံစားမိ၏။
သူသည် တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် ဒဏ္ဌာရီလာ မူလရင်းမြစ်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံရလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ဖူးခဲ့ပေ။
ဝမ်လင်း၏ခန္ဓာကိုယ်က ခရမ်းရောင်ဝဲကတော့ထဲ၌ ဖြည်းဖြည်းချင်း နစ်မြုပ်နေ၏။ သို့သော် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကတော့ တိုးပွားလာနေ၏။ သူသည် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ချမှတ်ထားပြီး ဖြစ်၏။ အခု အရှင်လေဟာနယ်က ၎င်းအစီအရင်ထဲသို့ ဝင်လာခဲ့ပေသည်။ ခုချိန်၌ သူသည် ထွက်သွားရုံသာမက တိုက်ခိုက်မှုကိုလည်း လုပ်ဆောင်ရပေမည်။
ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲကနေ ဓားအိမ်ကို ထုတ်ယူလိုက်၏။ ထိုဓားအိမ်ထဲ၌ သံဓား ရှိနေ၏။ ဝမ်လင်းသည် ထိုသံဓား၏ ဓားရိုးကို ကိုင်ထားရင်း သူ့မျက်လုံးတို့မှာ အလွန်အေးစက်လာတော့သည်။
***