ဝမ်လင်း၏လက်ချောင်းက ငရဲဆယ့်ရှစ်ထပ်တံဆိပ်တုံးပေါ်သို့ ကျရောက်လာချိန်တွင် အနီရောင်အလင်း ဖျပ်ခနဲ ပေါ်လာသည်။ ထိုအလင်းက သည်နေတစ်ခုလုံးတွင် ပြည့်နှက်သွားရာ ပန်းများကိုပါ နီမြန်းသွားစေသည်။
သွေးအလင်းက တောက်ပသထက် တောက်ပလာကာ ဆယ့်လေးခုမြောက်အလွှာကနေ အနီရောင်မြူတစ်ခု ထွက်ပေါ်လာ၏။ သွေးဘိုးဘေးက ဝမ်လင်းကို အနီရောင်မြူအတွင်းကနေ သွေးဆာစွာ စူးစူးရဲရဲ ကြည့်နေသည်။သို့ရာတွင် သူက ယောင်ရှင်းရွှဲ့၏ တည်ရှိမှုကို သတိပြုမိသွားကာ လှမ်းကြည့်လိုက်၏။ သူသည် ခဏတာ မင်သက်သွား၏။ထို့နောက် သူ့အသွင်က နူးညံ့လို့သွားသည်။
ယောင်ရှင်းရွှဲ့က သူမရှေ့ရှိ အရာရာကို ကြည့်နေရင်း သူ့မျက်နှာမှာ ဖြူရောလို့နေသည်။
“သွေးဘိုးဘေး…အတိတ်တုန်းက သင့်ကို သင့်သမီးနဲ့ ပြန်တွေ့စေမယ်လို့ ငါ ကတိပေးခဲ့တယ်။ ခု ငါ့ ကတိအတိုင်း လုပ်ပြီးပြီး…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏။ သွေးဘိုးဘေး ပတ်လည်ရှိ အနီရောင်မြူသည် လွင့်ပြယ်သွားသည်။ ထိုအရာက သူ့ကို ဝမ်လင်း၏ ထိန်းချုပ်မှုကနေ လွတ်လပ်သွားစေခြင်းပင်။
သွေးဘိုးဘေး၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း လူသားအသွင် ဆောင်လာ၏။သူက သူ့ရှေ့ရှိ သူ့သမီးကို စူးစိုက်ကြည့်နေမိ၏။သူ့မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှတို့ ပြည့်လျက်။
“အတိတ်တုန်းက ကိစ္စဟာ အခု ပြီးဆုံးသွားပြီ။ ယောင်ရှင်းရွှဲ့ဟာ ငါ့အပေါ်မှာ ကြံစည်ခဲ့တယ်။ငါက သူ့ကို နှစ်ရာချီ ချိပ်ပိတ်ထားခဲ့တယ်။ သင်က ငါ့ကို သတ်ချင်ခဲ့တယ်။ ပြီးတော့ အခုလိုမျိုး အဆုံးသပ်ခဲ့ပြီ။ယောင်ရှင်းရွှဲ့ ငါ့ကို လက်စားချေဖို့အတွက် သူ့မှတ်ဉာဏ်တွေကို လေနတ်ဆိုးရှိမှာ အဆုံးရှုံးခံခဲ့တဲ့ အဖြစ်အပျက်မှာ ငါဟာ အကြောင်းရင်းခံ ဖြစ်ခဲ့တယ်။ ခုချိန်မှာတော့ ငါ သူမကို ကယ်တင်ပေးခဲ့ပြီးပြီး။ ငါတို့ အတိတ်ကို မေ့ထားလိုက်ကြစို့…”
“အခုချိန်ကစပြီး သင်တို့နှစ်ယောက်ဟာ ငါနဲ့ ဘာမှ ပတ်သတ်ဆက်နွှယ်စရာ မရှိတော့ဘူး။ ငါတို့ရဲ့ ကံကြမ္မာအဆက်က ရှင်းလင်းသွားခဲ့ပြီ။ သင်က ထပ်ပြီး ငါ့ကို လာနွှယ်ရင်တော့ သင်တို့နှစ်ယောက်လုံးကို သတ်ပစ်ပြီး ပြန်လည်မွေးဖွားနိုင်ခြင်း မရှိအောင် လုပ်ပစ်မှ ငါ့ကို အပြစ်မတင်တော့နဲ့…”
ဝမ်လင်း၏ တည်ငြိမ်သောအသံထဲ၌ အေးစက်မှုတစ်ခု ပါ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီးနောက် အကွာအဝေးတစ်ခုရှိသို့ လှမ်းလျှောက်သွားတော့သည်။
“သွေးဘိုးဘေး…သင် ဆယ့်လေးခုမြောက်အလွှာထပ်ထဲ ပြန်သွားဖို့ မလိုတော့ဘူး။ သင် အခု သင့်သမီးနဲ့ လွတ်လပ်စွာ အထိုင်ချနိုင်ပြီ။ဒီနေရာဟာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲမှာ ရှိတဲ့ ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူပဲ။ သင်တို့နှစ်ယောက် ဒီလှိုဏ်ဂူ ပွင့်တဲ့အချိန်ထိ ပုန်းနေဖို့ နေရာတစ်ခု ရှာလိုက်တော့…”
ယောင်ရှင်းရွှဲ့၏အကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်နေသည်။ သူမက စိတ်ရှုပ်ထွေးနေဆဲပင်။ သူမသည် ဘာကိုမှ မတွေးနိုင်၊တွေးလည်း မတွေးချင်တော့ပါ။
သွေးဘိုးဘေးက တဖြည်းဖြည်း လှမ်းလျှောက်ကာ ထွက်ခွာသွားသည့် ဝမ်လင်းကို ကြည့်နေရင်း သူ့ဟန်ပန်၌ စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်လို့နေသည်။ ချိပ်ပိတ်မှုကို ဖြေလျှော့လိုက်သည့်နောက် သူသည် အသိစိတ် ပြန်ရရှိခဲ့ပြီ ဖြစ်သည်။ သူက စိတ်ဝိညာဉ်တစ်ခုမျှသာ ဖြစ်နေသော်လည်း သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့ခန္ဓာကိုယ် ပြန်တည်ဆောက်ရန် နည်းလမ်းတစ်ခုခု ရှာကာ ဆက်လက် ကျင့်ကြံနိုင်တော့ပေမည်။
ဝမ်လင်း၏ ထွက်ခွာသွားသည့် ပုံရိပ်က သူ့မျက်လုံးထဲသို့ ကျရောက်လာချိန်၌ အတိတ်တုန်းက သူနှင့်ဝမ်လင်းတို့ကြား အမုန်းဟူ၍ မရှိတော့ပေ။
သွေးဘိုးဘေးက ဝမ်လင်းသာ သူတို့ကို သတ်ချင်ခဲ့ပါက လွယ်လှသည်ကို သိ၏။ ဝမ်လင်းသည် သူတို့အား မသတ်ခဲ့ပေ။ ထိုအစား ဝမ်လင်းက သူနှင့်သူ့သမီးကို လွတ်လပ်ခွင့်နှင့် ဘဝသစ်တစ်ခု ပေးခဲ့သည်။
အမုန်းတရားသည် နောက်ထပ် အရေးမပါတော့ပေ။ ပို၍ အရေးကြီးသည်က သူ့သမီး၏ လုံခြုံရေးပင်။ သူမက မှတ်ဉာဏ်များ ကင်းမဲ့နေပြီ ဖြစ်သော်လည်း ထိုအရာကပင် အကောင်းဆုံး ဖြစ်နေနိုင်သေးသည် မဟုတ်လား။
သည်အရာများကို တွေ့ကြုံပြီးသည့်နောက် သွေးဘိုးဘေးက သူ အိုစာသွားသလို ခံစားမိ၏။ သူ့စိတ်ထဲ၌ ရှိနေသည်က သူ့သမီးနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့သာ ဖြစ်တော့၏။
သွေးဘိုးဘေးက ယောင်ရှင်းရွှဲ့ကို ကြင်နာစွာ ကြည့်၍ နူးညံ့စွာ ဆို၏။ “ကလေး…အဖေ့ရှိလာခဲ့…”
သူမသည် အသိဉာဏ်ဆုံးရှုံးခဲ့ပြီး ဖြစ်သော်လည်း သွေးဘိုးဘေးထံမှ စကားသည် အမှန်ဟု ခံစားမိ၏။ ဤအရာမှာ သွေးမျိုးဆက်ကြောင့်ပင်။ အဖေနှင့်သမီးဖြစ်သူတို့သည် တဖြည်းဖြည်း အဝေးသို့ လျှောက်လှမ်းသွားကြတော့သည်။
“အဖေ… ခု သူပြောခဲ့တာတွေက အမှန်လား…”
“အမှန်လား၊အလိမ်လားက ခုချိန်မှာ ဘာမှ အရေးမပါတော့ဘူး သမီး။ အဖေတို့က သူနဲ့ ဘယ်တော့မှထပ်ပြီး ပတ်သတ်ထိတွေ့မှု မလုပ်တော့ဘူး။သူက ခုချိန်မှာ အဖေတို့ ရန်စလို့မရတဲ့သူ တစ်ယောက် ဖြစ်နေခဲ့ပြီ…”
ထိုသို့ပြောရင်း သွေးဘိုးဘေးက အဝေးသို့ ကြည့်၏။ သူ့မြင်ကွင်းထဲ၌ ဝမ်လင်းကိုတော့ မတွေ့ရတော့ပေ။
“သူက ငါ အာရုံစိုက်ဖို့ မလိုခဲ့တဲ့ ဂျူနီယာတစ်ယောက် မဟုတ်တော့ဘူး။ နှစ်ပေါင်းရာချီအတွင်း သူဟာ ဒီနေ့လို အဆင့်မျိုး ရောက်လာခဲ့ပြီလေ…”
ဝမ်လင်းသည် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်သွားနေရင်း သူ့ဟန်ပန်က တည်ငြိမ်နေ၏။ သူက ယောင်ရှင်းရွှဲ့နှင့် ကံကြမ္မာအစပ်ကို ဖြေရှင်းပုံအပေါ် ဘေးလူ၏အမြင်၌ ထူးဆန်းသလို ဖြစ်နေနိုင်သည်။ သို့သော်လည်း သူက ထိုသို့ လုပ်သင့်သည်ဟုသာ တွေးနေရင်း ထိုအတိုင်း လုပ်ခဲ့ခြင်းသာ။
ဝမ်လင်းသည် ရှေ့သို့ တလှမ်းချင်း တလှမ်းချင်း ဆက်လျှောက်နေ၏။ အားကောင်းသောအော်ရာတစ်ခုက သူ့ခန္ဓာကိုယ်၌ စုဝေးလာသည်။ သူ လှမ်းလျှောက်နေရင်း ထိုအော်ရာက ပိုအားကောင်းလာနေသည်။ အဆုံးသပ်၌ ထိုအော်ရာက မွန်းစတားဆန်လာတော့၏။
ထိုမွန်းစတားဆန်သော အော်ရာအောက်၌ ဝမ်လင်း၏မျက်လုံးတို့က တောက်ပသထက် တောက်ပလာနေသည်။
ယောင်ရှင်းရွှဲ့နှင့် ကိစ္စကို ဖြေရှင်းပြီးနောက် ထိုကံမ္မကနေ လွတ်လပ်သွားခဲ့ကာ သူ့တာအိုနှလုံးသားသည် ပြီးပြည့်စုံလာခဲ့၏။ ဝမ်လင်းက သူ့တစ်ဆို့နေသည့် ကျင့်ကြံခြင်းအဆင့်က တဖြည်းဖြည်း စတင်ချိုးဖျက်သည့် အရိပ်အယောင် ပြသလာသည်ဟု ခံစားမိနေသည်။
ယောင်ရှင်းရွှဲ့နှင့် သွေးဘိုးဘေးတို့ကတော့ အတားအဆီးအစီအရင်တစ်ခု အတွင်းသို့ ပျောက်ကွယ်ကာ သည်လှိုဏ်ဂူ လုံးဝ ပွင့်လာမည့်နေ့ရက်ကို စောင့်ဆိုင်းနေတော့မည် ဖြစ်၏။
သည်လှိုဏ်ဂူဧရိယာနားပတ်လည်၌ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်၏ ပေါက်ကွဲမှုကြောင့် အပျက်အစီးပုံကတော့ ရှိနေဆဲပင်။ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန် တည်ရှိခဲ့သော နေရာနှင် သိပ်မတွေးသော နေရာ၌ တွင်းနက်ကြီးတစ်ခုရှိ၏။ ထိုတွင်းနက်ထဲကနေ အေးစက်စက်စွမ်းအင် အမျှင်တန်းတစ်ခု ထွက်ပေါ်နေသည်။
သူ့ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဝမ်လင်း၏အကြည့်က ရှေ့တည့်တည့်သို့ ကျရောက်သွား၏။ ထိုနေရာက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ အပြင်ဘက်အပိုင်းတစ်ခုသာ ဖြစ်၏။ သူက အတွင်းဘက်ခြမ်း၏ အနီးအနားသို့ပင် မရောက်သေးပေ။ သည်နေရာကနေ သူသည် အကွာအဝေးတစ်ခုရှိ အဆောက်အဦများစွာနှင့်နန်းတော်ဆောင်များစွာကို လှမ်းမြင်နေရသည်။
ထိုအဆောက်အဦများက ပုံသဏ္ဌာန် မညီမညာ ရှိ၏။ ဝမ်လင်း၏ မြင်ကွင်းအဆုံး၌ မြူနက်များ ဝန်းရံနေသော နန်းတော်တစ်ခု ရှိနေသည်။ ထိုနန်းတော်က အဆောက်အဦများ၏ အတွင်းပိုင်းတွင် ရှိ၏။ ထိုနန်းတော်ကို ခပ်ရေးရေးသာ မြင်ရသည်။
စဉ်းစားနေရင်း ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ယူလိုက်၏။ ထိုကောင်းကင်ဘုံကျောက်စိမ်းပြားက ညင်သာစွာလင်းလက်လို့နေသည်။
ဝမ်လင်းသည် ၎င်းကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ရရှိလာခဲ့ခြင်းဖြစ်သည်။ သည်ကျောက်စိမ်းပြားထဲ၌ ရပ်တန့်ခြင်းမန္တာန်နှင့် ကောင်းကင်ဘုံသက်တော်စောင့်များကို သန့်စင်မွန်းမံသည့် နည်းလမ်း ပါဝင်၏။ ဝမ်လင်းက ထိုကျောက်စိမ်းပြားကို စမ်းစစ်ကြည့်ခဲ့ချိန်က ၎င်းအထဲ၌ မြေပုံတစ်ခုရှိခဲ့သည်ကို သတိရမိလိုက်သည်။
သို့သော် ထိုအချိန်က ဝမ်လင်းသည် ၎င်းမြေပုံကို စိမ်းနေသဖြင့် အာရုံများစွာ မထားခဲ့ပေ။ ခု သည်လှိုဏ်ဂူကို ကြည့်နေရင်းမှ သူသည် ၎င်းမြေပုံကို ရင်းနှီးသလို ခပ်ရေးရေး ခံစားမိလာခြင်းပင်။
သူက သည်ကျောက်စိမ်းပြားကို ထုတ်ယူပြီးနောက် သူ့နတ်ဘုရားအာရုံကို ထည့်သွင်းလိုက်သည်။သူ့ဟန်ပန်အမူအရာက ပြောင်းလဲသွား၏။ ဤမြေပုံတွင် ဖော်ပြထားသည်က သည်ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ ဖြစ်နေခဲ့တော့သည်။
ဝမ်လင်းက မြေပုံကို သေချာ စမ်းစစ်ကြည့်ရင်း အရာအားလုံးကို ပြန်အမှတ်ရလာ၏။ အနည်းငယ် စဉ်းစားပြီးနော် သူက သတိလက်လွတ် မလှုပ်ရှားတော့ပေ။ထိုအစား သူက မူလ ကောင်းကင်ဘုံမြုပ်နှံခြင်းရေကန် ရှိနှင့်ခဲ့သော တွင်းနက်ဘေးနားထိ ပြန်ဆုတ်ကာ အောက်သို့ ငုံ့ကြည့်လိုက်၏။
ထိုတွင်းနက်က ပိန်းပိန်းမှောင်နက်နေ၏။ သူ့အကြည့်သည်ပင် ထိုတွင်းနက်ထဲသို့ ဖောက်ထွင်းမြင်နိုင်ခြင်း မရှိပေ။
“ဒီနေရာက ဆိုးတော့မဆိုးလှဘူး…” ဝမ်လင်းက ခြေလှမ်းကာ တွင်းနက်ထဲသို့ ဝင်ရောက်လိုက်၏။ သူက ခပ်မြန်မြန် ဆင်းသက်ခြင်းတော့ မပြုဘဲ ပေရာချီလောက်ထိသာ ဆင်းသွား၏။ထို့နောက် ဝမ်လင်းက သူ့ သိုလှောင်အိတ်ကို ထိလိုက်ရာ ဓားကြီးဆယ့်နှစ်လက်လောက် ပျံသန်းထွက်လာရင်း တွင်းနက်ဘေးကို ရိုက်ခတ်၏။
မြေမှုန်ကျောက်သားတို့ လွင့်စင်သွးပြီး ခဏအကြာတွင် ဂူတစ်ခု ဖြစ်ပေါ်လာ၏။ဝမ်လင်းက ဂူထဲသို့ ဝင်ကာ ထိုင်ချလိုက်၏။
အသက်ဝဝရှိုက်သွင်းလိုက်ပြီးနောက် ဝမ်လင်းက အတားအဆီးအစီအရင်မျာကို နေရာချ၏။ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ငွေရောင်အလင်းတစ်ခု ပျံသန်းထွက်လာ၏။ ၎င်းအလင်းက လှပသောအမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအမျိုးသမီးက ဝမ်လင်းကို ကြည့်၏။သို့သော် စကားမဆိုပေ။ သူမက ဝင်ပေါက်ဘေးနား၌ ထိုင်ချကာ ဝမ်လင်းကို စောင့်ကြပ်ပေး၏။
ဝမ်လင်းသည် ထိုင်နေရင်း ငွေရောင်အမျိုးသမီးအလောင်းကို လေ့လာကြည့်နေ၏။ သူက ပန်းအဆိပ်ကို သူမ စုပ်ယူပြီးသည့်နောက် တခုခုခြားနားနေသည်ဟု ခံစားမိ၏။ သို့သော်လည်း ထိုကွာခြားမှုက မည်သည့်အရာဖြစ်မှန်းကိုလည်း သူ မပြောနိုင် ဖြစ်နေသည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ သူမ၏ခန္ဓာကိုယ်ထဲရှိ ထိန်းချုပ်ထားသည့် ချိပ်တံဆိပ်ကလည်း မူလအတိုင်း ပုံမပျက်ရှိနေသည်ကို တွေ့၏။ထိုအခါကျမှ သူသည် စိတ်အေးသွားပြီး ကျင့်ကြံရန် မျက်လုံးမှိတ်လိုက်တော့သည်။
“ခုချိန်မှာ ငါ့ကျင့်ကြံမှုက အဆင့်ချိုးဖျက်မယ့် အရိပ်လက္ခဏာ ပြနေတယ်။ ငါက ဒီအခွင့်အရေးကို အသုံးချရမယ်…။ဒါမှ ဒီကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူမှာ ပိုကောင်းတဲ့အခွင့်အလမ်း တစ်ခု ရနိုင်မှာ…”
သူမျက်လုံးမှိတ်လိုက်ချိန်၌ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် ရုတ်တရက် တကိုယ်လုံးအနှံ့ လှည့်လည်သွားသည်။ သူ့ခန္ဓာကိုယ်မှ အပူဓာတ်အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်နေ၏။
သူ့နယ်ပယ်သည် ယောင်ရှင်းရွှဲ့နှင့် ကံမ္မအဆက်အစပ်ကို ဖြေရှင်းပြီးသွားခြင်းကြောင့် အဆင့်ချိုးဖျက်မှုတစ်ခု ရှိနေပေပြီ။ ခုချိန်၌ ဝမ်လင်းက နိဗ္ဗာနအလယ်အလတ်အထွတ်အထိပ်အဆင့်တွင် တန့်နေသည့် သူ့ကျင့်ကြံမှုကို စတင် ချိုးဖျက်ရန် စတော့သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်နေ၏။ မျက်စိတစ်မှိတ်အတွင်း သုံးရက် ကုန်သွားခဲ့ပြီ။သည်သုံးရက်အတွင်း ဝမ်လင်းသည် မလှုပ်မယှက်ရှိနေကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်လှည့်ပတ်မှုကလည်း ပို၍ပင် မြန်ဆန်လာနေ၏။အဆုံးသပ်၌ သူ့မူလစွမ်းအင် စီးဆင်းလှည့်ပတ်မှုက အတော်လေး ချောမွတ်လာတော့သည်။
ငွေရောင်အမျိုးသမီးအလောင်းကောင်က သူ့အား တချိန်လုံး ကာကွယ်ပေးထား၏။ သူမသည် အချိန်အတန်ကြာပြီးမှ ဝမ်လင်းရှိရာသို့ မကြာမကြာ ကြည့်လာ၏။ သူ့အကြည့်ထဲ၌ ရှုပ်ထွေးမှု အရိပ်အမြွက်တစ်ခု ပါဝင်နေသည်။ သို့သော်လည်း သူမက ထိုရှုပ်ထွေးမှုကို ချက်ခြင်းလိုလို ကောင်းစွာ ဖုံးကွယ်ထားပလိုက်သည်။
လေးရက်မြောက်နေ့တွင် ဝမ်လင်း မျက်လုံးဖွင့်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူ သတ်ခဲ့သောလူများ၏ မူလစိတ်ဝိညာဉ်အနည်းငယ်ကို ထုတ်ယူသည်။ ထို့နောက် သူက ၎င်းတို့ကို တုံ့ဆိုင်းခြင်းမရှိဘဲ ဝါးမြိုလိုက်၏။
“ဒီနေရာမှာရှိတဲ့ မူလစွမ်းအင်က မလုံလောက်ဘူး။ဒါ့ကြောင့် အဆင့်ချိုးဖျက်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်…”
ဝမ်လင်းသည် နိဗ္ဗာနအလယ်အဆင့်ကနေ တိုးတက်လာအောင် ကျင့်ကြံနေစဉ်အတွင်း ကောင်းကင်ဘုံလှိုဏ်ဂူနှင့် အလွန့်အလွန် အလှမ်းဝေးသောနေရာ၌ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွားလို့နေ၏။ ထိုမြင်ကွင်းကို တွေ့မြင်ကြသည့် မဟာမိတ်မှ ကျင့်ကြံသူတိုင်းသည် တုန်လှုပ်မိကုန်ကြသည်။
မိုးကုပ်စက်ဝန်းထံမှ အနီရောင်မီးတောက်များ တိုးဝင်လာနေ၏။ ထိုမီးတောက်များက အရာရာကို ပြာချပစ်မည့်အလား။
အနီရောင်မီးတောက် နီးသထက် နီးလာကာ တောက်ပသထက် တောက်ပလာသည်။ ထိုတောက်ပမှုအလင်းက ကြယ်များအနှံ့ ရိုက်ခတ်ဝေ့တော့မည့်အလား။
ထိုမီးတောက်များ၏ ရှေ့၌ ဟင်္သာငှက်ကြီးတစ်ကောင်သည် ၎င်း၏ တောင်ပံကို ကီလိုမီတာရာချီ ဖြန့်ကား၍ ပျံသန်းနေသည်။
ထိုဟင်္သာငှက်မှာ မီးဖြင့်ဖွဲ့စည်းထားခြင်းပင်။၎င်း၏ အံ့မခန်းအပူကို အလှမ်းဝေးသောနေရာကနေပင် ခံစားမိနိုင်သည်။ ထိုဟင်္သာငှက် အပူဓာတ်က ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေ၏။
ဟင်္သာငှက်ဖြတ်ကျော်သွားသည့် နေရာတိုင်း အနီးအနားရှိ ကျင့်ကြံသူအားလုံးမှာ ၎င်းငှက်ကို ဝရုန်းသုန်းကား ရှောင်ရှားရ၏။ သူတို့က ထိုငှက်အနားသို့ မသွားဝံ့ကြချေ။ အစွမ်းထက် ကျင့်ကြံသူတိုင်းကတော့ ထိုဟင်္သာငှက်ကို မြင်သည်နှင့် သူတို့၏ စိတ်ထဲ၌ ရှေးဟောင်းအမည်နာမတစ်ခုကို ရုတ်တရက် တွေးမိကြ၏။
“ဟင်္သာငှက်နတ်ကလန်…”
***