Switch Mode

အပိုင်း (၁၀၉၆)

စိတ်ရှုပ်ထွေးမှု

ထိုအရိပ်သည် ဝမ်လင်းနောက်သို့ ထပ်ကြပ်မကွာ လိုက်လာနေ၏။၎င်း၏ အေးစက်စက်အကြည့်မှာ ဝမ်လင်းထံသို့သာ ကျရောက်နေသည်။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်သို့ ညွှန်လိုက်၏။

မီးတောက်နဂါးနက်ငါးကောင်သည် ရုတ်တရက် ဟိန်းသံပေးကာ တွင်းနက်ထဲသို့ စုန်ဆင်းသွားကြသည်။

သိပ်သည်းသောအပူသည် အောက်ဘက်သို့ ဆင်းကျလာ၏။ နဂါးနက်ငါးကောင်သည် မျက်စိတစ်မှိတ်အတွင်း အရိပ်ရှိရာသို့ တရကြမ်း ဝင်ရောက်လာကာ ၎င်းကို ဝါးမြိုရန် ပြင်သည်။

ဘုန်း…။

မြေကမ္ဘာအက်ကွဲသံတစ်မျှ မြည်ဟိန်း၏။ လှိုဏ်ဂူတစ်ခုလုံးသည်ပင် လှုပ်ခါသွားသည်။ မီးတောက်နဂါးနက်ငါးကောင်သည် အနက်ရောင်မိုးကြိုးတန်းငါးခုအလား ထင်မှတ်ရ၏။ ၎င်းတို့က အရိပ်နှင့်ထိမိသည်နှင် ပေါက်ကွဲထွက်သွားကာ အံ့မခန်းပေါက်ကွဲအားကို ဖြစ်စေသည်။

တွင်းနက်နံရံတို့၌ ကျောက်စိုင်ကျောက်စများ ပဲ့ဆင်းကျလာရ၏။ မီးတောက်များနှင့် ဒေါသတကြီးအော်သံများမှာ တွင်းနက်ထဲကနေ ထွက်လာနေသည်။

ဝမ်လင်းသည် ထိုတိုက်ခိုက်မှု၏ ရလဒ်ကို စစ်ဆေးမနေတော့ပေ။ သူက သူ့လက်ကို ပင့်မြှောက်ကာ မိုးဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြု၏။ မိုးစက်များစွာ ရုတ်တရက် ပေါ်လာသည်။ မရေမတွက်နိုင်သော သလင်းမိုးစက်များက ဝမ်လင်းပတ်လည်တွင် မြောလွင်နေသည်မှာ လှပလွန်းပါသည်။

မိုးစက်များသည် ဤလှိုဏ်ဂူတခုလုံးတွင် ပြည့်နှက်လာသည်ဟု ထင်မှတ်ရ၏။

ထိုအရာများအားလုံးမှာ လျှပ်တပြတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။ မီးတောက်နဂါးနက်များ တွင်းပေါက်အောက်သို့ ဆင်းသွားနေရင်း ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အောက်သို့ ညွှန်လိုက်ခြင်းပင်။ ထိုအခါ မိုးစက်အားလုံးသည် ပြိုဆင်းကျနေသည့် တွင်းနက်ထံသို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။

ဝုန်း…ဝုန်း…ဝုန်း…။

ပြင်းပြင်းထန်ထန် တုန်ဟီးသံများသည် မိုးဆင့်ခေါ်ခြင်းမန္တာန် တွင်းနက်ထဲသို့ ကျဆင်းလာသည့်အခါ၌ အထွတ်အထိပ်သို့ ရောက်ရှိလာ၏။ မိုးစက်တိုင်း၌ ဝမ်လင်း၏မူလစွမ်းအင်တို့ ပါဝင်သည်။ ထို့ကြောင့် အနှီမိုးစက်များသည် ပူပြင်းလှ၏။ မိုးစက်များ ကျောက်တုံးများပေါ်သို့ ကျဆင်းသွားချိန်၌ ချက်ခြင်း နီမြန်းကာ ပြာပုံဘဝသို့ ရောက်သွားတော့သည်။

တွင်းနက်ပြိုကျမှုကနေ ပဲ့ဆင်းကျလာသည့် ကျောက်တုံးအများစုမှာ မိုးစက်များ၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရလေ၏။

သို့သော် ထိုအရာများသည် ဝမ်လင်း၏ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့် စွမ်းအားကို လုံလောက်အောင် ဖော်ပြခြင်း မဟုတ်သေးပေ။

သူက မိုးဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုကာ မရေမတွက်နိုင်သော မိုးစက်များ ကျဆင်းစေခြင်းက တွင်းနက်၏ ပြိုကျနေမှုကို အကန့်အသတ်ထိ ရောက်ရှိလာစေသည်။ ကျောက်စကျောက်နများစွာ ပဲ့ဆင်းကြွေကျ၍ တွင်းနက်အတွင်းသို့ ဖို့နေသကဲ့သို့ ဖြစ်နေတော့သည်။

လေဆင့်ခေါ်ခြင်းမန္တာန်နှင့်အတူ ပေဖန်ထံမှ မန္တာန်နှစ်ခုသည် ပြောင်းလဲမှုတစ်ခု ရှိလာခဲ့ပေပြီ။ ဝမ်လင်းသည် ထိုပြောင်းလဲမှုကို ခုချိန်၌ စမ်းစစ်ကြည့်ဖို့ အချိန်မရှိပါ။ မိုးဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုပြီးနောက် သူက အတားအဆီးများ ရှိနေသော နန်းတော်ရှိရာသို့ ချက်ခြင်း ဦးတည်သွားတော့သည်။

အစောပိုင်းကတည်းက ဝမ်လင်းသည် သူ့ထံရှိ ကျောက်စိမ်းပြားအတွင်းမှ သည်လှိုဏ်ဂူနှင့်ပတ်သတ်သည့် မြေပုံကို မှတ်သားထားခဲ့ပြီး ဖြစ်၏။ သူသည် မြေပုံပေါ်ရှိ လမ်းကြောင်းအသေးစိတ်ကို သိရုံသာမက အတားအဆီးများပြုလုပ်ထားသည့်နေရာများကိုပါ သိထားပေသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းရှေ့၌ ဝါးတောအုပ်တစ်ခု ရှိလေ၏။ ထိုဝါးတောအုပ်သည် သာယာလွန်းသည့်ဟန် ရှိ၏။ သို့သော် ဝမ်လင်းက ထိုတောအုပ်ထဲ၌ အတားအဆီးသောင်းချီ ရှိနေသည်ကို သိထားပြီးပင်။ လူတစ်ယောက်သာ် ထိုအတားအဆီးများထဲမှ တစ်ခုခုကို ထိမိပါက ကျန်သည့်အတားအဆီးများပါ ချက်ခြင်း အသက်ဝင်လာပြီး ဝင်ရောက်လာသည့် မည်သူ့ကိုမဆို ဖျက်စီးပစ်ပေလိမ့်မည်။

ဝမ်လင်းသည် လျှပ်စီးတန်းအလား လှုပ်ရှားနေရင်း ဝါးတောအုပ်ထဲသို့ ဝင်ရောက်လာ၏။ သူ ဝင်ရောက်လိုက်ချင်းချင်း သူ့နောက်၌ ကျယ်လောင်စွာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားသည်။

သိပ်မကြာခင်တွင် ဒေါသတကြီးအသံများ ထွက်ပေါ်လာ၏။ အရိပ်သည် ဝမ်လင်း ထုတ်ဖော်ခဲ့သည့် မန္တာန်အတားအဆီးများအားလုံးကို ဖြတ်သန်းလာကာ တွင်းနက်ထဲကနေ ထိုးထွက်လာ၏။

ထိုအရိပ်၏ ပတ်လည်၌ အနီရောင်လိုင်းများစွာကတော့ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ၎င်း၏အခြေအနေက သနားစရာပင် ကောင်းနေသေးသည်။ ဝမ်လင်း၏ အစောပိုင်းတိုက်ခိုက်မှုများက ၎င်းအရိပ်ပေါ်သို့ ထိုက်သင့်သလောက် ထိမိခဲ့သည့်ပုံ ရ၏။

တွင်းနက်ထဲကနေ ထွက်လာသည့်နောက် ၎င်းက ဝါးတောအုပ်တွင်းသို့ ဝင်ရောက်နေသည့် ဝမ်လင်းကို ချက်ခြင်း မြင်သွား၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်ပေါ်လာရင်း ဝမ်လင်းထံသို့ လှမ်း၍ ဟိန်းသံ ပြု၏။

ဝေါင်း…။

ထိုဟိန်းသံသည် လောကကို တုန်ခါစေ၏။ ထိုဟိန်းသံကြောင့် ပတ်ဝန်းကျင်ရှိ အတားအဆီးအချို့သည် ထိတိုက်မိကုန်၏။ သို့ရာတွင် ၎င်းအတားအဆီးများ၏ စွမ်းအားပြည့် ထွက်ပေါ်လာနိုင်ခြင်း မရှိသေးခင်မှာပင် တစ်ခုပြီးတစ်ခု တစစီ ဖြစ်ကုန်ကြသည်။

မြေပြင်သည်ပင် စတင် အက်ကွဲလာ၏။ လေပြင်းများသည် ကောင်းကင်ယံသို့ ထိုးတက်ကုန်သည်။

ထိုအရိပ်၏ ရှေ့၌ ဟိန်းသံနှင့်အတူ လှိုင်းတွန့်များပေါ်လာ၏။ ၎င်းက ထိုလှိုင်းတွန့်အတွင်းသို့ ခြေချ၏။ ထို့နောက် ဝမ်လင်းထံသို့ အရူးအမူး တိုးဝင်လာသည်။

အခုချိန်ထိပင် ဝမ်လင်းက ၎င်းအရိပ်မှာ မည်သည့်အရာဖြစ်မှန်း မသိသေးပေ။ ၎င်းက လူသားအသွင်ပုံစံ ရှိသော်လည်း သူ့ပုံပန်းသွင်ပြင်က ထူးဆန်းနေ၏။အထူးသဖြင့် သူ့မျက်လုံးများပင်။ ၎င်း၏ မျက်လုံးများမှာ လူသားတစ်ယောက်ကဲ့သို့မျိုး ဟုတ်မနေချေ။

ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေသော်လည်း သူ့နတ်ဘုရားအာရုံကတော့ ထိုအရိပ်ထံတွင် အလွတ်မပေးပေ။ ဝမ်လင်းက ခုချိန်ထိ ၎င်းအရိပ် မန္တာန်တစ်ခုအသုံးပြုသည်ကို တွေ့မြင်ရခြင်း မရှိသေးပါ။ ၎င်းက ၎င်း၏ခန္ဓာကိုယ်မှ အနီရောင်လိုင်းများထွက်ပေါ်လာချိန်၌ ပို၍ လှုပ်ရှားမှု မြန်လာခြင်းသာ ရှိနေ၏။

သူက ပို၍ လေ့လာမိလေလေ ထိုအရိပ်သည် ပို၍ ထူးဆန်းနေသည်ကို တွေ့လာနေရသည်။ သူ့ကို စိတ်ပူပန်စေသည်က ၎င်းသည် ရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းထဲ၌ နေထိုင်နေသည်ဟုသော အချက်ပင်။

“ဒီအရာက ရှေးဟောင်းနတ်ဘုရား မသေခင်ကတည်းက တည်ရှိခဲ့တာလား။ ဒါမှမဟုတ် သေပြီးမှ ဝင်ရောက်နေထိုင်ခဲ့တာလား။ ၎င်းဟာ ရှေးဟောင်းနတ်ဘုရား သေပြီးမှ ဝင်ရောက်ခဲ့တာဆိုရင်တော့ ပြဿနာသိပ်မရှိတော့ဘူး။ ဒီလိုမဟုတ်ခဲ့ရင်တော့ ဒီအရိပ်လိုအရာဟာ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား သေဆုံးရမှုနဲ့ ဆက်နွှယ်နေနိုင်တယ်။ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား သေဆုံးခဲ့တာဟာ ငါ ထင်ထားသလို သိမ်မွေ့လှတဲ့ ကောင်းကင်ဘုံတာအိုလို အရာမျိုးနဲ့ ပတ်သတ်မှု မရှိနေတာလား…”

ဝမ်လင်းသည် အစောပိုင်းက သူကြိုတင်ခန့်မှန်းခဲ့သည့်အချက်များက အနည်းငယ် အဓိပ္ပာယ်မရှိမှန်း သိ၏။ထို့ကြောင့် သူက သူတွေးသည့်အချက်ကို သူ့ဟာသူပင် မသေချာလှပေ။ သည်လူသားအသွင်အရိပ်ကို တွေ့မြင်ပြီးသည့်နောက်တော့ သူက ပို၍ပင် သူ့တင်ကြိုခန့်မှန်းမှုမှာ ဖြစ်နိုင်ချေနည်းလာသည်ဟု ခံစားမိ၏။

“အတိတ်တုန်းက အမှန်တကယ် ဘာများဖြစ်ခဲ့တာလဲ။ ဒီကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားကို ခေါင်းဖြတ်သတ်တာ ဘယ်သူလဲ။ ကောင်းကင်ဘုံသားတွေဟာ ဘာကြောင့် ဒီခေါင်းကို ပိုင်ဆိုင်နေခဲ့တာလဲ။ ကောင်းကင်ဘုံသားများ ဒီရှေးဟောင်းနတ်ဘုရား ဦးခေါင်းကို ပိုင်ဆိုင်ခဲ့တယ်ဆိုရင် သူတို့က ဘာကြောင့် သံဓားကို သတိမပြုမိခဲ့ကြတာလဲ။ ငါက ဒီအချက်ကို သံသယ ရှိနေတယ်….”

ဒါ့အပြင် သူတို့က ဘာကြောင့် သံဓားကို မယူဆောင်ခဲ့ကြတာလဲ။

ဝမ်လင်း၏ ခေါင်းထဲ၌ မေးခွန်းများ တန်းဆီနေ၏။ သို့သော် သူ့အတွက် ထိုမေးခွန်းများကို တွေးနေဖို့ အချိန်မရှိပေ။ အရိပ်၏ ဟိန်းသံက နီးကပ်လာနေ၏။ ဝမ်လင်းက နောက်လှည့်၍ သူ့ထံသို့ မြန်ဆန်စွာ နီးကပ်လာနေသည့် အရိပ်ကို ကြည့်၏။ ထို့နောက် သူသည် ဝါးတောအုပ်ထဲသို့ ခုန်ဝင်လိုက်တော့သည်။

ထိုအရာများက ဝမ်လင်း ကြိုစီစဉ်ထားသည့်အရာပင်။ သည်ဝါးတောအုပ်ကို ဝမ်လင်းက ကြိုပြီးစစ်ဆေးကြည့်ခဲ့ဖူး၏။

ဝမ်လင်းသည် ဝါးတောအုပ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူက ရုတ်တရက် ပျောက်ကွယ်သွား၏။

လူသားအသွင်အရိပ်သည် ဟိန်းသံပေးရင်း ဝါးတောအုပ်ရှိရာသို့ ဦးတည်လာနေ၏။ သို့ရာတွင် ၎င်းက ဝါးတောအုပ်အပြင်ဘက်၌ ရုတ်တရက် ရပ်လိုက်သည်။ ၎င်းက ဝါးတောအုပ်ထဲသို့ အေးစက်စွာ စူးစိုက်ကြည့်နေရင်း သတိထားဟန် ဖြစ်ပေါ်နေသည်။

သို့သော် ခဏအကြာတွင် သူ့သတိထားမှုက ပျောက်ကွယ်သွားပြီး ပူပန်မှုက အစားထိုးဝင်လာ၏။ ၎င်းက အကြိမ်အနည်းငယ် ဟိန်းဟောက်ရင်း ဝါးတောအုပ်ကို လှည့်ပတ်နေသည်။ ၎င်းအရိပ်ပတ်လည်ရှိ အနီရောင်လိုင်းများသည် စတင် ရုပ်လုံးကြယ်လာတော့သည်။ ထို့နောက် ၎င်းသည် တုံ့ဆိုင်းနေခြင်းကို ရပ်တန့်ကာ ဝါးတောအုပ်ထဲသို့ ဝင်ရောက်လိုက်တော့သည်။

ဖျပ်ခနဲပင် လူသားအသွင်အရိပ်သည် ပျောက်ကွယ်သွားတော့၏။

၎င်း ပျောက်ကွယ်သွားချိန်၌ ဝါးတောအုပ်၏ နောက်၌ အလင်းတစ်ခု ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာသည်။ သူက လူသားအသွင်အရိပ် ပျောက်ကွယ်သွားသည့်နေရာကို သေချာကြည့်လိုက်၏။ထို့နောက် သူ့ရှေ့ရှိ ဝါးတောအုပ်ထဲသို့ မဝင်ရောက်ခင် ဘေးတစ်ဖက်သို့ ဂရုတစိုက် လှမ်းလိုက်၏။

ခြေတစ်လှမ်ဖြင့်ပင် သူ့အမြင်သည် ဝေဝါးသွားသည်။ သူ့အမြင် ပြန်ကြည်လင်လာချိန်၌ ဝမ်လင်းသည် ဝါးတောအုပ်၏ ထွက်ပေါက်သို့ ရောက်နှင့်နေလေပြီ။

ဝမ်လင်းအတွက် သူ့လက်ရှိအတားအဆီးပညာရပ်အပေါ် နားလည်မှုနှင့် သည်နေရာရှိ အတားအဆိးများကို ချိုးဖျက်ရန် ခက်ခဲသော်လည်း သူသည် အတားအဆီးအချို့ကို အသက်ဝင်စေခြင်းမရှိဘဲ သည်တောအုပ်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ မြေပုံမှ ရရှိသည့် သတင်းအချက်အလက်ကြောင့်တည်း။

“ဒီဝါးတောအုပ်က အားကောင်းပေမယ့်လည်း ဒီလူသားအသွင်အရိပ်က ပိုပြီး သန်မာနေတယ်။ ဒီအတားအဆီးက ၎င်းကို အချိန်အတန်ကြာ ချုပ်နှောင်ထားနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါ့အတွက် လှိုဏ်ဂူအတွင်းနက်ပိုင်းကို မြန်နိုင်သမျှ မြန်မြန် ဝင်ရောက်နိုင်တာ အကောင်းဆုံးပဲ…”

ဝမ်လင်းသည် သူ့ရှေ့ရှိ အဆောက်အဦများစွာကို ကြည့်နေ၏။ ထိုဧရိယာကို မြူနက်များ ခြုံလွှမ်းထားသည်။

အဝေးမှ ကြည့်လျှင်ပင် ထိုမြူနက်များအတွင်းတွင် နန်းတော်တစ်ခု ရှိနေသည်ကို တွေ့နိုင်သည်။

ထိုနေရာက သည်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ဗဟိုချက်ပင်။ ထို့အပြင် သည်နေရာမှာ ဒုတိယအလွှာသို့ ဝင်ပေါက်မှန်းလည်း ဝမ်လင်းက သိထား၏။ သူသည် မြေပုံကို မကြည့်မိခင်က သည်လှိုဏ်ဂူကြောင့် အတော်လေး စိတ်ရှုပ်ထွေးခဲ့ရပြီး ဘယ်နေရာသို့ သွားရမှန်းလည်း မသိခဲ့ပေ။

သို့ရာတွင် ခုချိန်၌ သူသည် နောက်ဆုံးအလွှာအချို့မှလွဲ၍ သည်လှိုဏ်ဂူတစ်ခုလုံး၏ တည်ဆောက်ပုံကို သိနေခဲ့ပြီ ဖြစ်သည်။ သည်လှိုဏ်ဂူ၌ ကိုးလွှာရှိ၏။ အလွှတစ်ခုစီသည် မတူကွဲပြားသည် တည်ဆောက်ပုံတို့ ရှိသည်။ အလွှာတစ်ခုချင်းစီနှင့်အတူ အတားအဆီးများကလည်း ပို၍ အားကောင်းလာသည်။

ပထမအလွှာရှိ အတားအဆီးများက အားနည်းခြင်း မရှိခဲ့ပြီ ဖြစ်သော်လည်း လူတစ်ယောက်သည် ပို၍ ခပ်နက်နက်ဝင်လာလေလေ အတားအဆီးများ၏ စွမ်းအားက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာသည်ကို ရင်ဆိုင်ရပေလိမ့်မည်။

“ဒီနေရာက အစစ်အမှန်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူပဲ။ ပုံမှန်ဆို ငါ အပြင်ဘက်ခြမ်းကို ဝင်ရောက်ခဲ့ချိန်ကတည်းက ဒီနေရာကို တည်နေရာရွှေ့ပြောင်းပေးမှာ။ ဒါပေမယ့်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ ပုလင်းကမ္ဘာနဲ့အတူ ပြန့်ကြဲနတ်ဆိုးရဲ့ ကြားဖြတ်နှောက်ယှက်ခြင်း ခံလိုက်ရတယ်။ငါတို့ ပုလင်းကမ္ဘာထဲကနေ ထွက်လာတဲ့နောက်မှာ ဒီပြန့်ကြဲနတ်ဆိုးဟာ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်ကိုလည်း ဆင့်ခေါ်ခဲ့ပြီး ဒီရေကန် ပျက်စီးသွားတဲ့အခါမှာတော့ လူတိုင်းဟာ နောက်ထပ် တကွဲတပြား ဖြစ်ကုန်ရတော့တာပဲ။ သူ့ရည်ရွယ်ချက်ကတော့ ဒီအင်ပါယာလှိုဏ်ဂူအတွင်းမှာ ငါတို့ကို လမ်းပျောက်သွားစေချင်လို့ပဲ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူထံ၌ မြေပုံရှိထားသော်လည်း မပြည့်စုံပေ။ ထိုမြေပုံမှာ ပထမအလွှာခုနစ်ခုအကြောင်းသာ ပါဝင်ပေ၏။ နောက်ဆုံးအလွှာနှစ်ခု အကြောင်းကိုတော့ တစ်ယောက်ယောက်က ကျောက်စိမ်းပြားထဲက မြေပုံကနေ ဖယ်ရှားဖျက်စီးပစ်လိုက်ဟန် ရ၏။

ဝမ်လင်းသည် ထိုအချက်ကို သည်ကျောက်စိမ်းပြားအား စရရှိခဲ့ကတည်းက သတိပြုမိ၏။ အခု သူက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူနှင့် မြေပုံပါအချက်အလက်တို့ကို မျက်မြင်နှိုင်းယှဉ်ကြသည့်အခါ ထိုအချက်ကို ပို သေချာလာခဲ့၏။

စဉ်းစားနေရင်း ဝမ်လင်းက သူ့ခြေထောက်ကို ပင့်မြှောက်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ ဝါးတောအုပ်ကို ကျော်လွန်လာပြီးနောက် ကျောက်သားခင်းထားသည့် လမ်းခပ်သေးသေးတစ်ခု ရှိနေ၏။ထိုလမ်းကို ကောင်းကင်ဘုံကျောက်စိမ်းပြားနှင့် ခင်းထားခြင်းပင်။

ထိုလမ်းပေါ်၌ ရပ်နေရင်း ဝမ်လင်းက သူ့ရှေ့ရှိ မြူနက်များကို သေချာကြည့်နေ၏။ထို့နောက် သူသည် ရှေ့တည့်တည့်သို့ တိုးဝင်သွားတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset