Switch Mode

အပိုင်း (၁၀၉၁)

လျိုမေ (၁)

လောကသည် ပြောင်းလဲခဲ့ပြီ။ ဝမ်လင်း ဘယ်မျက်လုံးထဲ၌ မီးတောက်၊ညာမျက်လုံးထဲ၌ မိုးကြိုးတို့က တလက်လက် တောက်နေ၏။

ချက်ခြင်းပင် ဝမ်လင်းရှေ့ရှိ လောကသည် အရင်နှင့် လုံးဝ ခြားနားသွားခဲ့ပေပြီ။

သူ့ရှေ့ရှိ တွင်းနက်မှာ တဖြည်းဖြည်း ဝေဝါးလာရင်း လုံးဝ ပျောက်ကွယ်သွားသည့်အထိပင်။ ဝမ်လင်း မျက်လုံးရှေ့၌ ပေါ်နေသည်က တစ်ခုနှင့်တစ်ခု ယှက်လိမ်နေသော အနက်ရောင်လိုင်းများပင်။

တွင်းနက်က ထိုအနက်ရောင်လိုင်းများကြောင့် ဖြစ်တည်နေသည်မှာ သိသာလေ၏။ ဝမ်လင်းက ထိုအရာကို တွေ့မြင်သည့်အခါ ခဏတာ မင်သက်လို့သွားသည်။

သူက ဖြည်းဖြည်းချင်း လှည့်၍ နောက်တနေရာသို့ ကြည့်လိုက်၏။ သူ့မျက်လုံးအကြည့်က ရွှေ့လျားသွားနေရင်း တွင်းနက်ဂူနံရံတဖက်တချပ်စီက ပျောက်ကွယ်ကာ အနက်ရောင်လိုင်းများ ရောထွေးယှက်တင်သလိုမျိုး ဖြစ်နေတော့သည်။

သူက သူ့လက်ကို ပင့်မြှောက်၍ ထိုလိုင်းများ ရှိရာသို့ ဆန့်တန်းလိုက်၏။ ဤအခိုက်၌ ထိုလိုင်းများထံကနေ ပြင်းထန်သော ပြန်ကန်အားတစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်း၏ လက်လှမ်းယူသည့်အားကို ချေဖျက်ပစ်လိုက်သည်။ ဝမ်လင်း၏ လက်သည်လည်း ပြန်ကန်ထွက်သွား၏။

ထိုမျှသာမက သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ထိ ဆုတ်သွားရသည်။ သူ့မျက်နှာပေါ်၌ ထိုပြန်ကန်အားကြောင့် နောက်ဆုတ်လိုက်ရမှုအပေါ် မကျေမနပ် ဖြစ်နေဟန် မရှိပေ။ ထိုအစား ဉာဏ်အလင်းသာ ရှိနေ၏။

သူက အသက်ဝဝရှုသွင်းကာ တွင်းနက်ထဲကနေ ခုန်ထွက်လိုက်၏။ အပြင်ဘက်သို့ ရောက်လာသည့်အခါ သူ့ဘေးပတ်လည်သို့ ကြည့်လိုက်ရာ အရင်ကရှိခဲ့သော အဆောက်အဦများသည် ခုချိန်၌ အတော်လေး ကွာခြားနေခဲ့ပြီကို တွေ့လိုက်ရ၏။

ထိုအဆောက်အဦများနှင့်ပန်းများသည် သူ့အကြည့်အောက်၌ အမျိုးမျိုးသော ရောင်စုံလိုင်းများအဖြစ်သို့ ပြောင်းကာ တစ်ခုနှင့်တစ်ခု ယှက်လိမ်နေကြသည်။

“ပေလောလို့ လူမျိုးက ပုလင်းကမ္ဘာတွင်းက နယ်မြေ(၉၉)ခုကို လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဖြစ်နိုင်တာက စစ်ထူနန်တောင် ဒီလိုလုပ်နိုင်ရင် လုပ်နိုင်နေလောက်တယ်။ အရှင်လေဟာနယ်ကနော့ ပုလင်းကမ္ဘာထဲက နယ်မြေတစ်ခုကိုတောင် ဖျက်စီးပစ်နိုင်လောက်တယ်…”

“ငါသာ ခုချိန် ပုလင်းကမ္ဘာထဲကို ပြန်ဝင်ရောက်ခဲ့ရရင် နယ်မြေ(၉၉)ခုလုံးကို ဖြတ်သန်းသွားလာဖို့ ယုံကြည်မှု မရှိရင်တောင် အချိန်တစ်ခုပေးရင် နယ်မြေတော်တော်များများကို ချိုးဖျက် သွားလာနိုင်စွမ်း ရှိမှာပဲ…”

ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက ဥပဒေသများကို မြင်နေနိုင်ပြီ ဖြစ်သောကြောင့်ပင်။ သူတို့က ဥပဒေသကို ထိန်းချုပ်နိုင်ခြင်းကြောင့် နယ်မြေများ၌ အလွယ်တကူ သွားလာနိုင်ခြင်း ဖြစ်သည်။

“ငါ ဒီလိုင်းတွေကို ယူချင်ပေမယ့် ပြင်းထန်တဲ့တန်ပြန်အားတစ်ခု သက်ရောက်ခြင်း ခံရတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ငါဟာ ခုချိန်မှာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို မရောက်သေးလို့။ ငါဟာ ဥပဒေသကို ထိန်းချုပ်ရာမှာ မကျွမ်းကျင်သေးလို့ပဲ…”

ဝမ်လင်းက သူ့ဘေးပတ်လည်သို့ ကြည့်နေရင်း သူ့မျက်လုံးထဲတွင် ဉာဏ်အလင်းတို့ ပြည့်နေတော့သည်။

ထိုမမြင်ရသောအတားအဆီးများ(လိုင်းများ)က ဝမ်လင်းရှေ့၌ ခုချိန်တွင် ရှင်းရှင်းလင်းလင်း ပေါ်လာနေခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ထိုအချက်ကို တွေ့မိချိန်၌ သူ့ထံ၌ အတွေးတစ်ခုရ၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က သူ့ဟာသူ စတင် လှုပ်ရှားလာတော့သည်။ ဝမ်လင်းမျက်ခုံးနှစ်ခုကြားကနေ လက်သီးစုပ်ခန့်အရွယ် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာလေ၏။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ထိုဝဲကတော့ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာရင်း ဝမ်လင်းရှေ့၌ လွင့်မြောနေသည်။ ပုတီးစေ့ပတ်လည်၌ လှိုင်းတွန့်များ ရှိနေ၏။

ချက်ခြင်းလိုလိုပင် ဝမ်လင်း၏ စိတ်က ထိုပုတီးစေ့နှင့် ပေါင်းစပ်သွားသည်။ သူက သူ့ခေါင်းထဲ၌ မိုးကြိုးဟိန်းသံကို ခံစားမိကာ သူ့အမြင်သည် ဝေဝါးသွားတော့၏။ ပြင်းထန်သောအားတစ်ခုက သူ့စိတ်ကို ယူဆောင်ကာ သည်လှိုဏ်ဂူထဲရှိ အဆီးအတားအားလုံးကို ချိုးဖျက်၍ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားသည့်အလား။

ဤအခိုက်အတန့်၌ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ဗဟိုချက်ကနေ အလင်းတန်းတစ်ခု ထိုးထွက်လာ၏။

ဝမ်လင်းသည် ကောင်းကင်ကို မြင်သည်။ အပြာရောင်ကောင်းကင်က ရှည်လျားကာ အပြာရောင်လိုင်းများ တစ်ခုနှင့်တစ်ခု ဆက်နွှယ်ယှက်နေသည်။

သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အဖြူရောင်တိမ်များ၊မြေကမ္ဘာ၊ ပန်းမန်များ၊ မရေမတွက်နိုင်သော တည်ရှိမှုများကို မြင်၏။သူသည် တောင်နှင့်မြစ်များကိုလည်း တွေ့မြင်နေရသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ဆန်းကြယ်လှသောစွမ်းအားကြောင့် ဝမ်လင်း၏ စိတ်သည် လောကတစ်ခွင့် ပျံ့နှံ့၍ လောက၏ဥပဒေသများကို တွေ့မြင်နေရသကဲ့သို့ ဖြစ်နေသည်။

သူ့ရှေ့ရှိ အရာရာတိုင်းမှာ ဥပဒေသ ဖြစ်နေ၏။ ထိုရောင်စုံလိုင်းများမှာ အမှန်တော့ ဥပဒေသကို တွေ့မြင်နိုင်နေသည့် နည်းလမ်းတစ်ခုသာ ဖြစ်ချေသည်။

သူက ဆက်လက် ကြည့်ရှုနေရင်း ဝမ်လင်းသည် လေပြေညှင်းအလား နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ တစ်လျှောက် ခြုံလွှမ်း တိုက်ခတ်သည်ဟု ထင်မှတ်လာရတော့သည်။ထို့နောက် သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ဆန်းကြယ်သောစွမ်းအားနှင့် ဝန်းရံထားသည့် ကောင်းကင်ထက်သို့ တိုက်ရိုက် တက်လှမ်းသွားနေသည်။

သူက ပုတီးစေ့၏ အကူအညီဖြင့် သူ့စိတ်ထဲတွင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတစ်ခွင်ကို ထွင်းဖောက် မြင်နေသည်ဟု ထင်ရ၏။ ထိုသို့သော အရာများက၊အဖြစ်မျိုးက ရှေ့ဖြစ်ဟောသူကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်များပင် အတင်းအကြပ် လုပ်နိုင်စွမ်း မရှိပေ။

သူ့စိတ်နှင့်ပုတီးစေ့၏စွမ်းအားတို့ကို တားဆီးထားသည့်အရာ ဘာတစ်ခုမှ ရှိမနေသကဲ့သို့ ဘယ်အရာကမှ သူတို့ကို တားဆီးဝံ့ခြင်း ရှိမနေသကဲ့သို့ ဖြစ်နေ၏။

ဝမ်လင်းက သူ့ရှေ့ရှိ နက်မှောင်နေသော ဟင်းလင်းပြင်ကိုလည်း တွေ့မြင်နေရသည်။

မရေမတွက်နိုင်သော ဖုန်မှုန့်အစက်အပြောက်များက ဟင်းလင်းပြင်ထဲ၌ ပြည့်နေ၏။ ထို့အတူ တလက်လက်တောက်ပနေသော ကြယ်စုကြယ်ဝေးများလည်း ရှိနေသည်။ဝမ်လင်းက ကြယ်များကြားသို့ ကြည့်နေရင်း သည်စကြဝဠာအတွင်းရှိ ဥပဒေသများကို တွေ့မြင်နေရသကဲ့သို့ပင်။ ဝမ်လင်း၏စိတ်က ဉာဏ်အလင်းရသည့်အခြေအနေ၌ နစ်မြုပ်နေ၏။

အကွာအဝေးတစ်ခု၌ ဂြိုဟ်များ၊ ဥက္ကာပျံများ၊ အမှုန်အစအက်တမ်များက သူ့မျက်လုံးထဲ၌ ပေါ်လာနေသည်။

ဥပဒေသ..လောကရှိ အရာရာတိုင်းမှာ ဥပဒေသ ပါဝင်သည်လော။

သူ့စိတ်သည် ကြယ်များကြား၌ နစ်မြုပ်နေပြီးနောက် ဝမ်လင်းက ဆက်လက်၍ ဉာဏ်အလင်းကို ရှာဖွေနေသည်။ သူ့စိတ်သည် ဆက်လက် ပျံ့နှံ့နေ၏။ သူ့စိတ်၏ အမြန်နှုန်းမှာ နတ်ဘုရားအာရုံလို အရာမျိုးပင် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။

ဝမ်လင်းက ကြယ်များကြား၌ စိတ်ဖြင့် လှည့်လည်သွားလာနေရင်း တာအိုရှာဖွေခြင်းကို ခံစားကြည့်နေ၏။

သို့သော်လည်း သည်တစ်ကြိမ်က သူသည် ဥပဒေနောက်သို့ စူးစိုက်လိုက်ပါ ရှာဖွေနေခြင်းပင်။

သူ့စိတ်သည် အဆုံးမရှိ ပျံ့နှံ့နေရင်း ဂြိုဟ်များတစ်ခုပြီးတစ်ခုကို ကျော်လွန်သွား၏။ သူ့စိတ်နှလုံးမှာ တည်ငြိမ်လှသည်။ သူက သည်ဉာဏ်အလင်း စူးနစ်မှု အခြေအနေ၌ လုံးဝ နစ်မြုပ်နေခြင်းပင်။

စိတ်ဖြင့် ဂြိုဟ်တိုင်ကို ဖြတ်သန်းသွားသည့်အခါ သက်ရှိဖြစ်တည်မှုတိုင်းကို ဝမ်လင်းက ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။

လောကရှိ မရေမတွက်နိုင်သော ဥပဒေသများသည် မျဉ်းလိုင်းများအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်း၏ စိတ်ဖြတ်ကျော်သွားတိုင်း သူက ထိုအရာများကို လေ့လာစူးစမ်းသွားနေသည်။

ထိုဂြိုဟ်များ၏ မည်သည့်ကျင့်ကြံသူကမျှ ဝမ်လင်း၏စိတ် ဖြတ်သန်းသွားလာမှုကို သတိမပြုမိကြပေ။

တကယ်တော့ ဝမ်လင်း၏စိတ်ကို ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ကာကွယ်ပေးထားသည် မဟုတ်လား။ သူသာ သူ့တည်ရှိမှုကို မသိစေလိုပါက နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူများပင် သူ့စိတ်၏ တည်ရှိမှုကို သိနိုင်ကြလိမ့်မည် မဟုတ်ပေ။

သူ့စိတ်က နတ်ဆိုးစိတ်ဝိညာဉ်ကို ဗဟိုပြု၍ စတင် ဖြန့်ကျက်သွားလာနေ၏။ ဆက်လက်၍ အဆုံးမရှိတော့သည့်အလား သွားလာနေသည်။ အချိန်မည်မျှ ကြာသွားမှန်းပင် မသိတော့ချေ။ ဝမ်လင်း၏ စိတ်က မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အစိတ်အပိုင်းတော်တော်များများကို ဖုံးလွှမ်းထားနေပေပြီ။

သူ့စိတ်က ရပ်တန့်ခြင်း မရှိသေးပေ။ ဉာဏ်အလင်း ရရှိနေရင်း ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ စွမ်းအားနှင့်အတူ သူ့စိတ်သည် ပိုပို၍ သွားလာနေ၏။ သူ့စိတ်က ပိုဝေးလှသော၊ ပိုကျယ်ပြောသော၊နက်ရှိုင်းသော နေရာများအထိ ဖြန့်ကျက်လို့နေသည်။

သူက သူ့စိတ်ဖြင့် လုံးဝ မမြင်ဖူးခဲ့သည့် သားရဲများနှင့် ကျင့်ကြံသူများကိုလည်း တွေ့နေရသည်။

ထိုလူများသည်လည်း ဝမ်လင်းကို ရပ်တန့်နိုင်စေခြင်း မရှိပေ။ ခုလက်ရှိ၌ သူသည် ဥပဒေသများကို နားလည်သည့် အခြေအနေ၌ နစ်မြုပ်နေပေသည်။ သူ့စိတ်က ဆက်လက် ကြီးထွားနေ၏။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း အထွတ်အထိပ်သို့ တက်လှမ်းလာနေသည်။

နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၏ အထွတ်အထိပ်ကိ ရောက်ရန်က နိဗ္ဗာကြိုမြင်ခြင်းနောက်ဆုံးကျင့်ကြံသူများအဖို့ မခက်ခဲလှပါ။ သူတို့က လုံလောက်သည့် ဥပဒေသများကို တွေ့မြင်နေရင်း သူ့အလိုလို နိဗ္ဗာနကြိုမြင်ခြင်း၏နောက်ဆုံး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားကြပေလိမ့်မည်။

သို့ရာတွင် မည်သူကမျှ ဝမ်လင်းကဲ့သို့ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး တစ်ခွင် သူ့စိတ်ကို ဖြန့်ကျက်၍ ဥပဒေသများကို တွေ့မြင်အောင် လုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဝမ်လင်းအခုလို လုပ်နိုင်သည်မှာ၊ မတူကွဲပြားသည့် ဥပဒေသအမျိုးမျိုးကို တွေ့မြင်နိုင်စွမ်း ရှိနေရခြင်းမှာလည်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကူအညီကြောင့်သာ ဖြစ်ပေသည်။

ဝမ်လင်း၏စိတ်က ဆက်လက် ပျံ့နှံ့နေ၏။ သူက နီးကပ်လာသည့် မီးတောက်များကိုလည်း မြင်နေရသည်။ ထိုမီးတောက်ပင်လယ်၏ ရှေ့၌ ဟင်္သာငှက်ကြီးတစ်ကောင် ရှိနေသည်။

ဟင်္သာငှက် ဖြတ်သန်းသွားသည့် ဟင်းလင်းပြင်နေရာတိုင်းတွင် အက်ကြောင်းများ ထကုန်၏။

ဟင်္သာငှက်ကြီးက ကျင့်ကြံခြင်းဂြိုဟ်များကို ရှောင်၍ သွားနေခြင်းကြောင့်သာ မဟုတ်ပါက လမ်းတစ်လျှောက်ရှိ ကျင့်ကြံခြင်းဂြိုဟ်များစွာမှာ ပျက်စီးနှင့်နေလောက်ပြီ ဖြစ်သည်။

မီးတောက်တန်းများက ဟင်္သာငှက်နောက်ကနေ လိုက်ပါလာနေ၏။ ထိုမီးတောက်တန်းတစ်ခုချင်းစီအတွင်း၌ ကျင့်ကြံသူများ ရှိကြ၏။ထိုအကြီးအကဲ ကျင့်ကြံသူများက သူတို့ရှေ့သို့ ကြောက်မက်ဖွယ်အော်ရာကို ထုတ်လွှတ်နေကြသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုအကြီးအကဲခြောက်ယောက်အပါအဝင် ကျင့်ကြံသူတစ်ထောင်ထက် မနည်းသည် ဟင်္သာငှက်ကြီး၏ နောက်တွင် ရှိနေကြ၏။

ဟင်္သာငှက်က ဝမ်လင်းကို ရင်းနှီးသလို ခံစားမှုကို ပေးလာ၏။ သူ့စိတ် ဖြတ်ကျော်သွားချိန်၌ ဟင်္သာငှက်၏ နီရဲရဲမျက်လုံးတို့မှ လင်းလက်၍ ၎င်း၏ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ ဟင်္သာငှက်က ခွန်အားအော်မြည်သံတစ်ခုကို ချက်ခြင်း ထုတ်ဖော်၏။

ဝမ်လင်း၏စိတ် ဖြတ်သန်းသွားသည့်နောက် ဟင်္သာငှက်ကြီး၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ကျန်ခဲ့၏။

ဟင်္သာငှက်သာ စိတ်ရှုပ်ထွေးသည် မဟုတ်။ ၎င်းနောက်ရှိ ကျင့်ကြံသူများသည်လည်း ထို့အတူပင်။ အထူးသဖြင့် အကြီးအကဲခြောက်ယောက်ပင်။ သူတို့အားလုံးက တစ်ယောက်နှင့်တစ်ယောက် အံ့အားတသင့် ကြည့်မိလိုက်ကြသည်။

သူတို့က ဟင်္သာငှက် ဘာကြောင့် အော်မြည်သံ ပြုသည်ကို နားမလည်ကြ ဖြစ်နေ၏။ မည်သို့ပင်စဉ်းစားစဉ်းစား ထိုအတွက် အဖြေမရကြပေ။

ဝမ်လင်း၏စိတ်က ဆက်လက် ပျံ့နှံ့နေ၏။ မဟာမိတ်၏ ဗဟိုချက်၌ ခရမ်းရင့်ရောင်ဥက္ကာခဲများ ပြည့်နေသည့် ကြယ်နယ်မြေတစ်ခု ရှိ၏။ထို ကြယ်နယ်မြေအတွင်းနက်ပိုင်း၌ အခြားကမ္ဘာတစ်ခု တည်ရှိလို့နေသည်။

ထိုနေရာရှိ ကြယ်များကြား၌ အလွန်ကြီးမားလှသော အဆောက်အဦးများ လွင့်မြောနေ၏။ ၎င်းအဆောက်အဦများထံကနေ ထူးဆန်းသောဖိအားတစ်ခုကို ပေးစွမ်းလို့နေသည်။

ဤနေရာကား ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းသို့ ဝင်ပေါက်နေရာ ဖြစ်ချေ၏။ သည်နေရာကို ဖြတ်သွားမှသာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့၏ ဌာနချုပ်ကို ရောက်နိုင်ပေမည်။

ဝမ်လင်း၏စိတ်က ထိုထူးဆန်းသောနေရာသို့ ရောက်ရှိလာ၏။ သူ့စိတ်သည် ထိုဝင်ပေါက်ကို ဖြတ်သန်းသွားကာ ကျင့်ကြံခြင်းမဟာမိတ်၏ ဌာနချုပ်နေရာသို့ပင် ရောက်ရှိလာသည်။

ထိုဌာနချုပ်မှာ ကိုယ်ပိုင်ခွဲခြား နယ်မြေဖြစ်၏။အရင်တုန်းကတော့ သည်နေရာမှာ မိုးကောင်းကင်ဘုံနယ်မြေ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က သိမ်းပိုက်စိုးမိုးထားခဲ့တော့သည်။

ကျင့်ကြံခြင်းမဟာမိတ်၏ ဌာနချုပ်မှာ ဧရာမဂြိုဟ်ကြီး(၁၇၃)ခုနှင့် ဖွဲ့စည်းထား၏။ ထိုဂြိုဟ်များက စက်ဝန်းကဲ့သို့ တည်ရှိကာ အသေမဟုတ်ဘဲ ဖြည်းဖြည်းချင်း ရွှေ့လျား လှည့်ပတ်နေကြသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည်လည်း ဘေးပတ်ပတ်လည်တွင် သွားလာနေကြသည်။ သို့သော် ထူးဆန်းသည်က အသံလုံးဝ ထွက်ပေါ်တာ မရှိခြင်းပင်။

သည်စက်ဝန်းလို တည်ရှိသည့် ဂြိုဟ်များ၏ ဗဟို၌ ဧရာမဝဲကတော့ကြီးတစ်ခု ရှိ၏။ ထိုဝဲကတော့မှာ ခရမ်းရောင်ရှိကာ ကြည့်မိသူတိုင်း တုန်ယင်သွားနိုင်၏။ လက်ချိုးရေလို့ရသည့် လူလောက်သာ သည်ဝဲကတော့ကြီးအတွင်း၌ မည်သည့်အရာ ရှိသည်ကို အတိအကျ သိကြသည်။

ထိုဝဲကတော့မှာ အလွန်တရာ ကြီးမားလှသည်။ ကျင့်ကြံသူတစ်ယောက်သည် ထိုဂြိုဟ်နှင့် ယှဉ်ပါက ပုရွတ်ဆိတ်လောက်ပင် မရှိ ဖြစ်နေပေမည်။ ထိုဝဲကတော့ကြီးနှင့် ယှဉ်ပါက သည်နေရာရှိ ကြီးမားသည့်ကျင့်ကြံခြင်းဂြိုဟ်ကြီးပါ မထင်မရှား မသိမသာ ဖြစ်နေဟန် ပေါ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset