“ကျိုးယုကရော…သူမဟာ မထင်မှတ်ထားမှတ်ဘဲ လျိုမေရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒီအရာရဲ့ နောက်မှာ လျှို့ဝှက်ချက်အချို့ ရှိနေမှာပဲ။ လျိုမေဟာ လှည့်ဖျားကောက်ကျစ်လွန်းတယ်…”
အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဝမ်လင်းသည် လျိုမေ့ကို တွေ့မြင်ခဲ့ခြင်းကြောင့် စိတ်ရှုပ်ထွေးမှုကို ဖိနှိပ်ထားလိုက်၏။ သူ့ခန္ဓာကိုယ်အနှံ့တွင် အားကောင်းသောမူလစွမ်းအင်တစ်ခု စီးဆင်းနေသည်ဟု ခံစားမိသည်။
“နိဗ္ဗာနကြိုမြင်ခြင်း အထွတ်အထိပ်…” ဝမ်လင်း၏ မျက်လုံးသည် တောက်ပနေ၏။ ခုချိန်၌ သူသည် အခြားအရာများကို တွေးနေခြင်းက အချည်းနှီးသာ ဖြစ်ပေမည်။ သူသည် ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူအတွင်း၌ ရှိနေဆဲ ဖြစ်၏။ထို့ကြောင့် သူသည် အရင်ဆုံးပြဿနာကိုသာ ချက်ခြင်း ဖြေရှင်းရမည် မဟုတ်လား။
“ဒီလောကမှာရှိတဲ့ အရာရာတိုင်းမှာ ဥပဒေသပါဝင်တယ်။ ကောင်းကင်၊မြေကြီး၊ဒြပ်စင်ငါးခု၊ အရာအားလုံးမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ဥပဒေသဆိုတာ ရှိနေတယ်။ လူတစ်ယောက်ဟာ ဒါတွေကိုနားလည်ဖို့အတွက်က အချိန်အများကြီး ယူရလိမ့်မယ်။ လူတစ်ယောက်ရဲ့ စွမ်းအားဟာ အကန့်အသတ် ရှိတဲ့အတွက် ဒါ့ကြောင့် ဥပဒေသအားလုံးကို ဖမ်းဆုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူသည် စဉ်းစားနေသည်။
“ဒါ့ကြောင့်ပဲ နိဗ္ဗာသန့်စင်ခြင်းအဆင့်နဲ့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် မွန်းစတားအိုတွေတောင် သူတို့ အကျွမ်းကျင်ဆုံး ဥပဒေသတစ်ခုပဲ ရှိနေတာ။ ဥပမာအနေနဲ့ဆို အရှင်မီးတောက်ဟာ မီးဥပဒေသမှာ အကျွမ်းကျင်ဆုံးပဲ…”
ဝမ်လင်းသည် စဉ်းစားနေရင်း သူ့ညာမျက်လုံးထဲမှ မိုးကြိုးတန်းတစ်ခု ထိုးထွက်လာ၏။ ထိုမိုးကြိုးသည် မိုးကြိုးလုံးအဖြစ်သို့ ဖြစ်တည်၏။
ထိုမိုးကြိုးလုံးအတွင်း၌ ဝေဝေဝါးဝါးအရိပ်တစ်ခု ရှိ၏။ထိုအရိပ်၏ ပုံပန်းအသွင်မှာ ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်၏ အသွင်နှင့် ချွတ်ဆွတ်တူနေသည်။
ဝမ်လင်းသည် ထိုမိုးကြိုးလုံးကို စူးစိုက်ကြည့်နေ၏။ သို့သော် ထိုမိုးကြိုးလုံးသည် အစောပိုင်းက သူတွေ့မြင်ခဲ့ရသလို လိုင်းများအဖြစ်သို့ ပြောင်းလဲသွားခြင်းမရှိပေ။ မည်သည့်ဥပဒေသမျှ ၎င်းမိုးကြိုးလုံးအတွင်း၌ ပေါ်မလာခဲ့ပေ။
“ငါဟာ ရှေးဟောင်းမိုးကြိုးနဂါးရဲ့ ခန္ဓာကိုယ်တစ်ဝက်ကိုပဲ ရရှိပိုင်ဆိုင်ခဲ့တာ။ တစ်ဝက်က ဒီလှိုင်းအသူတရာချောက်ထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ။ ဒါ့အတွက်ကြောင့် မိုးကြိုးစွမ်းအားဟာ မပြည့်မစုံ ဖြစ်နေပြီး ဒီအတွင်းမှာ ရှိတဲ့ ဥပဒေဟာ ပြီးပြည့်စုံမှု ရှိမနေတော့တာပဲ…”
စဉ်းစားနေရင်း ဝမ်လင်းသည် လေထဲသို့ ဖမ်းညှစ်လိုက်ရာ မိုးကြိုးလုံးသည် မရေမတွက်နိုင်သော မိုးကြိုးတန်းများအဖြစ်သို့ ပြန့်ကြဲသွားသည်။ သည်အခိုက်အတန့်၌ ဝမ်လင်း၏ ဘယ်မျက်လုံးထဲကနေ မီးတောက်များ ထွက်ပေါ်လာ၏။
ထိုမီးတောက်များအတွင်း ဟင်္သာငှက်အရိပ် ရှိနေ၏။
ဝမ်လင်းက အနီးကပ် စူးစိုက်ကြည့်နေရင်း သူသည် ဟင်္သာငှက်အရိပ်မှာ ဝေဝါးလာပြီးနောက် အဆုံးမဲ့မီးတောက်များသည် အနက်ရောင်လိုင်းများအဖြစ် တွေ့မြင်လာရတော့သည်။
“ကျင့်ကြံခြင်းအပေါ် ငါနားလည်သလောက်ကတော့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်ဖို့က ဥပဒေသတွေထဲက တစ်ခုကို အလုံးစုံကျွမ်းကျင်ရမှာ ဖြစ်တယ်။ အဲ့နောက်မှာ ငါဟာ ဒီဥပဒေသကို အသုံးပြုပြီး လောကရဲ့ မူလစွမ်းအင်တွေကို စုပ်ယူနိုင်ပြီ…”
“နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ခွန်အားဟာ သူတို့ ရွေးချယ်လိုက်တဲ့ ဥပဒေသနဲ့ အများကြီး ဆက်နွှယ်နေတယ်….”
ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်ကာ မီးတောက်များကို ပြန့်ကြဲစေလိုက်သည်။ ထို့နောက် သူ့မျက်လုံးတို့သည် ပုံမှန်အတိုင်း ပြန် ဖြစ်သွား၏။
“ငါ အကျွမ်းဝင်ဆုံးကတော့ မိုးကြိုးနဲ့မီး ဥပဒေသတွေပဲ။ ဒါပေမယ့်လည်း ငါဟာ မီးကို ပိုင်ဆိုင်ထာပြီးတဲ့နောက် ခုထိ လုံလောက်အောင် ရင်းနှီးကျွမ်းကျင်မှု မရှိသေးဘူး။ ငါ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို မချိုးဖျက်ခင်မှာ ဒီမီးဓာတ်ကို နားလည်အောင် လုပ်ဖို့ လိုသေးတယ်…”
“ဒါပေမယ့်လည်း ဒီလိုမျိုး မီးသပ်သပ်ကို အထူးပြုပြီး အဆင့်တက်ရင် ငါ့မိုးကြိုးစွမ်းအားကို ဆုံးရှုံးသွားနိုင်တယ်။ ငါက နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို လက်လွှတ်လိုက်ရင်လည်း နောင်တရဖို့ပဲ ရှိလိမ့်မယ်။ ငါသာ မီးနဲ့မိုးကြိုးကို ပေါင်းစပ်အသုံးပြုပြီး နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို တက်လှမ်းမယ်ဆိုရင်တော့ ဒီစွမ်းအားက အမှန်တကယ် အားကောင်းနေမှာပဲ…”
ဝမ်လင်းသည် စဉ်းစားနေရင်း တွင်းနက်ထဲသို့ ခြေချလိုက်၏။ သူက တွင်းနက်ဘေးနံရံရှိ သူတူးထားခဲ့သည့် လှိုဏ်ဂူထဲသို့ ပြန်ဝင်လာကာ သူ့မူလခန္ဓာကိုယ်ဘေးနားသို့ ရောက်ရှိလာ၏။
ငွေရောင်အမျိုးသမီးအလောင်းကောင်ကတော့ ဘေးတစ်ဖက်၌ စောင့်ကြပ်ပေးတုန်းပင်။ သူမက ဝမ်လင်း၏ ကိုယ်ပွားကို မြင်လိုက်ချိန်တွင်လည်း သူ့အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ ဝမ်လင်းက သူမကို လစ်လျူရှု၍ သူ့မူလခန္ဓာကိုယ်နှင့် ပြန်ပေါင်းစည်းလိုက်သည်။
ခဏအကြာတွင် ဝမ်လင်းသည် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာ၏။ ထို့နောက် သူသည် မတ်တပ်ထရပ်လာသည်။
“အစောပိုင်းက ငါ တွေ့ခဲ့တဲ့ ဟင်္သာငှက်ဟာ ငါ့တက်တူးအမှတ်အသားနဲ့ အတိအကျတူတယ်။ ဒီနှစ်ခုကြားမှာ ဆက်နွှယ်မှုတစ်ခု ရှိမယ်ဆိုတာ ငါ ယုံတယ်…”
ဝမ်လင်းသည် ပြိုကျနေသည့်ဂူထဲကနေ လှမ်းထွက်လာ၏။ ငွေရောင်အမျိုးသမီးကလည်း သူ့နောက်ကနေ တိတ်တဆိတ် လိုက်ပါလာ၏။ သူမ၏အကြည့်က ဝမ်လင်း၏နောက်ကျောထံသို့ ကျရောက်လို့နေသည်။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ရှိလို့နေသည်။
ဝမ်လင်းက ဂူထဲကနေ လှမ်းထွက်လာသည်နှင့် ချက်ခြင်းနောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်မိ၏။ သူသည် အံ့အားသင့်သွားခြင်းပင်။
တွင်းနက်အတွင်းနက်ပိုင်းကနေ တစ္ဆေအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ၎င်းအလင်းတန်းက ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် လာနေခြင်းပင်။ ဝမ်လင်း နောက်ဆုတ်လိုက်ချိန်၌ ၎င်းအလင်းတန်းက သူ့နားသို့ ရောက်ရှိလာသည်။
ထိုအလင်တန်းမှာ ကြယ်အမှတ်အသားဖျံပင် ဖြစ်နေ၏။
ထိုဖျံက အနားရောက်သည်နှင့် ဝမ်လင်း၏အင်္ကျီစကို ပါးစပ်နှင့်ကိုက်ကာ ခွဲတွဲ၍ လွှဲယမ်းနေသည်။ ၎င်းဖျံက တစီစီအသံလည်း ပေးနေ၏။
အကြိမ်အနည်းငယ် လွှဲယမ်းပြီးနောက် ဖျံက ဝမ်လင်း၏ ပုခုံးထက်သို့ ရောက်ရှိလာ၏။ ၎င်းက သူ့မျက်နှာကိုယ်သူ ပွတ်သတ်ပြီးနောက် ဝမ်လင်း လည်တိုင်အနားသို့ တိုးလာ၏။
ကြယ်အမှတ်အသားဖျံသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာကို သဘောအကျဆုံး ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများ ခေတ်ကာလာအတွင်း ကြယ်အမှတ်အသားဖျံသည် ရှေးဟောင်းနတ်ဘုရားများ သဘောကျသည့် သားရဲ့အချို့ထဲတွင် အပါအဝင် ဖြစ်ခဲ့ပေသည်။ ဝမ်လင်းသည် သူ့မှတ်ဉာဏ်များထဲရှိ အမွေအနှစ်ကြောင့် ထိုအချက်ကို သိထား၏။
ရှေးဟောင်းနတ်ဘုရားများ၏အော်ရာမှာ ကြယ်အမှတ်အသားဖျံအတွက် အလွန်အကျိုးရှိစေ၏။ ၎င်းတို့က ရှေးဟောင်းနတ်ဘုရားအနား၌ အချိန်လုံလောက်စွာ နေပါက သူတို့၏ အသက်ကြီးရင့်မှုကိုပါ များစွာ လျော့ချနိုင်ကြသည်။ ထို့အပြင် ဤသို့နေထိုင်ခြင်းက ၎င်းဖျံတို့၏ အတွင်းပင်ကိုယ်သဘာဝကို ပြောင်းလဲမှုလည်း ဖြစ်စေ၏။
ရှေးဟောင်းအချိန်များထဲကပင် ကြယ်အမှတ်အသားဖျံသည် ရှေးဟောင်းနတ်ဘုရားများ၏ အသွင်သဘာဝပြောင်းလဲသည့်အခါ၌ အားကိုးရသည့် အမှီသဟဲဖြစ်ခဲ့၏။ သို့သော်လည်း ထိုသို့ ဖြစ်နိုင်ရန်မှာ ကြယ်အမှတ်အသားဖျံက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အော်ရာကို လုံလောက်အောင် စုပ်ယူဖို့ အချိန်ကြာမြင့်စွာ ယူရ၏။
ဝမ်လင်းက သူ့မှတ်ဉာဏ်ထဲရှိ ထူစီ၏ အသွင်သဘာဝပြောင်းလဲမှုအကြောင်းကို ပြန်မှတ်မိလိုက်ရင်း သူ့အသွင်က ထူးဆန်းသလို ဖြစ်သွား၏။ သူ့ပုခုံးထက်ရှိ ဖျံကို ကြည့်လိုက်ပြီးနောက် ထိုထူးဆန်းသောဟန်ပန်က ပို၍ ထင်ရှားလာ၏။
“ထူစီရဲ့ မှတ်ဉာဏ်ထဲမှာဆိုရင် ကြယ်အမှတ်အသားဖျံ ရှိတဲ့ ရှေးဟောင်းနတ်ဘုရားတိုင်းဟာ အသွင်သဘာဝပြောင်းလဲမှုမှာ ကံကောင်းချီးများစွာ ကြုံရတယ်လို့ ဆိုတယ်။ သူတို့က ကြယ်အမှတ်အသားဖျံကို ရတနာတစ်ပါးလို ပြုမူဆက်ဆံခဲ့ကြတယ်။ ဒီဖျံတွေကို နာကျင်အောင်လုပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုခဲ့ကြဘူး…”
ဖျံက ဝမ်လင်း၏ အော်ရာကို တရှုံ့ရှုံ့အနံ့ခံရင်း ၎င်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေတော့၏။ ၎င်းဖျံက ဝမ်လင်း၏ ပုခုံးထက်၌ လှဲလျောင်းနေရန် ဆုံးဖြတ်လိုက်လေ၏။
ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ ဖျံငယ်ကို သူ့ပုခုံးထက်ကနေ ဆွဲယူလိုက်၏။ ထိုဖျံငယ်က အတော်လေး မကျေမနပ် ဖြစ်သွားသည့်ပုံရ၏။ သူ့လက်သည်းများဖြင် ဝမ်လင်း၏ အင်္ကျီစများကို ကုတ်ခြစ်ထားလေသည်။
ဝမ်လင်းက ကြယ်အမှတ်အသားဖျံကို ကိုင်ထားရင်း သူ့မျက်နှာရှေ့တည့်တည်သို့ ပို့၍ အနီးကပ် သေချာကြည့်၏။ သူက သည်ဖျံကို သူ ထျန်ယွမ်ဂြိုဟ်ကို ပထမဆုံး ရောက်လာခဲ့စဉ် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက တွေ့မြင်ခဲ့ဖူး၏။ သူသည် အတိတ်တုန်းက ထိုဖျံက နှစ်ရာချီ ကြာပြီးနောက် သူထံသို့ ခုလိုမျိုး ရောက်လာလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့မိပေ။
ဖျံက ဂနာမငြိမ် ဖြစ်နေ၏။ ၎င်းက ဝမ်လင်းကို ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် ဖျံသည် စိတ်မရှည် ပိုဖြစ်လာ၏။ ဝမ်လင်းသည် ပြုံး၍ သူ့လက်ထဲကနေ ဖျံကို လွှတ်ပေးလိုက်သည်။ ဖျံက ချက်ခြင်းပင် ဝမ်လင်း၏ ပုခုံးထက်သို့ ပြန်ရောက်ရှိသွားသည်။ သူက ဝမ်လင်း ပုခုံးပတ်လည်တွင် တရှုံ့ရှုံအနံခံရင်း အတော်လေး သက်တောင့်သက်သာ ဖြစ်နေဟန် ရ၏။
ထိုဖျံကို ဆက်၍ အာရုံမစိုက်တော့ဘဲ ဝမ်လင်းက သည်နေရာကနေ ထွက်ခွာဟန် ပြင်၏။ သူက သူ့ထံရှိ ကျောက်စိမ်းပြားအတွင်းက မြေပုံကို အသုံးချကာ သည်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူကို ရှာဖွေရပေဦးမည်။
သို့သော် သူ ခြေလှမ်းလိုက်သည့်အခိုက်တွင် ကြယ်အမှတ်အသားဖျံသည် ချက်ခြင်း တွင်းနက်အောက်ခြေသို့ ငုံ့ကြည့်လာသည်။ ၎င်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ ထို့နောက် ၎င်းက ပျံသန်းထွက်သွားကာ ဝမ်လင်းထံသို့ အကြိမ်အနည်းငယ် အသံပေးပြီး တွင်းနက်ထဲသို့ ဆင်းချသွားတော့သည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက တွင်းနက်အောက်ခြေသို့ ငုံ့ကြည့်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူလည်း ကြယ်အမှတ်အသားဖျံနှင့်အတူ လိုက်ဆင်းလာသည်။
“ကြယ်အမှတ်အသားဖျံက ရှေးဟောင်းနတ်ဘုရားရဲ့အော်ရာကို သဘောအကျဆုံးပဲ။ ဖြစ်နိုင်တာက ဒီအောက်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးပါး ပိုင်ဆိုင်ခဲ့တဲ့ အရာတစ်ခုခု ရှိနေနိုင်တာများလား…”
ဝမ်လင်းသည် ချက်ခြင်းပင် တက်တူးကလန်ဘိုးဘေးကို ချုပ်နှောင်ထားသည် အနီရောင်အရွတ်အကြောင်းကိုလည်း တွေးမိလိုက်၏။
သည်တွင်းနက်က အဆုံးသပ်အောက်ခြေ မရှိသည့်အလား ထင်မှတ်ရ၏။ ဝမ်လင်း မည်မျှ ဆင်းလာနေပါစေ အောက်ခြေသို့ မရောက်သလို ဖြစ်နေသည်။ တွင်းနက်ထဲမှ အေးစက်စက်စွမ်းအင်ကတော့ ပို၍ သိပ်သည်းလာကာ တွင်းနံရံဘေးတစ်ဖက်စီတွင်ပင် ရေခဲလွှာများ ကပ်လာနေ၏။
ဝမ်လင်းအသွင်က တည်ငြိမ်ဟန် ရသော်လည်း သူက အဆုံးစွန် သတိထားနေခဲ့သည်။ ကြယ်အမှတ်အသားဖျံက သည်နေရာနှင့် အတော်လေး အကျွမ်းတဝင် ရှိနေပုံရ၏။
တွန်းနက်အောက်ခြေသို့ ပိုသွားလေလေ အေးစက်မှုက ပိုလာလေ ဖြစ်၏။ သူ အသက်ရှုသွင်းလိုက်ချိန်တိုင်း လေအေးများ တိုးဝင်နေ၏။
ဝမ်လင်းသည် သူ့ဆင်းသက်သည့်အရှိန်ကို ထိန်းချုပ်ထား၏။ အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် အစောပိုင်းက အရင်ပျောက်ကွယ်သွားခဲ့သည့် ဖျံက ဝမ်လင်းပုခုံးထက်သို့ ပြန်ရောက်ရှိလာ၏။
ကြယ်အမှတ်အသားထံမှ အေးစက်စက်စွမ်းအင်တန်းတို့ ထွက်ပေါ်နေ၏။ သို့သော် ဝမ်လင်းက ထိုအချက်ကို စိတ်မဝင်စားပေ။ ခုချိန်၌ သူ့မျက်လုံးမှာ အောက်ဘက်ရှိ အရာတစ်ခုပေါ်၌သာ ရောက်နေ၏။
ကြယ်အမှတ်အသားဖျံ သူ့နားသို့ ပြန်ရောက်ရှိလာချိန်၌ ဝမ်လင်းက အဆီးအတားအားလုံးကို ထွင်းဖောက်လာသည့် အကြည့်တစ်ခု သူ့ထံသို့ ကျရောက်လာသည်ဟု ခပ်ရေးရေး ခံစားမိ၏။
ဝမ်လင်းက အောက်ခြေကို စူစိုက်ကြည့်နေရင်း မလှုပ်မယှက် ရှိနေသည်။အချိန်အတန်ကြာပြီးမှ သူ့မူလစွမ်းအင်ကို စတင်ရွှေ့လျားစေရာ သူ့မျက်လုံးထဲ၌ မီးတောက်လုံးနှစ်ခု ဖြစ်ပေါ်လာသည်။ ထိုမီးတောက်များသည် သူ့မျက်လုံးထဲကနေ ထိုးထွက်၍ မီးတောက်ပင်လယ်အဖြစ်ပြောင်းလဲကာ အောက်ဘက်သို့ ပျံ့ဆင်းသွားသည်။
မီးတောက်၏ အလင်းကြောင့် နတ်ဘုရားအာရုံဖြင့်ပင် ထွင်းဖောက်မမြင်ရသော အမှောင်ထုသည် အနည်းငယ် လွင့်ပါးသွားသည်။ ဝမ်လင်းသည် အောက်ဘက်သို့ ဆက်၍ ဆင်းလာ၏။ စောနက အကြည့်က သူ့စိတ်ထဲ၌ သံသယများစွာ ရှိလာစေခဲ့သည်။ သူက အချို့ကောက်ချက်ချမှုများကို ခပ်ရေးရေး ဖမ်းဆုပ်မိလာ၏။
သူသည် ဆင်းသက်နေရင်း ဘေးပတ်လည်၌ ရေခဲများ ပိုများလာ၏။ ခုနစ်မိနစ်ခန့် ကြာပြီးနောက် ဝမ်လင်းသည် တွင်းနက်အောက်ခြေသို့ ရောက်လာသည်။ ထိုနေရာ၌ သူသည် သူ့အောက်ဘက်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေပြီ။ သူ့အောက်ရှိနေရာက ရေခဲကမ္ဘာတစ်ခုပင်။ သည်ဧရိယာကို ရေခဲတုံးများဖြင့် ပိတ်ဆို့ထားပြီး အလွန်အန္တရာယ်များသည့် နေရာတစ်ခုကဲ့သို့ ဖြစ်ပေါ်နေစေသည်။ထိုရေခဲတုန်းတစ်ခုချင်းစီထဲ၌ အသက်ရှိနေသလား ထင်မှတ်ရသည့် အလောင်းကောင်တစ်ကောင်စီ ရှိနေကြသည်။ သူတို့၏ခန္ဓာကိုယ်များက အေးခဲနေ၏။
သည်နေရာအခြေအနေက ဝမ်လင်း၏ စိတ်နှလုံးကိုပါ စိမ့်ခနဲ ဖြစ်သွားစေပေသည်။
ရေခဲထဲရှိ လူများက ဝမ်လင်းကို တုန်လှုပ်သွားစေဖို့ မလုံလောက်သေးပေ။ သူ့ကို အမှန်အကန် တုန်လှုပ်သွားစေသည်က ပိုအတွင်းကျသည့်နေရာတွင် ရှိနေသည့် တည်ရှိမှုပင်။
ဤနေရာမှာ စောနက သူ့ထံသို့ ကျရောက်လာသည်ဟု ခပ်ရေးရေးခံစားမိသည့် အကြည့်တစ်ခု၏ ရင်းမြစ်လည်း ဖြစ်နေသည်။
ဝမ်လင်းက ရေခဲလွှာများကြား အဟ နေရာကနေ ဖြတ်၍ ထိုအောက်ရှိ တည်ရှှိမှုကို ရှင်းလင်းစွာ မြင်နေရသည်။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့မိနေ၏။
ရေခဲလွှာအဟနှစ်ခုကြား၏ အောက်ဘက်၊ သည်တွင်းနက်၏ အတွင်းနက်ပိုင်းကျကျတွင် ပေထောင်ချီ မြင့်သည့် အရာတစ်ခု ရှိနေခဲ့၏။
ထိုဧရာအရာကြီးမှာ ဦးခေါင်းခွံတစ်ခုပင်။ တိတိကျကျဆိုရသော် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဦးခေါင်းခွံတည်း။ ထိုဦးခေါင်းခွံက အေးခဲနေ၏။ ၎င်းဦးခေါင်းခွံ၏ ပုံပန်းအသွင်ကတော့ ရှင်းလင်းစွာ ရှိနေသည်။ မျက်လုံးများက မှိတ်ထားခြင်းမရှိဘဲ ဒေါသနှင့်ပူဆွေးနောင်တတို့သာ ရှိလို့နေသည်။
အစောပိုင်း ဝမ်လင်းခံစားမိသည့် အကြည့်မှာ ထိုဦးခေါင်းခွံထံမှ ဖြစ်၏။
နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့သည့်နောက် သည်ရှေးဟောင်းနတ်ဘုရားက သေဆုံးသွားခဲ့ပြီး သူ့စွမ်းအား အရိပ်အမြွက်ပင် မကျန်ရှိတော့ပေ။ သူ မသေဆုံးခင်လေး အကြည့်ကသာ အသက်ဝင်နေသေးသကဲ့သို ကြည့်မိသူတိုင်းကို မင်သက်စေခြင်းပင်။ ထိုရှေးဟောင်းနတ်ဘုရား၏ ပျက်စီးနေသည့်ကြယ်ရှစ်လုံး၏ အရိပ်အမြွက်လည်း ကျန်ရှိနေသေးသည်။
***