ဝမ်လင်းသည် ထိုသံဓားကို မှတ်မိလိုက်ချိန်တွင် နောက်သို့ ဆုတ်နေခြင်းကို ရပ်တန့်ကာ ချီတုံ့ချတုံ့ ဖြစ်လာသည်။
အခုအဆင့်ထိ ကျင့်ကြံလာသည့်နောက် ဝမ်လင်းသည် သူ့မှတ်ဉာဏ်အမွေအနှစ်မှာ ပြီးပြည့်စုံခြင်းမရှိဘဲ၊ အရေးကြီးလှသည့်အစိတ်အပိုင်းတစ်ခု ပျောက်နေသည်ကို သိနေခဲ့ပြီ ဖြစ်သည်။ ဖြစ်နိုင်သည်က သူ့ထံ၌ ပျောက်နေသည့် မှတ်ဉာဏ်အစိတ်အပိုင်းထဲတွင် ထိုသံဓားအကြောင်း မှတ်တမ်းတင်ထားတာ ဖြစ်ကောင်း ဖြစ်နိုင်၏။ ထိုမှတ်ဉာဏ်မှာ ထာဆန်၏ လက်ထဲ၌ ရှိနေနိုင်၏။ ထို့ကြောင့် သူက သည်သံဓားအကြောင်းကိုလည်း သိကောင်းသိနေနိုင်သည်။
သို့ရာတွင် ထာဆန်ကိုပင် ကျေနပ်ဝမ်းမြှောက်အောင် လုပ်နိုင်ခဲ့သည့် ဤသံဓားမှာ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
ယခုသူ့ရှေ့ရှိ သံဓားက အရင်တုန်းက တွေ့ခဲ့ဖူးသည့် ဓားမဟုတ်သော်လည်း ချွတ်ဆွတ်တူနေ၏။
“ငါ ဒီဓားကို ယူသင့်လား…” ဝမ်လင်း၏အကြည့်က အနီရောင်လိုင်းများ ထွေးခြုံထားသည့် သံဓားပေါ်၌သာ ကျရောက်နေရင်း သူသည် တုန့်ဆိုင်းနေမိ၏။ ထိုအနီရောင်လိုင်းများထံမှ ကြောက်မက်ဖွယ်အော်ရာမှာ ဝမ်လင်းကို သေရေးရှင်ရေးအားရုံခံစားမှုကိုပါ ပေးနေသည် မဟုတ်လား။
ဝမ်လင်းသည် ထိုအနီရောင်လိုင်းများက မည်သည့်အရာ ဖြစ်သည်ကို မသိပါ။ သို့သော် သူသည် ၎င်းတို့၏စွမ်းအားကို ရှင်းလင်းစွာ ခံစားမိ၏။ သူသာ ခုချိန် ထွက်သွားပါက ထိုအနီရောင်လိုင်းများကို နှိုးဆွမိသလို ဖြစ်စေမှာ မဟုတ်ဘဲ အန္တရာယ်ကင်းကင်း ပြန်ထွက်ခွာနိုင်မည် ဖြစ်၏။
သို့ရာတွင် သူသာ သံဓားကို ယူလိုက်ပါက ထိုအနီရောင်လိုင်းများက သူ့အား တိုက်ခိုက်လာနိုင်ပေ၏။
ဝမ်လင်း၏ စိတ်ထားအရ သူသည် ခုလိုမျိုး ဘာမှန်းအသိသည့်အရာအပေါ် စွန့်စားလိမ့်မည် မဟုတ်ပေ။သို့သော်လည်း သူ့ရှေ့ရှိ သံဓားက သူ့အား အတော်လေး လိုချင်အောင် စွဲဆောင်နေ၏။
အသည်းအသန်စဉ်းစားနေပြီးနောက် ဝမ်လင်းက ဆုံးဖြတ်လိုက်၏။ ချမ်းသာမှုဆိုတာ အန္တရာယ်ကြားက ရတာ မဟုတ်လော။ သူသည် ခုချိန်ထွက်သွားပါက ဘေးကင်းမည် ဖြစ်သော်လည်း ထိုသံဓားကို ရရှိနိုင်မည့်အခွင့်ရေးကို လက်လွှတ်ရမည်။
ထို့အပြင် ဤနေရာမှာ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ ဖြစ်၏။ သူသည် အခု ဒီဓားကို မယူပါက နောက်တချိန်ပြန်လာဖို့အတွက် အတော်လေး ခက်ခဲပေမည်။ ဝမ်လင်းက ရတနာတစ်ခုကို တွေ့ပြီးမှ လက်ဗလာဖြင့်လည်း ပြန်မထွက်သွားချင် ဖြစ်နေ၏။
ဆုံးဖြတ်ပြီးနောက် ဝမ်လင်းသည် တွင်းနက်အပေါ်ဘက်သို့ မော့ကြည့်၏။ သည်နေရာကနေ သူသည် ရေခဲလွှာများ သိပ်သည်းစွာ ပိတ်ဆို့နေသည့်ကြားက လူသွားနိုင်သည့် လမ်းကြောင်းတစ်ခုကနေ တွင်းထိပ်ကို လှမ်းမြင်နေရ၏။
အကွာအဝေးကို တွက်ချက်ပြီးနောက် သူသည် ဆင်းသက်လာ၏။ ထို့နောက် ဆက်ခနဲခေါင်းပြန်ငုံ့ကာ ရေခဲထဲရှိ သံဓားရှိရာသို့ စူးစိုက်ကြည့်၏။
သူသည် အံတင်းတင်းကြိတ်၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ သူ့မျက်လုံးထဲ၌ မီးတောက်များ ပေါ်လာ၏။ သည်အခိုက်အတန့်၌ သူ့နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်စွမ်းအားသည် ပေါက်ကွဲထွက်လာလေပြီ။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်ငါးလုံးမှာလည်း ပေါ်လာကာ မြန်ဆန်စွာ လှည့်လည်ရင်း သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လို့လာသည်။
ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားက သူ့ခန္ဓာကိုယ်၌ စီးဆင်းလေ၏။ သူသည် လက်သီးခပ်တင်းတင်းဆုပ်၏။ ထို့နောက် ဆက်၍ တုန့်ဆိုင်းမနေတော့ဘဲ သူ့လက်ကို ဆန့်ထုတ်သည်။
ချက်ခြင်းပင် သူ့မျက်လုံးထဲရှိ မီးတောက်များသည် ထိုးထွက်လာ၏။ သူ့မူလစွမ်းအင်ကလည်း သူ့ညာလက်၌ စုဝေးသည်။ သူ လက်ဆန့်ထုတ်ချိန်၌ မီးတောက်ပင်လယ်တစ်ခုသည် သူ့လက်ရှေ့သို့ ကြိုရောက်နှင့်နေပြီ။
သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ မီးတောက်ပင်လယ်သည်ရှေ့တည့်တည့်သို့ ထိုးထွက်သွားတော့သည်။ ဦးခေါင်းကို ဖုံးကွယ်ထားသည့် ရေခဲများသည် မီးတောက်ကြောင့် အရည်ပျော်ကုန်၏။
မီးတောက်များသည် သံဓားအနားသို့ ချက်ခြင်း ရောက်ရှိလာသည်။
အနီရောင်လိုင်းများက ချက်ခြင်း တုန်ခါလာကာ ဆန့်ထွက်၏။ အနီရောင်လိုင်းများထံကနေ အကိုင်းအခတ်မြောက်များစွာ ရှည်လျားဆန့်ထွက်လာပြီးနောက် အနီရောင်မြူများအဖြစ် ပြောင်း၍ အနီရောင်မီးတောက်မြူများထံသို့ တိုက်ခိုက်၏။
မီးတောက်မြူများသည် အနီရောင်မြူကြောင့် ပေါက်ကွဲ၍ နောက်သို့ ကန်ထွက်ကုန်၏။ ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက တုံ့ဆိုင်းမနေဘဲ သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်သည်။
မူလစွမ်းအင်အဆီအနှစ် ထွက်ပေါ်သွားပြီးနောက် မီးထဲသို့ ဆီပူလောင်းချလိုက်သလိုပင်။ ရေခဲလွှာပေါ်၌ အက်ကြောင်းများစွာ ပေါ်လာ၍ ရုတ်တရက် ပြိုပျက်စီးသွားတော့သည်။
မီးလောင်ကျွမ်းနေသော ရေခဲချပ်များက နေရာအနှံ့သို့ ပြန့်ကြဲ၏။ ရေခဲများ ကင်းစင်သွားသည့်အခါ ရှေးဟောင်းနတ်ဘုရား၏ဦးခေါင်းသည် ဝမ်လင်းရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လာတော့သည်။
ရေခဲများအရည်ပျော်ကြသွားသည်နှင့် ထိုဦးခေါင်းမှာ စတင် ပုတ်သိုးလာ၏။
တချိန်တည်းမှာပင် အသားပုတ်နံ့များသည် ဧရိယာတွင် ပြည့်လာသည်။ ရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းက ပျက်စီးယိုယင်းရင်း ဧရာမဦးခေါင်းခွံအရိုးသပ်သပ်ကြီးသာ ကျန်တော့၏။
ထိုဦးခေါင်းခွံကြီးက လုံးဝနက်မှောင်ကာ ၎င်းဦးခေါင်းခွံအတွင်း၌ သိပ်သည်းသောအနီရောင်မြူများ ရှိရင်း ဝေ့ယမ်းနေသည်။ ထိုအနီရောင်လိုင်းများ၏ ရင်းမြစ်က သည်အနီရောင်မြူများအတွင်း၌ ဖြစ်ချေ၏။ အနီရောင်လိုင်းအချို့ကတော့ သံဓားပတ်လည်၌ ထွေးခြုံပတ်ထားခြင်းပင်။
ရေခဲအရည်ပျော် ပျက်စီးသွားသည့်အခိုက် ဝမ်လင်းသည် ဖျပ်ခနဲ တရကြမ်းတိုးဝင်လာကာ သံဓားကို တိုက်ရိုက် ဖမ်းယူလိုက်တော့သည်။
သူ ဓားကို ဖမ်းယူလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့မှာလည်း ပေါက်ကွဲထွက်လာ၏။ မူလစွမ်းအင်သည် သူ့ပတ်လည်၌ မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲသည်။ မီးတောက်များသည် သံဓားထဲသို့ တိုးဝင်ကာ ချက်ခြင်းပင် သံဓားအား ခြုံလွှမ်းထားသည့် အနီရောင်လိုင်းများကိုပါ ဝန်းရံခြုံသွားသည်။
တချိန်တည်းမှာပင် ဝမ်လင်း၏ဘယ်လက်က ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ပြည့်လာ၏။ သူက လက်သီးချက်ကို ပစ်သွင်းသည်။
သံဓားပတ်လည်ရှိ အနီရောင်လိုင်းအချို့မှာ မီးတောက်ပင်လယ်နှင့်လက်သီးချက်တို့ကြောင့် ချက်ခြင်း တစစီ ဖြစ်သွား၏။ အခြားအနီရောင်လိုင်းများမှာလည်း အနည်းငယ် နောက်သို့ ဆုတ်သွားရသည်။
မာန်သွင်း၍ ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်ကာ သံဓားသည်လည်း အနီရောင်လိုင်းများ ထွေးခြုံထားရကနေ လွတ်မြောက်လာတော့၏။ ခုချိန်၌ ဝမ်လင်းလက်ထဲတွင် သံဓား ရရှိလာခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ဓားကို သူ့သိုလှောင်အိတ်ထဲသို့ ချက်ခြင်း ထည့်သိမ်း၏။ ထိုအရာများကို သူက ဆက်တိုက်ဆိုသလို တချက်ပင် တုံနှေးခြင်းမရှိ လုပ်ဆောင်လိုက်ခြင်းပင်။ ထို့နောက် သူသည် ခြေနင်းစောင့်ကာ အားယူ၍ အထက်ရှိ ထွက်ပေါက်ရှိရာသို့ ပျံသန်းတက်သွားသ်။
ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားလက်သီးချက်နှင့် မီးတောက်များသည် အနီရောင်မြူပေါ်၌ ကျရောက်နေ၏။ မီးတောက်များနှင့် ချဲ့ကားလာနေသည့် အနီရောင်မြူများ ထိပ်တိုက်တွေ့ကာ ကျယ်လောင်စွာ မြည်ဟိန်းပဲ့တင်ထပ်နေတော့သည်။
အနီရောင်မြူများသည် လုံးဝ လွင့်ပြယ်သွားချိန်၌ အတွင်းကနေ တစ္ဆေအရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်မှာ ယောက်ျားလား၊မိန်းမလား မခွဲနိုင်ပေ။ ၎င်း ပတ်လည်၌ အနီရောင်လိုင်းမြောက်များစွာ ဝန်းရံထားသည်။ ထိုအရိပ်က မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာကာ ထွက်ပြေးနေသော ဝမ်လင်းထံသို့ အေးစက်စွာ ကြည့်လာသည်။
ထို့နောက် ၎င်းက မာန်သွင်းအော်ဟစ်လိုက်၏။ ထိုအခါ ပတ်ဝန်းကျင်ရှိ ရေခဲတုံးများပေါ်၌ အက်ကြောင်းများစွာ ဖြစ်ပေါ်လာ၏။ တချိန်တည်းမှာပင် ရေခဲအားလုံးကြေမွကန်ကာ အတွင်းရှိ အလောင်းများ ပေါ်ထွက်လာကြသည်။ ၎င်းတို့ကို အနီရောင်တောက်တောက်က လွှမ်းခြုံထား၏။
အနီရောင်အကြည့်တစ်စုံက တွင်းပေါက်ဝသို့ ထွက်ပြေးနေသော ဝမ်လင်းပေါ်သို့ ထပ်ကြပ်မကွာ ကျရောက်နေ၏။
ဝေါင်း…။
ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ အော်သံကဲ့သို့ ဟိန်းအော်သံသည် သည်တွင်းနက်အတွင်း ပဲ့တင်ထပ်သွား၏။ ၎င်းအသံက စောနက တစ္ဆေအရိပ်၏အော်သံနှင့် ဆင်တူ၏။ထိုအသံက မုန်တိုင်းအသွင်ပြောင်း၍ အထက်သို့ ဆန်တက်သွားတော့သည်။
တွင်းနက်အတွင်း၌ ဟိန်းအော်သံများ ပဲ့တင်ထပ်နေ၏နိုးထာလာသော ကောင်းကင်ဘုံသားအလောင်းများသည် သူ့ထံသို့ တိုးဝင်လာကြတော့သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် လေထဲ၌ ရှိနေ၏။ ထူးဆန်းသောအရိပ်ကလည်း သူ့အောက်ကနေ လိုက်လာနေသည်။ အနီရောင်လိုင်းများသည် ဝှေ့ယိမ်းနေရင်း ထူးဆန်းနေတော့၏။
ထိုအရိပ်သည် တဝက်တပျက် မြင်ရ၏။ ၎င်းတွင် အတွင်းကလီစာများပင် မရှိသကဲ့သို့ပင်။ ၎င်း၏ခန္ဓာကိုယ်အတွင်း၌ အနီရောင်ဝဲကတော့တစ်ခုသာ ရှိနေသည်။
နီရဲရဲမျက်လုံးများဖြင့် အလောင်းကောင်များသည်လည်း ထိုအရိပ်အောက်၌ ရှိနေကြ၏။ ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမရှိ အထက်သို့ ဆန်တက်နေ၏။
အလောင်းကောင်များသည် ကြမ်းတမ်းသော်လည်း သိပ်ထည့်တွက်စရာတော့ မလိုပေ။ ၎င်းတို့၏ ကျင့်ကြံမှုက အကန့်အသတ်ရှိကာ ပုံရိပ်ယောင်ယင်နှင့်ယန်အဆင့်လောက်တွင်သာ ရှိကြသည်။
ဝမ်လင်းသည် သူတို့၏ မျက်ခုံးကြားထဲမှ အနီရောင်လိုင်းများ တလက်လက် ဖြစ်သွားသည်ကို ကောင်းစွာ တွေ့မြင်နိုင်စွမ်းရှိ၏။ သူက နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။
အခုလို သေရေးရှင်ရေး အချိန်၌ ဝမ်လင်းသည် အများကြီးတွေးနေဖို့တော့ အချိန်မရှိပါ။ မြန်နှုန်းအပြည့်ဖြင့် ပျံသန်းရင်း သူသည် အလောင်းကောင်များကို ဖြတ်သန်းလာ၏။
ဝမ်လင်းက ထိုအလောင်းကောင်မျာကို ဖြတ်သန်းသွားချိန်၌ သူ့လက်ကို ဓားတစ်လက်အသွင်ပြောင်း၍ ထိုအလောင်းကောင်များ၏ မျက်ခုံးနှစ်ခုကြားသို့ မြန်ဆန်စွာ ညွှန်သည်။
အလောင်းကောင်များ၏ မျက်ခုံးကြားမှ အနီရောင်လိုင်းများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်ကုန်သည်။
ဝမ်လင်းသည် တုံ့နှေးခြင်းမရှိဘဲ ရှေ့သို့ ဆက်ရွှေ့လျားလာနေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်၌လည်း မီးတောက်များ ခြုံလွှမ်းထားသေးသ်။ သူက အလောင်းကောင်တစ်ကောင်ကို တွေ့သည်နှင့် လက်ညွှန်လိုက်ပြီးပင်။
မီးတောက်ပင်လယ်သည် အထက်သို့ ဆန်တက်နေရင်း အလောင်းကောင်းများကို လောင်ကျွမ်းပစ်နေ၏။ သူတို့အားလုံးမှာ တစစီဖြစ်ကုန်ကာ ၎င်းတို့မျက်ခုံးကြားရှိ အနီရောင်လိုင်းများသည်လည်း ဖျက်စီးခြင်းခံရသည်။
ထူးဆန်းသောအရိပ်ကလည်း နောက်ကနေ လိုက်လာနေ၏။ ၎င်း၏မျက်လုံးက အေးသထက်အေးစက်လာကာ ၎င်းသည် ဆက်လက်၍ ဟိန်းအော်နေ၏။ ၎င်း၏ခန္ဓာကိုယ်မှ လိုင်းများသည် မမျှော်လင့်စွာဖြင့်ပင် ဓားများအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ ပိုမြန်ဆန်သောနှုန်းဖြင့် တိုးဝင်လာကြတော့သည်။
လမ်းတစ်လျှောက်၌ ဝမ်လင်းသည် အလောင်းကောင်များစွာကို ဖျက်စီးပစ်ပြီး ဖြစ်သော်လည်း သူ့အပေါ်၌ မရေမတွက်နိုင်သော အလောင်းကောင်များ ရှိနေဆဲပင်။အောက်ဘက်ကနေလည်း ထိုအရိပ်က သူ့ထံသို့ အရူးအမူး လိုက်လာနေ၏။ ဓားများသည်လည်း သူ့နားသို့ နီးကပ်လာသည်။ ဝမ်လင်းသည် ထိုအခိုက်၌ ပူထူသွးသလို ခံစားလိုက်ရ၏။ ဓားများနီးကပ်လာသည့်အခါ ဝမ်လင်း၏ ညာမျက်လုံးထဲကနေ အပြာရောင်တစ်ချက်လင်းလက်၍ အဇူရာဒိုင်း ဖြစ်ပေါ်လာကာ ဓားများကို ပိတ်ဆို့ပေးသည်။
အဇူရာအလင်းဒိုင်းက ဝမ်လင်းကို ကာပေးထား၏။ နီးကပ်လာသည့် အရိပ်ကို ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ဖြစ်ပေါ်လာ၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူသည် အော်ပြောလိုက်သည်။ “လေဆင့်ခေါ်ခြင်း…”
အနက်ရောင်လေပြင်းသည် သူ့ညာလက်ကနေ ရုတ်ချည်း ပေါ်ထွက်လာ၏။ ထိုအနက်ရောင်လေပြင်းသည် အေးစက်မှု မရှိတော့ဘဲ အားကောင်းသောအပူဓာတ်ပါဝင်နေပေပြီ။ အနက်ရောင်လေပြင်းက နဂါးငါးကောင်အဖြစ်သို့ ပြောင်းလဲ၍ ဟိန်းသံပြုကာ အထက်သို့ ဆန်တက်၏။
ထိုနဂါးငါးကောင်သည် မီးတောက်များနှင့် ဖုံးနေ၏။ ၎င်းတို့က အထက်သို့ ထိုးတက်သွားနေရင်း မိုးကြိုးဟိန်းသံများ သည်တွင်းနက်အတွင်း၌ မြည်ဟိန်းချေသည်။
သည်နေရာမှာ အံ့မခန်းအပူဓာတ်ဖြင့် ပြည့်၏။ သို့သော် ထိုအပူက ဝမ်လင်းပေါ်သို့ သက်ရောက်ခြင်း မရှိပေ။
အပူများ လှိုင်တက်နေရင်း နဂါးငါးကောင်သည် ရေှ့ဆက်၍ ချိုးဖျက်လာ၏။ အလောင်းကောင်အားလုံး စုတ်ပြဲသပ်ကာ ၎င်းနဂါးများ၏ ဝါးမြိုခြင်းကို ခံရသည်။ ရေခဲချပ်အလွှာများသည်လည်း အရည်ပျော်ကာ အဖြူရောင်အခိုးငွေ့လှိုင်းများအဖြစ် အထက်သို့ မြောလွင့်နေကုန်သည်။
ဝမ်လင်းထံသို့ ခုန်အုပ်ရန် ကြိုးစားလာကြသည့် ထိုအလောင်းကောင်များသည် နဂါးနက်ငါးကောင်၏ တိုက်ခိုက်မှုအောက်၌ ပျက်စီးကုန်ရသည်။ နဂါးနက်ငါးကောင်က အရူးအမူး အထက်သို့ ဆန်တက်နေ၏။ ဝမ်လင်း၏ အမြန်နှုန်းသည်လည်း အကန့်အသတ်ထိ ရောက်လာ၏။
ဝမ်လင်းသည် သူ့နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်နှင့် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်စွမ်းအားတို့ကို အတူ အသုံးပြုနေခြင်းသာ။ သူ့ပုခုံးထက်ရှိ ကြယ်အမှတ်အသားဖျံသည် ဝမ်လင်း၏အင်္ကျီစများကို ခပ်တင်းတင်း တွဲခိုထားသည်။ ၎င်း၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ရှိလို့နေသည်။
မီးတောက်များသည် အထက်သို့ ဆက်လက် တက်နေ၏။ ပိုပိုမြန်၊ပိုပိုကြမ်းလာလေသည်။ သိပ်မကြာခင်တွင် မီးတောက်များသည် မီးတောက်တိုင်လုံးအဖြစ် သည်တွင်းနက်ကို ထွင်းဖောက်လာသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာ မီးတောက်နဂါးနက်ငါးကောင်နှင့် ဝန်းရံထားရင်း သူသည် တွင်းနက်ထဲကနေ ထွက်လာချိန်၌ ရုတ်တရက် အောက်သို့ ပြန်ငုံ့ကြည့်လိုက်လေ၏။
***