Switch Mode

အပိုင်း (၁၀၈၈)

နင့်နာမည်က ယောင်ရှင်းရွှဲ့

ဝမ်လင်းနှင့်လေနတ်ဆိုးတို့၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ဘုံအင်ပါယာထဲရှိ ပန်းအတားအဆီးအစီအရင်သည် လုံးဝ အသက်ဝင်လာခဲ့သည်။ ဧရာမလက်ကြီးက နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဖမ်းဆုပ်ကာ အောက်သို့ ဆွဲချရန် ကြိုးစားလိုက်၏။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူသည် အော်ပြောလိုက်၏။ “ပျက်စီးစမ်း…”

ထိုသို့ပြောလိုက်သည်နှင့် လှံထံမှ အနက်ရောင်အလင်းတစ်ခု သိပ်သည်းစွာ ထိုးထွက်လာ၏။ ပင်လယ်ပြင်ကနေ ဖြစ်ပေါ်လာသည့် လက်ကြီးပင် ထိုအလင်းကြောင့် အနက်ရောင်သို့ ပြောင်းသွားသလား ထင်မှတ်ရသည်။

ထိုအလင်းက အကန့်အသတ်သို့ ရောက်သည်နှင့် ကျယ်လောင်စွာ ပေါက်ကွဲကာ အဖျက်အစီးအားတစ်ခု ခြုံလွှမ်းရိုက်ခတ်လာ၏။ ပင်လယ်ရေနှင့် ပြုလုပ်ထားသည့် လက်ကြီးသည် ပျက်စီးသွားကာ ပင်လယ်ရေများပါမကျန် လွင့်ပျောက်သွားတော့သည်။

သို့သော် ဝမ်လင်း၏ဟန်ပန်က စိတ်သက်သာရာ ရသွားခြင်း မရှိသည့်အပြင် ပို၍ အလေးအနက် ဖြစ်လာခဲ့သည်။ လေနတ်ဆိုး၏အသွင်သည်ပင် ပင်လယ်ပြင်ကို စူးစိုက်ကြည့်နေရင်း ပြောင်းလဲသွား၏။

ဝေါင်း…။

ပင်လယ်ပြင်ထံမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက အသံလှိုင်းအဖြစ် လောကတွင် ပဲ့တင်ထပ် မြည်ဟိန်းသည်။ မိုးခြိမ်းသံများပင် ၎င်းအသံကို ဖုံးလွှမ်းပစ်ဖို့ မစွမ်းနိုင်လောက်ချေ။

တချိန်တည်းမှာ ပင်လယ်ပြင်သည် ပြင်းထန်စွာ တဝီဝီလှည့်၍ စတင် မြင့်တက်လာ၏။ ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိ၏။ သူ့ရှေ့ကမြင်ကွင်းသည် သူ့အား ပင့်သက်ရှိုက်မိစေသည်။

ရေထုပင် လေထဲသို့ ကြွတက်လာခြင်းမဟုတ်။ အစောပိုင်းက ပင်လယ်ပြင်ကနေ ဖြစ်ပေါ်နေသည့် လူသားအသွင်ပုံရိပ်ကြီးသည်ပင် ထကြွလာ၏။

ထိုပုံရိပ်က ကြီးမားလွန်းလှရာ အရွယ်အစားကိုပင် မှန်းဆ မရနိုင် ဖြစ်ရ၏။ အစောပိုင်း ပင်လယ်ပြင်နှင့် တပြေးတည်း ရှိနှင့်ခဲ့သော ၎င်းလူသားအသွင်ပုံရိပ်ကြီး ထထိုင်လာသည့်အခါ ကောင်းကင်ယံထိ ထွင်းဖောက်လုမတတ်လားဟုပင် ထင်မှားရတော့၏။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ရေများဖြင့် တည်ဆောက်ထားကာ ထထိုင်ချိန်၌ ပင်လယ်အောက်ခြေကြမ်းပြင်သည်ပင် ပေါ်ထွန်းလာရ၏။

ပင်လယ်ပြင်ဟူ၍ ဆက်၍ မဆိုနိုင်တော့သည့်အထိပင်။ ပင်လယ်ရေများဖြင့် တည်ဆောက်ထားသည့် ဧရာမပုံရိပ်ကြီးသာ ကျန်ရှိနေတော့၏။

ပင်လယ်ဘီလူးကြီးလော။

၎င်းပုံရိပ်ကြီး၏ ပုံပန်းအသွင်ကို ရှင်းရှင်းလင်းလင်း တွေ့ရဖို့ မဖြစ်နိုင်ပေ။ သို့သော် ၎င်း၏ နားရွက်ကြီးများကတော့ ကျင့်ကြံသူတစ်ယောက်နှင့် ဘာတစ်ခုမှ တူညီမှု ရှိမနေပေ။ ၎င်းက ဝမ်လင်းနှင့်လေနတ်ဆိုးတို့ကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။ ထို့နောက် ၎င်းက လက်မြှောက်လိုက်ရာ ဧရာမလှိုင်းတစ်ခုကို ဖြစ်တည်စေပြီး ဝမ်လင်းရှိရာသို့ လက်ဆန့်တန်းလာ၏။

၎င်းဧရာမလက်ဝါးကြီး နီးကပ်မလာခင် တဝုန်းဝုန်းအသံများက သူ့ထံသို့ အရင် တိုးဝင်လာ၏။ ဝမ်လင်းက ချက်ခြင်း နောက်ဆုတ်ကာ သူ့ထံသို့ ချဉ်းကပ်လာသည့် လက်ဝါးကြီးကို ရှောင်၏။

“နှင်းငွေ့ရည်ကနေ ပြုလုပ်ထားတဲ့ အတားအဆီးလောက်ကများ။ မင်းက ငါ့ စိတ်ဝင်စားမှုနဲ့တောင် မထိုက်တန်ဘူး…”

ဝမ်လင်း၏ မျက်လုံးထဲ၌ မီးတောက်လုံးနှစ်ခု ပေါ်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟင်္သာငှက်အမှတ်အသားသည် နီရဲလာသည်။

ဧရာမလက်ကြီး ရိုက်ချလာချိန်၌ ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ မီးတောက်ပင်လယ်တစ်ခု သူ့ထံကနေ ပေါက်ကွဲထွက်လာချေ၏။

ပင်လယ်မီးတောက်များ ဖြစ်ပေါ်လာသည်နှင့် သည်ဧရိယာကို စတင် ရိုက်ခတ်လွှမ်းခြုံ၏။ ဝမ်လင်း၏မူလစွမ်းအင်တို့ကလည်း မြင့်တက်လို့နေ၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ထက်၌ မီးတောက်များ ပြည့်နှက်ကာ ကျယ်လောင်စွာ မြည်ဟိန်းမှုကို ဖြစ်စေသည်။

အနှီမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ရာပင်။ ကောင်းကင်သည် မီးတောက်များနှင် ဖုံးနေ၏။မီးတောက်များနှင့် ဖုံးနေသော ကောင်းကင်အောက်၌ ပင်လယ်ရေဖြင့် ပြုလုပ်ထားသည့် ဧရာမပုံရိပ်ကြီး ရှိလို့နေသည်။

ထိုဧရာမလက်ကြီးက နီးကပ်လာချိန် ဝမ်လင်းသည် မီးတောက်များအတွင်းကနေ မာန်သွင်းလိုက်၏။ ဝမ်လင်း၏ စိတ်ဆန္ဒက မီးတောက်ထဲသို့ ပေါင်းစည်းကာ မီးတောက်ပင်လယ်တစ်ခုလုံးသည် ကောင်းကင်ထက်ကနေ ဧရာမပုံရိပ်ကြီးထံသို့ သက်ဆင်းလာတော့သည်။

မီးတောက်ပင်လယ်သည် ထိုပင်လယ်ဘီလူးကြီးပေါ်သို့ မီးမိုးမျိုးအလား ရွာသွန်းလာသည်။ မီးတောက်များသည် ထိုဧရာမပုံရိပ်ကြီး အနားမရောက်လာခင်မှပင် အပူဓာတ်သည် မြင့်မားလွန်းနေပေပြီ။ လေနတ်ဆိုးက အကွာအဝေးတစ်ခုကနေ ထိုမြင်ကွင်းကို တွေ့နေရကာ ကြောက်လန့်၍ ပင့်သက်ရှိုက်မိနေသည်။ သူမသည် ဝမ်လင်းကို ခုချိန်၌ ပိုမိုလန့်နေမိပြီ ဖြစ်၏။

ချက်ခြင်းလိုလိုပင် မီးတောက်ပင်လယ်သည် ဘက်ပေါင်းစုံကနေ ပင်လယ်ဘီလူးကြီးထံသို့ တိုးဝင်လာနေကြသည်။အဖြူရောင်အခိုးငွေ့များအဖြစ် ရေငွေ့များစွာ လွင့်ပျံ့ကုန်၏။

ပင်လယ်ဘီလူးကြီးက နောက်တစ်ကြိမ် ဟိန်းသံ ပြု၏။ ၎င်းက ဟိန်းသံ ပြုလိုက်ရင်း ၎င်းခန္ဓာကိုယ်အတွင်းရှိ ရေအားလုံးမှာ ဆူပွက်လာနေသည်။ထို့နောက် ပင်လယ်ရေများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့ကြသည်။

ပင်လယ်ပြင်သည် ကောင်းကင်ကို ဝါးမြိုလိုသည့်အလား။

ပင်လယ်ပြင်က ထည်ဝါလှကာ ကောင်းကင်ထက်ရှိ မီးတောက်များထံသို့ တိုက်ရိုက်တိုးဝင်သွားသည်။ပင်လယ်လှိုင်းလုံး နံရံကြီးအလားပင်။

ကောင်းကင်တုန်ဟီးစေနိုင်သည့် အသံများက တဝုန်းဝုန်း ထွက်ပေါ်နေ၏။ ပင်လယ်ပြင်ရေထုသည် နီးကပ်လာသည့်အခါ မီးတောက်အားလုံးမှာ ချက်ခြင်း ငြှိမ်းသေသွားရသည်။ထိုအခါ ပင်လယ်လှိုင်းနံရံက ဝမ်လင်းနှင့် ပေတစ်ထောင်လောက်ထိ ကျုံ့လာနေပေပြီ။ ၎င်းပင်လယ်လှိုင်းနံရံနှင့် ထိမိသည့် မီးတောက်အားလုံးမှာလည်း ငြှိမ်းသေကာ ပျက်စီးနေရသည်။

၎င်းက ဆက်လက်ကျုံ့နေရင်း ပင်လယ်လှိုင်းနံရံအတွင်း ဧရာမျက်နှာကြီး ပေါ်လာ၏။

ထိုမျက်နှာကြီးမှာ ပင်လယ်ဘီလူးကြီး၏ မျက်နှာ ဖြစ်သည်။ ၎င်းက ပေါ်လာသည်နှင့် မာန်ဟိန်း၍ ပါးစပ်ဟကာ ဝမလင်းကို ဝါးမြိုပစ်ရန် တိုးဝင်လာတော့သည်။

ဝမ်လင်း၏မျက်လုံးထဲရှိ မီးတောက်များမှာ တောက်ပစွာ လောင်ကျွမ်းနေသည်။ သည့်နောက် အတွေးတစ်ချက်ဖြင့်ပင် ဟင်္သာငှက်အော်မြည်သံသည် သူ့ခန္ဓာကိုယ်အတွင်းကနေ ထွက်ပေါ်လာတော့၏။

ဟင်္သာငှက်အော်မြည်သံမှာ ထည်ဝါ၍ စွမ်းအားကောင်း၏။ ချက်ခြင်းပင် ဝမ်လင်းတကိုယ်လုံးသည် စတင် လောင်ကျွမ်းရင်း နီရဲရဲဟင်္သာငှက်တစ်ကောင်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထိုးထွက်၍ ၎င်း၏တောင်ပံကို ဖြန့်ကားသည်။ သည်အခိုက်၌ အံမခန်းမီးတောက်ပင်လယ်တစ်ခု ဖြစ်ပေါ်လာသည်။

ပင်လယ်ဘီလူးကြီး၏ ပါးစပ်ကြီး ရောက်ရှိလာခိုက် ဝမ်လင်းမျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် လှစ်ခနဲ ဖြစ်ပေါ်ကာ သူသည် ခပ်တိုးတိုး ဆိုသည်။ “ဟင်္သာငှက်မီးတောက်…”

ထိုသို့ ဆိုလိုက်သည့်နောက် သူ့အထက်ရှိ ဟင်္သာငှက်သည် ရုတ်တရက် ၎င်း၏တောင်ပံကို ပိုဖြန့်ကားလိုက်ရာ အဆုံးမဲ့မီးတောက်များ ပေါက်ကွဲထွက်လာပြီး ဘက်ပေါင်းစုံသို့ ပျံ့နှံ့သည်။

သည်မီးတောက်များက အတောမသပ်နိုင်ပေ။ ပျံ့နှံ့နေရင်း ပင်လယ်ဘီလူးကြီးထံမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာ၏။၎င်းက နောက်သို့ အတင်း ပြန်ဆုတ်နေသည်။

ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းရှိ လှိုင်းလုံးနံရံကြီးပင် ချက်ခြင်း အငွေ့ပျံသွားသည်။ ရေများက အငွေ့ပျံကာ မြူများအဖြစ်သို့ ပြောင်းလဲ၍ နောက်သို့ လွင့်စင်သွားကြသည်။

သည်အခိုက်၌ အငွေ့ပျံသန်းသွားသည့် ပင်လယ်ရေလှိုင်းနံရံကြီးသည် ပင်လယ်ဘီလူးကြီး အဖြစ်သို့ ပြန်သိပ်သည်းသွားသည်။

သို့ရာတွင် ၎င်း၏ အရွယ်အစားမှာ အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ပင်လယ်ဘီလူးပုံရိပ်ကြီး ပြန်ဖြစ်ပေါ်လာသည်နှင့် ဟင်္သာငှက်မီးတောက်က သက်ဆင်းလာကာ ၎င်းအား ဝန်းရံခြုံလွှမ်းလာသည်။ဝမ်လင်းက သူ့လက်ကို ရှေ့သို့ ညွှန်၏။

ဟင်္သာငှက်သည် နောက်တစ်ကြိမ် အော်မြည်၏။ ၎င်းအသံက မီးတောက်လုံးအဖြစ်သို့ ပြောင်းကာ ပင်လယ်ဘီလူးကြီးထံသို့ ကြယ်ပျံတစ်စင်းအလား တိုးဝင်လာတော့သည်။ ၎င်းက ပင်လယ်ရေများကို ဖြတ်တောက်၍ ပင်လယ်ဘီလူးကြီး ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။

ထိုအခါ ပင်လယ်ဘီလူးကြီးထံမှ ထိတ်လန့်ဖွယ်အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ၎င်းက မီးတောက်များနှင့် ဝန်းရံထားခြင်း ခံရပြီး ဖြစ်၏။ အခု ဟင်္သာငှက် တိုးဝင်လာသည့်အခါ ၎င်း၏ခန္ဓာကိုယ်အတွင်း၌ပင် လောင်ကျွမ်းနေလေပြီ။

ပင်လယ်ဘီလူးကြီးသည် အတွင်း၊အပြင် နှစ်ဖက်ညှပ်၍ လောင်ကျွမ်းခံနေရရင်း ရုန်းကန်ဟန်ဖြင့် ၎င်း၏ လက်ကြီးနှစ်ဖက်ကို လှုပ်ယမ်းသည်။ သို့ရာတွင် ၎င်း၏ခန္ဓာကိုယ်အား ဖြစ်ပေါ်စေနေသည့် ရေများသည် အငွေ့ပျံ့ကာ အခိုးအငွေ့များအဖြစ် ကောင်းကင်ထက်၌ ပြည့်နှက်နေတော့သည်။

ထိုမြင်ကွင်းက လေနတ်ဆိုးကို အတော်လေး ရုပ်စိုးသွားစေသည်။ သူမက သူမနှင့်ဝမ်လင်းတို့ကြား ကွာခြားချက်ကို နောက်ဆုံးတွင် သဘောပေါက်မိပေပြီ။ ထိုအဖြစ်က သူမကို တိတ်ဆိတ်စွာ စဉ်းစားသွားစေသည်။

သို့ရာတွင် မကျေမချမ်း ဒေါသနှင့် ပြည့်နေသော သူမ၏မျက်လုံးထဲ၌ ရက်စက်မှုတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။

ပင်လယ်ဘီလူးကြီးက ရုန်းကန်နေရင်း ၎င်း၏ခန္ဓာကိုယ်မှာ ဆက်တိုက် မြူများအဖြစ်သို့ လွင့်ပျောက်နေကာ အရွယ်အစား သေးသထက် သေးလာ၏။ လုံးဝ ပျောက်ကွယ်ခါနီးအခိုက်တွင် ၎င်းပင်လယ်ဘီလူးက မာန်သွင်းလိုက်ရာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေတစ်စက်အဖြစ်သို့ ကျုံ့သွား၏။ ထို့နောက် မမျှော်လင့်စွာဖြင့် ၎င်းရေစက်က မီးတောက်များကို ဖြတ်သန်း၍ ဝမ်လင်းရှိရာသို့ တန်းမတ်စွာ ဝင်ရောက်လာသည်။

ဟင်္သာငှက်က နောက်တစ်ကြိမ် အော်မြည်သံပေး၍ ၎င်းရေစက်နောက်သို့ ထပ်ကြပ်မကွာလိုက်လာသည်။

ရေစက်သည် မြန်လွန်းသဖြင့် ဝမ်လင်းနားသို့ ရောက်လာ၏။ ၎င်းရေစက်က မသေခင် နောက်ဆုန်း ရုန်းကြွမှုပင်။ သို့သော် ဝမ်လင်းက ထိတ်ပျာသွားခြင်း မရှိဘဲ သူ့ညာမျက်လုံးထံမှ အပြာရောင်အလင်းတစ်ခု ဖျပ်ခနဲ ထွက်ပေါ်လာသည်။ အဇူရာအလင်းဒိုင်းသည် သူ့ရှေ့၌ ချက်ခြင်း ဖြစ်ပေါ်လာ၏။

ပြင်းထန်သောဖိအားတစ်ခုက အဇူရာအလင်းဒိုင်းပေါ်သို့ ထိမှန်သွားချိန်၌ ကျယ်လောင်စွာ တုန်ဟိန်းသံ ထွက်ပေါ်သွားသည်။၎င်းအလင်းဒိုင်းက နောက်သို့ လက်မအနည်းငယ် ဆုတ်လိုက်ရ၏။ သို့သော် ၎င်းဒိုင်းမှာ အက်ကွဲသွားခြင်းမရှိဘဲ ရေစက်၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးပေးထားမြဲပင်။

တချိန်တည်းမှာ ဟင်္သာငှက်က ရောက်ရှိလာကာ ရေစက်ကို အံ့မခန်းအပူဖြင့် ခြုံလွှမ်းပစ်၏။ ရေစက်သည် ပိုပိုသေးလာကာ နောက်ဆုံးတွင် မြည်ဟိန်းသံ တစ်ချက်ပြုကာ ပျောက်ကွယ်သွားတော့သည်။

ပင်လယ်ဘီလူးကြီးကို ဖြစ်ပေါ်စေသည့် ရေများ၏ နောက်ဆုံးရေစက် ပျောက်ကွယ်သွားချိန်၌ ကောင်းကင်သည် ပြိုပျက်တော့မည့်ကဲ့သို့ တုန်ခါမြည်ဟိန်းလာ၏။ ဤအခိုက်၌ ကောင်းကင်သည် စုတ်ဖြဲခြင်းခံရသည်ဟု ထင်မှားရကာ ပင်လယ်ကြမ်းပြင်သည် တစ်လက်မချင်း ကွဲအက် ပျက်စီးလာသည်။

ထိုပျက်စီးမှုက အသက်ရှုချိန် အတော်အသင့်သာ ကြာ၏။ ထို့နောက် ကောင်းကင်သည် တစစီ ပြိုပျက်သည်။ ပင်လယ်ကြမ်းပြင်သည်လည်း ထို့အတူပင်။

သည်ပင်လယ်ပြင်ကမ္ဘာမှာ ပန်းတစ်ပွင့်၏ ပွင့်ဖက်ပေါ်မှ နှင်းငွေ့ရည်စက်တစ်စက်မျှသာ ဖြစ်၏။ ဝမ်လင်းက သူ့အမြင် ဝေဝါးသွားသလို ခံစားလိုက်ရပြီး သူက အရင် သူပြုတ်ကျခဲ့သော ပန်းခင်းထဲ၌ ပြန်ပေါ်လာတော့သည်။

ပင်လယ်ပြင်ကမ္ဘာ စပျက်စီးသည့်အခိုက်၌ လေနတ်ဆိုးက အရှိန်နှုန်းအပြည့်ဖြင့် ထိုးထွက်၏။ သူမ၏ ပန်းတိုင်က နောက်ထပ် အတာအးဆီးတစ်ခုထံသို့ ဝင်ရောက်ကာ ဝမ်လင်းလက်ကနေ လွတ်ရန် ဖြစ်၏။

သို့ရာတွင် သူမ စလှုပ်ရှားသည်နှင့် ဝမ်လင်းက ပေါ်လာ၏။ ကြောက်လန့်ခြင်း။ လေနတ်ဆိုးမှာ နောက်ဆုတ်ရန် ပြင်စဉ် သူမနားထဲသို့ အေးစက်စက်အသံတစ်ခု တိုးဝင်လာသည်။

ရပ်တန့်ခြင်း…။

ရုတ်တရက် လေနတ်ဆိုး၏ခန္ဓာကိုယ်က တန့်သွားသည်။ သူမက ခဏတွင်း ပြန်ကောင်းမွန်သွားသော်လည်း ထိုခဏက ဝမ်လင်းအဖို့ လုံလောက်၏။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လေနတ်ဆိုးမျက်နှာပေါ်ရှိ အမာရွက်တစ်ခုထံသို့ ညွှန်၏။

တစီစီအသံများ ဖြစ်ပေါ်လာခြင်းနှင့်အတူ လေနတ်ဆိုးမျက်နှာထက်ရှိ အမာရွက်သည် လွင့်ပြယ်လာကာ ၎င်းအမာရွက်အောက်ရှိ ဖြူလွှလွှအသားအရေ ပြန်ပေါ်လာသည်။

“ယောင်ရှင်းရွှဲ့…ငါ နင့်ကို မသတ်ဘူး။ ငါ နင့်ကို ကယ်ပေးမယ်။ ဒါဟာ ငါတို့နှစ်ယောက်ကြားက ကံကြမ္မာကို ရှင်းလင်းစေတာ ဖြစ်သလို နင်နဲ့ နင့်အဖေကို တွေ့ခွင့်ရစေလိမ့်မယ်။ အဲ့ဒီနောက် ငါတို့ဟာ ကိုယ်လမ်းနဲ့ကိုယ်ပဲ ဘယ်တော့မှ ထပ်မတွေ့ကြတော့ဘူး…”

ဝမ်လင်း၏ လက်က ရပ်တန့်ခြင်း မရှိပေ။ သူ အောက်သို့ ဖိချချိန်တိုင်း လေနတ်ဆိုးမျက်နှာပေါ်ရှိ အမာရွက်တို့က ပျောက်ကင်းနေ၏။ သူ့လက်က မြန်သထက် မြန်လာသည်။

လေနတ်ဆိုး၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။ သူမသည် ဝမ်လင်း မည်သို့လုပ်နေသည်ကို ခန့်မှန်းမိပြီးပင်။

ဝမ်လင်း၏ ညာလက်က ဆက်လက် လှုပ်ရှားနေရင်း လေနတ်ဆိုးမျက်နှာပေါ်ရှိ အမာရွက်များသည် တဖြည်းဖြည်း ပျောက်ကွယ်ကာ နောက်ဆုံးတွင် ဘာတစ်ခုမှ မကျန်တော့ပေ။ သည်အခိုက်အတန့်၌ လေနတ်ဆိုး(ဝါ)ယောင်ရှင်းရွှဲ့၏ခန္ဓာကိုယ်သည် သူမ၏ အရင်က အလှတရားကို ပြန်ရရှိလာတော့၏။

သူမ၏ ကျောက်စိမ်းလို အသားအရေက အသက်ရှုမှားစေမှုကို ပြန်ပေးစွမ်းနေလေပြီ။

ဝမ်လင်းက အတိတ်မှ ယောင်ရှင်းရွှဲ့ကို ပြန်တွေ့မြင်ရသလို တွေးမိ၏။

နောက်ဆုံးတွင် ဝမ်လင်းက လေနတ်ဆိုး၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။ လေနတ်ဆိုး၏ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။

ယခုလို သေရေးရှင်ရေးအခြေအနေမျိုးတွင် သူမသည် များများစားစား တွေးမနေနိုင်ပေ။ သို့ရာတွင် ဝမ်လင်း သူမ၏ နှဖူးကြားသို့ လက်ညွှန်ချိန်၌ လေနတ်ဆိုးသည် တခုခုကို သဘောပေါက်သွားဟန် တူ၏။

“ပထမဆုံးလက်ညွှန်ချက်က နင်နဲ့ယောင်ရှင်းရွဲ့တို့ရဲ့ မှတ်ဉာဏ်တွေဟာ ပေါင်းစည်းနေတယ်။ဒါ့ကြောင့် ဒါကို အဟ တစ်ခု ဖြစ်သွားအောင် ဖန်တီးဖို့ပဲ…”

ဝမ်လင်းသည် လေနတ်ဆိုးထံသို့ လက်ညွှန်လိုက်ရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ၏။

လေနတ်ဆိုးက ထိုအကြည့်ကို တွေ့မြင်သည့်အခါ အေးစိမ့်မှုတစ်ခု သူမစိတ်နှလုံးအပေါ် ရိုက်ခတ်သွားသည်။

“နင်က နင် ကတိပေးထားတဲ့အတိုင်း ယောင်ရှင်းရွှဲ့ကို ကလဲ့စားချေဖို့ ကူညီပေးခဲ့ရင် နင်ဟာ ကံကြမ္မာရဲ့ အစိတ်အပိုင်း ဖြစ်လာလိမ့်မယ်။ ဒီလိုသာဖြစ်ခဲ့ရင် ငါလည်း ကြားဝင်စရာ လိုလိမ့်မှာ မဟုတ်ဘူး…”

“ဒါပေမယ့်လည်း နင် ဒီလိုမလုပ်ခဲ့ဘူး။ နင် ယောင်ရှင်းရွှဲ့ကို လှည့်စားခဲ့တာ ငါ ဂရုမစိုက်ဘူး။ဒါပေမယ့် နင် အခုလိုလုပ်လိုက်တဲ့အတွက် ငါ့ကံကြမ္မာနယ်ပယ်နဲ့ သေခြင်းရှင်ခြင်းနယ်ပယ်တို့ ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးကို ဖျက်စီးပစ်သလို ဖြစ်သွားခဲ့တယ်။ ဒါ့အပြင် နင့်အမွေအနှစ်ဟာ မှတ်ဉာဏ်သပ်သပ်သာ ဖြစ်တယ်။ အစစ်အမှန် နင်ဟာ သေဆုံးသွားခဲ့ပြီ။ နင်က နင့်ကိုနင် နတ်ဆိုးတစ်ပါးလို့ ခေါ်ဝေါ်နေပေမယ့် နင်ဟာ ယောင်ရှင်းရွှဲ့မျှသာပါပဲ။ နင်က မသေနိုင်ဘူး။ ဘာလို့လည်းဆိုတော့ နင်ဟာ မှတ်ဉာဏ်သပ်သပ်တစ်ခုသာ ဖြစ်နေလို့…”

ဝမ်လင်းမျက်လုံးထဲရှိ ထူးဆန်းသောအလင်းက ပိုအားကောင်းလာ၏။ထို့နောက် သူက ပါးစပ်ဟကာ ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်လေသည်။

ဝမ်လင်းသည် ချင်းရွှေ၏ လွှမ်းမိုးနိုင်ဆုံး ဝါးမြိုခြင်းမန္တာန်ကို အသုံးပြိုလိုက်ခြင်းပင်။ သူ ဝါးမြိုသည့် အရာကတော့ ယောင်ရှင်းရွှဲ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များ ဖြစ်ပေ၏။

ထိုစုပ်ယူအား ပေါ်လာသည့်အခါ လေနတ်ဆိုး၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက အကန့်အသတ်သို့ ရောက်လာတော့၏။ သူမသည် သူမခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များသည် သည်ကျင့်ကြံသူ၏ပါးစပ်ထဲသို့ စုပ်ယူခြင်းခံနေရသည်ဟု ခံစားမိနေသည်။

လေနတ်ဆိုးထံမှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်များသည် ဝမ်လင်း၏ စုပ်ယူခြင်းခံရ၏။ နောက်ဆုံးတွင် ယောင်ရှင်းရွှဲ့၏ စိတ်ဝိညာဉ်ထဲ၌ ရေးထွင်းထားသည့် မှတ်ဉာဏ်များသည်ပင် ဝမ်လင်း၏ စုပ်ယူခြင်း ခံရချေသည်။

“နင်ဟာ ယောင်ရှင်းရွှဲ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ထဲမှာ နင့် မှတ်ဉာဏ်တွေ ချန်မထားသင့်တော့ဘူး။ ငါတို့နှစ်ယောက်ကြားမှတော့ ဘာအမုန်းမှ မရှိခဲ့ဘူး။ဒါ့ကြောင့် နင့်အတွက် နင့်မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးလို့ရတဲ့ လူတစ်ယောက်၊အရာတစ်ခုခုကို ငါ ရှာပေးမယ်…”

ယောင်ရှင်းရွှဲ့၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက ပျောက်ကွယ်သွား၏။ သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့် ပြည့်ကာ အလွန်အမင်း အားနည်းနေလေသည်။ သူမက ချက်ခြင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုကလည်း ပို၍ပင် အားကောင်းလာနေသည်။

“နင်က…” ယောင်ရှင်းရွှဲ့က ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သို့သော် သူမ၏ စိတ်ကမူ ဗလာကျင်းနေ၏။ သူမ မည်မျှပင် ကြိုးစားပါစေ သူမခေါင်းထဲ၌ ဘာမှတ်ဉာဏ်မှ ရှိနေသည်ကို မတွေ့ရပေ။ မှတ်ဉာဏ်များ ကင်းမဲ့နေခြင်း၏ စိုးထိပ်မှုက သူမ၏ မျက်နှာထက်၌ ချက်ခြင်း ဖြစ်ပေါ်လာတော့၏။

ခုလက်ရှိ၌ သူမသည် အကူအညီမဲ့လို့နေ၏။

“နင့် နာမည်က ယောင်ရှင်းရွှဲ့…။ပြီးတော့ ငါက နင့်မိတ်ဆွေ တစ်ယောက်ပါ…”

“ယောင်ရှင်းရွှဲ့…” ယောင်ရှင်းရွှဲ့က သူမကိုယ်သူမ ခပ်တိုးတိုး ဆို၏။ သို့သော် သူမမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုက ရှိလို့နေဆဲသာ။ သည့်အပြင် ဝမ်လင်းအပေါ် သူမအကြည့်ထဲ၌ သတိထားနေသည့် အရိပ်အမြွက်လည်း ပါရှိနေ၏။

ဝမ်လင်းသည် သက်ပြင်းချမိ၏။ထို့နောက် သူ့ ပါးစပ်ကို ဟလိုက်ရာ တစ္ဆေအလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအဖြစ်က ယောင်ရှင်းရွှဲ့ကို အံ့အားတသင့်ဖြစ်ကာ မင်သက် ကြောင်ငေးသွားစေသည်။ သူမက နောက်သို့ ထပ်ဆုတ်မိ၏။ သူမ၏အကြည့် သတိထားနေဟန် မဖြစ်တော့ဘဲ ကြောက်လန့်ဟန် ပြန်ဖြစ်သွား၏။

မှတ်ဉာဏ်များဆုံးရှုံးနေသည့်နောက် သူမသည် သေမျိုးတစ်ယောက်က ကျင့်ကြံသူတစ်ယောက် မန္တာန်များအသုံးပြုသည်ကို ပထမဆုံးအကြိမ် တွေ့ဖူးသလို ပုံစံမျိုး ဖြစ်နေတော့သည်။ထို့ကြောင့် သူမက လန့်နေခြင်းပင်။

ငရဲဆယ့်ရှစ်ထပ်ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးသည် ဝမ်လင်းရှေ့တွင် ပေါ်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဆယ့်လေးခုမြောက်အလွှာထပ်သို့ လက်ညွှန်သည်။ ထိုအလွှာထဲ၌ စိတ်ဝိညာဉ်တစ်ခုသာ ရှိ၏။ထိုစိတ်ဝိညာဉ်မှာ သွေးမြူများနှင့် ဝန်းရံနေကာ မွန်းစတားဆန်သော မကျေမချမ်းမှုကို ပေးစွမ်းနေ၏။၎င်း စိတ်ဝိညာဉ်မှာ သွေးဘိုးဘေးတည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset