သွေးအရိပ်အဖွဲ့၏ စိန်ခေါ်စကားကြောင့် လွမ်ယာ၏မျက်ဝန်းများထဲရှိ လူသတ်ငွေ့များ ပို၍ အားကောင်းလာသည်။ ထို့နောက် လွမ်ယာသည် ခေါင်းဆောင်လဲ့ကို ကြည့်လိုက်၏။
ခေါင်းဆောင်လဲ့၏အမူအရာသည် ပုံမှန်အတိုင်းသာ ရှိပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကြက်ခြေခတ် ”
ထိုစကားကြောင့် ကြက်ခြေခတ်သည် စကားတစ်ခွန်းမဆိုဘဲ လေးကြီးကို ဆွဲယူလိုက်သည်။ ထို့နောက် လေးညှို့ကိုတင်ကာ လေထဲသို့ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။
သူ၏လှုပ်ရှားမှုများသည် လွန်စွာ သွက်လက်မြန်ဆန်လှပြီး မြားသည်လည်း တရွှီရွှီမြည်သံပေး၍ ဝေဟင်တွင် ဝဲပျံနေသော သိန်းငှက်ကို မိုးကြိုးပစ်ချလိုက်သည့်အလား ချက်ချင်း ထိုးဖောက်သွားသည်။ သွေးများ ဖွာခနဲ ပန်းထွက်သွားပြီး ပြင်းထန်လှသော နာကျင်မှုကြောင့် သိန်းငှက်သည် တဂီးဂီး အော်မြည်နေပြီး မြေပြင်ရှိ အဖွဲ့နှစ်ဖွဲ့ကြားသို့ ဘုန်းခနဲ ကျသွားသည်။
တချိန်တည်းမှာပင် သွေးအရိပ်အဖွဲ့ဝင်တစ်ယောက်၏ ခန္ဓာကိုယ်သည်လည်း ထိန်းမနိုင်သိမ်းမရ တုန်ရီနေပြီး သွေးတစ်ပွက် အန်သွားသည်။ သူ့မျက်နှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွား၏။
ယင်းသည် သူ၏သိန်းငှက်ဖြစ်သည်။ လွမ်ယာ မွေးမြူထားသော ခွေးများကဲ့သို့ မဟုတ်ဘဲ သူသည် ထိုသိန်းငှက်ကို ထိန်းချုပ်ရန် ၎င်းအထဲသို့ သူ့ဝိညာဉ်စွမ်းအားများကို ခွဲထုတ်၍ ထည့်ထားခဲ့သည်။ သို့ဖြစ်၍ တန်ပြန်သက်ရောက်အားကြောင့် သူ အပြင်းအထန် ဒဏ်ရာရရှိသွားရသည်။ သွေးအရိပ်အဖွဲ့ထဲမှ တခြားလူများသည်လည်း သတ်ဖြတ်ရန် တကဲကဲ ဖြစ်လာကြသည်။ သို့သော် သူတို့ကို သွေးအရိပ်အဖွဲ့ခေါင်းဆောင်က ဟန့်တားလိုက်သည်။ သူသည် ခွေးအသေကောင်ပေါ်မှ ထကာ လွမ်ယာကိုမဟုတ်ဘဲ ခေါင်းဆောင်လဲ့ကိုသာ စူးစိုက်၍ ကြည့်လိုက်သည်။
ခေါင်းဆောင်လဲ့သည်လည်း သူ့ကို အေးတိအေးစက် ကြည့်နေသည်။
သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာသည်အထိ စူးရှစွာ ကြည့်ပြီးနောက် အေးစက်စက်နှာမှုတ်လိုက်ကြသည်။
“ သွားကြမယ် ”
ခေါင်းဆောင်လဲ့က တည်ငြိမ်စွာ ပြော၍ ရှေ့ဆက်လျှောက်သွားသည်။ လွမ်ယာနှင့် တခြားလူများသည် သူ့နောက်မှ လိုက်ပါသွားကြ၏။ ရွှီချင်းသည်လည်း ထိုလူများထဲ ပါဝင်ပေသည်။
ရွှီချင်းသည် အဖွဲ့နှစ်ဖွဲ့ကြားမှ ကြီးမားသော အငြှိုးအတေးများကို ခံစားလိုက်ရပြီး သွေးအရိပ်အဖွဲ့ဝင်များကို ပြန်လှည့်ကြည့်လိုက်သည်။ သူတို့သည် မြင်းလေးနှင့် ဖက်တီးရှန်ကို စောင့်နေကြောင်း သူ ပြောနိုင်သည်။ သို့ပေမည့် သူတို့နှစ်ယောက် ဘယ်တော့မှ ပေါ်လာတော့မည်မဟုတ်သည်ဖြစ်ရာ သနားစရာ ကောင်းလှပေသည်။
ရွှီချင်းသည် တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်ပြီး ခေါင်းဆောင်လဲ့နှင့် တခြားလူများနောက်သို့ လိုက်ပါသွားကာ စခန်းထဲမှ တဖြည်းဖြည်း ထွက်ခွာသွားသည်။
တားမြစ်နယ်မြေသည် စခန်းနှင့် သိပ်ဝေးဟန်မတူသော်လည်း ခြေကျင်လျှောက်မည်ဆိုပါက အတော်လေး သွားရသေးသည်။
သူတို့အုပ်စုသည် တစ်နာရီကျော်ကြာ လမ်းလျှောက်လာခဲ့ကြပြီးနောက် ခပ်လှမ်းလှမ်းတွင် မည်းမှောင်နေသော နေပျောက်မကျသည့် တောအုပ်ကြီးကို လှမ်းမြင်လိုက်ရသည်။
အပြင်ဘက်မှကြည့်လျှင် တားမြစ်နယ်မြေတောအုပ်သည် အဆုံးအစမဲ့လောက်အောင် ကြီးမားကျယ်ပြန့်ကာ မည်မျှအထိ တည်ရှိနေသည်ကို မသိနိုင်ချေ။
မွန်းလွဲပိုင်းသို့ ရောက်လာပြီဖြစ်၍ နေမင်းကြီးသည် အရှိန်တညီးညီး တောက်ပနေ၏။ သို့သော်လည်း တားမြစ်နယ်မြေထဲမှ တောအုပ်ကြီးသည် အပြင်ဘက်ကမ္ဘာနှင့်ယှဉ်လျှင် သီးခြားကမ္ဘာတစ်ခုအလား ထင်မှတ်ရသည်။
တောအုပ်ကြီး၏အစွန်အဖျားနေရာရှိ အထက်ကောင်းကင်ယံတွင် တိမ်မည်းများ စုဝေးနေသည်။ တဖျပ်ဖျပ် ဝင်းလက်နေသော လျှပ်စီးတန်းများကို ပကတိမျက်စိဖြင့် မြင်တွေ့နိုင်ပြီး တားမြစ်နယ်မြေကြီးကို ထူးဆန်းကာ အန္တရာယ်ရှိသောနေရာအဖြစ် ခံစားရစေသည်။
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို စူးစမ်းကာ အဖွဲ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။ လမ်းတစ်လျှောက်တွင် မိုးကြိုးအဖွဲ့မှ မည်သူမျှ စကားတစ်ခွန်း မဆိုကြပေ။ သို့သော် တားမြစ်နယ်မြေကို တဖြည်းဖြည်း နီးလာသည်နှင့်အမျှ လူအားလုံး၏ ကြွက်သားများ တင်းရင်းလာသည်ကို ရွှီချင်း သတိထားမိလိုက်သည်။ သူသည်လည်း ထိုနည်းတူပင်။
ထိုသို့ဖြင့် ရှေ့ဆက်လာကြရင်း ရွှီချင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ အနွေးဓာတ်များ ချက်ချင်းပျောက်ကွယ်သွားကာ အေးစိမ့်ကမ္ဘာကြီးတစ်ခုထဲသို့ ခြေချမိသည့်ခံစားချက်မျိုး ရလိုက်သည်။ တားမြစ်နယ်မြေထဲသို့ သူ ဝင်ရောက်ခဲ့လေပြီ။
ပုံမှန်လောကကြီးထဲရှိ မြင်ခဲ့ရသော မြင်ကွင်းများအားလုံးသည်လည်း အမြစ်မှဆွဲနှုတ်ခံလိုက်ရသည့်ပမာပင်။
ရင်းနှီးသော ရိုးတွင်းခြင်ဆီတိုင်အောင် အေးစိမ့်စိမ့်အငွေ့အသက်များက သွေးမိုးစက်များအောက်ရှိ မြို့ပျက်ကြီးနှင့်ပတ်သက်သော သူ၏မှတ်ဉာဏ်များကို အသာအယာ လှုပ်နှိုးလိုက်သည်။
သို့ဖြစ်၍ သူသည် အသက်ဝဝရှူ၍ သတိကြီးကြီးထားလာသည်။ မြို့ပျက်ကြီးထဲတွင် ရှိစဉ်ကတိုင်း သူသည် သံတုတ်ကလေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား၏။
ယခင်ကနှင့် မတူသော ခြားနားချက်မှာ မြို့ပျက်ကြီးထဲတွင် ကျိုးပဲ့ပျက်စီးနေသော နံရံများစွာ ရှိနေပါသော်လည်း ဤနေရာတွင်မူ …
သစ်ပင်များသည် တစ်ပင်နှင့်တစ်ပင် နွယ်ယှက်နေကြပြီး တစ္ဆေကြီးများပမာပင်၊ စိုစွတ်သော မြေသားသည်လည်း ပျော့လွန်းလှသည်ဖြစ်ရာ ငရဲကို ရောက်နေသည့်အလားပင်။ ထိုနည်းတူစွာ သစ်ပင်များ၏ အကိုင်းအခက်များ အရွက်များသည်လည်း ဝေဟင်တွင် သွားများနှင့် လက်သည်းများဖြင့် ဖုံးလွှမ်းနေသည့်ပမာ အဖက်ဖက်သို့ ပျံ့နှံ့နေသည်။
သို့ပေမည့် မိုးကြိုးအဖွဲ့သည် ထိုနေရာနှင့် လွန်စွာ ရင်းနှီးဟန်တူသည်။
သူတို့သည် လက်နက်များကို သူတို့၏ကျောထက်တွင် လွယ်ပိုးထားကြပြီး ခြေလှမ်းတိုင်းက တက်ကြွနေပေရာ သူတို့ သွားနေသည့်လမ်းသည် မကြာခဏ လာလေ့ရှိသောလမ်းမှန်း သိသာလှသည်။ ရိုးရှင်းသော တချို့နေရာများကို သူတို့ ခုန်ကျော်လာခဲ့ကြသလို အန္တရာယ်ရှိဟန်တူသော နေရာများကို လမ်းလျှောက်၍သာ ကျော်ဖြတ်လာခဲ့ကြသည်။
အကြောင်းပြချက်မရှိ သူတို့ ရှောင်ကွင်းသွားရသော နေရာများလည်း ရှိပေသည်။ ထိုသို့ဖြင့် သူတို့သည် လမ်းတစ်လျှောက်ရှိ အန္တရာယ်များအားလုံးကို ရှောင်ရှားလာခဲ့၏။
သူတို့နောက်မှ လိုက်ပါလာသော ရွှီချင်းသည် အသေးစိတ်အချက်အလက်များအားလုံးကို အာရုံစိုက်၍ မှတ်သားထားသည်။
သို့သော် ထူးဆန်းသောအခြင်းအရာများကိုလည်း သူ သတိထားမိလိုက်သည်။ လမ်းခရီးတစ်လျှောက် ခေါင်းဆောင်လဲ့သည် ဦးဆောင်မသွားပေ။ တစ်ခါတရံ တစ္တေရိုင်းကြီးက သွားလေ့ရှိပြီး ရံဖန်ရံခါ လွမ်ယာဖြစ်သည်။ သူတို့နှစ်ဦးက အလှည့်ကျ ဦးဆောင်သွားကြသည်။
သူတို့အုပ်စုသည် ခပ်သွက်သွက် မသွားခဲ့ကြသော်လည်း ခပ်လှမ်းလှမ်းမှ သားရဲဟိန်းသံနည်းနည်းပါးပါး ကြားခဲ့ရသည်မှလွဲ၍ အတော်လေး ဘေးကင်းခဲ့သည်။
အဆိပ်ပိုးမွှားတချို့နှင့် ကြုံတွေ့ခဲ့ရပါသော်လည်း လွမ်ယာက အမွှေးတိုင်ထွန်းကာ မောင်းထုတ်ခဲ့သည်။
သူတို့သည် နှစ်နာရီကြာ စကားတစ်ခွန်းမဆိုဘဲ လျှောက်လာကြပြီး နောက်ဆုံးတွင် ရွှံ့နွံထူထပ်သော နေရာ၏ဘေးတွင် ရပ်ကာ သက်ပြင်းများ ချလိုက်ကြသည်။
လွမ်ယာသည် ဆေးမှုန့်အနည်းငယ်ထုတ်ကာ သဲမှုန်များရှိနေသော ရွှံ့နွံ့များအပေါ် ပက်လိုက်သည်ကို ရွှီချင်း သတိထားမိလိုက်သည်။ မကြာခင် အဆိပ်ပိုးမွှားများ ပလုံစီအောင် ထွက်လာသည်။ သို့သော်လည်း လွမ်ယာသည် တည်ငြိမ်စွာဖြင့် နောက်ထပ်ဆေးမှုန့်များကို ဖြန့်ကျဲလိုက်ရာ အဆိပ်ပိုးမွှား အလုအယက် ရှောင်သွားကာ ရွှံ့နွံများ ငြိမ်ကျသွားသည်။
ထို့နောက် လူအားလုံး ဆောင့်ကြောင့်ထိုင်ချလိုက်ကြပြီး သဲမှုန်များကို ရင်းနှီးကျွမ်းဝင်စွာ ယူ၍ သူတို့ခန္ဓာကိုယ်ပေါ်တွင် လိမ်းကျံလိုက်သည်။
“ ငါတို့လာခဲ့တဲ့လမ်းကို အသေးစိတ် မှတ်မိလား ”
ခေါင်းဆောင်လဲ့သည် သဲမှုန်များကို သူ့ကိုယ်ပေါ်တွင် လိမ်းကျံလိုက်ရင်း ရွှီချင်းကိုလည်း အလားတူ လုပ်ရန် လက်ဟန်ပြလိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်မနေဘဲ သူတို့နည်းတူ လုပ်လိုက်သည်။။ တချိန်တည်းမှာပင် သူသည် လွမ်ယာကို ကြည့်လိုက်ပြီး သူမသည် အဆိပ်နှင့်ပတ်သက်၍ အနည်းငယ် တီးမိခေါက်မိရှိနိုင်ကြောင်း ခံစားလိုက်ရသည်။
“ ငါတို့ တချို့နေရာတွေကို ခုန်ကျော်လာခဲ့တာက သစ်ရွက်တွေက ဆိုးဆိုးဝါးဝါးပျက်စီးနေပေမဲ့ ခြေရာလက်ရာမပျက်ရှိနေတယ်။ အဲဒါက သားရဲတွေ တစ်ကောင်မှ ဖြတ်ကျော်သွားတာမဟုတ်ဘဲ မသိနိုင်တဲ့အကြောင်းအရာတွေ ရှိနေတယ်ဆိုတာ ပြနေတယ် ”
“ ငါတို့ ကျော်ဖြတ်လာခဲ့တဲ့နေရာတွေကတော့ မြေပြင်မှာ သားရဲတွေရဲ့ ခြေရာတွေကို တွေ့လို့ပဲ။ သတ္တဝါတွေက ဘေးကင်းမယ့်နေရာတွေကို ရွေးချယ်နိုင်ကြတယ်။ ဒါကြောင့် အဲဒီနေရာတွေက ကြီးကြီးမားမား အန္တရာယ်မရှိသလို လူတွေကို ဝါးမျိုမယ့် နွံအိုင်သေတွေလည်း မရှိဘူးဆိုတာ ပြနေတာ ”
“ ငါတို့ ရှောင်ကွင်းလာခဲ့တဲ့နေရာတွေကတော့ တစ္ဆေရိုင်းကြီးရဲ့အနံ့ခံစွမ်းရည်ကြောင့်ပဲ။ သူ့နှာခေါင်းက ချွန်ထက်ပြီးတော့ အန္တရာယ်ရှိတဲ့ သန္ဓေပြောင်းသားရဲတချို့ရဲ့ အနံ့ကို ခံနိုင်တယ်။ ဒီခရီးကနေ မင်းအများကြီး သင်ယူစရာတွေ ရသွားမှာ။ မင်းအနေနဲ့ တတ်နိုင်သလောက် ကြိုးစားပြီး မှတ်ထား ”
ထိုစကားကိုကြားသောအခါ ရွှီချင်းသည် တစ္ဆေရိုင်းကြီးကို လှမ်းကြည့်လိုက်သည်။ တစ္ဆေရိုင်းကြီးသည်လည်း သူ့ကို လှည့်အကြည့်နှင့် ဆုံသွားရာ သူ့ကို သွားများဖြဲ၍ ပြုံးပြလိုက်သည်။
“ ဒီသဲမှုန်တွေနဲ့ပတ်သက်ပြီး ပြောရရင် ဒီနေရာကို ငါတို့အဖွဲ့သိတာ နှစ်အများကြီး ရှိနေပြီ။ ဒီသဲမှုန်ထဲမှာ ညဖွတ်တွေရဲ့ အရေခွံတွေ ပါတယ်။ အဲဒီသဲမှုန်တွေက ငါတို့ခန္ဓာကိုယ်အငွေ့အသက်တွေကို ဖယ်ရှားပေးရုံတင်မကဘူး။ တခြားသတ္တဝါတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကြောက်လန့်သွားစေတယ် ”
“ ငါတို့သွားမယ့်နေရာက အတော်လေးဝေးသေးတယ်။ မြောက်ဘက်မှာ အဆိပ်နဂါးနွံအိုင်ရှိတယ်။ ရတနာမုဆိုးတွေက တားမြစ်နယ်မြေထဲက နေရာတွေကို ခွဲပြီးမှတ်ထားကြတယ်။ အဆိပ်နဂါးနွံအိုင်ကတော့ အဲဒီနယ်မြေတွေထဲက တစ်ခုပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့ အဲဒီနေရာကို သွားမှာမဟုတ်ဘူး ”
ခေါင်းဆောင်လဲ့သည် ထိုစကားများကို ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း သဲမှုန်များဖြင့် လိမ်းကျံပြီးသွားပြီဖြစ်သည်။