ပူဆွေးမှုနှင့်ဒေါသတို့ ပြည့်နှက်နေသည့် ရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံကြီးကို ကြည့်ကာ ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေမိ၏။ အတွေ့အကြုံများ ရရှိလာပြီးနောက် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားများသည် ကြယ်များကြား၌ ထာဝရတည်ရှိမှုများ မဟုတ်သည်ကို နားလည်လာခဲ့သည်။သို့သော်လည်း သူတို့သည် အသန်မာဆုံးကလန်တော့ ဖြစ်လေ၏။
အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားကလန်သည် ပျောက်ကွယ်လုနီးနီး ဖြစ်နေပေပြီ။ ဝမ်လင်းသည် ထိုသို့ဖြစ်ရခြင်းမှာ ကျင့်ကြံသူများကြောင့်ဟု မယုံကြည်ပေ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေကဲ့သို့ အစွမ်းထက်လှသည့်နယ်မြေက ကျင့်ကြံသူများပင် ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးကို တိုက်ခိုက်ဖို့အတွက် စွမ်းအားများစွာ အသုံးပြုခဲ့ရသည် မဟုတ်လား။ထိုအစဉ်အချိန်က သူတို့သည် ထိုအဆင့်ရှေးဟောင်းနတ်ဘုရားတစ်ပါးကို အနိုင်ရဖို့အတွက် များစွာ ရင်းနှီး၍ ဆုံးရှုံးမှုများ ရှိခဲ့ကြပေသည်။
ကြယ်ရှစ်လုံးကို ဖောက်ခွဲပစ်ချိန် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဦးခေါင်းကို ဖြတ်တောက်ပစ်ခဲ့သည့် သည်စွမ်းအားက ဘယ်လိုအမျိုးအစားများ ဖြစ်နေမလဲ။
ကြယ်ရှစ်လုံးကို တပြိုင်နက်တည်း ဖောက်ခွဲပစ်ခြင်းက ကြယ်ကိုးလုံး ရှေးဟောင်းနတ်ဘုရားတပါး၏ စွမ်းအားအဆင့်သို့ မရောက်နိုင်သေးလျှင်ပင် ၎င်းစွမ်းအားက ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်ဖို့ လုံလောက်နေဆဲ ဖြစ်သည်။
စဉ်းစားနေရင်း ဝမ်လင်းက တဖြည်းဖြည်းချင်း ဆက်ဆင်းလာကာ ဆက်ဆင်းလို့ရသည့် လမ်းကြောင်းကို ပိတ်ဆို့ထားသော ရေခဲတုံးနားသို့ ရောက်ရှိလာသည်။ သူ့လက်ထံမှ မူလစွမ်းအင်တို့ မြင့်တက်လာပြီး ထိုရေခဲတုံးထံသို့ ဝင်ရောက်သွားလေ၏။
ချက်ခြင်းလိုလိုပင် ရေခဲအစွန်းပေါ်၌ မီးတောက်များပေါ်လာ၏။ သည့်နောက် ရေခဲသည် အငွေ့ပြန်၍ အဖြူရောင်အခိုးငွေ့များအဖြစ် အထက်သို့ ပျံတက်သွားတော့သည်။
ထိုရေခဲတုံးများထဲရှိ ကောင်းကင်ဘုံသားအလောင်းများသည်လည်း မီးတောက်ကြောင့် ပြာပုံဘဝသို့ ရောက်ရှိသွားကြပေပြီ။
လမ်းကြောင်းရှင်းပြီးနောက် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရား၏ဧရာမဦးခေါင်းကြီး နားသို့ ရောက်လာ၏။ သူက ထိုဦးခေါင်းခွံကို အနီးကပ် သေချာ စမ်းစစ်ကြည့်နေရင်း ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဖိအားက ရုတ်တရက် ပြိုဆင်းကျလာသည်။
သက်ပြင်းချလိုက်ပြီးနောက် ဝမ်လင်းက ထိုဦးခေါင်းကြီး ဖြတ်တောက်ခံထားရသည့် နေရာနားသို့ ဖြည်းဖြည်းချင်း ဆက်ဆင်းလာသည်။ ရှေးဟောင်းနတ်ဘုရားဦးခေါင်းခွံက ထူထဲသော ရေခဲလွှာများဖြင့် ထွေးခြုံထားသည်။ လည်ပင်းကို ဖြတ်တောက်လိုက်မှုက သေသပ်ချောမွတ်လွန်းနေခဲ့သည်။
ရှေးဟောင်းနတ်ဘုရား၏ လည်တိုင်ကို စူးစိုက်ကြည့်နေရင်း တည်ငြိမ်နေသော ဝမ်လင်းက ရုတ်တရက် မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲ၌ တုန်လှုပ်မှုတို့ ပြည့်လာသည်။
အနီးကပ်လည်ပင်းမှ ဖြတ်တောက်နေရာကို ကြည့်သည့်အခါ သည်ဦးခေါင်းခွံကြီးသည် တချက်လေးပင် ထစ်ငေါ့ကြီးမရှိဘဲ ရှင်းရှင်းလင်းလင်း ဖြတ်တောက်ခံလိုက်ရသည်ကို တွေ့ရသည်။
ထိုဖြတ်တောက်ရာ၏ အဓိပ္ပာယ်က ဝမ်လင်း၏ ဦးရေပြားကိုပါ တင်းကြပ်သွားစေ၏။ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဦးခေါင်းကို မန္တာန်တစ်ခုဖြင့် တစ်ချက်တည်း ဖြတ်တောက်ပစ်ခဲ့သည့်စွမ်းအားကို တွေးကြည့်၍၊စိတ်ကူးကြည့်၍ပင် မရနိုင် ဖြစ်နေရသည်။
“ချင်းလင် လက်ချက်များ ဖြစ်နေနိုင်လား…” ဝမ်လင်းက သည်အခြေအနေကို ပင့်သက်သာ ရှိုက်မိတော့၏။ ချင်းလင်ထံ၌သာ သည်လိုစွမ်းအားမျိုး ပိုင်ဆိုင်ထားခဲ့ပါက သူသည် အလွန့်အလွန် သန်မာလွန်းကာ ဝမ်လင်း စိတ်ကူးနိုင်သည်ထက်ပင် ပိုနေပေတော့မည်။
ဝမ်လင်းသည် ထိုဦးခေါင်းခွံပတ်လည်သို့ သူ့နတ်ဘုရားအာရုံဖြင့် သေချာကြည့်ရှုနေရင်း သူ့ဟန်ပန်က သုန်မှုန်လာတော့၏။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချမိ၏။ သူသည် ရေခဲလွှာအနားသို့ ပို၍ ကပ်သွားရင်း လည်ပင်းပြတ်ရှဒဏ်ရာကို စူးစိုက် ကြည့်နေ၏။
ထိုဒဏ်ရာ၏ အစွန်းဖျားအနက်ပိုင်း၌ အနီရင့်ရောင်သလင်းအမှုန့်အချို့ ရှိနေ၏။ လူတစ်ယောက်သည် သေချာ စူးစိုက်မကြည့်ပါက ၎င်းအနီရင့်ရောင်အမှုန့်တို့မှာ ခြောက်သွေ့ကပ်နေသည့် သွေးများနှင့် ရောနှောနေပေလိမ့်မည်။
“ဒါက…” ဝမ်လင်းသည် ငြိမ်သက်စွာ တွေးကြည့်နေရင်း သူ့လက်ကို ပင့်မြှောက်၍ ထိုရေခဲပေါ်သို့ တင်လိုက်၏။ သူသ် သူ့မူလစွမ်းအင်ကို ဖြန့်ကျက်ပြီး သူ့ညာလက်ထဲသို့ ပြည့်နှက်လာစေသည်။ သူ့ညာလက်အောက်၌ ရေခဲသည် အငွေ့ပျံလာ၏။ သူက သူ့မူလစွမ်းအင်ကို သေချာထိန်းချုပ်၍ ရေခဲကို အပေါက်တစ်ခု ဖြစ်သွားစေရန်သာ လုပ်ဆောင်နေသည်။
ထိုအပေါက်အဟက ရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းခွံလည်တိုင်ပေါ်မှ ဒဏ်ရာထံသို့ လမ်းသွယ်တစ်ခုသို့ပင်။ ထို့နောက် ဝမ်လင်းသည် စုပ်အားတစ်ခုကို ဖန်တီး၍ သူ့လက်ထဲသို့ ထိုသလင်းအမှုန့်များထဲမှ တမှုန့်ကို ဆွဲငင်စေလိုက်သည်။
သူ့လက်ချောင်းများဖြင့် ထိုအနီရင့်ရောင်သလင်းအမှုန့်ကို ကိုင်ထားရင်း သူ့နတ်ဘုရားအာရုံဖြင့် ဖြည်းဖြည်ချင်း စစ်ဆေးကြည့်နေသည်။ သေချာလေ့လာနေပြီးနောက် ဝမ်လင်းသည် ထိုသလင်းအမှုန့်ထဲတွင် မမြင်ရသောစွမ်းအားတစ်ခုကို တဖြည်းဖြည်းချင်း တွေ့မြင်လာ၏။ ထိုစွမ်းအားသည် သလင်းအတွင်း၌ ဖြည်းဖြည်းချင်း ရွှေ့လျားနေကာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။
ဝမ်လင်း၏နတ်ဘုရားအာရုံက ထိုမမြင်ရသောစွမ်းအင်ကို ဝန်းရံထား၏။ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံကို မမြင်ရသောစွမ်းအင် တစ်လျှောက် ထောက်လှမ်းကြည့်ရန် ရွှေ့လျားစေလိုက်သည်။
သို့ရာတွင် သူ့နတ်ဘုရားအာရုံ ဝင်ရောက်လာသည့်အခိုက်၌ သူသည် ထိုမမြင်ရသောစွမ်းအင်ထံမှ အံ့မခန်းဖိအားကို ရုတ်တရက် ခံစားမိလိုက်၏။
အလွန်သေးငယ်လှသော ထိုဖိအားအော်ရာကပင် ဝမ်လင်းကို ပင့်သက်ရှိုက်မိစေကာ နောက်သို့ ဆုတ်မိမတတ်ပင် ဖြစ်သွားစေသည်။ သို့ရာတွင် သူက သူ့ကိုယ်သူ အားတင်း၍ ၎င်းစွမ်းအင်ကို သေချာ စူးစမ်းကြည့်နေတော့၏။
သူက ပို၍ မျက်မှောင်ကြုတ်လာနေသည်။ နှစ်ပေါင်းတစ်ထောင် ကျင့်ကြံပြီးသည့်နောက်တွင်ပင် သူသည် အခုလိုမျိုး မမြင်ရသော ထူးဆန်းလှသည့် စွမ်းအင်မျိုးကို လုံးဝ မကြုံဖူးခဲ့ပေ။
ထိုအရာက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လည်း မဟုတ်။ စိတ်ဝိညာဉ်စွမ်းအင်လည်းမဟုတ်။ မူလစွမ်းအင်နှင့်လည်း အနည်းငယ်မျှပင် ချိတ်ဆက်မှု ရှိမနေပေ။
သို့သော် သူက သေချာ ဂရုတစိုက် ထပ်ပြီး စမ်းစစ်ကြည့်ချိန်၌ သူသည် ၎င်းမမြင်ရသောစွမ်းအင်ထဲ၌ စိတ်ဝိညာဉ်စွမ်းအင်၊ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် မူလစွမ်းအင်တို့သည် သူ နားလည်နိုင်စွမ်း မရှိသည့် အခြားစွမ်းအင်တစ်ခုနှင့် ပေါင်းစပ်နေသည်ကို တွေ့မြင်နိုင်လာ၏။
၎င်းစွမ်းအင်တို့က ပြီးပြည့်စုံစွာ ပေါင်းစည်းနေခြင်းပင်။ထိုအဖြစ်က ဝမ်လင်းကို အတော်လေး စိတ်ရှုပ်ထွေးမိစေသည်။
ဝမ်လင်းကို ထိတ်လန့်ကြောက်ရွှံ့သွားစေသည်က ထိုစွမ်းအင်အတွင်း၌ ပါဝင်နေသော ဥပဒေသပင်။ ထိုဥပဒေသက ဝမ်လင်း၏ ဦးရေပြားကိုပါ ထုံထိုင်းသွားစေ၏။
ထိုဥပဒေသမှာ ဥပဒေသမြောက်များစွာ ပါဝင်နေသော ဥပဒေသ ဖြစ်နေ၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကူအညီဖြင့် ဝမ်လင်းသည် ဥပဒသေအားလုံးနီးပါးကို တွေ့မြင်ခဲ့ရ၏။ သို့သော် ၎င်းစွမ်းအင်အတွင်း၌ သူ မမြင်ဖူးသည့် ဥပဒေသများစွာ ရှိလို့နေသည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဂရုတစိုက် ပြန်ရုတ်သိမ်းလိုက်၏။ သူ့မျက်နှာသည် ဖြူရောနေတော့သည်။ သည်အခိုက်အတန့်၌ သူသည် သူကိုင်ထားသည့် သလင်းအမှုန့်မှာ မထင်မရှားအမှုန့်တစ်ခုဟု မခံစားရတော့ဘဲ ပြင်းထန်သည့်ဗုံးတစ်လုံးကဲ့သို့ ခံစားနေရတော့သည်။
ထိုစွမ်းအားမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဦးခေါင်းကို ဖြတ်တောက်ပစ်သည့် စွမ်းအားလော။ သည်စွမ်းအားမှာ ချင်းလင် ပိုင်ဆိုင်သည့် စွမ်းအား မဖြစ်နိုင်တော့ပေ။ ဝမ်လင်းက သူ့လက်ထဲရှိ သလင်းအမှုန့်ကို စူးစိုက်ကြည့်နေရင်း အတိတ်တုန်းက သူ လီမူဝမ်ကို ကယ်တင်နိုင်ရန် ကောင်းကင်ဘုံစိတ်ဆန္ဒနှင် တိုက်ခိုက်ခဲ့သည့်အချိန်ကို ပြန်တွေးမိသွားသည်။
ကောင်းကင်ဘုံ၏ တမန်တော်မှာ မထင်မှတ်ထားစွာ ရှေးဟောင်းနတ်ဘုရားတပါး၊ သူ့ကြယ်များကို ချိပ်ပိတ်ထားခြင်းခံရသည့် ရှေးဟောင်းနတ်ဘုရားတပါး ဖြစ်နေခဲ့သည့် မဟုတ်လား။ထိုစဉ်က ဝမ်လင်းသည် တုန်လှုပ်ခဲ့ရသော်လည်း သူ့ကျင့်ကြံမှုအဆင့် နိမ့်ပါးမှုကြောင့် ၎င်းအကြောင်းကို အများကြီး နားမလည်ခဲ့ပေ။ ခုချိန်တွင် ပြန်တွေးကြည့်သည့်အခါ ထိုအဖြစ်အပျက်မှာ တုန်လှုပ်ဖွယ်ကောင်းရုံမျှမဟုတ်၊ နောက်ကွယ်၌ ကောင်းကင်ယံထိတုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခု ရှိနေမည်ဟု သူ တွေးမိလာခဲ့သည်။
အဘယ်သို့သော စွမ်းအားက ရှေးဟောင်နတ်ဘုရားကို ချိပ်ပိတ်၍ ကောင်းကင်နှင့်မြေကြီး၏ တမန်တော် ဖြစ်လာစေခဲ့သနည်း။ ဝမ်လင်းက ထိုအဖြေကို ချက်ခြင်း သိလိုက်၏။
“ကောင်းကင်ဘုံရဲ့တာအို..” ဝမ်လင်းက သူ့လက်ထဲရှိ သလင်းအမှုန့်ကို စူးနစ်စွာ ကြည့်နေ၏။ သူသည် ထိုမမြင်ရသောစွမ်းအားကို ခံစားမိချိန်၌ သူ့အလိုလိုသိသည့် ဗီဇက ထိုစွမ်းအားမှာ ကောင်းကင်ဘုံ၏ တမန်တော် ဖြစ်သော ရှေးဟောင်းနတ်ဘုရားကို ချိပ်ပိတ်ထားမှုနှင့် ဆက်နွှယ်နေသည်ဟု ပြောနေ၏။
သို့သော်လည်း ကောင်းကင်ဘုံ၏တာအိုမှာ အင်မတန်သိမ့်မွေ့သည့်အရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ၎င်းတာအိုက သည်အရာများကို မည်သို့မည်ပုံ လုပ်ဆောင်နိုင်သနည်း။ ဝမ်လင်းသည် စဉ်းစားနေရင်း ရှေးဟောင်းနတ်ဆိုးပေလော သူ့အား ပြောပြခဲ့ဖူးသည့် ရှေးအမိန့်၏ လျှို့ဝှက်ချက်၊ သူတို့က ကောင်းကင်ဘုံကို မည်သို့ ဆန့်ကျင်ခဲ့သည် ဆိုသော အကြောင်းတို့ကို ပြန်တွေးကြည့်နေသည်။
သူ့မျက်လုံးကို မှိတ်ထားရင်း ဝမ်လင်း၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာဟန် တူသည်။ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားက အဆုံးမဲ့ ကြယ်များအနှံ့ သွားလာနေ၏။ ထိုအခိုက်၌ ဖော်ပြနိုင်စွမ်းကင်းမဲ့သောအားတစ်ခုသည် ကောင်းကင်ဘုံကနေ သက်ဆင်းလာ၏။ ထိုအားကို ခုခံနိုင်ရန်အတွက် ရှေးဟောင်းနတ်ဘုရားက သူ့ကြယ်ရှစ်လုံးကို တစစီခွဲပစ်၏။ သို့သော် သူ့ဦးခေါင်းသည် ဖြတ်တောက်ခြင်း ခံလိုက်ရသည်သာ ဖြစ်ခဲ့သည်။
ထို့နောက် ၎င်းဦးခေါင်းကို ကောင်းကင်ဘုံနယ်မြေက ရရှိခဲ့ပြီး သည်နေရာတွင် မသိရသည့်အကြောင်းရင်းတစ်ခုအတွက် ယင်းဦးခေါင်းကို ထားထားခဲ့ကြသည်။ ရှေးဟောင်းနတ်ဘုရား ဦးခေါင်းကို ဖြတ်တောက်ပစ်ခဲ့သည့်အားကတော့ အချိန်နှင့်အတူ လွင့်ပါးသွားခြင်းမရှိခဲ့ဘဲ ထိုအစား အခုလိုမျိုး သလင်းအမှုန့်များ ဖြစ်လာခဲ့သည်။
ဝမ်လင်းသည် သူ့ စိတ်ထဲ၌ တွေးမိသည့် အခုအကြောင်းအရာများသည် မှန်လား၊မှားလား မသိပေ။ သူက သူသိထားသလောက်နှင့် ခန့်မှန်းကြည့်ရုံမျှသာ ဖြစ်သည်။ သူက မျက်လုံး ပြန်ဖွင့်လာ၏။ အနည်းငယ် စဉ်စားကြည့်ပြီးနောက် သူသည် ထိုသလင်းအမှုန့်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။
ရေခဲထဲရှိ လည်တိုင်ပေါ်တွင် သလင်းအမှုန့်အချို့ ရှိနေသေး၏။ ဝမ်လင်းက ထိုသလင်းတို့ကို ဂရုတစိုက်ထုတ်ယူကာ သူ့သိုလှောင်အိတ်ထဲသို့ သေချာထည့်ထားလိုက်သည်။
ထိုဖြစ်စဉ်အတွင်း သူက သေချာ ဂရုစိုက်နေရ၏။ အရင်တစ်ခုအပါအဝင်ဆိုလျှင် စုစုပေါင်း သလင်းအမှုန့် (၂၃)ခု ရှိနေပေပြီ။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရား၏ လည်တိုင်ရှိ ဒဏ်ရာကို စူးစိုက်ကြည့်သည်။ မည်သည့်သလင်းမျှ မကျန်တော့ပေ။ ဝမ်လင်းသည် ထွက်ခွာရန် ပြင်လိုက်၏။ သိုသော် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ခဏအကြာတွင် လည်ပင်းရှိ ဒဏ်ရာကို စူးစိုက်ကြည့်နေရင်း သူသည် အနီရောင်ဖျပ်ခနဲ ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းသည် သူ့ညာလက်ထဲသို့ မူလစွမ်းအင်များ ပြည့်နှက်စေသည်။ မီးဓာတ်ပါသည့် မူလစွမ်းအင်များသည် ရေခဲရှိရာသို့ ရောက်ရှိသွားသည်။ သူ့မူလစွမ်းအင်က ထိုရေခဲလွှာကို တူးဆွနေရင်း ရှေးဟောင်းနတ်ဘုရား၏ လည်ပင်းနေရာသို့ တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ဝမ်လင်းသည် မျက်တောင်မခပ်တမ်း ရှေ့သို့ စူးနစ်စွာ ကြည့်နေသည်။ သိပ်မကြာခွင်တွင် ရေခဲလွှာကို ဖောက်သည့်လမ်းကြောင်းမှာ ရေခဲတုံး၏အတွင်းနက်ပိုင်းထိ ရောက်လာသည်။
ချက်ခြင်းပင် အနီရောင်လက်သွားစေသည့် အရာကို တွေ့လိုက်ရတော့သည်။
ထိုအရာမှာ အနီရောင်လိုင်းများဖြင့် ဖုံးအုပ်နေသည့် သံဓားတစ်လက် ဖြစ်နေ၏။ ထိုအနီရောင်လိုင်းများက ရွှေ့လျားနေရင်း ဓားကို ထွေးပတ်ခြုံထားသည်။
ထိုသံဓားမှာ သာမန်ဟုသာထင်ရ၏။ သို့သော်လည်း ဝမ်လင်းက ၎င်းဓားကို တွေ့လိုက်ရချိန်တွင် သူသည် အလွန်ရင်းနှီးသည်ဟု ခံစားမိ၏။ သူက ၎င်းဓားကို တနေရာရာတွင် တွေ့ခဲ့ဖူးပေသည်။
သူ ၎င်းဓားကို ဘယ်နေရာတွင် တွေ့ခဲ့ဖူးသည်ကို ပြန်မမှတ်ခင်မှာပင် ဓားပတ်လည်ရှိ အနီရောင်လိုင်းများထံမှ ကြောက်မက်ဖွယ်အန္တရာယ်အာရုံကို ခံစားလိုက်ရ၏။
ဝမ်လင်း၏အမူအရာက ပြောင်းလဲသွားသည်. သူ့နတ်ဘုရားအာရုံကို ရေခဲလွှာထဲသို့ ဖြန့်ကျက်ကြည့်သည့်အခါ၌ သူသည် ၎င်းသံဓားနှင့်အနီရောင်လိုင်းများကို မတွေ့ခဲ့ရပေ။ သို့ရာတွင် အခု ရေခဲ အရည်ပျော်သွားချိန်၌ ၎င်းတို့သည် သူ့မျက်လုံးရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လာနေပေပြီ။
သတိထားနေခြင်းကြောင့် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ပြန်ဖြန့်ကျက်စေလိုက်ရာ သူသည် သံဓား သို့မဟုတ် အနီရောင်လိုင်းများကို ထပ်မံ ထောက်လှမ်းမိခြင်း မရှိ ဖြစ်ပြန်၏။ သို့ရာတွင် သူ့မျက်လုံးဖြင့် ၎င်းဓားနှင့်အနီရောင်လိုင်းများကို ရှင်းလင်းစွာ မြင်နေရ၏။ နတ်ဘုရားအာရုံဖြင့်မူ ထောက်လှမ်းနိုင်ခြင်းမရှိပေ။ ထိုအဖြစ်က ဝမ်လင်းကို လုံးဝ သတိအနေအထား ဖြစ်သွားစေတော့သည်။
ဝမ်လင်းသည် နောက်သို့ တည်ငြိမ်စွာ ပြန်ဆုတ်၏။ ထိုသံဓားနှင့်ဓားပတ်လည်ရှိ အနီရောင်လိုင်းများက ထူးဆန်းလွန်းနေ၏။ ၎င်းတို့နှင် သွားမရှုပ်သည်မှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
နောက်သို့ ပြန်ဆုတ်နေရင်း သူ့အကြည့်က ထိုသံဓားပေါ်သို့သာ ကျရောက်နေစမြဲပင်။ ထိုသံဓားပေါ်၌ သံချေးအချို့လည်း ရှိနေ၏။
“ငါ သိနေသလိုပဲ ဒီဓားကို…” ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့ ခေါင်းထဲ၌ ဖျပ်ခနဲ လင်းလက်သွားသည်။ သူ့မျက်လုံးသည် ဓားကို စူးစိုက်ကြည့်နေရင်း ရုတ်တရက် ပြူးကျယ်သွား၏။ သူသည် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်လေသည်။ သူ မှတ်မိသွားသည်။
အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်၊ ဟင်္သာအုတ်ဂူအတွင်းမှာ သူသည် ယခုလိုသံဓားတစ်လက်ကို တွေ့ခဲ့ဖူးပေ၏။ ဓားပေါ်ရှိ သံချေးအမှတ်အသားများသာ ယခုဓားနှင့် အတိတ်တုန်းက သူတွေ့ခဲ့သည့်ဓားက မတူခြင်းရှိ၏။ ကျန်တာအားလုံးတူတူပင်။ အတိတ်တုန်းက သံဓားမှာ ထာဆန်၏ တမန်တော် ယူဆောင်သွားခဲ့သည် မဟုတ်လား။ သူသည် ထိုတမန်တော်၏မျက်နှာပေါ်ရှိ ကျေနပ်အားရနေမှုကို ခုချိန်ထိပင် ကောင်းစွာ ပြန်မှတ်မိနေသည်။
***