ဝမ်လင်းသည် ရှေ့သို့ မြန်ဆန်စွာ သွားနေ၏။ လမ်းတစ်လျှောက်တွင် သူက အတားအဆီးများစွာကို ဖြတ်ကျော်လာခဲ့သည်။ သူသည် ဗဟိုချက်ရှိ အနက်ရောင်မြူထုထံသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ဝတ်စုံနက်နှင့်လူကလည်း ဝမ်လင်းထက် မနှေးပေ။ သူသည် ဝမ်လင်း၏ ခြေထောက်များကို စူးစိုက်ကြည့်နေရင်း သူ့ခြေလှမ်းအတိုင်း နောက်ကနေ နီးကပ်စွာ လိုက်နေ၏။
သူတို့နောက်တွင် လှပသောအမျိုးသမီး ဖြစ်၏။ သူမသည် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ထို့ကြောင့် သူမသည် ရွေးချယ်မှုတစ်ခု လုပ်ဖို့ အချိန် သိပ်ယူစရာ မလိုပေ။ ဝမ်လင်းနှင့်ဝတ်စုံနက်တို့ ခုလိုမျိုး အလောတကြီး ထွက်သွားကြသည့်ကို တွေ့သည့်နောက် သူမသည်လည်း အံတင်းတင်းကြိတ်ကာ နောက်ကနေ အမြန် လိုက်လာတော့၏။
သို့ရာတွင် လှပသော အမျိုးသမီးက အတားအဆီးများကို နားလည်သည်ဆိုသော်လည်း သူမသည် ဝမ်လင်းလောက် ထိုအရာ၌ မတော်ပေ။ ထို့အတွက်ကြောင့် သူမသည် အတားအဆီးအချို့၏ ပိတ်ဆို့ခြင်းကို မကြာမကြာ ခံနေရသည်။
ဒေါသတကြီးဟိန်းသံက ပိုနီးလာနေ၏။ အတားအဆီးများ ချိုးဖျက်ခြင်း ခံရသည့််အသံများလည်း ထွက်ပေါ်နေသည်။ ဝမ်လင်းသည် ပို၍ အရှိန်မြင့်၏။ သူက အဆောက်အဦတစ်ခုရှေ့ရှိ လေထဲသို့ ခုန်တက်လိုက်သည်။ အဆောက်အဦထဲမှ အတာအဆီးများ တဖျပ်ဖျပ် လင်းလက်လာကာ သည်ဧရိယာတစ်ခုလုံးတွင် အလင်းတို့နှင့် ပြည့်နှက်သွားပြီး ဝမ်လင်းကို ရှေ့ဆက်မသွားနိုင်ရန် တားဆီးလိုက်သည့်သဘောပင်။
ဝမ်လင်းက စိတ်ကူးမိနိုင်လောက်ခြင်း မရှိသည့် ထောင့်ချိုးအတိုင်း ညာဘက်သို့ ခြေလှမ်းခုနစ်လှမ်း လှမ်းလိုက်၏။ ထိုခုနစ်လှမ်း လှမ်းပြီးသည့်နောက် သူ့ခန္ဓာကိုယ်သည် ထိုအဆောက်အဦထဲရှိ အတားအဆီးများထဲသို့ နစ်မြုပ်သွားသည်။ထို့နောက် သူက ဖျပ်ခနဲပင် ၎င်းတို့ကို ထွင်းဖောက် ဖြတ်ကျော်လိုက်လေ၏။
သူ့နောက်၌ ဝတ်စုံနက်နှင့်လူက ကပ်ပါလာ၏။ ထိုလူကလည်း ဝမ်လင်း လုပ်သကဲ့သို့ ထပ်တူ လုပ်ဆောင်လိုက်သည်။ သူသည်လည်း မမျှော်လင့်ထားစွာပင် အတားအဆီးများကို ဖြတ်ကျော်သွားနိုင်သည်။
လှပသောအမျိုးသမီးကတော့ အတားအဆီးများကို ချိုးဖျက်ရင်း ဖြတ်ကျော်နေရ၏။ သူမသည် အဝေးရှိ ဝမ်လင်းနှင့်ဝတ်စုံနက်တို့ကို အကူအညီမဲ့စွာ ကြည့်နေမိသည်။ သူမသည် ထိုမျှအချိန်တိုအတွင်း အတားအဆီးများကို ချိုးဖျက်နိုင်ခြင်း မရှိ ဖြစ်နေသည်။
ဤအခိုက်အတန့်၌ သူမနောက်ကနေ ဒေါသတကြီးဟိန်းအော်သံသည် ဝုန်းဒိုင်းကြဲ မြည်ဟိန်းလာကာ သူမ၏နားထဲသို့ ဝင်ရောက်လာသည်။ တချိန်တ်းမှာပင် သူမနောက်ရှိ အတားအဆီးအားလုံးမှာ တုန်ခါကာ အနီရောင်အရိပ်တစ်ခု ထိုးထွက်လာခြင်းနှင့်အတူ ပျက်စီးကုန်၏။
လှပသောအမျိုးသမီးသည် လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ သူမသည် သည်လိုမျိုး လူသားအသွင်ပုံရိပ်ကို အရင်က လုံးဝ မမြင်တွေ့ခဲ့ဖူးချေ။ သို့သော် သူမသည် အန္တရာယ်အာရုံကို ကောင်းစွာ ခံစားလိုက်မိ၏။
ထိုလူသားအသွင်ပုံရိပ်၏ အေးစက်စက်အကြည့်ထဲ၌ ဒေါသနှင့် ပြည့်နေသည်။ ၎င်းက ဟိန်းသံ ပြုကာ လှပသောအမျိုးသမီးထံသို့ တန်းမတ်စွာ ဝင်လာသည်။ ၎င်းက ၎င်း၏ ညာလက်ကို ပင့်မြှောက်ကာ အမျိုးသမီးထံသို့ ကုတ်စွဲချသည်။
သို့ရာတွင် ဤအခိုက်အတန့်၌ မာန်သွင်းသံတစ်ခု မြည်ဟိန်းလာ၏။
“သောက်သားရဲအစုတ်ကများ…မင်း လုပ်ရဲလား…” ထိုအော်ဟောက်သံ ထွက်ပေါ်လာပြီးနောက် လှပသောအမျိုးသမီးရှေ့၌ လှိုင်းတွန့်တစ်ခု ပေါ်လာကာ ပျံ့လွင့်သည်။ လှပသောအမျိုးသမီးက နောက်သို့ လွင့်သွား၏။ လူသားအသွင်ပုံရိပ်သည်လည်း ထိုလှိုင်းတွန့်၏ ဖိအားကြောင့် နောက်သို့ လွင့်စင်သွားသည်။
အကွာအဝေးတစ်ခုကနေ အပြာရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူသည် အိုမင်းဟန်ရ၏။ သို့သော် သူ့မျက်လုံးတို့ကတော့ တောက်ပသည်။ထိုသူမှာ အရှင်လေဟာနယ်ပင်။
အရှင်လေဟာနယ်သည်လည်း ကြီးစွာ တုန်လှုပ်နေမိ၏။ သူသည် ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန် ပျက်စီးခြင်းကြောင့် ရောက်ရှိသွားရသည့်အတားအဆီးကို အချိန်အတန်ကြာကတည်းက ချိုးဖျက်ပစ်ခဲ့ပြီး ဖြစ်၏။ သူက ပထမအလွှာ၌ အချိန်အတန်ကြာ လှည့်လည် သွားနေရင်း ပစ္စည်းကောင်းများကို ရိတ်သိမ်းနေခြင်းပင်။ သို့ရာတွင် ထိုဒေါသတကြီးဟိန်းသံကို ကြားလိုက်ရသည့်အခါ သူ့စိတ်သည်ပင် တုန်ယင်သွားမိ၏။
သူက ထိုဟိန်းသံနောက်သို့ အမြန်လိုက်ပါလာရင်း လှပသောအမျိုးသမီး အန္တရာယ်ကျရောက်နေသည်ကို တွေ့မြင်ခဲ့ခြင်းပင်။
သူသည် ထိုအမျိုးသမီးနှင့် ပတ်သတ်မှုရှိရာ ထို့အတွက်ကြောင့် သည်အတိုင်း မကူညီဘဲ ရပ်ကြည့်မနေနိုင်ပေ။ လူသားအသွင်ပုံရိပ်ကို နောက်သို့ လွင့်ထွက်သွားအောင် မန္တာန်တစ်ခု အသုံးပြုလိုက်ပြီးနောက် သူသည် ထိုလှပသောအမျိုးသမီးကို ခေါ်ဆောင်ကာ အဆောက်အဦထဲရှိ အတားအဆီးများထဲသို့ သူ့အစွမ်းထက်ကျင့်ကြံမှုဖြင့် တိုးဝင်သွားတော့သည်။
ထိုအတားအဆီးများက အဆောက်အဦအထက်၌ တလက်လက် တောက်နေ၏။ သို့သော် အရှင်လေဟာနယ်သည် ၎င်းတို့ကို အတင်းဖြတ်ကျော်လာ၏။ ထိုအခါ ၎င်းအတားအဆီးများသည် ချက်ခြင်း ပျက်စီးရသည်။ အရှင်လေဟာနယ်က လှပသောအမျိုးသမီးကို ခေါ်၍ ရှေ့တည့်တည့်သို့ ဦးတည်သွားသည်။
လူသားအသွင်ပုံရိပ်က အရှင်လေဟာနယ်ကို ကြည့်၏။ ထို့နောက် ၎င်းက ဟိန်းသံပေးကာ သူ့နောက်သို့ လိုက်လာတော့သည်။
လမ်းတစ်လျှောက်၌ ဝမ်လင်းသည် အတားအဆီးများစွာကို ထိမိခြင်းမရှိဘဲ တရကြမ်း ဖြတ်ကျော်လာခြင်းပင်။ သိပ်မကြာခင်တွင် သူသည် သည်အလွှာ၏ ဗဟိုချက်ရှိ အနက်ရောင်မြူလွှာများနှင့် နီးကပ်လာသည်။
ထိုမြူလွှာများက အလွန်ထူးခြားသည်။ မိစ္ဆာစွမ်းအင်များနှင့် ပြည့်လို့နေသည်။ သို့ရာတွင် သူ့နောက်ရှိ ဟိန်းသံက နီးကပ်လာသည့်အခါ ဝမ်လင်းသည် ထိုမြူလွှာအကြောင်းကို စဉ်းစားမနေအားတော့ဘဲ မြူလွှာထုထဲသို့ ခြေချလိုက်၏။
ဝတ်စုံနက်နှင့်လူက မျက်မှောင်ကြုတ်သွား၏။သို့သော် သူသည်လည်း ဝမ်လင်းနောက်သို့ တုန့်ဆိုင်းခြင်းမရှိိ လိုက်လှမ်းဝင်လာသည်။
ဝတ်စုံနက်နှင့်လူက ဝမ်လင်းနောက်ကနေ အကွာအဝေးတစ်ခုထား၍ လိုက်ပါလာ၏။ သူသည် ဖြည်းဖြည်းချင်း လှမ်းပြောလိုက်သည်။ “ဒီနေရာမှာ ရှိတဲ့ မိစ္ဆာစွမ်းအင်တွေက အားကောင်းလွန်းတယ်။ ရောင်းရင်းကျင့်ကြံသူဝမ် သတိထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်…”
“ဒါ့အပြင် ရောင်းရင်းဝမ်က ငါတို့နောက်ကို လိုက်လာတဲ့ အရာအကြောင်း ရှင်းပြပေးလို့ရမလား…”
“ဒီအရာက ကောင်းကင်ဘုံမြှပ်နှံ့ခြင်းရေကန်အောက်က သားရဲပဲ….” ဝမ်လင်းသည် မြူနက်ထုကြားကနေ နန်းတော်ရှိရာသို့ မြန်ဆန်စွာ သွားနေရင်း ထိုသို တစ်ခွန်းသာ ပြန်ဖြေလိုက်သည်။
နန်းတော်မှာ ကြီးမားလှ၏။ အပြင်ဘက်မှ ကြည့်လျှင်ပင် ဖိအားများ ပြည့်နေသည်။ အနက်ရောင်မြူထုကလည်း မသတီစရာချောက်ခြားဖွယ်ခံစားချက်ကို ပေးနေ၏။
နန်းတော်ခန်းမအတွင်း၌ ရပ်နေပါက လူတစ်ယောက်သည် အပေါ်သို့ မော့ကြည့်လျှင် နန်းတော်မည်မျှ ကြီးမားကြောင်းကို တွေ့မြင်ပေလိမ့်မည်။ နန်းတော်သို့ ဝင်ရန် ဂိတ်ပေါက်တစ်ခု ရှိ၏။ ထိုဂိတ်ပေါက်သည် သေးငယ်သော်လည်း လူဆယ်ယောက်လောက်တော့ ဝင်နိုင်သည်။
ဝမ်လင်းသည် လျှပ်စီးတန်းအလား ရွှေ့လျားနေ၏။ သူသည် အနားသို့ ရောက်လာသည့်အခါ ထိုဂိတ်ပေါက်ကနေ အင်ပါယာလှိုဏ်ဂူ၏ ပထမအလွှာရှိ နန်းတော်အတွင်းသို့ ခြေချလိုက်သည်။
ဝမ်လင်း နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်ချိန်၌ သူသည် ခဏတာ မင်သက်သွားသည်။
နန်းတော်ခန်းမအတွင်း၌ ကြီးမားသည့် ရုပ်တုကြီးနှစ်ခု ရှိိနေ၏။ ထိုရုပ်တုနှစ်ခုထံမှ ပြင်းထန်သည့်ဖိအားတစ်ခု ပေးစွမ်းနေသည်။ ထိုရုပ်တုကို တွေ့မြင်လိုက်ရသူတိုင်း သူတို့၏ စိတ်သည် တုန်ယင်သွားနိုင်ပေ၏။
ထိုရုပ်တုကို ကြည့်နေရင်း ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ မြန်ဆန်စွာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူသည် ပန်းအင်ပါယာကိုယ်လုပ်တော်နှင့်တုန်းက အခုလိုမျိုး တူညီသည့်အတွေ့အကြုံရှိထားရာ ခုချိန်၌ အများကြီး တုန်လှုပ်မိနေခြင်း မရှိတော့ပေ။
ဝမ်လင်းက ခန်းမအတွင်းသို့ မြန်ဆန်စွာ ခြုံကြည့်လိုက်၏။ သို့သော် သူသည် ဒုတိယအလွှာသို့ ဝင်ပေါက်ကို မတွေ့ရပေ။
ဤအခိုက်အတန့်မှာပင် ဝတ်စုံနက်နှင့်လူလည်း ဝင်လာ၏။ သူက ရုပ်တုကြီးနှစ်ခုကို တွေ့သည့်အခါ မင်သက်သွား၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ နဂါးနက်အမှတ်အသားသည် ချက်ခြင်း ပေါ်လာသည်။
ဝမ်လင်းက ထိုလူ၏ နဂါးနက်အမှတ်အသားကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ သို့ရာတွင် သူက ချက်ခြင်း သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အသွင်က ဘာကိုမှ မတွေ့လိုက်သကဲ့သို့ ပုံမှန်အတိုင်းပင်။
ဝတ်စုံနက်နှင့်လူက ချက်ခြင်း ပြန်ကောင်းလာ၏။ သူ ပြန်ကောင်းလာသည့်အခိုက်၌ သူ့အသွင်သည် သုန်မှုန်သွားသည်။ သူသည် ဝမ်လင်းကို လှမ်းကြည့်၏။ သူသည် ဝမ်လင်း သူ့ထံသို့ ကြည့်နေခြင်း မရှိသည်ကို တွေ့၏။ သို့သော် သူသည် မျက်မှောင်မကြုတ်မိဘဲ မနေနိုင် ဖြစ်ရသည်။
သူက သူ့လျှို့ဝှက်ချက် ခဏတာ ပေါ်ထွက်သွားသည်ကို သိ၏။ သူသည် ထိုလျှို့ဝှက်ချက်ကို ဝမ်လင်း သတိပြုမိလား၊မပြုမိဘူးလားကိုတော့ မသေချာ ဖြစ်နေသည်။
သည်အခိုက်အတန့်၌ ခန်းမအတွင်း၌ တုန်ဟီးသံ တစ်ခု ဖြစ်ပေါ်လာ၏။ တယောက်ယောက် အတားအဆီးများကို အားနှင့် ချိုးဖျက်ဝင်လာနေသည်မှာ သိသာပေသည်။ ထို့နောက် အရှင်လေဟာနယ်နှင့်လှပသောအမျိုးသမီးတို့သည်လည်း ခန်းမအတွင်းသို့ ဝင်ရောက်လာကြ၏။
သူဝင်ရောက်လာသည့်အခိုက်၌ ရုပ်တုနှစ်ခုကြောင့် ခဏတာ မင်သက်သွား၏။ သို့သော် သူက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။ ဘေးလူတစ်ယောက်အနေဖြင့် အရှင်လေဟာနယ် ခဏတာ တုန့်ဆိုင်းမင်သက်သွားသည်ကို သတိပြုမိဖို့ မဖြစ်နိုင်သလောက်ပေ။
သူ့ဘေးရှိ လှပသောအမျိုးသမီးကတော့ စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေ၏။ သို့ရာတွင် အရှင်လေဟာနယ်၏ ကူညီပေးမှုကြောင့် သူမသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
အရှင်လေဟာနယ်က ဝမ်လင်းကို မြင်လိုက်သည်နှင့် သူ့မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ပြည့်လာ၏။ သူသည် ရှေ့သို့ ခြေလှမ်းရန် ပြင်၏။ထိုအခိုက်မှာပင် ခန်းမအပြင်ဘက်မှ ဟိန်းသံသည် နီးကပ်လာသည်။
လှပသောအမျိုးသမီး၏ မျက်နှာက အနည်းငယ်ပင် ဖြူရောနေ၏။ သူမသည် ဝမ်လင်းကို တွေ့လိုက်ချိန်၌ အလျင်အမြန် မေးလိုက်၏။ “ဝမ်လင်း…ဒီလူသားအသွင်လိုအရာက တလမ်းလုံး ဘာကြောင့် နင့်နောက်ကို ဒီနေရာထိ လိုက်လာရတာလဲ…”
အစောပိုင်းက အန္တရာယ်ကို တွေ့ကြံလိုက်ရပြီးနောက် လှပသောအမျိုးသမီး၏ ဝမ်လင်းအပေါ် ဟန်ဆောင်ဆက်ဆံမှုက ပျက်စီးသွားပေပြီ။ သူမက ရောင်းရင်းကျင့်ကြံသူ ဟု ဆက်၍ မခေါ်တော့ဘဲ ဝမ်လင်းဟု သူ့နာမည်အတိုင်း ခေါ်လာခဲ့သည့် မဟုတ်လား။
ဝမ်လင်းသည် ခန်းမတစ်ခုလုံးကို ရှာပြီးသွားပြီ ဖြစ်၏။ သူသည် ဒုတိယအလွှာရှိ ဝင်ပေါက်ကို ရှာမတွေ့သော်လည်း သူ့အကြည့်မှာ ရုပ်တုနှစ်ခုပေါ်သို့ ကျရောက်နေ၏။ သူသည် အချို့ခန့်မှန်းချက်များကို ရရှိလိုက်ပေပြီ။
လှပသောအမျိုးသမီး၏ မေးခွန်းကို ကြားလိုက်သည့်နောက် ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ “ဒီလူသားလိုအရာက ငါ့နောက်ကို လိုက်လာတာလို့ သင် ဘာကြောင့် ပြောတာလဲ…”
ဝမ်လင်းသည် ထိုသို့ပြောလိုက်ရင်း ရုပ်တုထံသို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်၏။ သူသည် ထိုအမျိုးသမီး သူ့အား ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်ဟန် ဖမ်းလိုက်သလိုပင်။
လှပသောအမျိုးသမီးက ဒေါသတကြီး ပြောသည်။ “နင့်ကြောင့်သာ မဟုတ်ရင် နင်က ဒီလူသားအသွင်ရဲ့ ဟိန်းသံကို ကြားလိုက်တာနဲ့ ချက်ခြင်း ဒီနေရာကို ဘာကြောင့် တန်းပြေးလာရသလဲ…”
“လူသားအသွင်လိုအရာက ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန်အောက်မှာ ရှိတဲ့ သားရဲပဲ။ ငါ အတားအဆီးကနေ ထွက်ခွာလာတော့ ဒီအရာနဲ့ ကြုံခဲ့တာ။ ငါ ဒါနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ငါဟာ သူ့ပြိုင်ဘက်မဟုတ်တာ သိခဲ့တယ်။ ဒါ့ကြောင့် ငါ ပြေးလာတာပဲ။ ငါက ထွက်မပြေးဘဲ အသတ်ခံရမှာလား…”
ထိုသို့ပြောနေရင်း ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်၏။ သူသည် ရုပ်တုနားသို့ ရောက်လုနီးပါး ဖြစ်နေပေပြီ။ သူ့လက်ကလည်း သူ့သိုလှောင်အိတ်ပေါ်၌ အဆင်သင့် ရှိနေ၏။ သို့သော် သူ့အကြည့်ကတော့ ထိုအမျိုးသမီးပေါ်၌ မရှိဘဲ အရှင်လေဟာနယ်ထံသို့သာ ကျရောက်နေ၏။
အရှင်လေဟာနယ်သည် ဝမ်လင်းအတွက် အလွန်ဖိအားများစေပေသည်။
သူသည် နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့ကာ သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ပါ ပိုင်ဆိုင်ထားလျှင်ပင် သူသည် အရှင်လေဟာနယ်၏ ပြိုင်ဘက်မဟုတ်သေးပေ။ တကယ်တော့ အရှင်လေဟာနယ်က နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူ မွန်းစတားအိုကြီး မဟုတ်လား။
လှပသောအမျိုးသမီးက နှာခေါင်းရှုံ့၏။ သူမသည် စကားပြောရန် ပြင်၏။ သို့သော် အရှင်လေဟာနယ်က ကြားကနေ ဖြတ်ပြောရင်း ဝမ်လင်းထံသို့ ခြေလှမ်းလိုက်သည်။ “ဂျူနီယာ…ဒီအရာက မင်းအမှား ဟုတ်လား၊မဟုတ်လား ငါ ဂရုမစိုက်ဘူး။ ရှင်းပြဖို့လည်း မလိုဘူး။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ အပြင်ထွက်သွားပြီး ဒီလူသားအသွင်လို့အရာကို ဖြားယောင်းပြီး မင်းနောက်လိုက်လာဖို့ ခေါ်သွားပါ…”
အရှင်လေဟာနယ်၏ စကားလုံးများက တည်ငြိမ်နေ၏။ သို့သော် မန္တာန်တစ်ခု ပါဝင်နေသည်။ သူ့ခြေလှမ်းလှမ်းလိုက်သည့်နောက် သူနှင့်ဝမ်လင်းတို့ကြားတွင် လှိုင်းတွန့်တစ်ခု ပေါ်လာ၏။ သို့သော် ထိုလှိုင်းတွန့်မှာ မမြင်ရသော လှိုင်းတွန့်တစ်ခုတည်း မဟုတ်ဘဲ မရေမတွက်နိုင်သောလှိုင်းတွန့်များ ပေါ်လာခြင်းပင်။
ထိုလှိုင်းတွန့်များက ပေါ်လာသည်နှင့် ၎င်းတို့က နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို ထုတ်လွှတ်လာသည်။ ၎င်းလှိုင်းတို့က အံ့မခန်းနှုန်းဖြင့် ဝမ်လင်း ရင်ဘက်ထံသို့ တိုးဝင်လာကြသည်။
ချက်ခြင်းပင် ဝမ်လင်း၏ ညာမျက်လုံးထဲကနေ အပြာရောင်အလင်းတစ်ခု ထွက်ပေါ်ကာ အဇူရာအလင်းဒိုင်းသည် သူ့ရှေ့တွင် ပေါ်လာ၏။ ထိုလှိုင်းတွန့်များသည် ဒိုင်းနှင့် ထိပ်တိုက်တွေ့၏။ ထို့နောက် သူ့ရှေ့၌ ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။
အဇူရာဒိုင်းသည် လှိုင်းတွန့်အားလုံးကို ခုခံပေးနိုင်စွမ်း မရှိပေ။ ၎င်းက ဝမ်လင်းရင်ဘက်နားထိ ပြန်ကန်လာ၏။ ဝမ်လင်း၏ ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ သူသည် သွေးအန်ထုတ်ရကာ နောက်သို့ ကြိုးပျက်သည့်စွန်ကဲ့သို့ လွင့်ထွက်သွားသည်။
အဇူရာအလင်းဒိုင်းက နောက်သို့ ပြန်ကန်လာရင်း လှိုင်းတွန့်တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခြင်းပင်။ယင်းလှိုင်းက အစွမ်းထက်လွန်း၏။ ၎င်းက ဝမ်လင်း၏ သွေးကြောများကိုပါ စုတ်ပြဲလုနီပါး ဖြစ်သွားစေရန် ကြိုးစားလာသည်။ ထိုအံ့မခန်းအားက ဝမ်လင်း၏ ခန္ဓာကိုယ်နှင်မူလစိတ်ဝိညာဉ်တို့ကိုပါ တိုက်ရိုက်ဖျက်စီးပစ်ဖို့ ဝင်ရောက်လာပေသည်။
ထိုအရာများသည် လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ မြန်လွန်းသဖြင့် လှပသောအမျိုသမီးသည်ပင် မင်သက်သွား၏။ ဝတ်စုံနက်နှင့်လူသည်လည်း သူ၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိသည်။
ဝမ်လင်း ခန္ဓာကိုယ်က နောက်သို့ လွင့်စင်ထွက်သွားချိန်၌ အရှင်လေဟာနယ်သည် အံ့အားသင့်သွား၏။ ထိုတိုက်ခိုက်မှုမှာ သူ့စွမ်းအားအပြည့် မဟုတ်သော်လည်း ၎င်းတိုက်ချက်သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတော့ လွယ်လင့်တကူ သတ်ပစ်နိုင်စွမ်း ရှိနေပေ၏။
အရှင်လေဟာနယ်က ထိုတိုက်ခိုက်မှုဖြင့် အနာဂတ်တွင် ဟင်္သာငှက်နတ်အင်ပါယာ ဖြစ်လာနိုင်သည့်သူ (ဝမ်လင်း)သည် ကျိန်းသေပေါက် သေသွားရလိမ့်မည်ဟု ထင်ထားခဲ့၏။ အရှင်လေဟာနယ်က ထိုသူနှင့်အတူ သူ့ဟင်္သာငှက်ပါ သေဆုံးသွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။
***