ကောင်းကင်ဘုံအင်ပါယာအင်ပါယာလှိုဏ်ဂူအတွင်း၌ ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန် တစစီကွဲထွက်သွားချိန်၌ ဖိအားသည် လူတိုင်းကို တကွဲတပြား လွင့်စင်သွားစေသည်။သူတို့အားလုံးမှာလည်း မတူညီသော အတားအဆီးများနှင့် ထိတိုက်မိကာ ပျောက်ကွယ်သွားခဲ့ကြ၏။
အစီအရင်တစ်ခုအသက်ဝင်ပြီးနောက် စေလွှတ်လိုက်သည့် နေရာမှာ သိပ်သည်းသောတောအုပ်တစ်ခု ဖြစ်နေ၏။ သည်နေရာတွင် လုံးပတ်ကြီးမားသည့် သစ်ပင်ကြီးများသည် အကိုင်းအခတ်များ ဝေဝေဆာဆာ ရှိနေ၏။ သစ်ရွက်များကလည်း အုပ်ဆိုင်းလှကာ နေရောင်ခြည်တန်း အနည်းငယ်သာ တိုးပေါက်နေ၏။
မြေပြင်တွင်လည်း သစ်ရွက်ဆွေးများနှင့် ပြည့်နေသည်။
သည်တောအုပ်ကြီး၏ အတွင်းနက်ပိုင်း၌ သစ်ရွက်ကြွေများ ပိန်းနေအောင် ရှိနေသည့် နေရာပေါ်တွင် လူတစ်ယောက်ထိုင်နေ၏။
သူ့ခန္ဓာကိုယ်အထက်ပိုင်းက ဗလာကျင်းထားသည်။ သူ့နှဖူးထက်၌ သွေးနီရောင်တက်တူးတစ်ခုမှာ တလက်လက် ဖြစ်နေ၏။ သူ့ပတ်လည်၌လည်း သားရဲဦးခေါင်းများ ရှိလို့နေသည်။ ထိုသွေးသံရဲရဲ ဦးခေါင်းများက သည်နေရာကို သွေးညှီနံ့လှိုင်နေစေသည်။
ထူးဆန်းသည်က ထိုသားရဲများ၏ မျက်ခုံးနှစ်ခုကြား အရေပြားမှာ ဖယ်ရှားခြင်း ခံရကာ အောက်ဘက်မှ လက်ဆတ်သောအသွေးအသားတို့ ပေါ်နေခြင်းပင်။
ထိုအရေပြားအပိုင်းအစများသည် ထိုလူ့၏ ခြေထောက်ဘေးနားတွင် စုပုံနေ၏။
အချိန်မည်မျှ ကြာသွားမှန်း မသိသည့်နောက် ထိုလူမှာ မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာ၏။ သူ့ကြောက်မက်ဖွယ်အကြည့်က လှစ်ဟလာတော့၏။ သူက တည်ငြိမ်စွာဖြင့် အကွာအဝေးတစ်ခုထံသို့ ကြည့်လို့နေသည်။ အချိန်အတန်ကြာပြီးနောက် သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်၏။
“ငါက ဘိုးဘေးရဲ့ တော်ဝင်တက်တူးအားလုံးကို စုပ်ယူနိုင်ခြင်း မရှိသေးပေမဲ့လည်း ခြောက်သွေ့တက်တူးမန္တာန်နဲ့ ပတ်သတ်လို့တော် ဉာဏ်အလင်း တော်တော် ရရှိလာခဲ့ပြီ။ ဒါပေမဲ့လည်း ငါ့အရင်သခင်ရဲ့ မှတ်ဉာဏ်တွေဟာလည်း ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘူး…”
ထိုလူသည် တိတ်ဆိတ်စွာ စဉ်းစားနေရင်း သက်ပြင်းချ၏။ထို့နောက် သူသည် မျက်လုံး ပြန်မှိတ်လိုက်တော့သည်။
ပင်လယ်ပြင်အတွင်းနက်ပိုင်း၌ ရှိနေသော ဝမ်လင်းက ဓားကြီးထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက ထိုဓားကို ပြန်ဆင့်ခေါ်ကာ ခြောက်သွေ့တက်တူးကို ပြန်ထုတ်ယူပြီး ဓားကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။
“ဒီခြောက်သွေ့တက်တူးနဲ့ဆိုရင် အန္တရာယ်ကျရောက်လာရင် ငါ့မှာ နောက်ထပ် ငါ့ကိုယ်ငါ ကယ်တင်နိုင်မယ်အရာ တစ်ခု ရှိလာပြီလို့ ဆိုလိုတာပဲ။ဒါပေမဲ့ ဒီခြောက်သွေ့တက်တူးက အမှန်တကယ် ဆန်းကြယ်တယ်။ ငါ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ ပြန်ထွက်ခွာပြီးတဲ့အချိန်ကျရင်တော့ ငါဟာ ဒီတက်တူးတွေ ထပ်လုပ်ဖို့ အခွင့်အလမ်းတစ်ခု ရှာကို ရှာရမယ်။ဒါပေမဲ့လည်း အစိမ်းရောင်အခိုးငွေ့ထဲက မှတ်တမ်းအရဆိုရင် ဒီတက်တူးအဆောင်တွေကို ပြုလုပ်ဖို့အတွက် အကောင်းဆုံးပစ္စည်းက ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ရဲ့ မျက်ခုံးကြားက အရေပြားပဲ…”
“ဒီသားရဲက ပိုပြီးကြမ်းလေလေ မျက်ခုံးနှစ်ခုကြားမှာ ရှိတဲ့ အရေပြားက ပို အသုံးတည့်လေပဲ။ ဒါက ခြောက်သွေ့တာအိုရဲ့ စွမ်းအားအပေါ်မှာတောင် သက်ရောက်မှု ရှိနေတယ်။ သားရဲတွေရဲ့ မျက်ခုံးနှစ်ခုကြားက အရေပြားကို မထုတ်ယူခင် ၎င်းတို့ရဲ့ စိတ်ဝိညာဉ်နဲ့ သွေးအဆီအနှစ်ကို စုစည်းဖို့အတွက် အံ့ဖွယ်မန္တာန်တစ်ခုကို အသုံးပြုရမယ်…”
ဝမ်လင်းသည် စဉ်းစားနေရင်း အသက်ဝဝရှုသွင်းလိုက်၏။ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ အဝါရောင်သလင်းကို ထုတ်ယူလိုက်သည်။
ထိုသလင်းကို ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးတို့က အတော်လေး အလေးအနက် ဖြစ်လာခဲ့၏။
ဝမ်လင်းသည် ထိုသလင်းမှ ထွက်ပေါ်လာနေသည့် ကြောက်မက်ဖွယ်တုန်ခါလှိုင်းတစ်ခုကို ခပ်ရေးရေး ခံစားမိ၏။ထို့ကြောင့် သူသည် ၎င်းသလင်းကို သူ့နတ်ဘုရားအာရုံဖြင့် ပေါ့ပေါ့ဆဆ မစစ်ဆေးကြည့်ဝံ့ပေ။
“ဒီခန်းမထဲမှာရှိနေတဲ့ ဆန်းကြယ်တဲ့လူဟာ ချင်းလင်သာ အမှန်တကယ် ဖြစ်နေခဲ့ရင် သူ ဒီသလင်း ငါ့ကို ပေးခဲ့တဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်နေမလဲ…”
ဝမ်လင်းသည် အဝါရောင်သလင်းကို ကြည့်နေရင်း စဉ်းစားနေသည်။
သူသည် ချင်းလင်၏ကိုယ်ပွားမှာလည်း ထိုသလင်းထဲသို့ ဝင်ရောက်ခဲ့သေးသည်ကို ကောင်းစွာမှတ်မိနေသေး၏။ သို့ရာတွင် သူက မည်သို့ပင် ရှာဖွေကြည့်ပါစေ မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့နိုင် ဖြစ်နေသည်။
အချိန်အတန်ကြာ စူးစိုက်ကြည့်နေပြီးနောက် ဝမ်လင်းသည် သူ့အကြည့်ကို သလင်းထံကနေ ပြန်ရုတ်သိမ်းလိုက်၏။ သူ့နတ်ဘုရားအာရုံဖြင့်လည်း ၎င်းသလင်းကို အရဲစွန့်၍ မစစ်ဆေးကြည့်ဝံ့ပေ။ ထို့နောက် ၎င်းသလင်းကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းထားလိုက်၏။
ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံသာ ၎င်းသလင်းထဲသို့ ထည့်သွင်းလိုက်ပါက သူမခန့်မှန်းနိုင်သည့် လောကတစ်ခုကို တွေ့ရကာ ထိုအရာက သူ့အတွက် ဘာကောင်းကျိုးမှ မဖြစ်ထွန်းစေဟု ထူးဆန်းစွာ ခံစားမိနေသည်။
သည်လိုခံစားမှုမျိုးက လုံးဝလုံးဝ မသိသာလှပေ။
“ခုတော့ ငါ ဒီနေရာက ထွက်ဖို့ အချိန်တန်ပြီ…” ဝမ်လင်းသည် မတ်တပ်ရပ်လိုက်ကာ နဂါးတစ်ကောင်ကဲ့သို့ စတင် ရွှေ့လျား၍ အထက်သို့ တက်၏။ ရေပူဖောင်းမှာ သူနှင့်အတူ ရွှေ့လျားလို့နေ၏။
အထက်စီးမှ ကြည့်ပါက ပင်လယ်မျက်နှာပြင်သည် အပြာရောင်ရှိသည်ဟု ထင်ရမည် ဖြစ်သော်လည်း အတွင်းဘက်တွင်မူ နက်မှောင်နေ၏။ ရေပူဖောင်းက အထက်သို့ မြင့်တက်နေရင်း ဘေးတစ်ဖက်စီရှိ ရေများကို လွင့်စင်နေစေ၏။
ဝမ်လင်း၏မျက်လုံးထဲ၌လည်း ကောက်ချက်ချ ဆင်ခြင်မှုတို့နှင့် ပြည့်နေ၏။ သို့သော် သူက ပင်လယ်မျက်နှာပြင်နားသို့ ရောက်ခါနီး၌ သူ့အသွင်က ပြောင်းလဲသွား၏။ သူသည် ချက်ခြင်းပင် သူ့လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီသို့ တွန်းထုတ်လိုက်၏။
သူရှိနေသော ပူဖောင်းသည် ရုတ်တရက် ပျက်စီးသွားကာ တုန်ခါလှိုင်းတစ်ခု မြန်ဆန်စွာ ပျံ့နှံ့လာ၏။ ထိုတုန်ခါလှိုင်းက ဝမ်လင်း၏ ထိန်းချုပ်မှုဖြင့် အထက်သို့ ဆန်တက်သွား၏။ ထိုတုန်ခါလှိုင်း အထက်သို့ တက်သွားနေရင်း တစ်ခုခုနှင့် ဝင့်ဆောင်သကဲ့သို့ ကျလောင်သောအသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။
ထိုမြည်ဟိန်းသံကြောင့် ပင်လယ်ရေပြင် သက်ရောက်ခြင်း ခံလိုက်ရ၏။ ဝမ်လင်းသည် သူ့အနီးအနားရှိ ပင်လယ်ရေများသည် ပြင်းထန်သောအားတစ်ခု၏ ဖိနှိပ်ခြင်း ခံရသည်ကို ခံစားမိ၏။
သူ့အသွင်က အေးဆက်သွား၏။ သူသည် ပင်လယ်အတွင်း၌သာ ရှိနေသေးကာ အပေါ်သို့ ပျံသန်းတက်လာခြင်း မပြုသေးပေ။ သူသည် ဖိအားရှိနေသော ဧရိယာကနေ ထွက်ခွာလာကာ အပေါ်သို့ မော့ကြည့်၏။ ကောင်းကင်သည် နတ်ဆိုးစွမ်းအင်များနှင့် ပြည့်နေကာ နတ်ဆိုးနဂါးများကောင်းကင်ထက်၌ လှုပ်ရှားနေသည်နှင့်ပင် တူနေသေးသည်။
လူတစ်ယောက်သည် ထိုနတ်ဆိုးစွမ်းအင်များ၏ အလယ်၌ မားမားရပ်နေ၏။ထိုလူသည် နတ်ဆိုးစွမ်းအင်များက န်းရံထားသဖြင့် သူ့ပုံပန်းသွင်ပြင်ကို သေချာတွေ့ရဖို့ မဖြစ်နိုင်တော့ချေ။ သို့သော် ထိုသူမှာ အမျိုးသမီးတစ်ယောက် ဖြစ်မှန်းတော့ ခပ်ရေးရေး မြင်နိုင်ပေ၏။
ဝမ်လင်း ပင်လယ်ရေ မျက်နှာပြင်ထက်သို့ ရောက်လာသည့်အခါ သူ့ထံသို့ မန္တာန်တစ်ခု တိုးဝင်လာသည်ကို ခံစားမိသည်။ထို့ကြောင့်လာလည်း သူက ရေပူဖောင်းကို ဖျက်စီးပစ်လိုက်ခြင်းပင်။
“ဝမ်လင်း ထွက်လာခဲ့စမ်း…” ထိုအသံထဲ၌ အမုန်းတရားတို့ ပြည့်နေ၏။
ဝမ်လင်းသည် ထိုအသံကို ကြားသည့်အခါ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။
“ယောင်ရှင်းရွှယ်…” သူက သူမ၏သွင်ပြင်ကို မတွေ့မြင်နိုင်ပေ။သို့သော် ထိုရင်းနှီးသည့်အသံကြောင့် ဝမ်လင်းသည် အသံပိုင်ရှင်ကို သိရှိသွား၏။
ဝမ်လင်းသည် ခါးသီးစွာပြုံး၍ သက်ပြင်းချ၏။ သူနှင့်ယောင်ရှင်းရွှဲ့တို့ကြားရှိ ရန်ကြွေးက ရှုပ်ထွေးပေ၏။ အတိတ်တုန်းက သူမသည် ဝမ်လင်းကို အသုံးချချင်ခဲ့ကာ အရင်ဆုံး အမှားလုပ်ခဲ့၏။ ဝမ်လင်းကလည်း သူ့ကျင့်ကြံမှုအဆင့်နှင့် သွေးဆေးလုံး၊သူမ၏အဖေ သွေးဘိုးဘေးတို့ကို လန့်ခဲ့သည့်အတွက် သူမကို သတ်ပစ်ရမည့်အစား ချုပ်နှောင်ချိပ်ပိတ်ခဲ့၏။
ဝမ်လင်းသည် သွေးဘိုးဘေးအပေါ် ရန်လိုခဲ့သလို လေးစားမှုလည်း ရှိခဲ့ပေသည်။ တက်တော့ သွေးဘိုးဘေးသည် သူ့သမီးအတွက် အရာအားလုံး လုပ်ဆောင်ခဲ့သူ မဟုတ်လား။ ယောင်ရှင်းရွှဲ့နေရာ၌ သူ့သား ဝမ်ပိုင် ဖြစ်နေခဲ့လျှင် သူလည်း သွေးဘိုးဘေးကဲ့သို့ လုပ်ဆောင်မိမည်သာ ဖြစ်၏။
သွေးဘိုးဘေးက မည်သို့ဖြစ်ပျက်ခဲ့သည်ကိုလည်း သေချာ မသိခဲ့ကာ ဝမ်လင်းကို ချိန်းကြောက်နိုင်စွမ်း မရှိသူဟု ယူဆခဲ့၍ သူ့ကိုပင် သတ်ချင်ခဲ့၏။ သူက မည်သို့ဖြစ်ပျက်ခဲ့သည်ကိုလည်း ဂရုမစိုက်ဘဲ သူ့သမီးကို ပြန်ခေါ်ဆောင်ဖို့သာ အရေးစိုက်ခဲ့၏။
ဝမ်လင်းသည် ခုလက်ရှိ ကျင့်ကြံမှုမျိုး အတိတ်တုန်းက ရှိနေခဲ့ပါက သွေးဘိုးဘေးမှာလည်း ထိုမျှ အစွန်းရောက်ခဲ့မည် မဟုတ်ဘဲ သည်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာမိပေလိမ့်မည်။
အဆုံးသပ်၌ အတိတ်တုန်းက ဝမ်လင်းသည် သွေးဘိုးဘေး သတိမပြုမိအောင် လုပ်ဆောင်ဖို့အတွက် လုံလောက်သောစွမ်းအား မရှိခဲ့ပေ။ထို့ကြောင့်လည်း သွေးဘိုးဘေးက ဘာမှမတွေးဘဲ ဝမ်လင်းကို သူ့သမီးအား ချုပ်နှောင်ထားသည့်အပေါ် ဒေါသဖြစ်ကာ သတ်ပစ်ရန်သာ လုပ်ဆောင်ခဲ့သည်။
ဝမ်လင်းအဖို့မှာလည်း သွေးဘိုးဘေး၏ တောင်းဆိုမှုက အစွန်းမရောက်ခဲ့လျှင် သူသည် သဘောတူမိပေမည်။ တကယ်တော့ သူသည် အတိတ်တုန်းက အားနည်းလွန်းခဲ့သူ မဟုတ်လား။
သို့ရာတွင် သွေးဘိုးဘေးမှာ ဝမ်လင်းကို ရှင်းပြဖို့ အခွင့်အရေးတစိုးတစိပင် မပေးခဲ့သည့်အတွက် ကိစ္စရပ်များမှာ အခုလိုမျိုး အဆုံးသပ်ခဲ့ရပေ၏။ ဝမ်လင်းက ထိုအကြောင်းကို ပြန်တွေးမိတိုင်း သက်ပြင်းချမိ၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ထပ်ရောက်လာသည့်နောက် ဝမ်လင်းက သူသည် ယောင်ရှင်းရွှဲ့နှင့် တွေ့ရဖို့များသည်ကို သိထားခဲ့၏။ သို့သော် သူ သိခဲ့သည့် ယောင်ရှင်းရွှဲ့နှင့် အခုယောင်ရှင်းရွှဲ့တို့၏ ပုံပန်းသွင်ပြင်မှာ လုံးဝ ကွာခြားခဲ့သဖြင့် တွေ့တွေ့ချင်း သူမကို မမှတ်မိခြင်း ဖြစ်သည်။
ဝမ်လင်းက လေထဲ၌ ရပ်နေသည့် ယောင်ရှင်းရွှဲ့ကို ကြည့်ကာ သက်ပြင်းချမိ၏။
ယောင်ရှင်းရွှယ်၏ စကားသံ သူ့နားထဲသို့ ဝင်လာသည့်အခိုက်၌ အတိတ်ကဖြစ်ပျက်ခဲ့သည့် အကြောင်း ပြန်တွေးမှုများ သူ့စိတ်ထဲ၌ ပေါ်လာခဲ့ခြင်းပင်။
“ဝမ်လင်း…ထွက်လာခဲ့။ ဒီနေ့..အတိတ်တုန်က နင်နဲ့ငါ့ကြားက ကိစ္စကို အပြီးရှင်းမယ်…”
ယောင်ရှင်းရွှယ်က ထိုသို့ ပြောလိုက်ရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ နတ်ဆိုးစွမ်းအင်များ ရွှေ့လျားလာသည်။ ကောင်းကင်ထက်၌ နတ်ဆိုးနဂါးများ ဖြစ်ပေါ်လာကာ ပင်လယ်မျက်နှာပြင်ထက်သို့ ထိုးဆင်းလာကြ၏။ ထိုအခါ ပင်လယ်ပြင်ထက်၌ မုန်တိုင်းတစ်ခုဖြစ်ကာ လှိုင်းထန်စေကုန်သည်။
အဆုံးမဲ့လှိုင်းကြီးများ ရွှေ့လျားလာရင်း နတ်ဆိုးနဂါးများသည်လည်း အရပ်မျက်နှာအနှံ့ကနေ တိုးဝင်လာကြသည်။ဝမ်လင်းသည် သက်ပြင်ချကာ ပင်လယ်ပြင်ထက်ကနေ အလင်းတန်းတစ်ခုအလား ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ဝမ်လင်း ပေါ်လာသည့်အခိုက်တွင် သူက ယောင်ရှင်းရွှယ်၏မျက်လုံးထဲမှ အမုန်းတရားတို့မှာ လျှံထွက်လာတော့၏။သူမက နတ်ဆိုးစွမ်းအင်များကြားကနေ လှမ်းထွက်လာကာ ဝမ်လင်းရှေ့၌ သူမကိုယ်သူမ ထွက်ပေါ်လာစေသည်။ သူမ၏ မျက်နှာထက်၌ အမာရွတ်များနှင့် ပြည့်နေ၏။ သူမသည် အရင်ကလို လှပခြင်း မရှိတော့ဘဲ ရုပ်စိုးစိုးအမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပေပြီ။
သူမ၏အသားအရေထက်၌လည်း အမာရွတ်များနှင့် ပြည့်နေ၏။ဝမ်လင်းသည် အနီးကပ် တွေ့သည့်အခါ သူ့ခါးသီးသောအမူအရာမှာ ထပ်မံ ထွက်ပေါ်လာတော့သည်။
သူသည် အတိတ်တုန်းက ယောင်ရှင်းရွှယ်ပုံစံကို မြင်ယောင်ကြည့်ကာ အခုရုပ်သွင်နှင့် နှိုင်းယှဉ်ကြည့်မိ၏။ မည်သို့ပင် ဖြစ်စော သူ့ရှေ့ရှိ ပုံရိပ်မှာ အတိတ်တုန်းက ယောင်ရှင်းရွှယ်နှင့် လုံးဝ မသက်ဆိုင်တော့သည့် ရုပ်သွင်ရှိနေခဲ့လေပြီ။
“အတိတ်တုန်း ဘယ်သူမှန်ခဲ့၊မှားခဲ့လည်းဆိုတာ ဘယ်သူ သေချာ ပြောနိုင်ပါ့မလဲ။သူ့အဖေရဲ့ စိတ်ဝိညာဉ်ဟာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးထဲမှာ ချိပ်ပိတ်ထားခြင်း ခံရပြီ။ သူမကလည်း လက်စားချေဖို့အတွက် အခုလိုမျိုး ဖြစ်လာခဲ့ပြီ…။ ငါ မှားသွားခဲ့တာလား…”
ဝမ်လင်း ဘဝ၌ သူ့အသိစိတ်က ခွင့်မပြုခဲ့သည့် ကိစ္စကို လုံးဝ မလုပ်ခဲ့ပေ။ သို့ရာတွင် ခုချိန်၌ သူ့စိတ်ထဲ၌ ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်နေ၏။
“ဝမ်လင်း…နင် ငါ့ကို နှစ်ပေါင်းရာချီ ပိတ်လှောင်ထားခဲ့တယ်။ ငါနင့်ကို မုန်းပေမယ့်လည်း ငါ ဒါကို လက်ခံလို့ ရသေးတယ်။ တကယ်တော့ ငါက နင့်အပေါ်မှာ အရင် အသုံးချဖို့ ကြံစည်ခဲ့တာကို။ ဒါပေမဲ့လည်း ငါ့အဖေဟာ နင့်ကြောင့် သေဆုံးသွားခဲ့ရတယ်။ ငါ့အဖေအတွက် ပြန်လာစားချေရမှာကိုတော့ ဒီအတိုင်း ပြီးသွားလို့ မရဘူး။ ငါနင့်ကို မသတ်နိုင်ဘူး။ ဒါပေမဲ့ နင့်ကို သတ်နိုင်တဲ့ တစ်ယောက် ရှိနေတယ်…”
ယောင်ရှင်းရွှဲ့က ဝမ်လင်းကို အံတင်းတင်းကြိတ်၍ ကြည့်နေ၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
***