Switch Mode

အပိုင်း(၁၀၈၆):

ပြီးပြည့်စုံသောကံမ္မ(၂)

ဝမ်လင်းသည် သူ့ခေါင်းကို မော့လိုက်၏။ သူ့အကြည့်က နောက်ဆုတ်နေသော လေနတ်ဆိုးပေါ်သို့ ကျရောက်နေသည်။

အပြင်ဘက်၌ သူမသည် ယောင်ရှင်းရွှဲ့နှင့် တူနေဆဲ ဖြစ်သော်လည်း ဝမ်လင်းက ယောင်ရှင်းရွှဲ့၏ စိတ်ဝိညာဉ် ရှိနေလျှင်ပင် မတူညီသည့်သူတစ်ယောက် ဖြစ်သွားပြီဟု အာရုံခံမိ၏။

ဝမ်လင်းမျက်လုံးထဲရှိ သက်ဖြတ်ခြင်းစိတ်ဆန္ဒသည် တလက်လက် ဖြစ်နေ၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းသည်။

သူက ရှေ့သို့ ဆက်လှမ်းလိုက်သည့်အခိုက်၌ လေနတ်ဆိုးက မျက်မှောင်ကြုတ်သွား၏။ သူမသ် နောက်သို့ အလျင်အမြန် ဆုပ်တော့သည်။

သူမသည် လေနတ်ဆိုးဖြစ်ခဲ့၏။ထို့ကြောင့် သူမ၏အမြန်နှုန်းမှာ သာမန်မဟုတ်ပေ။ သူမသည် အခုခါ၌ နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဆိုသော်လည်း သူမ၏အမြန်နှုန်းက အံ့မခန်းပင်။ ခြေတစ်လှမ်းဖြင့်ပင် သူမဟာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း၏အသွင်က တည်ငြိမ်နေဆဲပင်။ သူ့ရှေ့၌ ရှေးဟောင်းနတ်ဘုရားမီးပြင်းဖို ပေါ်လာကာ သူသည် ရှေ့သို့ လက်ညွှန်သည်။ အတွေးတစ်ချက်ဖြင့်ပင် အလင်းတန်းတစ်ခုသည် အတန်လှမ်းသည့် အကွာအဝေးတစ်ခုထံ၌ ပေါ်လာ၏။ထိုအလင်းသည် ထွက်ပြေးနေသော လေနတ်ဆိုးနား၌ ပေါ်လာ၏။ သူမ၏ မျက်လုံးသည် ထိုအလင်းတန်း ဝန်းရံလာသည့်အခါတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သွား၏။အားတစ်ခုကလည်း သူမကို ဝမ်လင်းထံသို့ ဆွဲခေါ်လို့သွားသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ရပ်တန့်နေခြင်း မရှိပေ။ သူသည် အရှိန်တိုင်း ဆက်တိုးလာကာ သူ့လက်ချောင်းဖြင့် ထိုအမျိုးသမီး၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်လေသည်။

လေနတ်ဆိုး၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်ထွက်သွား၏။သူမက သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူမမျက်လုံးထဲ၌ အေးစက်စက်အကြည့်တစ်ခု ပေါ်ထွက်လာသည်။

“ငါ့ကံကြမ္မာနယ်ပယ်ဟာ လုံးဝ ပြည့်စုံဖို့အတွက် ငါ့ကံမ္မအားလုံးကို ရှင်းလင်းရမယ့်အပြင် ဒီအချက်ကို ငါ ကိုင်တိုင်လုပ်ရမယ်…”

ဝမ်လင်းက သူ့ကိုယ်သူ ပြောဟန်ဖြင့် ထိုသို့ ရေရွတ်ရင်း လေနတ်ဆိုးထံသို့ တိုးဝင်သွားတော့၏။

လေနတ်ဆိုးက မာန်သွင်း၍ နောက်ဆုတ်နေရင်း ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ သိပ်သည်းသောနတ်ဆိုးစွမ်းအင်တို့ ရုတ်တရက် ပျံ့နှံ့လာတော့၏။ လေနတ်ဆိုးက အောက်ဘက်ရှိ ပင်လယ်ပြင်မျက်နှာပြင်ထံသို့ လက်ဝေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ရေခဲချပ်များသည် ဝမ်လင်းထံသို့ တိုးဝင်လာကြတော့၏။

“ကျင့်ကြံသူကောင်လေး…ဒီနတ်ဆိုးက အစတုန်းက နင့်ကို မသတ်ချင်ခဲ့ဘူး။ဒါပေမဲ့ နင်က ကိုယ့်နေရာကိုယ် မသိဘူးပဲ…” လေနတ်ဆိုး၏အသံမှာ ပဲ့တင်ထပ်နေ၏။ ထို့နောက် ရေခဲချပ်များမှာ ဝမ်လင်းအနားသို့ ရောက်လာခဲ့လေပြီ။

၎င်းရေခဲချပ်များက ဝမ်လင်းကို ခြေမွပစ်ချင်သည့်အလား။

ထိုရေခဲချပ်များ နီးကပ်လာချိန်၌ ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ညင်သာစွာ ဝေ့ယမ်းလိုက်၏။ မီးတောက်ပင်လယ်သည် ဝမ်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာတော့၏။ သည့်နောက် ၎င်းမီးတောက်များသည် ဝမ်လင်းကို ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ကုန်သည်။

ချက်ခြင်းလိုလိုပင် မီးတောက်များကြောင့် ကောင်းကင်သည်ပင် နီရဲလာချေသည်။

ထိုရေခဲချပ်များက နီးကပ်လာနေသည့် ရေခဲချပ်များကို မြန်ဆန်စွာ အရည်ပျော်စေပြီး အဖြူရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းစေကာ ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။ ချက်ခြင်းလိုလိုပင် မီးတောက်ပင်လယ်များတစ်လျှောက်ရှိ ကောင်းကင်သည် အဖြူရောင်အခိုးငွေ့များနှင့် ပြည့်နှက်လာသည်။

လေနတ်ဆိုး၏ မျက်လုံးသူငယ်အိမ်က ကျုံ့သွား၏။ သူမက လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ သူမသည် ဝမ်လင်းမှာ သန်မာလှမည်ဟု အစောကတည်းက ယူဆထားခဲ့ပေ၏။ သို့သော် သူမ မှားတွက်မိသည့်ပုံပင်။ သည်လူက ကြောက်မက်ဖွယ်ကောင်းရောင်မက အိပ်မက်ဆိုး ဖြစ်နေတော့၏။

သူမ၏အထွတ်အထိပ်စွမ်းအား ရှိနေစဉ်အတွင်းပင် သူမသည် ဝမ်လင်းကို တည်တည်ငြိမ်ငြိမ် အနိုင်ရမည်ဟု မပြောဝံ့ချေ။ခုချိန်တွင်မူ သူမမှာ နိဗ္ဗနကြိုမြင်ခြင်းနောက်ဆုံးအဆင့်လောက်သာ စွမ်းတော့၏။

“ယောင်ရှင်းရွှဲ့ရဲ့ ကိစ္စက ငါ့ကံကြမ္မာနယ်ပယ်ကို ပြီးပြည့်စုံစေဖို့ အကျပ်အတည်း အခက်ခဲပဲ။ နှစ်ရာချီ ကြာပြီးတဲ့နောက် ငါဟာ မသိလိုက်မသိပါဘသာနဲ့ နစ်မြုပ်ခဲ့ပြီး ငါ့ကံကြမ္မာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ ငါကိုယ်တိုင် သမူဟ(ပြီးပြည့်စုံမှု)ဖြစ်အောင် ဖြတ်ကျော်နိုင်မှသာ ငါ့ကံကြမ္မာကိုအမှန်တကယ် နားလည်နိုင်လိမ့်မယ်။ဒါဟာ ဘာနဲ့ တူလည်းဆိုတော့ ငရဲရဲ့လိုအင်ဆန္ဒကို နားလည်ဖို့ ကိုယ်တိုင် ငရဲကို ဝင်ရောက်ကြည့်သလိုမျိုးပဲ…”

ဝမ်လင်း၏မျက်လုံးတို့က ပိုပို၍ ကြည်လင်လာ၏။ သူက ရှေ့သို့ ဆက်သွားနေသည်။ သူသည် မီးတောက်များ၏ ဝန်းရံထားခြင်းကို ခံရ၏။ ပူပြင်းလှသည့် မီးတောက်များက လေနတ်ဆိုးထံသို့ တိုးဝင်လာနေသည်။

လေနတ်ဆိုး၏နှလုံးသားက တုန်ယင်နေ၏။ သူမက အံတင်းတင်းကြိတ်ကာ ကောင်းကင်ထက်သို့ လက်ညွှန်၍ ဟစ်အော်လိုက်သည်။ “လေဥပဒေသ…”

ထိုသို့ ပြောလိုက်သည့်နောက် နတ်ဆိုးလေပြင်းသည် လောကတွင် လှိုင်းထန်လာကာ လေနတ်ဆိုးကို ဝန်းရံလှည့်ပတ်သည်။ ထို့နောက် ၎င်းလေပြင်းသည် လေအပိုင်းအစများအဖြစ်သို့ ကွဲထွက်ကာ ဝမ်လင်းရှိရာသို့ တိုးဝင်လာကြသည်။

ချက်ခြင်းပင် လောကသည်အရောင်ပြောင်း၏။ လေနတ်ဆိုးများသည် ကောင်းကင်ထက်၌ ဖုန်းအုပ်သည်။ ပင်လယ်ပြင်ပင် ကျယ်လောင်စွာ မြည်ဟိန်း၏။

ကောင်းကင်ထက်၌လည်း အက်ကြောင်းများ ပေါ်လာ၏။ ဓားသွားကဲ့သို့ နတ်ဆိုးလေပြင်း မည်၏။

သို့ရာတွင် ထိုလေပြင်းက ဝမ်လင်းကို ခြေတစ်ဝက်ပင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ပါ။ သူက ရှေ့သို့ ဆက်တိုးလာရင်း ထိုလေပြင်းများ သူ့ခန္ဓာကိုယ်ကို ထိမှန်ခွင့် ပြု၏။

“ငါဟာ ဒီကံမ္မထဲမှာ နစ်မြုပ်နေတယ်။ ငါဟာ ဒါကို ချိုးဖျက်နိုင်ရမယ်…။ဒါမှသာ ငါ့ကံကြမ္မာနယ်ပယ်ဟာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီး ငါ့တာအိုနှလုံးသားဟာလည်း အဆင့်ချိုးဖျက်နိုင်လိမ့်မယ်…”

ဝမ်လင်းက ညာလက်သီးချက်တစ်လုံး ပစ်သွင်းရင်း ပြောလိုက်၏။ “ချိုးဖျက်စမ်း…”

ဝမ်လင်းလက်သီးချက် ပစ်သွင်းလိုက်ချိန်၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရိပ် ဖြစ်ပေါ်လာသည်။ ၎င်း၏ ဦးခေါင်းမှာ ကောင်းကင်၊၎င်း၏ ခြေထောက်မှာ ပင်လယ်ပြင်အလား။ ရှေးဟောင်းနတ်ဘုရားအရိပ်သည်လည်း ဝမ်လင်းနှင့်အတူ လက်သီးချက်ကို ပစ်သွင်းလာလေသည်။

“ရှေးဟောင်းနတ်ဘုရား…” လေနတ်ဆိုးမှာ ပင့်သက်ရှိုက်မိ၏။ သူမသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ရင်းနှီးသော ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်နေသည်ဟု တွေးခဲ့မိသေး၏။ သို့ရာတွင် အချိန်တိုက်စားမှုအောက်၌ သူမသည် အချို့အရာများကို မေ့နေခဲ့လေပြီ။ အခု ရှေးဟောင်းနတ်ဘုရားအရိပ် ထွက်ပေါ်လာသည့်အခိုက်တွင်တော့ သူမ၏ မှတ်ဉာဏ်ထဲ၌ မေ့နေသည့် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုက ပြန်ပေါ်လာခဲ့သည်။

“နင်က တကယ့်ကို ရှေးဟောင်းနတ်ဘုရား တစ်ပါးပဲ…”

“ကံကြမ္မာနယ်ပယ်နယ်ပယ် ရှေ့မှာ အရင်တုန်းက ငါလုပ်ခဲ့တဲ့အရာတွေက မမှားခဲ့ဖူးဘူး။ ငါ့ကံကြမ္မာနယ်ပယ် မပြီးစုံသေးတဲ့ အကြောင်းရင်းကတော့ နှစ်ပေါင်းတစ်ထောင်ကျော် သတ်ဖြတ်မှုတွေ လုပ်ပြီးတဲ့နောက် ငါ့တာအိုအစိတ်အပိုင်းတစ်ခုမှာ ပစ်ချက်တစ်ခု ပေါ်လာခဲ့လို့ပဲ။ ဒီပစ်ချက်ဟာ စိတ်တွင်းနတ်ဆိုးလိုမျိုးပေါ့…”

ဝမ်လင်း၏ လက်သီးချက်သည် ရုတ်တရက် အဆုံးမဲ့နတ်ဆိုးလေပြင်းများနှင့် တွေ့ဆုံသွား၏။ နတ်ဆိုးလေပြင်းသည် နှစ်ပိုင်းကွဲကာ ပြန့်ကြဲသွားရသည်။

ဝမ်လင်းသည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားခဲ့သော လေနတ်ဆိုးကို စူးစိုက်ကြည့်နေ၏။ သို့သော် သူသည် ထိတ်ပျာမှုတော့ မရှိပေ။ သူက သူ့သိုလှောင်အိတ်ထဲမှ ခြောက်သွေ့တက်တူးကို ထုတ်ယူလိုက်၏။ ထို့နောက် သူ့ကိုယ်သူပေါ်၌ ၎င်းခြောက်သွေ့တက်တူးအဆောင်ကို နေရာချလိုက်သည်။

ခြောက်သွေ့တက်တူးကို နေရာချလိုက်သည့်အခိုက်၌ ဝမ်လင်းအား အနက်ရောင်လေပွေတစ်ခု ဝန်းရံသွားလေ၏။ထိုလေပွေမုန်တိုင်းအတွင်း၌ ဝမ်လင်းရှိနေ၏။ထို့နောက် ၎င်းလေပွေမုန်တိုင်းအတွင်းတွင် အနက်ရောင်ငှက်တစ်ကောင် ပေါ်လာပြန်သည်။

ထိုငှက်၏ တောင်ပံများက ရုတ်တရက် ဖြန့်ကားသွား၏။၎င်း၏ တောင်ပံကို ဖြန့်လိုက်ချိန်၌ ပေထောင်ချီထိ ကျယ်ပြောလေသည်။

၎င်း၏ ခန္ဓာကိုယ်ကြီးက ကောင်းကင်ထက်တွင် လွှမ်းနေသည်။

မာန်သွင်းသံတစ်ချက်နှင့်အတူ ဝမ်လင်းသည် ရှေ့သို့ တစ်လှမ်းလှမ်း၏။ သူက လေပွေသည် သူ့အား ဝင်စောင့်လိုက်သလို ခံစားရ၏။

ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ရှေ့၌ အတားအဆီးဟူသမျှ ပြိုပျက်သွားရတော့မည့်အလား ထင်မှတ်ရသည်။ ထိုမန္တာန်ထုတ်ဖော်ထားသည့် ခြေတစ်လှမ်း၏ အမြန်နှုန်းကို ဖော်ပြ၍ပင် မဖြစ်နိုင်ပေ။

လေနတ်ဆိုးက လွတ်မြောက်ဖို့အတွက် သူ့ကျင့်ကြံခြင်းကို အစွမ်းကုန် အသုံးပြုနေ၏။

သူမနောက်၌လည်း နတ်ဆိုးစွမ်းအင်များကနေ ဖြစ်ပေါ်နေသည့် နတ်ဆိုးအရိပ်ကြီးတစ်ခု ရှိလို့နေသည်။

လေနတ်ဆိုးမှာ အမြန်နှုန်းအရာ၌ သူမကိုယ်သူမ ယုံကြည်ချက် အပြည့်ရှိ၏။ သူမသည် လွတ်မြောက်ပြီဟု တွေးမိလိုက်ချိန်လေးမှာပင် နောက်ဘက်မှ တုန်ဟီးသံကြီးကို ရုတ်တရက် ကြားလိုက်ရသည်။

သူမက နောက်သို့ ဆက်ခနဲ့ လှည်ကြည့်ရာ သူမ၏ စဉ်းစားဉာဏ်ကိုပင် ဆုံးရှုံးသွားရတော့သည်။ဝမ်လင်းသည် အံ့မခန်းနှုန်းဖြင့် လာနေ၏။ ဝမ်လင်းနှင့်အတူ စောနက ဖြစ်ပေါ်ခဲ့သော လေပွေကြီးလည်း ကပ်ပါလာ၏။

“ငါ့တာအိုနှလုံးသားအတွင်းမှာ ရှိတဲ့ ကံမ္မအကျိုးဆက် တည်ရှိတယ်။ ဒါကို ရှင်းလင်းရမယ့် နည်းလမ်းဟာ ငါတို့နှစ်ယောက်ကြားမှာ ရှိတဲ့ ကံကြမ္မာကို အမှန်တကယ် ဖြေရှင်းဖို့ပဲ ဖြစ်တယ်…”

“ဘာ သောက်ကံကြမ္မာလဲ။ ဒီနတ်ဆိုးက ဒီစကားကို နားမလည်ဘူး။ နင်က ငါ့ကို သွားခွင့် မပေးရင် ဒီနတ်ဆိုးက နင့်ကို သတ်နိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်ရလိမ့်မယ်…”

လေနတ်ဆိုးသည် ဆက်လက် မပျံသန်းတော့ပေ။ အမြန်နှုန်းအပေါ် သူမ၏ ယုံကြည်မှုမှာ ဝမ်လင်းရှေ့တွင်မူ ဟာသ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူမက မည်သို့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မည်နည်း။

သူမသည် ယောင်ရှင်းရွှဲ့၏ အမုန်းတရားများကိုလည်း ဖယ်ရှားနိုင်ခြင်း မရှိသေးပေ။ ခုဝမ်လင်းနောက်က လိုက်လံလာမှုက ထိုအမုန်းတရားများကိုပါ ပေါက်ကွဲထွက်လာစေတော့၏။ ထိုအခါ လေနတ်ဆိုးမျက်နှာပေါ်ရှိ အမာရွက်များသည် ပို၍ ကြမ်းကြုတ်လာ၏။ ထိုအမာရွတ်များက အစီအရင်တစ်ခုကို ဖြစ်ပေါ်စေကာ အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။

“ရှေးဟောင်းနတ်ဆိုး ရတနာ…စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း အလံ…” လေနတ်ဆိုး ထိုသို့ အော်ဟစ်လိုက်ရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ နတ်ဆိုးစွမ်းအင်မြောက်များစွာ ပေါ်လာကာ သူမ၏ လက်နှစ်ဖက်တွင် စုဝေးသည်။

အဆုံးမဲ့နတ်ဆိုးစွမ်းအင်များ ပေါ်လာ၏။ လောကသည် အေးစက်စက်အော်ရာနှင့် ခြုံလွှမ်းလာသည်။

လေနတ်ဆိုး၏ အထက်ရှိ သိပ်သည်းသော နတ်ဆိုးစွမ်းအင်များအတွင်း၌ အစိမ်းရောင်အလင်းတန်းများ တလက်လက် ဖြစ်နေ၏။ ထို့နောက် အစိမ်းရောင်အလံငယ် သုံးခု ဖြည်းဖြည်းချင်း ပျံသန်းထွက်လာ၏။

ထိုအလံငယ်သုံးခုပေါ်လာသည်နှင့် ကောင်းကင်သည် အရောင်များ ပြောင်းကုန်၏။ အောက်ဘက်ရှိ ပင်လယ်ပြင်ပင် ဆန်းကြယ်သောအားတစ်ခုကြောင့် နှစ်ပိုင်းခြမ်းသွားသကဲ့သို့ ထင်မှတ်လာရသည်။

ထိုအစိမ်းရောင်အလံများထက်၌ မရေမတွက်နိုင်သော အရိပ်များ ပေါ်လာသည်။ ၎င်းတို့ကြား၌ မထင်မှတ်စွာပင် ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ဦးချိုတစ်ချောင်းဖြင့် ရှေးဟောင်းမိစ္ဆာနှစ်ပါးလည်း ပါနေ၏။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ထိုအလံငယ်သုံးခု ထွက်ပေါ်လာပြီးနောက် ပင်လယ်ပြင်သည် ပြောင်းလဲလာခြင်းသာမက လောကသည်ပင် မတည်မငြိမ် ဖြစ်လာ၏။ပင်လယ်ပြင်သည် နှစ်ပိုင်းခွဲထွက်နေရင်း သည်နေရာရှိ အတားအဆီးများအားလုံးကိုပါ အသက်ဝင်လာစေ၏။

အတားအဆီးများကို အသက်ဝင်စေခြင်းက ပင်လယ်ပြင်အတွင်း ကြီးမားသည့်တုန်ခါလှိုင်းတစ်ခုကို ဖြစ်စေ၏။ ရေများသည် စတင် သိပ်သည်းလာ၏။မျက်စိတစ်မှိတ်အတွင်း ရေလုံးဝမရှိသည့် လျှိုမြောင်များ ပေါ်လာတော့သည်။

ထိုလျှိုမြှောင်များက တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေရာ လှိုင်းလုံးများကို ပို၍ပင် ပြင်းထန်လာစေတော့သည်။

အမှန်အကန် တုန်လှုပ်ဖွယ်ရာကတော့ လူတစ်ယောက်သည် အထက်စီးမှ ကြည့်လျှင် မရေမတွက်နိုင်သော ပင်လယ်ပြင်မှာ သိပ်သည်းနေရင်း လူသားပုံစံအသွင် ဖြစ်ပေါ်လာနေသည်ကို တွေ့ရပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset