ထိုလမ်းဘေး တဖက်တချပ်စီ၌ ပန်းခင်းများ ပြည့်ကျပ်နေ၏။ လှပ၍ ပန်းမျိုးစုံလှသည်။ သို့သော်လည်း ၎င်းပန်းများက အတားအဆီးများနှင့် ပြည့်နေ၏။ ထိမိသည်နှင့် အသက်ဝင်လာနိုင်သည်။ ၎င်းအတားအဆီးများမှာ တိုက်ခိုက်ခြင်း၊ ပိတ်လှောင်ခြင်း သို့မဟုတ် တခြားနေရာတစ်ခုသို့ တည်နေရာ ကူးပြောင်းပစ်ခြင်း စသည့်အစွမ်းသတ္တိတို့ ရှိကြသည်။
ထိုအချက်မသိပါက သည်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်း တလက်မလောက် ရွှေ့လျားရန်ပင် ခက်ခဲပေလိမ့်မည်။ သည်လမ်းကို ခင်းထားသည့် ကောင်းကင်ဘုံကျောက်စိမ်းများထဲ၌ပင် အတားအဆီးများ ပြည့်နှက်နေ၏။
သို့သော်လည်း ထိုအရာများက ဝမ်လင်းအတွက်တော့ အန္တရာယ် ပေးနိုင်ခြင်း မရှိပါ။မြေပုံထဲ၌ ၎င်းအတားအဆီးများကို ချိုးဖျက်သည့် နည်းလမ်း မပါဝင်သော်လည်း အတားအဆီးများအကြောင်းကိုတော့ အသေးစိတ် မှတ်တမ်းတင် ဖော်ပြထားသည်။
အခြားလူများအဖို့ ထိုအချက်အလက်များကို ရရှိလျှင်ပင် သိပ်အသုံးဝင်လိမ့်မည် မဟုတ်ပေ။သို့သော် ဝမ်လင်းကဲ့သို့ အတားအဆီးပညာရှင်တစ်ယောက်အတွက်တော့ သည်အချက်အလက်နှင့်ဆိုပါက တချက်ကြည့်ရုံပင် အဖြေရနိုင်စွမ်း ရှိနေပေသည်။ ထိုအတားအဆီးများ၏ အချက်အလက်က သူ့အတွက် အတော်လေး အသုံးဝင်လှသည်။
မည်သို့ပင်ဖြစ်စေ ဝမ်လင်း၏ စိတ်နေအရ သူသည် ကျောက်စိမ်းပြားထဲရှိ မြေပုံကို ရာနှုန်းပြည့် မယုံကြည်ပေ။ သူသည် ခပ်မှန်မှန်သွားနေသော်လည်း ထိုမြေပုံထဲရှိ အချက်အလက်များ မှန်၊မမှန်ကိုပါ အသေအချာသိရန် ဆက်တိုက် စစ်ဆေးကြည့်နေသည်။
ဆက်သွားနေရင်း ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စောနက သူအရိပ်ထံမှ လုယူခဲ့သည့် သံဓားသည် သူ့လက်ထဲတွင် ပေါ်လာသည်။ သူ့နတ်ဘုရားအာရုံကို ထိုဓားပေါ်သို့ ဖြန့်ကျက်လိုက်၏။ ၎င်းဓားက သာမန်သာ ဖြစ်သော်လည်း ဝမ်လင်းနတ်ဘုရားအာရုံ ဝင်ရောက်မှုကို အားကောင်းစွာ ခုခံလေ၏။
ထိုဓားထဲသို့ မည်သည့်နတ်ဘုရားအာရုံမှ မဝင်ရောက်အောင် စွမ်းအားတစ်ခုခုက တားဆီးထားသကဲ့သို့ပင်။
အထူးသဖြင့် သံချေးအမှတ်နေရာများက ခုခံခြင်းတွင် အားအကောင်းဆုံး ဖြစ်နေသည်။ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဝမ်လင်းက စဉ်းစားသည်။
“ဒါက ဘယ်လိုဓားမျိုးလဲ…” သံချေးကွက်များကို စူးစိုက်ကြည့်နေရင်း သူက ထာဆန်၏တမန်တော ယခုလိုမျိုး သံဓားကို ရခဲ့ချိန်က ဖြစ်ပေါ်ခဲ့သည့် ဟန်အမူအရာကို ပြန် သတိရသွား၏။ ထိုစဉ်က ထိုတမန်တော်သည် ဓားကို ရရှိလိုက်စဉ် ကောင်းကင်ဘုံရတနာတစ်ခုကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ အမူအရာမျိုး ဖြစ်ပေါ်ခဲ့ခြင်းပင်။ သို့သော် သူက သံဓားအစား ဓားပေါ်ရှိ သံချေးကွက်များကိုသာ ကြည့်နေခဲ့ခြင်းပင်။
ဝမ်လင်းသည် သူ့ဘယ်လက်ကို မြှောက်၍ ထိုသံချေးကွက်များအား ညင်သာစွာ ပွတ်သပ်လိုက်၏။ သူ့လက်ပေါ်၌ အနီရောင်သဲချေးကွက်တစ်ချို့ကို တွေ့လိုက်ရ၏။
သူက ၎င်းကို သူ့နှာခေါင်းနားသို့ တေ့ကြည့်လိုက်ရာ ညှိစိုစိုအနံတစ်ခုကို ခပ်ဖျော့ဖျော့ ရရှိသည်။
“ဒါ သာမန် သံချေး မဟုတ်ဘူး…” ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူ့ဘယ်လက်ကို အောက်ပြန်ချသည်။ သို့သော် သူ့လက်ကို လှုပ်ရှားလိုက်ရုံလေးဖြင့် စုတ်ပြဲသံတစ်ခုပေါ်လာပြီး သူ့ဘယ်လက် လှုပ်ရှားသွားခဲ့သည့်နေရာတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေ၏။
ဝမ်လင်းကို ပို၍ တုန်လှုပ်သွားစေသည်က သူ့ဘယ်လက်ကို လှုပ်လုံရုံဖြင့် သူ့အနီးအနားရှိ ပန်းပင်လယ်သည်ပါ ရုတ်တရက် အနီရောင်တောက်သွားခြင်းပင်။ ထို့နောက် ထိုပန်းများအားလုံးမှာ ခြောက်သွေ့၍ ၎င်းတို့ပေါ်ရှိ အတားအဆီးများသည်ပင် တိတ်ဆိတ်စွာ ပျက်စီးသွားတော့သည်။
ဝမ်လင်းသည် အပျက်အစီးပုံ ဖြစ်သွားဟန် ရသည့် ပန်းပင်လယ်ကို စူးစိုက်ကြည့်နေရင်း မျက်လုံးများ တောက်နေ၏။ ထို့နောက် သူက သူ့ဘယ်လက်ပေါ်ရှိ သံချေးကို ကြည့်သည်။
ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ဝမ်လင်းက သူ့ဘယ်လက်ရှိ သံချေးဖြင့် နောက်ထပ်ပန်းပင်လယ်တစ်ခုထံသို့ ညွှန်လိုက်၏။ ထိုပန်းပင်လယ်သည်လည်း ချက်ခြင်း ခြောက်သွေ့သွားတော့၏။
ထို့အတူ ဝမ်လင်း လက်ချောင်းထက်ရှိ သံချေးသည်လည်း ပျောက်ကွယ်သွား၏။
ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သံဓားပေါ်ရှိ သံချေးများကို စူးနစ်စွာ ကြည့်နေသည်။ သူ လုံးဝ တုန်လှုပ်မိနေ၏။ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူသည် အံတင်းတင်းကြိတ်၏။ထို့နောက် သူ့မျက်ခုံးနှစ်ခုကြားမှ တတိယမျက်လုံးကို ပွင့်လာစေလိုက်သည်။
တတိယမျက်လုံးပွင့်လာချိန်၌ ၎င်းမျက်လုံးအတွင်းမှ အနီရောင်အလင်း ထွက်ပေါ်ကာ သံဓားပေါ်သို့ ခြုံလွှမ်းသည်။ မူလစွမ်းအင်ရင်းမြစ် ထွက်ပေါ်လာကာ သံချေးကွက်များအတိုင်း ရွှေ့လျားလေ၏။
ထိုအကြည့်အောက်၌ ဝမ်လင်းသည် သံဓားမှာ တဖြည်းဖြည်း ကြည်လင်ထွင်းဖောက်လာသည်ကို မြင်နေရ၏။ သို့သော် သံချေးကွက်များကမူ ပြောင်းလဲသွားခြင်းမရှိ၊ ပုံမှန်အတိုင်းသာ ကျန်ရစ်နေမြဲပင်။
သံဓားအတွင်း၌ မမြင်ရသောစွမ်းအင်တစ်ခု လှုပ်ရှားကာ လှည့်လည်နေသလိုပင်။ ၎င်းစွမ်းအင်က ဝမ်လင်း၏ တတိယမျက်လုံးမှ မူလစွမ်းအင်ရင်းမြစ်နှင့် ထိမိချိန်၌ မူလစွမ်းအင်ရင်းမြစ်ကို ဝါးမြိုလိုသည့်အလား ထိုးထွက်လာတော့၏။
ဝမ်လင်းသည် ထိုမန္တာန်ကို ချက်ခြင်း ဖြတ်တောက်ပစ်ကာ မူလစွမ်းအင်ရင်းမြစ်ကို ပြန်ရုတ်သိမ်း၏။ တတိယမျက်လုံးသည်လည်း ပြန်ပိတ်သွားလေပြီ။ မမြင်ရသောစွမ်းအင်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဆုတ်ကာ သံဓားအတွင်း ဆက်လက် စီးဆင်းနေလေသည်။
ဝမ်လင်းသည် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေ၏။ သူသည် သက်ပြင်းချလိုက်မိ၏။ ၎င်းဓားကို ပြန်သိမ်းဆည်းရန် လုပ်လိုက်စဉ် ဖျပ်ခနဲ သူက အတွေးတစ်ခု ရလိုက်၏။ သူသည် သံဓားကို ကြည့်၏။ ၎င်း၏အရွယ်အစားကို သေချာကြည့်ပြီးသည့်နောက် သူ့အသွင်သည်လည်း ထူးဆန်းလာသည်။
သူက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရွှေရောင်အလင်းတန်းငါးခု ပျံသန်းထွက်လာလေ၏။ ထိုအလင်းတန်းများမှာ ဓားအိမ်ငါးခုပင်။ ၎င်းတို့က ဝမ်လင်းရှေ့တွင် ပေါ်လာသည်။ အတိတ်တုန်းက ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ၎င်းဓားအိမ်များကို ရရှိခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏အကျိုးသက်ရောက်မှုကိုတော့ ယနေ့အထိ မသိသေးပေ။ သူသိသည့် တစ်ချက်ကတော့ ဓားတစ်လက်ကို ယင်းဓားအိမ်များထဲသို့ ထိုးစိုက်လိုက်ပါက ထိုဓား၏စွမ်းအားသည် ပို၍ ကြမ်းလာသည်ကိုသာ သိထားခဲ့သည်။
ဓားအိမ်ငါးလက်ကို ထုတ်ယူပြီးသည့်နောက် ဝမ်လင်း၏ညာလက်ကို ဆန့်ထုတ်လိုက်ရာ သံဓားသည် ထိုဓားအိမ်များထဲမှ တစ်ခုထဲသို့ ဝင်ရောက်လို့သွားသည်။ ဓားသည် ဓားအိမ်နှင့် လုံးဝ ကွက်တိ ဖြစ်နေ၏။
သို့သော် ဓားက ဓားအိမ်ထဲသို့ ဝင်ရောက်သွားခဲ့သော်လည်း မည်သည့်ပြောင်းလဲမှုမှ ဖြစ်မလာခဲ့ပေ။ ဝမ်လင်းသည် သံဓားကို ပြန်ထုတ်ယူ၍ အခြားဓားအိမ်တစ်ခုထဲသို့ ထပ်ထည့်ရန် ကြိုးစားလိုက်သည်။ သူက တတိယမြောက်ဓားအိမ်ထဲသို့ ဓားကို ထည့်သွင်းလိုက်ချိန် ဓားအိမ်ပေါ်ရှိ စာလုံးများသည် ခပ်ရှရှအလင်းတစ်ခုကို ထုတ်လွှတ်လာသည်။
သံဓားနှင့်ယင်းဓားအိမ်တို့ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာတော့သည်။ ဝမ်လင်း၏မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ ပြည့်သွား၏။ သူက ဓားအိမ်ကို ဖမ်းဆုပ်လိုက်ကာ အသက်ဝဝရှုသွင်း၍ သံဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။
သံဓားသည် ဓားအိမ်ထဲကနေ ဖြည်းဖြည်းချင်း ဆွဲထုတ်တာ ခံနေရရင်း ကြောက်မက်ဖွယ်အော်ရာသည် ပို၍ ပြင်းထန်လာနေသည်။ သံဓားကိုသာ လုံးဝ ဆွဲထုတ်လိုက်ပါက ကြောက်မက်ဖွယ်အားတစ်ခု ပေါ်လာနိုင်ပေမည်။
ဝမ်လင်းသည် တစုံတစ်ယောက်၏ ရတနာတစ်ခုမှ အခုလိုမျိုး တူညီသည့်စွမ်းအား ရှိခဲ့သည်ကို ပြန်ခံစားမိ၏။ ထိုရတနာ၏ ပိုင်ရှင်ကတော့ သေသွားခဲ့ပေပြီ။ထိုသူကတော့ ကြီးမြတ်သောရွှမ်ပေါင်ပင်။ သူ့လက်နက်ရတနာကတော့ အတုအပနိဗ္ဗာနလေဟာနယ်မြှား ဖြစ်ချေ၏။
“အတုအပနိဗ္ဗာနလေဟာနယ်…” ဝမ်လင်း၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေ၏။ သူသည် ဓားကို အဆုံးထိ ဆွဲထုတ်ခြင်း မပြုပေ။ ထိုအစား စိတ်လှုပ်ရှားမှုဖြင့် ဓားကို ဓားအိမ်ထဲသို့သာ ပြန်ထည့်သွင်းလိုက်၏။ ထို့နောက် သူသည် ရှေ့သို့ အမြန်ဆက်သွားတော့သည်။
သူသည် ထိုလမ်းငယ်အတိုင်း အလင်းတန်းအလား ရှေ့လျားကာ ရှေ့သို့ ဆက်သွားနေသည်။ ချက်ခြင်းပင် သူသည် အဆောက်အဦတစ်ခုနားသို့ ရောက်လာ၏။ ထိုအဆောက်အဦမှာ ကြီးမားလှခြင်းမရှိ၊ အထပ်နှစ်ထပ်သာ ရှိသည်။ သာမန်ဟုသာထင်ရ၏။ သို့သော် မြေပုံအရဆိုပါက ၎င်းသည် ပထမအလွှာ၏ အတားအဆီးမျက်လုံးဟု ဆို၏။ စုစုပေါင်း အတားအဆီးမျက်လုံး ရှစ်ခုကို ဖွင့်လှစ်ပြီးမှသာ လူတစ်ယောက်သည် မြူနက်ထုထဲသို့ ခြေချနိုင်မည့် အခွင့်အရေးရှိပေမည်။
ထိုအဆောက်အဦကို သေချာကြည့်လိုက်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက တစုံတစ်ယောက်ကြောင့် ပျက်စီးနှင့်နေသော အဆောက်အဦထဲရှိ အတားအဆီးများကို သတိပြုမိလိုက်၏။
“ဒီအတားအဆီးတွေ ပျက်စီးနေပုံကို ကြည့်ရသလောက်ကတော့ ဒါဟာ ဖျက်စီးခံရတာ သိပ်မကြာသေးဘူးပဲ…” ဝမ်လင်းသည် သတိထားလာ၏။ သည်နေရာရှိ အတားအဆီးများကို နားလည်သည်မှာ သူတစ်ယောက်တည်း မဟုတ်မှန်း ထင်ရှားနေပြီ မဟုတ်လား။
“ကောင်းကင်ဘုံမြှုပ်နှံ့ခြင်း ရေကန် ပျက်စီးသွားတဲ့နောက် လူတိုင်း တကွဲတပြား ဖြစ်ကုန်တယ်။ ငါ့ထက်အရင်အတားအဆီးတွေကိုချိုးဖျက်ခဲ့တဲ့လူတွေ ရှိကိုရှိလိမ့်မယ်။ ဘယ်သူတွေလဲတော့ ငါ မသိဘူး…”
ဝမ်လင်းက သူ့ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ ကောင်းကင်ဘုံအင်ပါယာ၏ ပထမအလွှာသည် မကြီးမားပေ။ လူတစ်ယောက်၏နတ်ဘုရားအာရုံဖြင့် အလွယ်တကူ ခြုံလွှမ်းနိုင်၏။ သို့သော်လည်း သူတို့သာ ရူးသွပ်နေခြင်းကြောင့်သာ မဟုတ်ပါက သည်လောက်အတားအဆီးများပြားသည့်နေရာတွင် သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ကြလိမ့်မည် မဟုတ်ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ထိုအဆောက်အဦပတ်လည်သို့ ရွှေ့လျားရင်း မြက်ခင်းတစ်ခုပေါ်သို့ ခြေချလိုက်သည်။ သူ့မျက်လုံးထဲတွင် ဆင်ခြင်ကောက်ချက်ချမှုများ တဖျပ်ဖျပ် ဖြစ်ပေါ်နေ၏။ သူက ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်တိုးသွားသည်။
မြေပုံတွင် သည်မြက်ခင်းပေါ်ရှိ အတားအဆီးများအကြောင်း ဖော်ပြထားတာ ရှိပေ၏။ ဝမ်လင်းသည် မြက်ခင်းတလျှောက် သွားနေသော်လည်း ထိုအတားအဆီးများကို အသက်မဝင်စေပေ။ သူက မျက်စိတစ်မှိတ်အတွင်း မြက်ခင်းကို ဖြတ်ကျော်လာသည်။
ပထမအလွှာ၏ အရှေ့မြောက်ထောင့်၌ နဂါးအမှတ်အသားကို ဖုန်းကွယ်ထားသော ဝတ်စုံနက်နှင့်လူသည် သူ့ရှေ့ရှိ အဆောက်အဦကို အေးစက်စက် ကြည့်နေသည်။
သူ့ရှေ့ အဆောက်အဦ၏ အခြားတစ်ဖက်၌ နောက်တစ်ယောက် ရပ်နေ၏။ သူကတော့ လှပသည့်သက်လတ်ပိုင်းအမျိုးသမီး ဖြစ်သည်။ သူမက အဆောက်အဦကို ဖြတ်ကျော်၍ ဝတ်စံနက်နှင့်လူကို ကြည့်နေ၏။ သူမ၏အသွင်က သုန်မှုန်နေသည်။
“ရောင်းရင်းကျင့်ကြံသူ…ဒါက ရိုးရှင်းတဲ့အတားအဆီးတစ်ခုပါပဲ။ သင်က ဘာကြောင့် ဒါကို ငါ့ရှိကနေ လုယူချင်နေရတာလဲ…” ထိုအမျိုးသမီး၏အသံက အနည်းငယ် ရန်လိုမှုပါနေ၏။ သို့သော် နာပျော်ဖွယ်ကောင်းနေပါသေးသည်။
သူမသည်လည်း ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန် ပျက်စီးသွားခြင်းကြောင့် အတားအဆီးတစ်ခု၏ တွန်းပို့ခြင်းကို ခံခဲ့ရ၏။ ကံကောင်းစွာဖြင့် ထိုအတားအဆီးမှာ အလွန်အားကောင်းခြင်းမရှိသည့်အတွက် သူမဖို့ ၎င်းကို ဖျက်စီးရန် အချိန်သိပ်မယူခဲ့ရပေ။ ထို့နောက် သူမက မြူနက်ထုကို တွေ့မြင်ကာ အနည်းငယ် စဉ်းစားပြီးနောက် တဖြည်းဖြည်းရှေ့သို့ ဆက်လာခဲ့သည်။
သူမသည် သူမ ခေါ်ဆောင်ခဲ့သည့် ပန်းရောင်ဝတ်စုံနှင့်မိန်းကလေးနှင့် ပတ်သတ်၍ စိတ်ပူမနေပေ။ ထိုမိန်းကလေး၏ စီနီယာပေးခဲ့သော လက်နက်ရတနာနှင့်ဆိုပါက သူမသည် အန္တရာယ် ကျရောက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူထဲရှိ အတားအဆီးတွေက များပြားလွန်း၏။ လမ်းတစ်လျှောက်တွင် သူမက အန္တရာယ်များစွာ ရင်ဆိုင်ခဲ့ပြီးမှ နောက်ဆုံးတွင် သည်နေရာသို့ ရောက်လာခဲ့ခြင်းပင်။ သူမက သည်အဆောက်အဦကို မြင်သည့်အခါ ချက်ခြင်းပင် မတူကွာခြားမှုကို သတိပြုမိခဲ့၏။
သူမက အနီးကပ်သေချာကြည့်မှ အဆောက်အဦအခြားဘက်မှ ဝတ်စုံနက်လူက ပေါ်လာလေ၏။
“ဒါက သာမန်အတားအဆီးတစ်ခု ဖြစ်နေမှတော့ ရောင်းရင်းကျင့်ကြံသူက ဒီအရာကို ငါ့ကိုသာ ယူခွင့်ပြုသင့်တယ်မလား…”
ထိုဝတ်စုံနက်နှင့်လူ၏အကြည့်ထဲ၌ လှောင်ရယ်မှုတစ်ခု ပါနေ၏။ သူက ရှေ့သို့ တစ်လှမ်တိုးကာ အဆောက်အဦထဲသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။
လှပသောအမျိုးသမီး၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သွား၏။ သူမလည်း ရှေ့သို့ ချက်ခြင်း မြန်ဆန်စွာ တိုးလာတော့၏။
ဝတ်စုံနက်နှင့်လူက နှာခေါင်းရှုံ့၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့လက်ပေါ်သို့ ဖိ၏။ အနက်ရောင်မြူလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမြူလွှာက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်း၍ လှပသောအမျိုးသမီးကို ဝါးမြိုရန် တာဆူလာတော့သည်။
အမျိုးသမီးက သူမ ခေါင်းပေါ်သို့ လက်လှမ်းကာ ဆံပင်မျှင်သုံးချောင်းကို ဆွဲယူလိုက်၏။ သူမက ၎င်းတို့ကို ရှေ့သို့ ပစ်လွှတ်၍ ထူးဆန်းသော မန္တာန်ကို ရွတ်ဆို၏။ ဆံပင်မျှင်သုံးချောင်းသည် အနက်ရောင်စပါးအုံးမြေကြီးများအဖြစ်သို့ ပြောင်း၍ ၎င်းတို့၏ နီရဲရဲ ပါးဟပ်ကြီးများကို ဟကာ တိုးဝင်လာနေသည့် မြူနက်နဂါးထံသို့ ဦးတည်ဝင်လာတော့သည်။
သူတို့နှစ်ယောက်လုံးမှာ အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့၏မန္တာန်များ ထိပ်တိုက်တွေ့သညနှင့် မုန်တိုင်းတစ်ခု ဖြစ်တည်ရသည်။ တုန်ဟီးသံများ ပဲ့တင်ထပ်သည်။ သို့ရာတွင် ၎င်းအခြင်းအရာအားလုံးမှာ ပေတစ်ထောင်အတွင်း၌သာ ရှိ၍ အဝေးသို့ ပျံ့လွင့်ခြင်း မရှိပေ။
သူတို့နှစ်ယောက်လုံးက အကြံတူနေ၏။ သူတို့သည် ဆူညံမှုများစွာ ဖြစ်ပေါ်စေပါက သည်နေရာရှိ လူတိုင်း၏အာရုံကို စွဲဆောင်မိခြင်း မဖြစ်အောင် ထိန်းသိမ်း တိုက်ခိုက်လိုက်ကြခြင်းသာ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးကလည်း သည်တိုက်ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသပ်လို၏။
“ဗဟိုချက်မှာ ရှိနေတဲ့ အနက်ရောင်မြူတွေ ဝန်းရံထားတဲ့ နန်းတော်ကို မသွားဘဲ ဒီနေရာကို ငါ့ရှိကနေ သင် ဘာကြောင့် လုယူနေရတာလဲ…”
အမျိုးသမီးက ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလိုက်၏။ လှပသောငါးရောင်စုံအလင်းသည် သူမ၏ ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်လာသည်။ ၎င်းအလင်းတို့က ဓားငါးလက်အဖြစ်သို့ ပြောင်းလဲ၍ ရှေ့သို့ တိုးသွားသည်။
ဝတ်စုံနက်နှင့်လူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အနက်ရောင်အခိုးငွေ့များ ခြုံလွှမ်းထားသည့် ဓားတစ်လက် ပေါ်လာသည်။ ၎င်းဓားက သူ့အား လှည့်ပတ်ပြီးနောက် ရှေ့သို့ ထိုးထွက်ကာ ဓါးငါးလက်နှင့် ထိပ်တိုက်တွေ့၏။ ထိတိုက်မှုအသံများ ခပ်ရှရှ ထွက်ပေါ်သွားသည်။
“အဓိပ္ပာယ်မရှိလိုက်တာ…နင်ကော ဘာကြောင့် အဲ့နေရာကို မသွားတာလဲ။ ဒီနေရာဟာ အဆောက်အဦတစ်ခု ဖြစ်နေပေမယ့် အထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိနေတယ်။ ဒါက သိုလှောင်နေရာတစ်ခုကို ခေါ်ဆောင်သွားပေးနိုင်တယ်။ နင်လည်း ဒါကို သိပါတယ်။ ဘာကြောင့်များ ဒီအချက်ကို ဖုန်းကွယ်ချင်နေရတာတုန်း…”
လှပသောသက်လတ်ပိုင်းအမျိုးသမီး၏အသွင်က ပုံမှန်အတိုင်း ရှိနေ၏။ သို့သော် သူမမျက်လုံးထဲ၌ အေးစက်မှု ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။ သည်အဆောက်အဦမှာ ထိုလူ ပြောသည့်အတိုင်းပင်။ သူမ သည်နေရာသို့ ရောက်လာသည့်အချိန်က ၎င်းအကြောင်းကို သတိပြုမိ၏။ ထို့ကြောင့်လည်း ခုလိုမျိုး ဝတ်စုံနက်နှင့်လူဖြင့် ပဍိပက္ခဖြစ်နေခြင်းပင်။
သူတို့၏ လက်နက်များက တစ်ဘက်နှင့်တစ်ဘက် ရောထွေးတိုက်ခိုက်နေကြရင်း ခပ်ရှရှအသံများကလည်း ပိုကျယ်လာရင်း စတင် ပျံ့နှံ့လာ၏။ လှပသောအမျိုးသမီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူမက အလျင်အမြန် ပြောလိုက်သည်။ ငါတို့ရဲ့ ခွန်အားက ညီမျှနေတယ်။ အခြားလူတွေ ငါတို့ တိုက်ပွဲမပြီးခင်မှာ သတိပြုမိသွားကြ လိမ့်မယ်။ ဒါ့ကြောင့် ငါတို့နှစ်ယောက်လုံး ဒီအစီအရင်ထဲကို ဝင်ပြီး ရတနာတွေကို တစ်ဝက်စီ ယူကြရင်ကော…”
ဝတ်စုံနက်နှင့်လူက လှပသောအမျိုးသမီးကို ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူတို့နှစ်ယောက်သည် စကားလုံးဖြင့် အချိန်ဖြုန်းမနေတော့ဘဲ သူတို့၏ လက်နက်များကို ပြန်သိမ်းယူလိုက်ကာ အဆောက်အဦထဲသို့ အတူ ခြေလှမ်းလိုက်၏။
သို့ရာတွင် သူတို့ ခြေလှမ်းလိုက်သည်နှင့် သူတို့က ဦးတည်ရာတစ်ခုတည်းသို့ နှစ်ယောက်လုံး ကြည့်မိလိုက်ကြသည်။ လူတစ်ယောက်သည် အဆောက်အဦ ရှိရာသို့ လှမ်းလျှောက်လာနေ၏။
ထိုသူကတော့ ဝမ်လင်းပင်။
ဝမ်လင်းသည် အဆောက်အဦထဲရှိ လူနှစ်ယောက်ကို ချက်ခြင်း တွေ့သည်။ သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ဖြည်းဖြည်းချင်း အရှိန်လျော့ကာ ရပ်လိုက်သည်။
ဝမ်လင်းကို တွေ့မြင်လိုက်ရသည့်နောက် ဝတ်စုံနက်နှင့်လူက ထူးဆန်းစွာ ပြုံးသည်။ လှပသောအမျိုးသမီးသည်လည် ထူးဆန်းသည်ဟန်ပန် ဖြစ်သွား၏။ သူမက ဝမ်လမ်လင်းကို လှမ်းကြည့်လိုက်ချိန်၌ တုန်လှုပ်သွားမိသည်။
“သူ့ကျင့်ကြံမှုအဆင့်က ထူးဆန်းနေပါ့လား။ ငါ ပထမဆုံး သူ့ကို တွေ့ခဲ့တဲ့အချိန်တုန်းက သူဟာ နိဗ္ဗာနသန့်စင်ခြ်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအား ပိုင်ဆိုင်ထားပေမယ့်လည်း နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ပဲ ရှိခဲ့သေးတယ်။ အဲ့နောက်မှာတော့ သူဟာ နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်။ ဒါပေမဲ့ အခုထပ်တွေ့တော့ သူဟာ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့် ရောက်နေပြီ။ သူ့ ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထားတာလား…ဒါမှမဟုတ် သူဟာ မကြာခင်ကမှ အဆင့်ချိုးဖျက်လာတာလား…”
ဝမ်လင်းကလည်း ထိုသူနှစ်ယောက်ကို သေချာကြည့်ရှုလိုက်၏။ သူသည်လည်း သည်အဆောက်အဦ၏ လျှို့ဝှက်ချကို တွေ့မြင်ပြီး ဖြစ်သည်။ မြေပုံမရှိလျှင်ပင် ဝမ်လင်းက သည်အဆောက်အဦထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တွေ့မြင်နိုင်စွမ်း ရှိပေသည်။
လှပသောအမျိုးသမီးက ဝမ်လင်းကို ကြည့်နေရင်း စဉ်းစားနေ၏။ ထို့နောက် သူမသည် ဖြည်းဖြည်းချင်း ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူဝမ်လင်း ဒီနေရာကို ရောက်နေမှတော့ ငါတို့သုံးယောက် အတူသွားပြီး ရရှိတဲ့ ရတနာတွေကို ဘာကြောင့် အတူခွဲမယူကြရမှာလည်း…”
ဝမ်လင်းသည် ပြန်ပြောရန် ပြင်၏။ ထိုအချိန်မှာပင် မြေပြင်သည် တုန်ခါလာကာ ဒေါသတကြီးဟိန်းသံတစ်ခု အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာ၏။
သူသည် အကွာအဝေးတစ်ခုကနေ ကြည့်သည့်အခါ၌ မည်သည့်အရာကိုမျှ မတွေ့ရနိုင်ပေ။ သည်ကောင်းကင်ဘုံအင်ပါလှိုဏ်ဂူက အတားအဆီးများစွာ ရှိနေသည် မဟုတ်လား။ ထိုအတားအဆီးများက အဟန့်အတားများကို ဖြစ်နေစေတော့သည်။ လူနှစ်ယောက်သည် နီးကပ်နေလျှင်ပင် မတူညီသော အတားအဆီးနှစ်ခုအတွင်း ရှိနေပါက သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရှာတွေ့နိုင်ရန် ခက်ခဲပေလိမ့်မည်။
သာမန်တစ်ချက်လောက်ကြည့်ပါက သည်လှိုဏ်ဂူမှာ တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်ဟု ထင်မှတ်ရသည်။ သို့သော် ထိုအရာက အပြင်ပိုင်းသာ။ သည်နေရာနားရှိ အတားအဆီးအားလုံး ဖျက်စီးခြင်းခံရပါက လူတစ်ယောက်သည် အကွာအဝေးတစ်ခုရှိ ဝါးတောအုပ်ကို လှမ်းတွေ့နိုင်သည်။ အမှန်တော့ စောနက ဟိန်းသံသည် ၎င်းတောအုပ်ထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဝမ်လင်း၏ဟန်ပန်က ချက်ခြင်း ပြောင်းလဲသွား၏။ အကွာအဝေးတစ်ခု၌ ရှိနေသော ဝါးတောအုပ်သည် သာမန်ကြည့်ပါက ပုံမှန်အတိုင်းသာ ရှိနေသည်ဟု ထင်ရမည် ဖြစ်သော်လည်း သူသည် ထိုနေရာရှိ အတားအဆီးများ ချိုးဖျက်ခြင်း ခံလိုက်ရပြီကို နားလည်ပေသည်။ လူသားအသွင်အရိပ်က သူမျှော်လင့်ထားသည်ထက် မြန်ဆန်စွာ ဝါးတောအုပ်ထဲရှိ အတားအဆီးများကို ဖျက်စီးပစ်နိုင်ခဲ့ပေသည်။
လှပသောအမျိုးသမီး၏ စကားများကို ပြန်တုန့်ပြန်မနေတော့ဘဲ ဝမ်လင်းက မြူနက်များဖြင့် ခြုံလွှမ်းထားသည့် နန်းတော်ရှိရာသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။ လမ်းတစ်လျှောက်၌ သူတွေ့ခဲ့သော အတားအဆီးမျက်လုံးအားလုံးမှာ ချိုးဖျက်ခြင်း ခံရပြီး ဖြစ်နေခဲ့သည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က သူ့ထက် ခြေတစ်လှမ်းဦးကာ ဒုတိယအလွှာထဲသို့ ဝင်ရောက်သွားခဲ့ပြီး ဖြစ်ပုံ ရသည်။
သူ သည်အဆောက်အဦသို့ ရောက်လာရခြင်းမှာလည်း ဗဟိုချက်ရှိ နန်းတော်ရှိရာသို့ သွားရောက်ရာတွင် အတားအဆီးများ အနည်းဆုံး ဖြစ်နေခြင်းကြောင့်သာတည်း။
ဝတ်စုံနက်နှင့်လူက ဝမ်လင်း ထိုအော်သံ ထွက်ပေါ်လာသည့်အခိုက် အသည်းအသန် ထွက်သွားသည်ကို တွေ့သည့်အခါ သူ့အမူအရာသည် ပြောင်းလဲသွား၏။ တုံ့ဆိုင်းခြင်းမရှိ သူက သည်အဆောက်အဦထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို လက်လွှတ်ကာ ဝမ်လင်းနောက်သို့ လိုက်သွားတော့သည်။
လှပသောအမျိုးသမီးက ချီတုံချတုံ ဖြစ်နေ၏။ သို့သော် သူမ တုံ့ဆိုင်းနေစဉ်မှာပင် ထိုဒေါသတကြီးဟိန်းသံက နီးသထက် နီးလာနေသည်။
အထက်စီးမှ ကြည့်ပါက လူသားအသွင်အရိပ်သည် အတားအဆီးများ တစ်ခုပြီးတစ်ခုကို ချိုးဖျက်၍ ဝမ်လင်းနောက်သို့ လိုက်လာနေသည်ကို တွေ့ရပေလိမ့်မည်။ အတားအဆီးများက များပြားလှသော်လည်း ၎င်းအရိပ်က ပိုပိုမြန်ဆန်စွာ ချိုးဖျက်၍ ရှေ့တည့်တည့်သို့ တန်းတန်းမတ်မတ် ဝင်လာနေတော့၏။
***