Switch Mode

အခန်း ( ၂၁ )

လူစုခြင်း ( ၂ )

ခြေလှမ်းတိုင်း တဘုန်းဘုန်းမြည်နေပြီး ဝါးတံခါးလေးအပြင်ဘက်သို့ တရွေ့ရွေ့ ချဉ်းကပ်လာနေသည်။ ဝါးတံခါးလေးကို ဘေးသို့ တကျွိကျွိဖြင့် တွန်းလိုက်သောအခါ ကြောက်မက်ဖွယ်ရုပ်ရည်သွင်ပြင်နှင့် လူထွားကြီးတစ်ယောက် ခြံဝင်းထဲ ဝင်လာတော့သည်။

သူ ရောက်ရှိလာခြင်းကြောင့် ခြံဝင်းသည်ပင် သေးငယ်သွားဟန်တူသည်။ သူ၏မြင့်မားသောအရပ်အမောင်းက ဖြုံစရာကောင်းလှသည်။ ရွှီချင်းသည် မြို့ပျက်ကြီးတစ်ခုထဲတွင် ကြောက်ခမန်းလိလိ သန္ဓေပြောင်းသားရဲတစ်ကောင်ကို ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

“ ခေါင်းဆောင်၊ ကျုပ် ပြန်ရောက်ပြီ ”
လူထွားကြီးသည် ခေါင်းဆောင်လဲ့ကို ပြုံးဖြဲဖြဲဖြင့် ကျယ်ကျယ်လောင်လောင် နှုတ်ဆက်လိုက်သည်။ သူ့မျက်ဝန်းများသည် စားပွဲပေါ်ရှိ အစားအသောက်များကို မြင်သောအခါ ဝင်းလက်သွားသည်။ သူသည် တဖြည်းဖြည်း စားပွဲအနား ရောက်လာသည်နှင့် ဒိုင်းကာကို ဘေးတွင်ချကာ တင်းပုတ်ကြီးအား မြေပြင်ပေါ် ပစ်ချလိုက်သည်။

ထို့နောက် သူ ထိုင်ချလိုက်သည်။ ထိုင်ခုံသည် လူဝကြီးကို မနိုင်မနင်း ထမ်းပိုးထားရသည့်အလား တကျွိကျွိမြည်သံများ ထွက်လာသည်။ လူဝကြီးသည် ထိုင်ခုံပေါ် ထိုင်ချလိုက်သည့်အချိန်တိုင်အောင် ရွှီချင်းကို တစ်ချက်မကြည့်ပေ။ သူ့ပုံစံက ဂရုမစိုက်သည့်အလားပင်။

ခေါင်းဆောင်လဲ့သည် ရယ်မောလိုက်သော်လည်း စကားတစ်ခွန်းမဆိုပေ။ ထိုစဉ် လူထွားကြီးသည် အစားအသောက်များကို စူးရှစွာ ကြည့်နေပါသော်လည်း လက်ဖျားနှင့်ပင် တို့မကြည့်ဘဲ စိတ်ရှည်စွာ စောင့်နေသည်။

ရွှီချင်းကတော့ ဒိုင်းကာကြီးနှင့် မြေပြင်ပေါ်ရှိ တင်းပုတ်ကြီးကို ကြည့်နေ၏။

အစောပိုင်းက မြေပြင်ပေါ် ကျသွားရာမှ ထွက်ပေါ်လာသည့်အသံများအရ ထိုပစ္စည်းနှစ်မျိုး၏အလေးချိန်သည် သူ့ခန္ဓာကိုယ်အလေးချိန်ထက်ပင် များစွာ သာလွန်နေမည်ဟု သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

များမကြာမီ ခြံဝင်းအတွင်းရှိ တိတ်ဆိတ်မှုကို ထွင်းဖောက်၍ ဝါးတံခါးအပြင်ဘက်ရှိ လမ်းသွယ်လေးပေါ်တွင် ယောက်ျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။

ယောက်ျားဖြစ်သူသည် လူငယ်တစ်ဦးဖြစ်ပြီး ကျောတွင် လေးကြီးတစ်လက်ကို လွယ်ထားသည်။ သူသည် အရပ်အမောင်းမြင့်မားပြီး ကိုယ်လုံးကိုယ်ဖန် ကောင်းသူတစ်ယောက်ဖြစ်ပါသော်လည်း သူ့မျက်နှာပေါ်တွင် ကြက်ခြေခတ်ပုံစံ အမာရွတ်ကြီးတစ်ခု ရှိနေသည်။ လူတစ်ယောက်က သူ့ကို ထွင်းပေးလိုက်ဟန်တူသည်။ ယင်းက အလွန်ရုပ်ဆိုးသွားစေပါသော်လည်း သူ့မျက်လုံးများက စူးရှနေသည်။

အမျိုးသမီးသည် အသက်သုံးဆယ်ပတ်ခြာလည်ရှိပြီး ရွက်ကြမ်းရေကျိုရုပ်ရည်ရှိသည်။ သို့ပေမည့် တင်းကြပ်သော သားရေအင်္ကျီကို ဝတ်ဆင်ထားသည်ဖြစ်၍ လုံးဝန်းကားစွင့်သော ခန္ဓာကိုယ်အလှများ သိသိသာသာ ပေါ်ထွက်နေသည်ဖြစ်ရာ မြင်ရသူအဖို့ ရမ္မက်သွေးတောက်လောင်သွားစေနိုင်သည်။

သူတို့နှစ်ဦးသည် ခြံဝန်းထဲ လျှောက်လာကြပြီး ခေါင်းဆောင်လဲ့ကို နှုတ်ဆက်၍ ထိုင်ခုံများပေါ် အသီးသီးဝင်ထိုင်လိုက်ကြသည်။ ထို့နောက် လေးကြီးကို လွယ်ထားသောလူငယ်သည် ရွှီချင်းကို အကဲခတ်နေသည့်အလား လှည့်ကြည့်လာသည်။

တခြားတစ်ဖက်၌ သူ့ဘေးရှိအမျိုးသမီးတွင် စူးစမ်းသောအကြည့်တစ်ခု ရှိနေသည်။ သူမသည် ပြုံး၍ စွဲဆောင်နိုင်စွမ်းရှိသောလေသံဖြင့် ဆိုလိုက်သည်။

“ ခေါင်းဆောင်၊ ကျမတို့ခရီးသွားတာ ရက်နည်းနည်းပဲရှိသေးတယ်။ ကလေးနောက်တစ်ယောက်တောင် ရနေပါ့လား။ ခေါင်းဆောင်ကတော့ အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးပဲ။ ဒီနေ့ ကျမတို့ကိုခေါ်တာက ခေါင်းဆောင်မှာ မျိုးဆက်တစ်ယောက်ရှိနေပြီးတော့ ကျမတို့ကို လျှို့ဝှက်ထားပေးဖို့ ခေါ်ပြောတာတော့ မဟုတ်လောက်ပါဘူးနော် ”

“ ကလေးယူရမယ့်အရွယ်မဟုတ်ဘူးဟ ”
လူထွားကြီးက ခပ်တိုးတိုး ပြောလိုက်သည်။

ရွှီချင်းသည် စကားတစ်ခွန်းမဆိုဘဲ ဓားမြှောင်ကို အလွယ်တကူ ဆွဲယူနိုင်စေရန် ဘယ်ဖက်ခြေထောက်ကို ဘေးသို့ ကားလိုက်သည်။ ထိုလူသုံးဦးသည် အလွန်အစွမ်းထက်သည်ဟူသော ခံစားချက်မျိုး သူ ရရှိနေ၍ အနည်းငယ် စိတ်မသက်မသာ ခံစားနေရသည်။

သူတို့သည် ယမန်နေ့က ဖက်တီးရှန်ထက်ပင် ပို၍ အစွမ်းထက်နေနိုင်သည်။

အထူးသဖြင့် လေးကြီးနှင့် တစ်ယောက်ပင်။ သူသည် ရွှီချင်းအား နောက်ကျောမလုံစေသည့် ခံစားချက်မျိုး ဖြစ်သွားစေသည်။

“ တစ္ဆေရိုင်းကြီး၊ အဆင့်သုံး အပြင်ခန္ဓာကျင့်ကြံသူ၊ နတ်ဘုရားခွန်အားမျိုးနဲ့ မွေးဖွားလာတယ် ”
ခေါင်းဆောင်လဲ့သည် အရွှန်းဖောက်သည်ကို ပြန်ပြောမနေဘဲ ရွှီချင်းကိုသာကြည့်၍ လူထွားကြီးအား ညွှန်ပြလိုက်သည်။
“ သူကတော့ လွမ်ယာ၊ ချီစုစည်းခြင်းအဆင့်သုံး၊ သားရဲတွေအကြောင်းကို ကောင်းကောင်းသိတယ်။ စခန်းကို လာတုန်းက မင်းမြင်ခဲ့တဲ့ ခွေးရိုင်းတွေက သူ့ခွေးရိုင်းတွေပဲ ”

“ သူကတော့ ကြက်ခြေခတ်၊ ချီစုစည်းခြင်းအဆင့်လေးရဲ့ အထွတ်အထိပ်ကို ရောက်နေတယ်။ အဆင့်တူအချင်းချင်း သူ့ကို ယှဉ်နိုင်ဖို့ အင်မတန် ခဲယဉ်းတယ် ”
ခေါင်းဆောင်လဲ့သည် တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်ပြီးနောက် ရွှီချင်းကို လက်ညှိုးညွှန်ပြလိုက်သည်။
“ သူ့နာမည်က ကလေး၊ အပြင်ခန္ဓာအဆင့်နှစ် ”

ခေါင်းဆောင်လဲ့ စကားပြောနေစဉ် ထိုလူသုံးယောက်၏အမူအရာများက များစွာ တည်ကြည်လေးနက်လာသည်။ ဘေးဘက်တွင် ထိုင်နေသော ရွှီချင်းသည် အာရုံစိုက်၍ နားထောင်နေ၏။

“ အရင်ဆုံး စားကြမယ်။ စားရင်းနဲ့ စကားပြောကြတာပေါ့ ”
ခေါင်းဆောင်လဲ့သည် သူတို့လေးယောက်ကို ပျင်းရိပျင်းတွဲစွာ ကြည့်လိုက်သည်။ ထို့နောက် သူသည် အသားလေးတစ်တုံးကို ကောက်ယူကာ စားလိုက်သည်။
“ မင်းတို့အားလုံးကို ငါ စောစောခေါ်လိုက်တာက ဒီနှစ်ရဲ့ နွေဦးရိတ်သိမ်းပွဲကို ရှေ့တိုးလိုက်တာကြောင့်ပဲ။ စခန်းခေါင်းဆောင်က တာဝန်တစ်ခု ပေးခဲ့တယ်။ အဲဒါကတော့ ခုနစ်ရွက်မြက်ပင်ပဲ။ မူရင်းဝယ်ဈေးအတိုင်း ရောင်းရမယ့်အပြင် အများဆုံး ရိတ်သိမ်းနိုင်တဲ့အဖွဲ့က မြေကြည်ဆေးသုံးလုံးကို ရမှာ။ အဲဒီဆေးရဲ့အစွမ်းက အဖြူရောင်ဆေးလုံးထက် အများကြီးသာတယ် ”

“ တားမြစ်နယ်မြေထဲက ငါတို့ပုန်းနေကျနေရာကနေ ငါတို့ ရိတ်သိမ်းလို့ရတယ်။ မင်းတို့ ဘယ်လိုသဘောရလဲ ”
ခေါင်းဆောင်လဲ့ စကားပြောနေစဉ် တစ္ဆေရိုင်းကြီးနှင့် တခြားနှစ်ယောက်၏ မျက်ဝန်းများ တဖျပ်ဖျပ် လက်နေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

ရွှီချင်းသည် မြေကြည်ဆေးလုံးသုံးလုံးကို တစ်ခါမှမကြားဖူးသော်လည်း ခေါင်းဆောင်လဲ့၏စကားများအရ အဖြူရောင်ဆေးလုံးများထက် ပို၍ အစွမ်းထက်နေမည်မှာ သေချာသည်။

“ မင်းတို့အားလုံး သဘောတူတယ်ဆိုတော့ ခရီးထွက်ဖို့ပြင်ဆင်ကြတာပေါ့။ ဒီတစ်ခေါက် ငါတို့ တားမြစ်နယ်မြေထဲ သွားမယ့်ခရီးမှာ ကလေးလည်း လိုက်ခဲ့လိမ့်မယ် ”
ခေါင်းဆောင်လဲ့က ဖြည်းညင်းစွာ ဆိုလိုက်သည်။

“ သူက … ”
တခြားအဖွဲ့ဝင်သုံးယောက် ရွှီချင်းကို လှည့်ကြည့်လာကြသည်။

ကြက်ခြေခတ်၏မျက်ခုံးမွှေးများ မဆိုစလောက် တွန့်ကွေးသွားသည်။
“ ခေါင်းဆောင်၊ အဆင့်နှစ်အပြင်ခန္ဓာဆိုတာ သိပ်နိမ့်လွန်းတယ်နော်။ တာဝန်ထမ်းဆောင်ရင်း သူ့ကို ဂရုစိုက်နေရမှာ အဆင်ပြေမယ်မထင်ဘူး ”

“ ဒါက အစပါပဲ၊ နောက်ကျ အဆင်ပြေသွားမှာပါ ”
ခေါင်းဆောင်လဲ့သည် ကြက်ခြေခတ်ကို လှမ်းကြည့်လိုက်ပြီး ရွှီချင်းကို ဆက်ကြည့်လိုက်သည်။
“ ကလေး၊ မင်းကိုယ်တိုင် ဆုံးဖြတ် ”

“ ကျနော် လိုက်နိုင်ပါတယ် ”
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

သူ့အိတ်ထဲတွင် အဖြူရောင်ဆေးလုံးငါးလုံး ကျန်နေသေးသည်ဖြစ်၍ ဆေးလုံးများ မလိုအပ်သေးပါသော်လည်း စခန်းအတွင်း နေထိုင်မည်ဆိုပါက တားမြစ်နယ်မြေထဲသို့ အနှေးနှင့်အမြန် ဝင်ရောက်ရမည်ကို သူ နားလည်ထားသည်။ သို့ဖြစ်၍ အဖွဲ့နှင့်အတူ သွားခြင်းသည် ပို၍ အတွေ့အကြုံ ရစေနိုင်သည်။

ကြက်ခြေခတ်သည် နှုတ်ဆိတ်နေပြီး နောက်ထပ်စကားမဆိုတော့ပေ။

“ ငါတို့ စားသောက်ပြီးရင် လူစုခွဲကြတာပေါ့။ မနက်ဖန်မနက်ကျရင် ဒီမှာလူစုပြီး ထွက်ကြမယ် ”
ခေါင်းဆောင်လဲ့သည် ပြီးသည်နှင့် မတ်တတ်ရပ်ကာ အိမ်ထဲ ပြန်ဝင်သွားသည်။

ရွှီချင်းသည် အသားတုံးတစ်တုံးကို တူဖြင့်ညှပ်ကာ စားလိုက်ပြီးနောက် ထိုလူသုံးယောက်အား တစ်ချက်ကြည့်၍ ထပ်မနေတော့ဘဲ သူ့အခန်းဆီ ချက်ချင်း ပြန်လာခဲ့သည်။ ရွှီချင်းသည် လူစိမ်းများဆိုပါက အစကတည်းက အမြဲ သတိထားနေတတ်သည်။

ရွှီချင်းအတွက် ပြင်ဆင်စရာများက မည်မည်ရရမရှိ၍ ညသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ့အလေ့အကျင့်ကြောင့် သူသည် နေရာမရွေး၊ အချိန်မရွေး တခဏအတွင်း ခရီးထွက်ရန် ပြင်ဆင်နိုင်၏။

ယနေ့ ကောင်းကင်ကြီးသည် ပြာလဲ့နေပြီး နေမင်းကြီးက အရှိန်တညီးညီး တောက်ပနေ၏။

ဝေဟင်၌ သိန်းငှက်တစ်ကောင်သည် စခန်းပတ်လည်တွင် ဝေ့ဝိုက်ပျံသန်းနေသည်။ သူတို့သည် ရတနာမုဆိုးအားလုံး၏ အာရုံကို ဆွဲဆောင်သွားလေသည်။

ယင်းမှာ တစ္ဆေရိုင်းကြီး၏ ကြောက်မက်ဖွယ်အသွင်အပြင်နှင့် လွမ်ယာ၏ ကြော့ရှင်းသောကိုယ်အမူအရာတို့ကြောင့် ဖြစ်ဟန်တူသည်။ ရက်အနည်းငယ်အကြာက ရောက်ရှိလာခဲ့သော မြင်းလှည်းများမှ လူတချို့သည်လည်း သူတို့ကို လှမ်းကြည့်နေသည်။

ယနေ့တွင် မြင်းလှည်းများပတ်လည်၌ ရတနာမုဆိုးများစွာ ရှိနေကြပြီး ထိုသို့ဖြစ်ရပ်မှာ ကြုံတောင့်ကြုံခဲပင်။ သူတို့သည် တစ်စုံတစ်ခုကို စောင့်မျှော်နေဟန်တူ၏။

ရွှီချင်းသည် ယမန်နေ့က အပြင်မထွက်ခဲ့သောကြောင့် မည်သို့ဖြစ်ပျက်နေသည်ကို မသိပေ။ သူက ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်စဉ် ဘေးမှ လွမ်ယာက ပြုံး၍ ပြောလိုက်သည်။
“ မနေ့ညက ကျစ်ထူကနေ အဲဒီမြင်းလှည်းတွေ ရောက်လာခဲ့တာလို့ လူတစ်ယောက်ပြောတာ ငါ ကြားတယ်။ အဲဒီမှာ အတွေ့အကြုံရင့်ကျက်တဲ့ သမားတော်တစ်ယောက် ရှိနေတဲ့ပုံပဲ။ မနေ့တုန်းက အဲဒီသမားတော်က လူယုတ်မာ ခြေကျိုးခွေးအရဲ့ဒဏ်ရာကို ကုပေးခဲ့တာလေ။ ဒါကြောင့် လူတွေအများကြီးက သူတို့ဒဏ်ရာတွေ လာပြနေကြတာ ”

“ အဲဒီသမားတော်က ဝင်ငွေအတော်ကြမ်းမှာပဲ ”
ထိုစကားကိုကြား၍ တစ္ဆေရိုင်းကြီးသည် မနာလိုစွာ ရေရွတ်လိုက်သည်။

ရွှီချင်းသည်လည်း ခပ်လှမ်းလှမ်းမှကြည့်၍ အားကျမနာလိုနေသည်။ သူက အကြည့်ကို ရုတ်သိမ်းလိုက်စဉ် သူ့မျက်ဝန်းများ စူးရှသွားသည်။

သူသာမဟုတ်၊ တစ္ဆေရိုင်းကြီးနှင့် လွမ်ယာတို့၏မျက်ဝန်းများသည်ပင် စူးရှသွားသည်။ ကြက်ခြေခတ်နှင့် ခေါင်းဆောင်လဲ့သည်သာ ပုံမှန်အတိုင်း ရှိနေကြသည်။ သို့သော် အနီးကပ်ကြည့်လိုက်မည်ဆိုပါက သူတို့မျက်ဝန်းများထဲတွင် အေးစက်စက်အငွေ့အသက်များ ဖြတ်ပြေးသွားသည်ကို မြင်ရပေမည်။

ယင်းမှာ တခြားအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသောကြောင့် ဖြစ်ပေသည်။

ထိုအုပ်စုတွင် ယောက်ျားများ၊ မိန်းမများပါဝင်ပြီး စုစုပေါင်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ထိုအုပ်စုတွင် ခေါင်းဆောင်လဲ့ကဲ့သို့ အဘိုးအိုတစ်ဦးလည်း ရှိနေပြီး တခြားအဖွဲ့ဝင်များက သူ့ကိုဝန်းရံ၍ နေကြခြင်းဖြစ်သည်။

ထိုအဘိုးအို၏ဆံပင်များသည် ရှုပ်ပွနေပြီး သူ့မျက်ဝန်းများထဲတွင် သွေးဆာသောအရိပ်အယောင်များ ရှိနေသည်။ ထိုအခိုက် သူသည် ခွေးရိုင်းတစ်ကောင်၏အလောင်းပေါ်တွင် ထိုင်နေပြီး ခွေး၏ခြေထောက်ကြီးကို အစိမ်းလိုက်စားနေသည်။ ထို့နောက် သူက အေးစက်စက်စကားများ ပြောလိုက်သည်။
“ မြင်းလေးနဲ့ ဖက်တီးရှန်တို့ကို သွားရှာခဲ့ကြ။ ဒီခွေးကောင်တွေ နောက်ကျအောင် နေဝံ့ပါလားကွ။ အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ် ”

ထိုအုပ်စုသည် သွေးအရိပ်အဖွဲ့မှလွဲ၍ တခြားမဟုတ်ပေ။

အသားစိမ်းစားနေသော အဘိုးအိုသည် သွေးအရိပ်အဖွဲ့၏ခေါင်းဆောင် ဖြစ်ဟန်တူသည်။

သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေသည်ဖြစ်၍ ထိုအဘိုးအို၏စကားများကို ကြားလိုက်ရသော ရွှီချင်းသည် အနည်းငယ် မျက်လုံးမှေး၍ ကြည့်ကာ မျက်ဝန်းများထဲရှိ အလင်းများကို ဖုံးကွယ်လိုက်သည်။

လွမ်ယာသည် သွေးအရိပ်ခေါင်းဆောင်၏လက်ထဲရှိ အသားစိမ်းနှင့် သူ့အောက်ရှိ ခွေးအသေကို မြင်သောအခါ မျက်ဝန်းများထဲတွင် ဒေါသမီးများ ဖျတ်ခနဲ တောက်လောင်လာတော့သည်။ ယင်းသည် သူမ၏ ခွေးဖြစ်ပေသည်။

တချိန်တည်းမှာပင် သွေးအရိပ်အဖွဲ့သည်လည်း မိုးကြိုးအဖွဲ့ကို သတိထားမိသွားသည်။ ခွေးအသေကောင်ပေါ်တွင် ထိုင်နေသော အဘိုးအိုသည် လျာဖြင့် နှုတ်ခမ်းများကို သပ်၍ လွမ်ယာကို ကြည့်လိုက်သည်။

“ မိန်းမပျက်လေး၊ မင်းရဲ့ခွေးသားစားရတာ မဆိုးဘူး။ မင်းရဲ့အသားဆိုရင်တော့ ဘယ်လောက်တောင် အရသာရှိမလဲ မသိဘူး ”

ဘာသာပြန်သူမှတ်စု။ လွမ် ဆိုသည်မှာ တရုတ်ဒဏ္ဍာရီလာ ဇာမဏီငှက်တစ်မျိုး ဖြစ်ပါသည်။


Comment

Leave a Reply

Options

not work with dark mode
Reset