Switch Mode

အပိုင်း (၁၀၉၂)

လျိုမေ (၂)

ဝဲကတော့အထက်ရှိ ဂြိုဟ်အတွင်း လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။ သူသည် ရုပ်ရည်ချောမောလှကာ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာမျိုးကို ပိုင်ဆိုင်ထားသည်။

ထိုအခန်းထဲ၌ လက်သီးစုပ်ခန့်ကြေးခေါင်းလောင်းတစ်ခုကလွဲ၍ မည်သည့်အရာမှ ရှိမနေပေ။

ဝမ်လင်း၏ စိတ်က ထိုအခန်းကို ဖြတ်သန်းသွားသည်။ အခန်းထဲရှိလူက မလှုပ်မယှက်ပင်။ သူက တစ်ခုခုကို သတိမပြုသည့်အတိုင်းသာ ရှိနေ၏။ သို့သော် ခေါင်းလောင်းကမူ အသံပေးလာ၏။

ထိုလူသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့ရူးသွပ်ဖွယ်အကြည့် ထွက်ပေါ်လာသည်။

ထိုအချိန်၌ ဝမ်လင်း၏စိတ်သည် ထွက်ခွာသွားခဲ့လေပြီ။

မဟာမိတ်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေတွင် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူသောင်းချီသည် မဟာမိတ်နှင့် တိုက်ခိုက်နေကြ၏။ အရှင်မီးတောက်နှင့်အခြားလူများသည်လည်း ထိုလူအုပ်ကြီးထဲ၌ ရှိနေကြသည်။

မဟာမိတ်အဖွဲ့ဘက်၌လည်း အစွမ်းထက်ကျင့်ကြံသူ အချို့ ရှိ၏။ နှစ်ဖက်လုံးသည် သူတို့၏ တိုက်ပွဲကို စတင်နေခဲ့ပြီ။ ပျက်စီးဆုံးရှုံးထိခိုက်မှုများကတော့ ရေတွက်နိုင်ခြင်းပင် မရှိတော့ပေ။

ဝမ်လင်း၏စိတ်က ထိုနေရာကို ဖြတ်သန်းသွားသည်။ သူက အရာရာကို မြင်၏။ သို့သော် သူသည် ခဏတာပင် ရပ်တန့်ခြင်းမပြုဘဲ သူ့စိတ်မှာ ရှေ့သို့ ဆက်လက်သွားနေသည်။

မည်သူကမျှ ဝမ်လင်း၏စိတ် ရောက်ရှိလာမှုကို မထောက်လှမ်း မသိရှိခဲ့ကြပေ။ ဝမ်လင်း၏စိတ်က ထိုသွေးလွှမ်းသော သတ်ဖြတ်မှုတိုက်ပွဲများကို ချန်၍ ဆက်လက် ထွက်သွားနေသည်။

မည်သည့်အရာကမျှ သူ့စိတ်ကို ရပ်တန့်စေနိုင်အောင် မလုပ်နိုင်သည်နှင့် တူနေ၏။ သူက သူ့နားလည်မှုဉာဏ်အလင်းကို ဆက်လက်ရှာဖွေနေ၏။

သူ့စိတ်သည် ဆက်လက် ပျံ့နှံ့နေရင်း မဟာမိတ်အဖွဲ့အစည်းထဲရှိ အလွန်တရာလျှို့ဝှက်သောနယ်မြေကြီးထိ ရောက်လာ၏။ ထိုနေရာတွင် သေဆုံးခြင်းအော်ရာတို့နှင့် ပြည့်နေသော အဝါရောင်ဂြိုဟ်တစ်ခု ရှိသည်။ ဤနေရာ၌ စိတ်ဝိညာဉ်စွမ်းအင်များပင် ရှားပါးလွန်းနေသည်။

သည်ဂြိုဟ်၏ ကီလိုမီတာသန်းချီအတွင်းတွင်ပင် ကျင့်ကြံသူ တစ်ဦးတလေမှ ရှိမနေပေ။ ဤနေရာကား တားမြစ်ဇုံတစ်ခုကဲ့သို့ ဖြစ်နေ၏။

ဝမ်လင်း၏စိတ် ရောက်ရှိလာချိန်၌ပင် ကြားဖြတ်နှောက်ယှက်မှုအချို့ ရှိလာသည်ဟု ထင်ရသည်။

သူ့စိတ်သည် ထိုအဝါရောင်ဂြိုဟ်ကို ဖြတ်သန်းသွားသည့်အခါ သူ့စိတ်က ချက်ခြင်းပင် ဂြိုဟ်၏အတွင်းပိုင်း တစ်ခုခုရှိနေသည့်နေရာသို့ ဝင်ရောက်သွားသည်။

ထိုဂြိုဟ်အတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိလို့နေသည်။ ထိုအစီအရင်က ကြီးမားကာ ယင်းကဲ့သို အစီအရင်မျိုးမှာ မဟာမိတ်၏အဆင့်ကိုးကျင့်ကြံခြင်းနိုင်ငံတွင်သာ ရှိနေနိုင်သည်။

တောက်ပသောဟင်းလင်းပြင်နယ်မြေ။

မဟာမိတ်အတွင်း၌ အဆင့်ကိုးနိုင်ငံတစ်ခုသာ ရှိသည်။၎င်းနိုင်ငံမှာလည်း အလွန်တရာ ဆန်းကြယ်သည်။ တောက်ပသောဟင်းလင်းပြင်နယ်မြေတစ်ခုလုံးသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခု မဟုတ်ဘဲ ၎င်း၏ ကိုယ်ပိုင်ကမ္ဘာလို ကုန်းမြေကြီးတစ်ခုအဖြစ် တည်ရှိနေခြင်းပင်။

သည်နေရာမှာ ကျင့်ကြံသူအများစု၏ မြင့်မြတ်သောကုန်းမြေလည်း ဖြစ်သည်။

အလွန်နည်းပါးသည့် လက်ရွေးစင်တစ်ချို့သာ သည်နေရာသို့ ဝင်ရောက်နိုင်၏။ဝမ်လင်း၏စိတ်သည် ထိုကဲ့သို့ လက်ရွေးစင်များသာ ဝင်ရောက်နိုင်သည့် တောက်ပသောဟင်းလင်းပြင်နယ်မြေထဲသို့ ဝင်ရောက်လာ၏။ ထိုနယ်မြေအတွင်းဘက်၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူကျင့်ကြံနေရင်း ရုတ်တရက် မျက်လုံးဖွင့်ကာ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်လာသည်။

“ဘယ်ရောင်းရင်းကျင့်ကြံသူကများ ငါ့ တောက်ပသောဟင်းလင်းပြင်နယ်မြေကို ရောက်လာခဲ့တာလဲ။ သင့်ကိုသင် ဖော်ပြပါ…”

ထိုအဘိုးအိုသည် ဝမ်လင်း၏တည်ရှိမှုကို ပထမဆုံး သတိပြုမိသည့်သူပင်။ သူ့အသံသည် တည်ငြိမ်လှသော်လည်း ဥပဒေသ၏အဆုံးမဲ့စွမ်းအားများ ပြည့်နေသည်။

သို့ရာတွင် ထိုအဘိုးအို၏စကားများသည် ဝမ်လင်း၏ ခုလက်ရှိ အခြေအနေကနေ နိုးထလာအောင် သက်ရောက်နိုင်စွမ်း မရှိပေ။ ဝမ်လင်း၏ စိတ်က တောက်ပသောဟင်းလင်းပြင်နယ်မြေကို ဖြတ်သန်းသွားနေ၏။ သို့သော် သူ တွေ့မြင်လိုက်ရသည့်အရာကြောင့် သူ့စိတ်သည် ပထမဆုံးအကြိမ် မင်သက်သွားတော့သည်။

သူက အမျိုးသမီးနှစ်ယောက်ကို တွေ့မြင်လိုက်ခြင်းပင်။

ထိုအမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်သည် တောင်ထိပ်တစ်ခုပေါ်၌ ထိုင်နေ၏။ သူမသည် အကြွင်းမဲ့လှသူတစ်ယောက် မဟုတ်သော်လည်း လှသည်ဟုတော့ ဆိုနိုင်၏။ သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ဆံနွယ်များက လေနှင့်အတူ လွင့်နေ၏။ သူမထံမှ ကောင်းကင်ဘုံဆန်သော အလှတရားကို ခံစားရသည်။

သို့သော်လည်း သူမ၏မျက်လုံးထဲ၌ ခါးသီးမှု အရိပ်အယောင်တစ်ခု ရှိနေ၏။ သူမသည် ရှေ့တည့်တည့်သို့ ရီဝေဝေကြည့်နေ၏။ သူမ၏ဘေး၌ ကျားကြီးတစ်ကောင်ရှိသည်။ထိုကျားက နက်မှောင်ကာ ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်းနေသည်။ ၎င်းက ခေါင်းမော့၍ အမျိုးသမီးကြည့်နေသော နေရာသို့ လိုက်ကြည့်နေသည်။

သို့သော်လည်း ၎င်းကျား၏အကြည့်က တောင်အောက်ရှိ တောအုပ်ထဲသို့ မကြာမကြာ ပြန်ပြန် ရောက်သွားသည်။ ထိုတောအုပ်ထဲ၌ သူ့အာရုံကို စွဲဆောင်နိုင်သည့် ကျားမများ ရှိနေသည် မဟုတ်လား။

“ဒီနေရာကနေ ဘယ်အချိန်ကျမှ ငါ ထွက်သွားနိုင်မှာလဲ…”

“နင့်ကျင့်ကြံမှုအဆင့်က လုံလောက်တဲ့အချိန်ကြရင် ငါ နင့်ကို ထွက်သွားခွင့် ပြုမယ်…”

ထိုအမျိုးသမီးနောက်ကနေ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံကို ကြားလိုက်ရသည့်အခါ အမျိုးသမီးသည် ချက်ခြင်းမတ်တပ်ထရပ်သည်။ ကျားကြီးသည်ပင် တုန်ယင်နေ၏။တောအုပ်ထဲရှိ ကျားမများကို ကြည့်နေသည့် သူ့အကြည့်ကိုပင် ခပ်မြန်မြန် ပြန်ရုတ်သိမ်းလိုက်၏။

ထိုအေးစက်စက်အသံနှင့်အတူ အမျိုးသမီးတစ်ယောက် ရောက်လာ၏။ သူမက ကျော့ရှင်းလှသော အပြာရောင်ဝတ်စုံကိုပဲ ဝတ်ဆင်ထားသည်။ သူမ၏အလှကို မည်သို့ဖော်ပြရပါ့မည်နည်း။ ကြယ်လေးများသည်ပင် သူမနှင့် နှိုင်းယှဉ်ပါက မှိန်ဖျော့သွားရနိုင်သည်။

သူမ၏အလှသည် လူတစ်ယောက်၏ နှလုံးသားကို စွဲထင်သွားစေနိုင်သည်။ လူတိုင်း၊ အစွမ်းထက်ကျင့်ကြံသူများပင် သူမ၏အလှကြောင့် တုန်လှုပ်မိကုန်ကြမည်။ သူမကို မဟာမိတ်၏ နံပါတ်တစ်အလှဟု ဆိုလျှင်ပင် အဘယ်သူက ငြင်းနိုင်ပါ့မည်နည်း။

သို့သော် သူမ၏အလှတရားအောက်၌ အေးစက်စက်အော်ရာက သူမ အနားသို့ မည်သူမျှ ချဉ်းကပ်မလာအောင် ပြုလုပ်ထား၏။ သူမသည် ရေခဲပြင်လွှာတစ်ခုအလား။ သည်ကမ္ဘာ၌ သူမ၏အေးစက်မှုကို အရည်ဖျော်နိုင်သည့် အရာ ရှိမနေသကဲ့သို့ပင်။

ထိုအေးစက်မှုအတွင်းကနေ မြင့်မြတ်သောအော်ရာတစ်ခု ရှိနေပြန်သည်။ ထိုအော်ရာက ဂုဏ်တည်း။ သူမသည် အမြဲတမ်း အာရုံစိုက်ခံရကာ အမြင့်ဆုံးအဆင့်အတန်း ပိုင်ဆိုင်ထားသူမျိုး ဂုဏ်ပင်။

လှပသောအမျိုးသမီးက ခပ်သွက်သွက် ပြောလာ၏။ “ကျိုးယုက ဆရာ့ကို နှုတ်ဆက်ပါတယ်…”

အကြွင်းမဲ့လှပသည့် အမျိုးသမီးက ကျိုးယုဆိုသည့် အမျိုးသမီးငယ်ကို ကြည့်ကာ စကားပြောဟန် ပြင်လိုက်၏။

ဤအခိုက်အတန့်မှာပင် ဝမ်လင်း၏စိတ်က ရောက်ရှိလာကာ ထိုအမျိုးသမီးနှစ်ယောက်ကို တွေ့မြင်သွားခြင်းပင်။အရာရာကို ဖြတ်ကျော်ကာ လုံးဝ မရပ်တန့်ခဲ့သည့် သူ့စိတ်သည် ခုချိန်၌ ဘရိတ်စောင့်အုပ်ခံလိုက်ရသလိုပင်။

ထို့အတွက်ကြောင့် ဝမ်လင်း၏စိတ်ကနေ တုန်လှုပ်မှုတစ်ခု ပေါက်ကွဲထွက်လာကာ သူ့ဆန်းကြယ်သောအခြေအနေကနေ နိုးထလာရတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ သည်အမျိုးသမီးနှစ်ယောက်ကြောင့်သာတည်း။

အခြားသူများအဖို့တော့ သည်လှပသည့်အမျိုးသမီးကို မမှတ်မနိုင် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် ဝမ်လင်းအဖို့တော့ သူမကို တွေ့လိုက်ရသည်နှင့် သူ့စိတ်နှလုံးထဲရှိ ဖော်ပြနိုင်စွမ်းပင် မရှိသည့် ခါးသီးမှုတို့ ပြည့်လာရတော့သည်။

သူသည် သူမကို မည်သို့ မမှတ်မိဘဲ၊မသိရှိဘဲ နေပါ့မည်နည်း။

ဝမ်ပိုင်သည် ခုထိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲ၌ ရှိနေဆဲ ဖြစ်၏။ ဝမ်လင်းသည် သည်ရက်စက်၍ ယုတ်မာသော အမျိုးသမီးကို မည်သို့ မေ့နိုင်ပါ့မည်နည်း။ သူက မေ့ပစ်ချင်၏။ သို့သော် သူ့ဘဝထဲရှိ နာကျင်မှုအချို့ကြောင့် သူသည် မေ့နိုင်ခြင်း မရှိပေ။

ကျိုးယုနှင့်ထိုအမျိုးသမီးတို့ကို တွေ့မြင်လိုက်ရခြင်းက ဝမ်လင်းကို သူ့ဆန်းကြယ်မှုအခြေအနေ၌ နစ်မြုပ်နေရာကနေ နိုးထလာစေသည်။ သူ နိုးထလာသည့်အခိုက်၌ အေးစက်စက်နှင့်လှပသည့်အမျိုးသမီး၏ အမူဟန်ပန်မှာ အတော်လေး ပြောင်းလဲသွားသည်။

သူမ၏ အေးစက်မှုပင် ချက်ခြင်းပြိုဆင်းကာ ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်လာသည်။ သူမသည် သူမ၏မှတ်ဉာဏ်များထဲ ရေးထွင်းနေသည့် တစ္ဆေဆန်ဆန်လူတစ်ယောက် သူမရှေ့၌ ဖျပ်ခနဲ့ ပေါ်လာသကဲ့သို့ ခံစားလိုက်ရခြင်းပင်။

“လျိုမေ…” သည်အခိုက်အတန့်၌ လေဟာနယ်ထဲကနေ တိုးလျလျအသံတစ်ခုက ထိုလှပသောအမျိုးသမီး၏ နားထဲသို့ ဝင်ရောက်လာဟန် တူသည်။ ထိုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားရသည်။ သူမသည် မသိလိုက်မသိဘာသာပင် ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။

ဝမ်လင်းသည် နိုးထလာသည်နှင့် သူ့စိတ်မှာ ကောင်းကင်ဘုံပုတီးစေ့၏ ပြန်ဆွဲငင်ခေါ်ခြင်းကို ခံလိုက်ရသည်။ ထိုဆွဲငင်သည့်အမြန်နှုန်းက အံ့မခန်းပင်။ မျက်စိတစ်မှိတ်အတွင်း သူက တောက်ပသောလေဟာနယ်နယ်မြေ အတွင်းကနေ ဆွဲခေါ်သွားခြင်း ခံရ၏။

သူ့စိတ် ရောက်ရှိခဲ့သည့် နေရာတိုင်းကို ပြန်ဖြတ်သန်းသွားနေရသည်။

တောက်ပသောလေဟာနယ်နယ်မြေအတွင်းရှိ ဝမ်လင်းကို သတိပြုမိသည့် အဘိုးအိုသည် ကောင်းကင်ထက်သို့ စူးစိုက်ကြည့်ရင်း အတွေးများကာ စဉ်းစားနေသည်။

မြောက်ပိုင်းနယ်မြေအတွင်း တိုက်ပွဲများက ပြင်းထန်နေဆဲပင်။ ဝမ်လင်း၏စိတ်က ပြန်ကျုံ့လာသည့်အခိုက်တွင် အရှင်မီးတောက်နှင့်အခြားလူများအသွင်က ပြောင်းလဲသွားသည်။

“ဝမ်လင်း…” အရှင်မီးတောက်သည် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေ၏။ ထိုသို့အမူအရာမျိုးက သူ့ထံ၌ ဖြစ်ခဲလှသည်။ သူသာမက ဝမ်လင်းကို သိရှိကြသောလူတိုင်းသည် ထိုအဖြစ်ကြောင့် အလန့်တကြား ဖြစ်ကုန်ရလေသည်။

ကျင့်ကြံခြင်းမဟာမိတ် ဌာနချုပ်အတွင်း ဝဲကတော့ကြီးအထက် လွင့်မြောက်နေသော ဂြိုဟ်ရှိ လျှို့ဝှက်ခန်းအတွင်းမှ သက်လတ်ပိုင်းလူကလည်း ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ရှိလို့နေသည်။

“သူက ဘယ်သူလဲ…”

မီးတောက်ပင်လယ်များအတွင်း ဟင်္သာငှက်လည်း ရှိနေ၏။ ၎င်းငှက်က နောက်ထပ် အော်မြည်ကာ အရှိန်မြှင့်လိုက်၏။

ကြယ်များကြားတွင် အစိမ်းရောင်ဝတ်စုံနှင့် ခပ်ပိန်ပိန်ပုံရိပ်တစ်ခ ရှိနေ၏။ထိုသူ့အသွင်က မထူးခြားနားဟန်ဖြင့်။ သူက ကြယ်များကြား၌ လျှောက်လှမ်းနေသည်။ သူ့ဦးတည်ရာကတော့ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၏ ဌာနချုပ်ထံသို့ပင်။

သူ့နောက်၌ မရေမတွက်နိုင်သော သွေးလွှမ်းသည့် ဦးခေါင်းခွံများ ရှိ၏။ သွေးရနံ့များက သည်ဧရိယာတွင် ပြည့်နှက်နေသည်။ သူက လျှောက်လှမ်းနေရင်း သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်၏။ သူ့အသွင်သည် နူးညံ့ကာ အသိအမှတ်ပြုဟန်ဖြင့် ပြုံးသည်။

“ဝမ်လင်း…ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့် ချိုးဖျက်သွားပြီပဲ။ ဒီအော်ရာဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ဖြစ်လိမ့်မယ်။ သူက ဥပဒေသကို နားလည်ဖို့အတွက် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကိုတောင် အသုံးပြုနိုင်စွမ်း ရှိနေပြီပဲ။ ဒီလိုဆိုရင် ငါ စိတ်အေးလို့ရပြီ။ မဟာမိတ်ရဲ့ ဌာနချုပ်ကို သွားတဲ့ ဒီခရီးစဉ်အတွက် နောင်တရစရာ မရှိတော့ဘူး။ ငါဟာ ဒီမဟာမိတ်ရဲ့ ဌာနချုပ်ရှိ သွားပြီး ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့ရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာရလိမ့်မဘ်။ အဲ့နောက် ငါ ရူးသွပ်သွားရတဲ့ အစစ်အမှန်အကြောင်းရင်းကို ရှာရမယ်…”

ဝမ်လင်း၏ စိတ်သည် အရူးအမူး ပြန်ကျုံ့နေ၏။ မူလနေရာသို့ သူ့စိတ် ပြန်ရောက်ဖို့ ခဏတာသာ ကြာမြင့်၏။ သူ့စိတ်သည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ကောင်းကင်ဘုံလှိုင်ဂူထဲရှိ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာတော့သည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က ဆန်ခနဲ တုန်သွား၏။ သူ့ရှေ့၌ မြောလွင့်နေသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေဆဲပင်။ ထိုပုတီးစေ့က ဝမ်လင်းထံသို့ တဖြည်းဖြည်း ပြန်မြောလွင့်လာရင်း သူ့မျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားတော့သည်။

စဉ်းစားနေရင်း ဝမ်လင်းသည် မျက်လုံး ဖြည်းဖြည်းချင်း မှိတ်သည်။ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အော်ရာတစ်ခုသည် သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာနေသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ စွမ်းအားနှင် ပေါင်းစပ်၍ သူ့စိတ်နှင့် သွားခဲ့သော လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် ဥပဒေသများစွာကို တွေ့မြင်ခဲ့ရ၏။ ထို့ကြောင့် သူသည် နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့ပေပြီ။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူက ကောင်းကင်ထက်သို့ ရှုပ်ထွေးစွာ၊အေးစက်စွာ မော့ကြည့်နေမိသည်။ ပုတီးစေ့၏ အကူအညီဖြင့် ဝမ်လင်းသည် အရာများစွာကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။သို့ရာတွင် အဆုံးသပ်၌ သူမြင်ခဲ့ရသည့် အမျိုးသမီးကြောင့် သူ့စိတ်နှလုံးတည်ငြိမ်မှု လွတ်ကင်းခဲ့ရသည်။

“အတိတ်တုန်းက လျိုမေဟာ သူမရဲ့ ကိုယ်ပွားတစ်ခု ဖြစ်ရမယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset