Switch Mode

အပိုင်း (၁၀၈၇)

မျိုးဆက်များ…

ပင်လယ်ရေကနေ သိပ်သည်းလာသည့် လူသားအသွင်ပုံစုံသည် တဖြည်းဖြည်းနိုးထလာသကဲ့သို့ ထင်ရ၏။

လေနတ်ဆိုး၏အသွင်သည် ကြမ်းတမ်းနေ၏။ သူမက ပင်လယ်ရေ၏ ပြောင်းလဲမှုကို အာရုံစိုက်မနေပေ။ သူမလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစစေကာ ထူးဆန်းသောအသံဖြင့် မန္တာန်ရွတ်၏။ ထိုအသံမှာ ရှေးအမိန့်ဘာသာစကား မည်၏။ ထိုအသံသည် ရှေးဟောင်းနတ်ဘုရာများထံမှ လာပါက ထည်ဝါမှုနှင့်အချိန်ဖြတ်သန်းမှုအငွေ့အသက်တို့ ပါဝင်ပေမည်။ အခု လေနတ်ဆိုးထံမှ ထွက်ပေါ်လာသည်အခါတွင်တော့ အချိန်ဖြတ်သန်းမှုအငွေ့အသက် ပါဝင်သည်ဆိုသော်လည်း ၎င်းအသံက စူးရှရှနှင့်မသီတစရာ ဆန်လှ၏။

လေနတ်ဆိုးက ရှေ့သို့ လက်ညွှန်လိုက်ရာ သူမပတ်လည်၌ အလံငယ်သုံးခုသည် စတင်လှည့်ပတ်လာ၏။ ထိုအလံများထံကနေ သိပ်သည်းသော အခိုးအငွေ့များ ထွက်ပေါ်လာ၏။ထို့နောက် ကြီးမားသည့် ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ထိုအရိပ်ကြီးသည် ပေသောင်းချီ မြင့်မား၏။

၎င်းအရိပ်ကြီး၏ မျက်ခုံးကြား၌ ကြယ်ခြောက်လုံး လှည့်ပတ်နေ၏။

အစိမ်းရောင်အခိုးငွေ့များ ဆက်လက် ရွှေ့လျားနေရင်း နောက်ထပ် ကြမ်းကြုတ်သည့်ပုံရိပ်နှစ်ခု ပေါ်လာပြန်၏။၎င်းတို့က ပေတစ်ထောင်ခန့်သာ မြင့်မား၏။ သို့သော် ၎င်းပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်နှင့် မွန်းစတားဆန်သောမိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ထိုရှေးဟောင်းမိစ္ဆာပုံရိပ်တို့၏ ဘယ်မျက်လုံးထဲ၌ ကြယ်ခြောက်လုံး လှည့်ပတ်လို့နေ၏။

ဝမ်လင်းက ထိုပုံရိပ်သုံးခုကို တွေ့မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွား၏။

လေနတ်ဆိုးမှာ ထိုအရိပ်သုံးခု၏ ရှေ့၌ ရပ်နေ၏။သူမ၏လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံသို့ ခပ်စူးစူးကြည့်၍ ပြောလာ၏။ “နင်က ရှေးဟောင်းနတ်ဘုရားသော ဘာသော ငါ ဂရုမစိုက်ဘူး။ နင်က ငါ့ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ တော်ဝင်ရတနာ ဖြစ်တဲ့ ပင်မအလံတွေထဲက တစ်ခု ဖြစ်လာစေရမယ်…”

လေနတ်ဆိုး၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွားသည်။သူ့ညာလက်ကို ရှေ့သို့ ညွှန်သည်။ သူမနောက်ရှိ ပုံရိပ်ကြီးသုံးခုက လှုပ်ရှားလာ၏။ ကြယ်ခြောက်လုံး ရှေးဟောင်းနတ်ဘုရားက ရှေ့တစ်လှမ်းတက်ကာ ဝမ်လင်းထံသို့ လက်သီးတစ်လုံး ပစ်သွင်းလာသည်။

ရှေးဟောင်းမိစ္ဆာ ပုံရိပ်နှစ်ခုကလည်း ဝမ်လင်းထံသို့ သွေးဆာသော အော်ရာတို့ဖြင့် တိုးဝင်လာကြသည်။

ပေလောသည် တော်ဝင်ရှေးဟောင်းနတ်ဆို တစ်ပါး မဟုတ်သော်လည်း သူ့အဆင့်အတန်းမှာ ရှေးဟောင်းနတ်ဆိုးကလန်၌ သာမန်တော့ မဟုတ်ပေ။ သည်စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းအလံကို တော်ဝင်ရှေးဟောင်းနတ်ဆိုးတစ်ပါးက သူ့အား ပေးခဲ့ခြင်းပင်။ ၎င်းရတနာက တော်ဝင်ရတနာလောက် အစွမ်းမထက်သော်လည်း မြင့်အားသည့်အစွမ်းတို့ကိုတော့ ပိုင်ဆိုင်ထားနေဆဲပင်။

ပေလော သူ့စိတ်ဝိညာဉ်ကို ကိုးပိုင်း မခွဲခင်တုန်းက သူ့ထံ၌ ထိုစိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းအလံ ရှိခဲ့၏။ သူက ၎င်းကို ဆင့်ခေါ်လိုက်သည်နှင့် အလံငယ်(၄၉)လက် ထွက်ပေါ်လာမည်ပင်။ ထိုအလံများထဲ၌ ချိပ်ပိတ်ထားသောသူများအားလုံးကိုတော့ သူ တစ်ယောက်တည်း သတ်ခဲ့ခြင်း မဟုတ်ခဲ့ပါ။ သူ့ရှေ့မျိုးဆက် ရှေးဟောင်းနတ်ဆိုးများက သတ်ဖြတ်ချိပ်ပိတ်ခဲ့ကြသူများ ဖြစ်သည်။

ပေလာက သည်အလံ၏ ခုနစ်ဆက်မြောက် ပိုင်ရှင်သာ ဖြစ်၏။

ရှေးအမိန့်ကလန်သည် ကောင်းကင်နှင့်မြေကြီးကို ဖိဆန်ပြီးသည့်နောက် ကလန်သုံးခု ကွဲသွားခဲ့၏။ ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုး၊ရှေးဟောင်းမိစ္ဆာတို့၏ ပထမဆုံးမျိုးဆက်များမှာ ရှေးအမိန့်သွေးမျိုးဆက်နှင့် အမွေအနှစ် များစွာတို့ကို လက်ခံရရှိခဲ့၏။

သည့်နောက် ဒုတိယမျိုးဆက်များ ဖြစ်လာကြသည့် ရှေးဟောင်းနတ်ဘုရား၊ရှေးဟောင်းနတ်ဆိုး၊ရှေးဟောင်းမိစ္ဆာတို့သည် ပထမမျိုးဆက်ကသူများလောက် ရှေးအမိန့်သွေးမျိုးဆက် မပိုင်ဆိုင်ခဲ့ကြတော့ပေ။

အချိန်၏ တိုက်စားမှုအောက်၌ သည်ရှေးအမိန့် သွေးမျိုးဆက်နှင့်အမွေအနှစ်တို့သည် ဤကလန်သုံးခုကြား၌ ပိုပို၍ လျော့နည်းလာခဲ့ကာ အဆုံးသပ်၌ အငွေ့အသက်လောက်သာ ကျန်ရစ်ခဲ့တော့၏။

တော်ဝင်ကလန် အမည်ခံများထံ၌သာ ရှေးအမိန့်သွေးမျိုးဆက် အများဆုံးကျန်နေသည့် အုပ်စုများ ဖြစ်လာကြခြင်းပင်။ သူတို့က ကလန်သုံးခု၏ ပထမမျိုးဆက်များ၏ တိုက်ရိုက်မျိုးဆက်များလည်း ဖြစ်ကြသည်။

ပေလောက မျိုးဆက်(၇၉)ခုမြောက် ရှေးဟောင်းနတ်ဆိုး ဖြစ်၏။ သို့သော် သူ့ရတနာကမူ ရှည်ကြာသော သမိုင်းနှင့် ကျော်ကြားမှုတို့ ရှိခဲ့သည့် လက်နက်ရတနာ ဖြစ်ခဲ့၏။

သို့သော် အခု ပေလာ၏ စိတ်ဝိညာဉ်အပိုင်းအစများထဲမှ တစ်ခု ဖြစ်သည့် လေနတ်ဆိုးမှာ သူမ၏ပုံရိပ်ကို လက်လွှတ်ခဲ့ပြီ မဟုတ်လား။ထို့ကြောင့် သူမ၏ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်မှာ ပျောက်ပျက်သွားခဲ့ပြီး ဖြစ်ကာ အစစ်အမှန်ရတနာကို ဆက်လက်အသုံးပြုနိုင်စွမ်း မရှိတော့ပေ။

လေနတ်ဆိုးက ရှေ့သို့ လက်ညွှန်လိုက်၏။ထိုအခါ အလုံငယ်သုံးခုထံကနေ ရှေးဟောင်းနတ်ဆိုးနှစ်ပါး၏ ပုံရိပ်နှင့် ရှေးဟောင်းနတ်ဘုရားတို့သည် ဝမ်လင်းထံသို့ ထိုးထွက်လာကြတော့သည်။

ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ တောင်ကြားအတွင်းမှ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာတော့၏။

သည့်နောက် အနက်ရောင်အလင်းတန်းတစ်ခုသည် ဝမ်လင်းလက်ထံသို့ ပျံသန်းလို့လာ၏။ ထိုအရာက နတ်ဘုရားသတ်ဖြတ်ခြင်းလှံပင်။

“တော်ဝင်ရှေးဟောင်းနတ်ဘုရား မြင့်မြတ်တဲ့လက်နက်..” လေနတ်ဆိုးသည် ထိုလက်နက်ကို သိထားခဲ့၏။ သူမက နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို တွေ့မြင်သည်နှင့် မျက်မှောင်ကြုတ်ကာ သူမ၏မျက်လုံးထဲ၌ ထိတ်လန့်မှုတို့ ပြည့်လာ၏။

“နင်က တော်ဝင်သွေးမျိးဆက် ရှေးဟောင်းနတ်ဘုရား တစ်ပါးပဲ…”

ဝမ်လင်းက သူ့လက်ထဲ၌ လှံကို ဆုပ်ကိုငရင်း ရှေ့တည့်တည့်သို့ ဝေ့ယမ်းလိုက်၏။ ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားပုံရိပ်သည် ထိုလှံကို ကြည့်နေရင်း တုန်ယင်လာ၏။ သူ့ခပ်ဖျော့ဖျော့အကြည့်သည် ရုတ်တရက် တောက်ပလို့လာ၏။

သူက အသက်ရှိစဉ်က သာမန်ကြယ်ခြောက်လုံး ရှေးဟောင်းနတ်ဘုရား ဖြစ်ခဲ့၏။ထို့ကြောင့် မျိုးဆက်အရဆိုပါက သူသည် ပေလောထက်ပင် နိမ့်ခဲ့သည်။ အခု သူ့ကလန်၏ မြင့်မြတ်လက်နက်ရတနာကို တွေ့မြင်သည့်အခါ သူ့ခန္ဓာကိုယ်မှာ တုန်ယင်၍ ရပ်တန့်သွား၏။

စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းအလံကသာ သည်နေရာတွင် အမှန်တကယ် ရှိနေပါက သူသည် ခုလိုမျိုး လုပ်လိမ့်မည် မဟုတ်ပေ။သို့သော် လေနတ်ဆိုး ဆင့်ခေါ်သည်က ပုံရိပ်မျှသာ ဖြစ်၏။ အစစ်အမှန်အလံထက် များစွာ အားနည်းပေသည်။

လေနတ်ဆိုးသည် ယောင်ရှင်းရွှဲ့က ခုလိုမျိုး ကြောက်စရာရန်သူကို သွားရောက်စော်ကားခဲ့သည်ကို ကြိတ်၍ ကျိန်ဆဲနေမိသည်။ သူမသာ ယောင်ရှင်းရွှဲ့က ဝမ်လင်းလိုလူမျိုးကို ရန်စခဲ့တာမှန်း သိခဲ့ပါက အခုလိုမျိုး ယောင်ရှင်းရွှဲ့နှင့် ပေါင်းစပ်ခဲ့လိမ့်မည် မဟုတ်ပေ။

“သေစမ်း…ယောင်ရှင်းရွှဲ့ရဲ့ မှတ်ဉာဏ်ထဲမှာ သူဟာ ငါ့လက်ညှိုးတောက်ချက်နဲ့တောင် သတ်ပစ်နိုင်တဲ့ထိ အားနည်းခဲ့တယ်လေ။ အခု သူက ဘယ်လိုလုပ် တော်ဝင်ရှေးဟောင်းနတ်ဆိုး တစ်ပါး ဖြစ်နေခဲ့ရတာလဲ…”

လေနတ်ဆိုးသည် တော်ဝင်သွေးမျိုးဆက်သည် ကလန်သုံးခုကြား၌ အလွန်ရှားပါးလှသည်ကို သိထား၏။အခုခေတ်၌ တယောက်တလေ တွေ့နိုင်ဖို့ပင် အတော်ခက်ခဲနေပေပြီ။

အမှန်တော့ လေနတ်ဆိုး၏ ခွန်အားနှင့်ဆိုပါက သူမသည် ဝမ်လင်းနှင့် မတွေ့ခဲ့ပါက သူမ၏အမြန်နှုန်းနှင့် အမျိုးမျိုး မန္တာန်များကြောင့် စစ်ထူနန်လိုလူမျိုး လာလျှင်ပင် အန္တရာယ် အများကြီး မရှိလှပေ။

သို့ရာတွင် ဝမ်လင်းကို ရင်ဆိုင်ရာတွင်မူ သူမ၏အမြန်နှုန်း၊မန္တာန်များ၊လက်နက်ရတနာများသည် ဖိနှိပ်ခြင်းခံရကာ လုံလောက်အောင် သန်မာခြင်း မရှိတော့ပေ။ သည်ပုံရိပ်လက်နက်ရတနာများနှင့် ဆိုပါက သူမသည် ဝမ်လင်း၏ တော်ဝင်လက်နက်ရတနာများကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။

သည်အခိုက်အတန့်၌ ဝမ်လင်း၏နတ်ဘုရား သတ်ဖြတ်ခြင်းလှံသည် ရှေ့သို့ ရိုက်ချလာကာ တုန်ခါမှုများကို ဖန်တီး၏။ လှံရိုက်ချက်သည် တုန်ယင်နေသော ရှေးဟောင်းမိစ္ဆာနှစ်ယောက်၏ပုံရိပ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

၎င်းရှေးဟောင်းမိစ္ဆာတို့က အစစ်အမှန်စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းအလံ၏ အစွမ်းမပါဝင်ဘဲ ပုံရိပ်မျှသာ ဖြစ်နေကြ၏။ ၎င်းတို့က သာမန်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက တိုက်ခိုက်နိုင်ပေဦးမည်။ဝမ်လင်းနှင့် ရင်ဆိုင်ရာတွင်တော့ အရည်အချင်း မပြည့်မီတော့ပေ။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံက တဝီဝီမြည်၍ တိုးဝင်လာကာ ရှေးဟောင်းမိစ္ဆာတစ်ပါး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ ထိုအခါ မျက်စိတစ်မှိတ်အတွင်း ၎င်း၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားရတော့သည်။

လေနတ်ဆိုး၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေမိ၏။ သည်အခိုက်၌ သူမသည် သွေးများကို ချက်ခြင်း ပန်းထွက်စေကာ သူမလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန် ပြုလုပ်သည်။ ထို့နောက် ထူးဆန်းသောအမှတ်အသားတစ်ခု ဖြစ်ပေါ်လာ၏။ သူက ရှေ့တည့်တည့်သို့ လက်ညွှန်၍ အော်ပြောလိုက်သည်။ “အလံ ဖျက်စီးခြင်း…”

ပုံရိပ်သုံးခုကို ဖြစ်ပေါ်စေခဲ့သည့် အစိမ်းရောင်အခိုးငွေ့များသည် မြန်ဆန်စွာ လှည့်လည်လာ၏။ထို့နောက် ၎င်းအခိုးငွေ့များသည် လေနတ်ဆိုး၏အမိန့်အောက်၌ ပြိုပျက်သွားသည်။ ပြင်းထန်သောဖိအားတစ်ခုက အစိမ်းရောင်နဂါးအသွင်သို့ ပြောင်းကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံထံသို့ တိုးဝင်သွားတော့သည်။

အလံငယ်များ ပျက်စီးသွားချိန်၌ ကျန်နေသေးသည့် ရှေးဟောင်းနတ်ဘုရားပုံရိပ်နှင့် ရှေးဟောင်းမိစ္ဆာတို့သည်လည်း လိုက်ပါ ပျက်စီးသွား၏။ ၎င်းတို့က အစိမ်းရောင်နဂါးထဲသို့ အခိုးအငွေ့များအဖြစ် ဝင်ရောက်ကာ ၎င်းနဂါးကို ပို၍ အားကောင်စေသည်။

လှံနှင့်နဂါးတို့သည် အလွန်မြန်သောနှုန်းဖြင့် ထိပ်တိုက်တွေ့ရန် တာဆူ၏။ ၎င်းတို့ ထိပ်တိုက်တွေ့ခါနီးအခိုက်၌ ရတနက်လက်နက်နှစ်ခုကြားတွင် ပေတစ်ထောင်လောက်အဝန်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအဝန်းအဝိုင်းထဲ၌ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသော အနက်ရောင်နှင့်အစိမ်းရောင်အခိုးငွေ့တို့ ပါဝင်နေကြ၏။ ထိုအဝန်းအတိုင်းထံကနေ တစီစီအသံများပါ ထွက်ပေါ်နေသည်။

ချက်ခြင်းလိုလိုပင် ကြောက်မက်ဖွယ်အဖျက်အစီးအားက သည်ဧရိယာတွင် ခြုံလွှမ်းလာသည်။

ဤအရာက ရှေးဟောင်းနတ်ဘုရားကလန်၏ လက်နက်နှင့် ရှေးဟောင်းနတ်ဆိုးကလန်၏ လက်နက်နှစ်ခုကြား ထိပ်တိုက်တွေ့မှုပင်။

လက်နက်နှစ်ခုလုံးက ပုံရိပ်ယောင်မျှသာ ဖြစ်၏။သို့သော် အားပြင်းလှသည်။ အဝန်းအဝိုင်းအတွင်း၌ အနက်ရောင်အခိုးငွေ့များက ပိုမိုအားကောင်းကာ အစိမ်းရောင်အခိုးငွေ့များကို ဖျက်စီးပစ်နေသည်။ အစိမ်းရောင်အခိုးငွေ့များက အရူးအမူး ရုန်းကန်နေ၏။

အစိမ်းရောင်အခိုးငွေ့များ နောက်ဆုတ်ချိန်၌ အဝန်းအဝိုင်းတစ်ခုလုံးမှာ အနက်ရောင်ကြီးစိုးသွားသည်။ထိုအခိုက်၌ ၎င်းအဝန်းအဝိုင်းမှာ ထပ်ခြမ်းကွဲသွားသည်။

ကောင်းကင်ယံကိုပါ တုန်ဟီးစေမည့် အသံကြီးတစ်ခု ထွကပေါ်လာ၏။ ထိုအသံလှိုင်းကြောင့် ပင်လယ်ပြင်၌ပင် နောက်တစ်ကြိမ် လှိုင်းထန်စေတော့သည်။

ထိုအဝန်းအဝိုင်း၏ ပျက်စီးမှုဖိအားအောက်၌ အစိမ်းရောင်နဂါးသည် ပြိုပျက်ရကာ လွင့်ပျောက်သွား၏။ နတ်ဘုရားသတ်ဖြတ်ခြင်းလှံက လေနတ်ဆိုးထံသို့ တန်းမတ်စွာ ဆက်လက် ဝင်ရောက်သွားတော့သည်။

လေနတ်ဆိုးသည် သွေးအန်လိုက်ရ၏။ သူမ၏ရတနာလက်နက်မှာ ဖျက်စီးခံလိုက်ရပြီ။ ၎င်းက ပုံရိပ်ယောင်မျှသာ ဆိုသော်လည်း သူမ၏ နတ်ဆိုးစွမ်းအင်နှင့် ချိတ်ဆက်မှု ရှိနေသည်။ထို့ကြောင့် အပြင်းအထန် ဒဏ်ရာရသွားရင်း သူမသည် လှံ နီးကပ်လာသည်ကို တွေ့မြင်လိုက်ရပြန်သည်။ သူမ၏မျက်နှာက ဖြူရောသွားကာ နောက်သို့ အလျင်အမြန် ဆုတ်တော့သည်။

ဝမ်လင်း၏အသွင်က အေးစက်နေ၏။ သူက နောက်ကနေ အလျှင်အမြန် လိုက်ပါလာသည်။

လေနတ်ဆိုးသည် အလွန်အမင်း ရုပ်စိုးကာ ကျိန်ဆဲလာသည်။ “ငါက နင်နဲ့ယောင်ရှင်းရွှဲ့ကြားက ရန်ကြွေးကြားထဲ ဝင်မပါဘူး။ ဒါပေမဲ့ နင်က ဒီကံကြမ္မာအကြောင်းပဲ ထပ်ကာထပ်က ဆိုနေတယ်။ ငါဟာ လေနတ်ဆိုး ဖြစ်တယ်။ ဒီ သောက် ကံကြမ္မာ မဟုတ်ဘူး…”

“နင်ဟာ ဒီကံကြမ္မာအဆက်ရဲ့ အပြင်ဘက်မှာ အစက ရှိပြီးသား။ ဒါပေမဲ့ နင်က အတင်း ဝင်ပတ်သတ်ခဲ့တာ။ နင် ယောင်ရှင်းရွှဲ့ရဲ့ ခန္ဓာကိုယ်ကို လက်လွှတ်ရင် ငါ နင့်ကို သွားခွင့်ပြုမယ်…”

“သေစမ်း…ငါက မှတ်ဉာဏ်ပဲ ရှိတော့တာလေ။ ဘယ်လိုလုပ် ထွက်ခွာမလဲ…”

လေနတ်ဆိုးက အံတင်းတင်းကြိတ်၏။ သူမသည် ယောင်ရှင်းရွှဲ့နှင့် ပေါင်းစည်းမိသည်ကို အမှန်ပင် နောင်တရနေမိလေပြီ။

လေနတ်ဆိုးမှာ ကံကြမ္မာကို နားမလည်သော်လည်း သူမသည် သည်အခြေအနေကနေ မလွတ်မြောက်နိုင်ဟု ခပ်ရေးရေး ခံစားမိနေ၏။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံက နီးကပ်လာကာ လေနတ်ဆိုးကို မှီလာခါနီးချိန်၌ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။

ထိုအခိုက်၌ ဝမ်လင်းအသွင်သည် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်သည် ရွှေ့လျားသွား၏။ ထို့နောက် ရေနှင့်ပြုလုပ်ထးသည့် လက်ကြီးတဖက်သည် ပင်လယ်ပြင်ထဲကနေ ထိုးထွက်လာကာ ဝမ်လင်းရှိနှင့်သော နေရာသို့ ဖြတ်ကျော်ကာ လှံကို ဆုပ်ကိုင်သွားသည်။

၎င်းလက်က နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ကြမ်းတမ်းစွာ ညှစ်ချေလိုက်ရာ လှံထံမှ အနက်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာစေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset