Switch Mode

အပိုင်း(၁၀၈၃):

ခြောက်သွေ့တက်တူး

ပင်လယ်ပြင်ထက်၌ လှိုင်းများသည် တစ်လုံးနှင့်တစ်လုံးဆင့်ကာ လှိုင်းကြီးတစ်ခုအဖြစ် ပေါ်ထွက်လာခြင်းပင်။

၎င်းလှိုင်းလုံးကြီးက တဝုန်းဝုန်းအသံများ ပေး၍ နီးကပ်လာသည့်ပုံက နားစည်ပင် အူထွက်သွားနိုင်သည်။

ဝမ်လင်းက သူ့ရှေ့ရှိ လှိုင်းလုံးကြီးကို စူးစိုက်ကြည့်ကာ သူ့အသွင်က အလေးအနက် ဖြစ်လာသည်။ သူသည် ပင်လယ်ပြင်ထက်သို့ ခြေချမိသည်နှင့် ချက်ခြင်း နောက်ဆုတ်၏။ သူသည် လှိုင်းလုံးနှင့်အဝေးသို့ ရွှေ့လျားနေရင်း စိတ်ထဲကနေ တွေးနေမိသည်။

“ငါ ခြေချခဲ့တဲ့နေရာဟာ ပန်းခင်းတွေကြားပဲ။ ငါက အတားအဆီးတစ်ခုကို ထိတိုက်မိတယ်ဆိုရင်တောင် ဒီလိုပင်လယ်ပြင်ထဲမှာ မပေါ်လာသင့်ဘူး…”

ဝမ်လင်းသည် သူ့ထံသို့ မြန်သထက်မြန်မြန် တိုးဝင်လာသည့် လှိုင်းလုံးကြီးကို ကြည့်ကာ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။

“ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန် ပျက်စီးသွားတာကနေ ထွက်ပေါ်လာတဲ့ တုန်ခါလှိုင်းဟာ ငါ့ခန္ဓာကိုယ်ကို ဒဏ်ရာရစေခဲ့ပြီး ငါ့မူလစိတ်ဝိညာဉ်ကိုတောင် တုန်ခါသွားစေခဲ့တယ်။ ခုချိန်မှာ ငါက မြန်နိုင်သမျှ မြန်မြန် ပြန်ကုသဖို့ လိုနေပြီ။ ဒီထူးဆန်းတဲ့ ပင်လယ်ဟာ အတားအဆီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှတော့ ဒီပင်လယ်လှိုင်းဟာ အဆုံးမရှိ လိုက်ပါစီးဆင်း မြင့်တက်နေမှာပဲ…”

လှိုင်းလုံး နီးကပ်လာနေရင်း သည်ဧရိယာတွင် ရေခိုးရေငွေ့များ သိပ်သည်း ပြည့်နှက်လာသည်။

လှိုင်းလုံးသည် ဆက်လက်၍ မြင့်သထက် မြင့်မလားကာ နီးကပ်လာနေ၏။ လှိုင်းလုံးသည် လေထဲသို့ မြင့်တက်သွားပြီးနောက် ဝမ်လင်းပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းရိုက်ချလာ၏။

ချက်ခြင်းပင် ဝမ်လင်းသည် ခြေတစ်လှမ်းဖြင့် ရေထုထဲသို့ ရုတ်တရက် နစ်မြုပ်သွား၏။သူသည် အံ့မခန်းအမြန်နှုန်းဖြင့် ရေအောက်ထဲသို့ ဆင်းသက်နေ၏။

သူ့ခန္ဓာကိုယ်ပျောက်ကွယ်သွားသည့်အခိုက်၌ ပင်လယ်မျက်နှာပြင်ထက်၌ လှိုင်းလုံးသည် ရိုက်ခတ်သွားရင်း တုန်ခါလှိုင်များကို ဖြစ်သွားစေတော့သည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ရေအောက်သို့ ဆက်လက် နစ်မြုပ်နေ၏။ သူက လှိုင်းလုံးများကြောင့် ဖြစ်ပေါ်သည့် တုန်ခါလှိုင်းကိုလည်း ရှောင်၍ ဆင်းသက်နေ၏။ သူသည် ပင်လယ်ရေမျက်နှာပြင်ထက်ရှိ ဒေါမာန်ကြီးနေသော လှိုင်းလုံးများကို လစ်လျူရှုကာ ပင်လယ်ကြမ်းပြင်ထက်သို့ ဆင်းသက်နေ၏။

သူသည် ဆက်လက် လှုပ်ရှားနေရင်း မျက်မှောင်ကြုတ်မိလာ၏။

“ဒါကအစစ်အမှန် ပင်လယ်မဟုတ်ဘူး။ ငါက လမ်းတစ်လျှောက်မှာ ဘယ်သက်ရှိဖြစ်တည်မှုကိုမှ မတွေ့ခဲ့ရဘူး။ ဒါ့အပြင် ပိုပြီး အရေးကြီးတာက…”

ဝမ်လင်းသည် ရပ်တန့်လိုက်၏။ ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ညွှန်၏။ထိုအခါ ဝဲကတော့တစ်ခုပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းဝဲကတော့က ပေတစ်ရာလောက်ထိ ကျယ်ပြောသွားကာ အဝေးသို့ ရွှေ့သွား၏။အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းသည် ဧရာမရေပူဖောင်းကြီးနှင်ပင် တူနေသေး၏။

ဝမ်လင်းသည် ၎င်းရေပူဖောင်းအတွင်း၌ ရှိနေ၏။ သူ့ညာလက်ကို ရှေ့သို့ဆန့်လိက်၏။ ထိုအခါ ရေပူဖောင်းအတွင်းသို့ လက်သီးစုပ်ခန့်ရေများ ဝင်လာ၏။ထိုရေသည် ဝမ်လင်း၏ ညာလက်ပေါ်သို့ ကျရောက်လာသည်။

ဝမ်လင်းက ၎င်းရေစက်ကို သူ့နှာခေါင်းနားတေ့၍ အနံ့ခံကြည့်သည်။ သူ့မျက်လုံးက ဖျပ်ခနဲ လင်းလက်သွား၏။

“ငါ ထင်ထားသလိုပါပဲလား…။ဒီပင်လယ်ရေက ပင်လယ်ရနံ့မရဘူး…” ဝမ်လင်းက ထိုရေကို လျှာဖြင့် သပ်ကြည့်လိုက်ပြန်သည်။

“ဒါက ပင်လယ်ရေ မဟုတ်ဘူး…”

ဝမ်လင်းသည် ခေါင်းမော့၍ စဉ်စားနေ၏။ သူ့မျက်လုံးထဲ၌လည်း ကောက်ချက်ချမှုများ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။

“ဒါက နှင်းငွေ့ရည်ပဲ။ ငါ့အစောပိုင်းကျင့်ကြံမှုတွေတုန်းက ငါဟာ ကောင်းကင်ဘုံပုတီးစေ့က ရတဲ့ ဒီလိုနှင်းငွေ့ရည်စက်တွေကို မှီခိုခဲ့ရတယ်။ဒါ့ကြောင့် ဒီရေနဲ့ ငါအတော်လေး ရင်းနှီးခဲ့တယ်လို့ ဆိုရမယ်။ဒါဟာ ပင်လယ်ရေ မဟုတ်ဘူး။ ပင်လယ်တစ်ခု မဟုတ်ဘူး။ ဒီနှင်းငွေ့ရေစက်ဟာ ပန်းပွင့်ချပ်တစ်ခုအပေါ်က ဒါမှမဟုတ် မြက်ပင်တွေပေါ်မှာ ရှိတတ်တဲ့ ရေစက်မျိုးပဲ…”

ဝမ်လင်းသည် သူ့ပတ်လည်သို့ အသိအမှတ်ပြုဟန်ဖြင့် ကြည့်မိ၏။

“ဘယ်လောက်အားကောင်းလိုက်တဲ့ အတားအဆီးလဲ။ လူတစ်ယောက်ကို နှင်းငွေ့ရေစက်ထဲက ကမ္ဘာတစ်ခုမှာ ပိတ်လှောင်ထားတာမျိုးပဲ…”

သည်ပင်လယ်အကြောင်း သိမြင်သွားသည့်နောက် ဝမ်လင်းသည် စိတ်အေးမသွားသည့်အပြင် သူ့အသွင်က ပို၍ပင် လေးနက်လာသည်။

“အတားအဆီးတွေဟာ ပိတ်လှောင်ဖို့နဲ့ တိုက်ခိုက်ဖို့ နှစ်ခုအပေါ်မှာ အာရုံစိုက်ထားတာ။ တော်တော်နည်းပါးလွန်းလှတဲ့ အတားအဆီးတွေလောက်သာ ပိတ်လှောင်ဖို့ တစ်ခုတည်းအပေါ်မှာ အသုံးချတယ်။ ဒါက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူပဲ။ တက်တူးကလန်ရဲ့ တော်ဝင်ဘိုးဘေး ချူယောင်ပြောပုံအရဆိုရင် ချင်းလင်ဟာ ရက်စက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒီလိုဆိုရင် ဒီနေရာမှာ ရှိတဲ့အတားအဆီးတွေဟာ တစ်ယောက်ယောက်ကို ပိတ်လှောင်ထားရုံ သပ်သပ် မဟုတ်လောက်တော့ဘူး…”

ဝမ်လင်းသည် စဉ်းစားနေရင်း သူ့သိုလှောင်အိတ်ကို မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။သူ သည်နေရာထဲသို့ မဝင်ရောက်လာခင် ချင်းလင်၏ကိုယ်ပွားမှာ သူ့သိုလှောင်အိတ်ထဲရှိ အဝါရောင်သလင်းထဲသို့ ဝင်လာသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သည် မဟုတ်လား။

ချူယောင်ရဲ့ အမူအရာအရ သူ ပြောခဲ့တာတွေက မမှားလောက်ဘူး။ ဒါပေမဲ့လည်း နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံပြီးတဲ့နောက်မှာ လူတွေရဲ့ စကားလုံးတိုင်ကို သူတို့ရဲ့မျက်နှာအမူအရာနဲ့တင် ယုံလို့ မရဘူးဆိုတာ ငါ သိလာခဲ့တယ်…။အရာရာမှာ တဘက်တည်းအမှန်၊အဖြူနဲ့အမည်း သပ်သပ်ဆိုတာပဲ ရှိတယ်လို့ ယုံကြည်လို့မရဘူး။ မီးခိုးရောင်ဆိုတာလည်း ရှိနိုင်တယ်…”

ဝမ်လင်းအဖို့ သူကိုယ်တိုင် တွေ့မြင်ရခြင်း၊ ရှာဖွေသိရှိခြင်း မဟုတ်လျှင် အခြားသူများ၏ စကားကို ရာနှုန်းပြည့် ယုံကြည်မည့်လူစားမျိုး မဟုတ်ပေ။

“ဒါ မှန်မှန် မှားများ ကိစ္စမရှိဘူး။ အနည်းဆုံးတော့ ငါချင်းလင်ရဲ့ စိတ်နေစိတ်ထားအချို့အဝက်ကို သိရှိလိုက်နိုင်တာပဲ။ငါက ဒီနေရာမှာ ရှိတဲ့အတားအဆီးတွေကို အသက်ဝင်စေလို့ မဖြစ်ဘူး…”

ဝမ်လင်းသည် ရေပူဖောင်းကို သေချာထိန်းချုပ်ကာ ပိုဝေးသည့်နေရာထိ ဆင်းသက်စေနေရင်း သူ့မျက်လုံးသည် တလက်လက် ဖြစ်နေတော့သည်။

အချိန်အတန်ကြာပြီးနောက် သူက ပင်လယ်ကြမ်းပြင်ထက်သို့ ရောက်ရှိလာ၏။ ပင်လယ်ကြမ်းပြင်မှာ မီးခိုးရောင်ရှိ၍ မှုန်မှိုင်းသောခံစားမှုကို ပေးနေ၏။ ဝမ်လင်းသည် ပင်လယ်ကြမ်းပြင်ထက်၌ ထိုင်ချကာ သူ့ဒဏ်ရာများကို ကုသရန် မျက်လုံးမှိတ်လိုက်သည်။

သူက ကုသနေသော်လည်း သူ့နတ်ဘုရားအာရုံကို သူ့ ပေတစ်ရာပတ်လည်တွင် ဖြန့်ကျက်ထားကာ သူ့အနီးအနားရှိ ပြောင်းလဲမှုအားလုံးကို သေချာစောင့်ကြည့် လေ့လာနေ၏။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ကုန်လွန်သွားခဲ့ပေပြီ။ ရှစ်ရက်မြောက်နေ့၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ မီးတောက်တစ်ခု တလက်လက် ရှိလို့နေသည်။

သူက စဉ်းစားနေ၏။ ပင်လယ်ကြမ်းပြင်၌ တိတ်ဆိတ်စွာ ထိုင်နေရင်း ဝမ်လင်းသည် ကောင်းကင်ဘုံလှိုဏ်ဂူအတွင်း မမျှော်လင့်ဘဲ ဟင်္သာငှက်နိုးထလာကာ ပုလင်းကမ္ဘာတစ်ခုလုံးကို ချိုးဖျက်ပစ်ခဲ့သလို အဖြစ်မျိုး အဖြစ်အပျက်များကို ပြန်တွေးကြည့်နေပေ၏။ဝမ်လင်း၏ မှတ်ဉာဏ်က ရှေးဟောင်းနတ်ဘုရားပေလောလက်ထဲရှိ စာလိပ်ပေါ်တွင်လည်း ပြန်ကျရောက်မိနေ၏။

“ဒီစာလိပ်က တောင်နဲ့မြစ်ပန်းချီကားရဲ့ အထီးကျန်ကန္တာရပန်းချီကားလို့ ငါ ထင်တယ်…”

“ဟင်္သာငှက်က ဆိုးဝါးတဲ့အချိန်ကျမှ နိုးထလာခဲ့တာပဲ။ ဟင်္သာငှက်နိုးထမှုက ပုလင်းကမ္ဘာထဲက နယ်မြေ(၉၉)ခုလုံးကို ထွင်းဖောက်ပြီး လူတိုင်း ဒီအကြောင်းကို သိသွားကြလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ဒါ့ကြောင့် သူတို့အားလုံးဟာ ငါ့ကို နတ်လေးပါးကလန်က တစ်ယောက်လို့ တွေးနေထင်နေ ကြမှာပဲ…”

“အရှင်လေဟာနယ်ရဲ့ အကြည့်ထဲမှာ ဘာသဲလွန်စမှ မမြင်ခဲ့ရပေမဲ့ ငါ့ကို အပ်နဲ့ထိုးစိုက်နေသလို ခံစားရစေတယ်…”

“ဒါ့အပြင် သက်လတ်ပိုင်းအရွယ်လှပတဲ့အမျိုးသမီးလည်း ရှိသေးတယ်။ သူမဟာလည်း နိဗ္ဗာနသန့်စင်ခြင်းအဆင့်ပဲ။ ငါ့ကို ကြည့်တဲ့ သူမအကြည့်ကို ကောင်းကောင်း ဖုန်းကွယ်ထားပေမယ့်လည်း ရန်လိုမှုအရိပ်အယောင်ကို ငါ မြင်နေနိုင်တယ်…”

“ဒါ့အပြင် တောက်ပသောလေဟာနယ်သခင်မ အဖြစ် ထင်ကြေးပေးခံရတဲ့ မိန်းကလေးလည်း တူတူပဲ…”

ဝမ်လင်းသည် အခုချိန်၌ သူဟာ သည်ကောင်းကင်ဘုံနယ်မြေအတွင်း၌ ပို၍ ဂရုစိုက်ရတော့မည်ဟု သိနေ၏။ ဆိုးဝါးလှသည့် အခြေအနေနှင့်အချိန်အခါတွင် ဟင်္သာငှက်နိုးထလာမှုကြောင့် ဘေးကပ်ဆိုးတစ်ခုကို ဖိတ်ခေါ်ခဲ့သည်နှင့် တူနေသည်မဟုတ်လား။ဝမ်လင်းသည် သူ့ဟင်္သာငှက်တက်တူးကို ထိကြည့်လိုက်၏။ သူ့အသွင်က သုန်မှုန်နေတော့သည်။

ထာရှန်၏အဖြစ်အပျက်ကို ပြန်တွေးမိသည့်အခါ ဝမ်လင်း၏အသွင်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။

“ထာရှန်…သူက ငါ့ကောင်းကင်ဘုံသက်တော်စောင့် ဖြစ်ခဲ့တာပဲ။ ကံမကောင်းစွာနဲ့ …ဒါပေမဲ့လည်း တက်တူးကလန်ရဲ့ တော်ဝင်ဘိုးဘေးနဲ့တွေ့ခဲ့တာကတော့ သူ့အတွက် ကံကောင်းမှုပဲ။ ခုချိန်မှာ သူ ဘယ်နေရာရောက်နေလဲ ငါ့ကိုရော မှတ်မိသေးလားတော့ ငါ မသိတော့ဘူး…”

ဝမ်လင်းသည် သက်ပြင်းချမိ၏။ ထာရှန်အကြောင်းတွေးမိပြီးနောက် သူသည် ချူယောင်သူ့အား ပေးခဲ့သော အစိမ်းရောင်အခိုးငွေ့အကြောင်းကို ထပ်တွေးမိ၏။

ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။အတွေးတစ်ချက်ဖြင့်ပင် သူ့လက်ထကနေ အစိမ်းရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ အစိမ်းရောင်အခိုးငွေ့လုံးတစ်ခု ဖြစ်ပေါ်သည်။

ထိုအစိမ်းရောင်အခိုးငွေ့လုံးမှာ ငြိမ်သက်နေခြင်းမရှိဘဲ ဆက်တိုက်လှုပ်ရှားမှု ရှိနေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် သူ့နတ်ဘုရားအာရုံကို အနည်းငယ်ကို ထိုအစိမ်းရောင်အခိုးငွေ့ထဲသို့ တန်းတန်းမတ်မတ် ပို့လွှတ်လိုက်၏။

ဝမ်လင်း၏အသွင်က ပြောင်းလဲသွား၏။ သူသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်မိလာသည်။ သူသည် ထိုအစိမ်းရောင်အခိုးငွေ့ကို စမ်းစစ်ကြည့်နေရင်း တခါတရံ ကျေနပ်သွားလိုက်၊ တခါတရံ စိတ်ရှုပ်ထွေးသွားလိုက် ဖြစ်နေတော့၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သူ့လက်ကို ညှစ်ချေလိုက်ရာ ထိုအစိမ်းရောင်အခိုးငွေ့လုံးသည် လွင့်ပြယ်သွားသည်။

“ခြောက်သွေ့တက်တူး…ဒါက တက်တူးကလန်ကသာ လုပ်နိုင်တဲ့ အရာတစ်ခုခုပဲ။ အပြင်လူတစ်ယောက်က ဒါကို လုပ်နိုင်ချင်ရင် တက်တူးကလန်ဝင် တစ်ယောက် ဒါကို အသက်ဝင်စေဖို့ ကူညီပေးတာ လိုအပ်လိမ့်မယ်။ ဒီတက်တူးရဲ့အစွမ်းကို ချိပ်ပိတ်ခြင်း၊ပျက်စီးစေခြင်း၊ လွတ်မြောက်ခြင်း၊ ချိုးဖျက်ခြင်းဆိုပြီး လေးပိုင်းခွဲလို့ရတယ်…”

ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ အဝါရောင်အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုအဆောင်ပေါ်၌ ရှုပ်ထွေးလှသောစာလုံးတစ်ခု ရှိနေ၏။၎င်းအဆောင်သည် သက်တမ်းကြာမြင့်ကာ အရောင်ဖျော့လို့နေပေပြီ။

မူလတုန်းက ဝမ်လင်းထံ၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ ရရှိခဲ့သော အဆောင်နှစ်ခု ရှိခဲ့၏။ သူက ၎င်းတို့ကို အချိန်အတန်ကြာ လေ့လာခဲ့သော်လည်း မည်သို့ အသုံးပြုရမှန်း သေချာ မသိခဲ့ပေ။ သူက ၎င်းအဆောင်ထဲမှ တစ်ခုကိုတော့ အလုံးစုံကောင်းကင်၌ ယောင်မိသားစုတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ချိန်၌ အသုံးပြုခဲ့ဖူး၏။

အစိမ်းရောင်အခိုးငွေ့မျးကို တွေ့မြင်ပြီးသည့်နောက် ဝမ်လင်းသည် သည်အဆောင်မှာလည်း ခြောက်သွေ့တက်တူး ဖြစ်ကြောင်း ဆုံးဖြတ်လာနိုင်သည်။

အဆောင်ပေါ်ရှိ ရှုပ်ထွေးသောစာလုံးကို သေချာကြည့်နေပြီးနောက် ဝမ်လင်းသည် စတင် စဉ်းစားကြည့်နေ၏။ခဏအကြာတွင် သူက သူ့ဘယ်လက်ညှိုးထိပ်ကို ကိုက်ကာ သွေးတစ်စက် ညှစ်ထုတ်လိုက်၏။ထို့နောက် သူ့ဘယ်လက်ဖြင့် အစိမ်းရောင်အခိုးငွေ့ကြား မှတ်တမ်းတင်ထားသည့် ချိပ်လက်ဟန်ကို ဖြစ်စေကာ ထိုသွေးစက်ထံသို့ ညွှန်လိုက်၏။

ထိုသွေးသည် လေထဲ၌ ချက်ခြင်း တန့်သွားကာ သွေးမျက်နှာပြင်ထက်၌ မရေမတွက်နိုင်သော အဖုလေးများ ပေါ်လာ၏။ ထို့နောက် ၎င်းသွေးစက်သည် အနက်ရောင်မြူအဖြစ်သို့ ပေါက်ကွဲထွက်သွားပြီး အဆောင်ရှိရာသို့ ဦးတည်သွားသည်။

၎င်းက မြန်ဆန်လွန်းလှကာ ချက်ခြင်းလိုလို အဆောင်ထဲသို့ ဝင်ရောက်သွားသည်။ဝမ်လင်းသည် အဆောင်ကို ကြည့်နေ၏။ သူ ခုလေးတင် အသုံးပြုလိုက်သည့် မန္တာန်မှာ သည်အဆောင်က မည်သည့်အမျိုးအစား ခြောက်သွေ့တက်တူး ဖြစ်သည်ကို စစ်ဆေးကြည့်ဖို့ ဖြစ်သည်။

ခဏအကြာတွင် အဆောင်သည် ရုတ်တရက် ရွှေ့လျားလာကာ အနက်ရောင်လေပွေတစ်ခု ဖြစ်ပေါ်လာ၏။ ထိုလေပွေ ထွက်ပေါ်လာသည့်အခိုက်အတန့်၌ ၎င်းသည် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ကို ပြောင်းလဲသွားစေသည်။

ထိုလေပွေအတွင်း၌ ခပ်ဝါးဝါး ငှက်အသွင် ပုံရိပတစ်ခု ပေါ်လာ၏။ထိုငှက်သည် လုံးဝ မဲနက်နေကာ ၎င်း၏မျက်လုံးတို့က တောက်ပ၏။ ၎င်းက လေပွေနှင့်အတူ ရိုက်ခတ်၍ ပျောက်ကွယ်လို့သွား၏။

“ဒါဟာ တက်တူးကလန်က အသက်သွင်းထားခဲ့ပြီးတဲ့ လွတ်မြောက်ခြင်း ခြောက်သွေ့တာအိုပဲ…” ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားကြီးတစ်လက် ထွက်ပေါ်လာ၏။ ထိုဓားမှာ သတ်ဖြတ်ခြင်းနယ်မြေကနေ သူရရှိခဲ့သည့် ဓား(၉၉)လက်ထဲမှ တစ်ခု ဖြစ်သည်။

သူက ဓားဆယ်လက်ကျော်ကို ပေါက်ကွဲစေခဲ့ပြီး ဖြစ်သော်လည်း အတော်များများ သူ့ထံ၌ ကျန်နေသေးသည်။

ခြောက်သွေ့တက်တူးကို ကိုင်ထားရင်း ဝမ်လင်းသည် ၎င်းကို ဓားကြီးပေါ်သို့ ချက်ခြင်း ဖိချလိုက်၏။ ထို့နောက် သူ့ညာလက်ဖြင့် ထူးဆန်းသောချိပ်လက်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ ထိုဓားထံသို့ ညွှန်၏။ လေပွေတစ်ခု ဓားပတ်လည်၌ ပေါ်လာကာ ထို့နောက် ချက်ခြင်းလိုလို ပျောက်ကွယ်သွားသည်။

၎င်း ပျောက်ကွယ်မှုက မြန်လွန်းလှသဖြင့် ဝမ်လင်းပင် ဝိုးတဝါးသာ တွေ့လိုက်ရသည်။ သူက သေချာကြည့်သည့်အခါ သူ့ရှေ့၌ ပျောက်ကွယ်သွားသော ဓားကြီးက ပေတစ်ရာအကွာတွင် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

“ဘယ်လောက်တောင် မြန်လိုက်သလဲ…” ဝမ်လင်းသည် ပေတစ်ရာအကွာရှိ ဓားကြီးကို စူးစိုက်ကြည့်နေရင်း အံ့အားတသင့်ဖြစ်ကာ ပင့်သက်ရှိုက်မိ၏။ ထိုလေပွေ ပျောက်ကွယ်သွားသည်နှင့် အဆောင်ပေါ်ရှိ စာလုံးမှာ အနည်းငယ် ပိုအရောင်ဖျော့သွားသည်။

“ငါစွမ်းအားအပြည့် အသုံးပြုမယ်ဆိုရင်တောင် ဒီအမြန်နှုန်းကို လိုက်နိုင်ဖို့ ငါ့အတွက် ခက်ခဲလွန်းတယ်။ ဒါက နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အမြန်နှုန်းနဲ့တောင် ယှဉ်နိုင်နေတာ ဖြစ်ကောင်းဖြစ်ကောင်နိုင်သေးတယ်။ ဒါကိုသာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းနဲ့ တွဲစပ်အသုံးပြုမယ်ဆိုရင်…”

ဝမ်လင်းမျက်လုံးသည် တောက်ပနေချေတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset