Switch Mode

အပိုင်း(၁၀၈၂):

အမှန်နဲ့အများကြားက ထာဝရကာလတရား

ဟင်းလင်းပြင်ထုကြီးအတွင်း၌ တောက်ပသောကြယ်စုကြယ်ဝေးများနှင့် ဥက္ကာခဲများအပြင် အဆုံးမဲ့ဖုန်မှုန့်ဖုန်မွှားများလည်း ရှိပေသည်။ထိုဖုန်မှုန့်တစ်ခုချင်းစီသည် အလွန့်အလွန် သေးငယ်လှ၏။ အချို့အမှုန့်အမွှားများကို ကျင့်ကြံသူတစ်ယောက်၏ နတ်ဘုရားအာရုံဖြင့် မြင်နိုင်သည် ဆိုသော်လည်း အများစုမှာမူ ကျင့်ကြံသူများပင် ထောက်လှမ်းမိနိုင်ကြခြင်း မရှိပေ။

စကြဝဠာအတွင်း၌ နိဗ္ဗာနဖြိုခွဲခြင်း ကျင့်ကြံသူများပင် သူတို့၏ နတ်ဘုရားအာရုံဖြင့် မထောက်လှမ်းနိုင်သည် အလွန်တရာသေးငယ်လှသော အက်တမ်ဖုန်မှုန့်များ ရှိပေ၏။

သို့သော် ထိုမျှသေးငယ်လှသည်ဆိုသော်လည်း ဤကဲ့သို့ဖုန်မှုန့်များအတွင်း၌ တခြားကမ္ဘာလောကများလည်း ရှိတက်ကြသည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေဟု ယနေ့အခေါ်၊အရင်အခေါ် ကောင်းကင်ဘုံစိတ်ဝိညာဉ် ကောင်းကင်နယ်မြေ အတွင်းရှိ ကောင်းကင်ဘုံအင်ပါယာချင်းလင်၏ လှိုဏ်ဂူမှာလည်း ဤသို့သော အမှုန်ငယ်လေးအတွင်း၌ တည်ရှိနေခြင်းပင်။

အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်မှလွဲ၍ သည်နေရာများထဲသို့ အခြားဝင်ပေါက် ရှိမနေခဲ့ပေ။ ထိုဖုန်မှုန့်အတွင်း ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူ၏ ဗဟို၌ ခမ်းနားသောနန်းတော်ကြီး တစ်ခု ရှိလို့နေ၏။

ထိုနန်းတော်မှာ ခရမ်းရောင်ဖြစ်ကာ ထည်ဝါမှုအော်ရာကို ပေးစွမ်းနေ၏။ နန်းတော်ကြမ်းပြင်ထက်၌ ဖယောင်းတိုင်(၉၉)တိုင်ကို နေရာချထား၏။ ဤအခိုက်အတန့်၌ ဖယောင်းတိုင်(၆၄)ခုသည် ငြှိမ်းသေနေခဲ့သည်။

.အနှီနန်းတော်ခန်းမအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ ကြမ်းပြင်ထက်၌ ပြာမှုန့်များသာ ရှိ၏။ ကျန်သည်ဖယောင်းတိုင် (၃၅)တိုင်မှာ တလက်လက်ဖြင့် ခန်းမအတွင်းကို အလင်းဖြာစေ၏။

ဤအခိုက်အတန့်၌ ခန်းမအပြင်ဘက်မှ လေပြင်းတစ်ခု တိုက်ခိုက်လာသည့်အလား ဖယောင်းတိုင်မီးသည် ဟိုယိမ်းဒီယိမ်း လှုပ်ခတ်လာ၏။ ကျန်နေသေးသည် ဖယောင်းတိုင် (၃၅)တိုင်တွင် (၂၃)တိုင်မှ မီးတောက်သည် ဆက်လက် ထွန်းလင်းနေဖို့ရာ ရုန်းကန်နေရဟန် ပေါ်၏။ သို့ရာတွင် တိုက်ခတ်လာသည့် လေပြင်းက အေးစက်လှကာ ၎င်းလေပြင်း တိုက်ခတ်သွားချိန်၌ လေပြင်းအတွင်း၌ မရေမတွက်နိုင်သော တက်တူးများ တဖျပ်ဖျပ် ဖြစ်လို့နေသည်။

အဆုံးသပ်တွင်တော့ ဖယောင်းတိုင်(၂၃)တိုင်မှာ တစ်တိုင်ပြီးတစ်တိုင် မီးငြှိမ်းသေသွားကြတော့၏။ ထိုဖယောင်းတိုင်များ မီးငြိမ်းသွားသည့်အခါ နန်းတော်ခန်းမသည် ပို၍ မှောင်လာခဲ့သည်။ ဖယောင်းတိုင်မှ ထုတ်လွှတ်နေသည့် အခိုးအငွေ့များက မိစ္ဆာတစ်ပါး တိတ်ဆိတ်စွာ ရယ်မောနေသလိုပင် ထင်မှတ်ရ၏။

ထိုအခိုးအငွေ့များက လွင့်ပြယ်သွား၏။ ဖယောင်းတိုင်(၂၃)တိုင် မီးငြိမ်းသွားသည့်အခိုက် ခန်းမထက်ရှိ ပလ္လင်ထက်၌ ထိုင်နေသော ပုံရိပ်တစ်ခုမှာ ပြင်းထန်စွာ တုန်ခါ၍ သွေးနက်များ အန်ထုတ်လိုက်တော့သည်။

သူ့ဒွာရပေါက်များကနေလည်း သွေးများ ထွက်နေ၏။

ခန်းမအထက်ရှိ တည်နေရာပုံစံက ခန်းမကဲ့သို့ပင် ဖြစ်၏။ သို့ရာတွင် ထိုနေရာတွင်မူ ဖယောင်းတိုင်များ ရှိမနေဘဲ ထိုအစား ပလ္လင်တစ်ခုသာ ရှိလို့နေ၏။

သူ့မျက်လုံးတို့က ဝေဝါးနေ၏။ အကယ်၍ ဝမ်လင်းသည် သည်နေရာကို တွေ့မြင်ပါက သူသည် ၎င်းနေရာမှာ သူ့မြေနိမ့်လမ်းညွှန်က သူ့အား ပြသခဲ့သည့်နေရာမှန်း သိရှိနေပေလိမ့်မည်။

သူ့အား အဝါရောင်သလင်း လက်ဆောင်ပေးခဲ့သည့် ဆန်းကြယ်သည့်သူမှာ အခု ပလ္လင်ထက်တွင် ထိုင်နေသည်သူ မဟုတ်လား။

“ဖယောင်းတိုင်(၂၃)တိုင် ငြိမ်းသေသွားပြီ။ (၁၂)တိုင်ပဲ ကျန်တော့တယ်။ နင်က သေသွားတာတောင် ငါ့ကို ဒီလိုနာကျင်စေခဲ့သေးတယ်။ နင် ငါ့အပေါ် ဒီလောက် မုန်းတီးသွားအောင် တကယ်ပဲ ငါ လုပ်ခဲ့တာလား…”

ထိုလူ၏မျက်နှာထက်ရှိ ခါးသီးမှုက နက်ရှိုင်းလှချေ၏။

“နင်တို့ တက်တူးကလန်က အပြင်ဘက်နယ်မြေကနေ ရောက်လာခဲ့တဲ့အချိန်မှာ နင်တို့ကလန်ဟာ ငါတို့နဲ့ မဟာမိတ်ပြုလိုခဲ့တယ်။ ငါက နင်တို့ကလန် နေထိုင်ဖို့အတွက် နယ်မြေတစ်ခု ဖွင့်လှစ်ပေးခဲ့တယ်။ ဒါပေမဲ့ နင်တို့ကလန် ရောက်ရှိလာပြီးတဲ့နောက် ကောင်းကင်ဘုံသားတော်တော်များများဟာ ပျောက်ဆုံးကုန်ကြတယ်။ ဒီလိုပျောက်ဆုံးရတဲ့ လက္ခဏာတွေအားလုံးဟာ နင်တို့ကလန်ရဲ့ လက်ချက်ဆိုတာကိုပဲ ညွှန်ပြနေခဲ့တယ်…”

“ငါ ပထမတော့ ဒါကို မယုံကြည်ခဲ့သေးဘူး။ ဒါပေမဲ့ ငါကိုယ်တိုင် တက်တူးကလန်ရဲ့ နယ်မြေကို သွားခဲ့တဲ့အခါမှာတော့ ငါက နင့်ကလန်သားတွေဟာ ကောင်းကင်ဘုံသားတွေရဲ့ စိတ်ဝိညာဉ်ကို နင်တို့ကလန်ရဲ့ အထွတ်အမြတ်တက်တူးကို အသက်သွင်းဖို့အတွက် ထုတ်ယူနေကြတာကို တွေ့ခဲ့ရတယ်…”

“နင်တို့အားလုံးက ဒီလိုလုပ်ခဲ့မှတော့ ငါတို့က စစ်ပွဲမစဘဲ ဘယ်နေလို့ ရတော့မလဲ။ ငါ ချင်းလင်ဟာ စိတ်မဆိုးဘဲ ဘယ်နေနိုင်တော့မလဲ။ ဒီလိုသာ မဖြစ်ပျက်ခဲ့ဘူးဆိုရင် ငါကောင်းကင်ဘုံအင်ပါယာ ဖြစ်လာခဲ့တဲ့နောက် ကြောက်လန့်စရာအကောင်းဆုံး ရက်စက်လှတဲ့ စစ်ပွဲကြီး ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။ ဒီလိုအချက်ကြောင့်သာ မဟုတ်ရင် ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြိုပျက်စေမယ့် ကပ်ဘေးကြီးကို ခုခံနိုင်စွမ်း မရှိတော့လောက်တဲ့အထိ ငါတို့ရဲ့ များပြားလှတဲ့ အသက်တွေ ဘယ်လိုလုပ် ဆုံးရှုံးခဲ့ပါ့မလဲ…”

“ဒါ့အပြင် ကောင်းကင်ဘုံနယ်မြေ ပျက်စီးစေတာကာ နင်တို့ရဲ့ အစီအစဉ်တွေထဲက တစ်ခုပဲ…”

“တက်တူးကလန်ဘိုးဘေးဆိုတာ ကိုယ်ပွားတစ်ခုပဲ။ နင့်အစစ်အမှန်ပုံရိပ်ဟာ အပြင်ဘက်နယ်မြေက အန္တိမသခင်ကြီးရဲ့ သမီးပဲ။နင် ဒီချိပ်ပိတ်နယ်မြေကို ရောက်လာခဲ့ရတဲ့ ရည်ရွယ်ချက်ဟာ နင်အစောပိုင်း ပြောခဲ့သလို မဟုတ်ဘဲ ဒီနယ်မြေအတွင်းမှာ ရှိတဲ့ အင်အားစုအားလုံးကို ဖျက်စီးဖို့ပဲ မဟုတ်လား…”

“နင်ဟာ ငါ့ရဲ့ ကောင်းကင်ဘုံလှိုဏ်ဂူကိုယ်လုပ်တော် ဖြစ်လာခဲ့ပြီး ပန်းအင်ပါယာကိုယ်လုပ်တော်ကို ပန်းစိတ်ဝိညာဉ်ဖြစ်အောင် နင် အတင်းလုပ်ခဲ့တယ်။ ဒါ့ကြောင့် သူမဟာ ဝင်ပေါက်မှာ စောင့်နေရတဲ့ ပန်းကောင်းကင်ဘုံသား ဖြစ်လာခဲ့ရတယ်။ သူမကို နင်ဘာလို့ အဲ့လို ဖြစ်အောင် လုပ်ခဲ့လည်း ဆိုတော့ သူမက နင့်အကြောင်းကို ရှာတွေ့သွားခဲ့လို့ပဲ။ငါ သတိထားလာတဲ့နောက် ငါကိုယ်တိုင် ဒီအဖြစ်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့လာခဲ့ရတယ်။ နင် ကျရှုံးခဲ့တယ်။ ဒါပေမဲ့ နင်က နောင်တမရတဲ့အပြင် ငါ့ကိုပါ နင်နဲ့အတူ ပြင်ပနယ်မြေရှိ နင်နဲ့အတူ လိုက်လာစေပြီး နင့်အဖေ အန္တိမသခင်ကြီးရဲ့ တပည့်ဖြစ်လာစေချင်ခဲ့သေးတယ်။ငါဟာ ကောင်းကင်ဘုံနယ်မြေရဲ့ ဂုဏ်သိက္ခာနဲ့ အင်ပါယာတစ်ပါး ဖြစ်တယ်။ငါ့မွေးရပ်မြေဟာ ချိပ်ပိတ်နယ်မြေ ဖြစ်တဲ့အပြင် ဒီနေရာရဲ့ အုပ်ချုပ်သူလည်း ဖြစ်တယ်။ ငါက ငါ့မွေးရပ်မြေကို ဘယ်လိုလုပ် သစ္စာဖောက်နိုင်ပါ့မလဲ…”

“နင့်မျက်လုံးတွေထဲမှာ ကမ္ဘာဦးအားတစ်ခု ပါဝင်နေတယ်။ဒါပေမဲ့ အဲ့တာကို အသက်သွင်းနိုင်ဖို့ပဲ နင်က ငါနဲ့အတူ အချိန်ပြုခဲ့တာ။ ဒီကမ္ဘာဦးအားဟာ ဒီချိပ်ပိတ်နယ်မြေကို ဖျက်စီးဖို့အတွက် နင့်အဖေ နေရာချခဲ့တယ့် မျိုးစေ့ပဲ။ ဒါသာ ပျံ့နှံ့သွားခဲ့ရင် ချိပ်ပိတ်နယ်မြေမှာ ရှိတဲ့ လူတိုင်းဟာ သေမျိုးတွေနဲ့အတူ ဖျက်စီးခံရလိမ့်မယ်။ဒါတွေအားလုံးဟာ ငါတို့ရဲ့ ချိပ်ပိတ်နယ်မြေကို အပျက်အစီးပုံ ဖြစ်သွားစေချင်တဲ့ သဘောပဲ။ငါတို့ရဲ့ ချိပ်ပိတ်နယ်‌မြေ ဒီလိုဖြစ်သွားမှသာ ကောင်းကင်ဘုံဂိတ်ပေါက်ဝ လို့ခေါ်တဲ့နေရာကို ရှာဖွေဖို့ နင်တို့အားလုံးအတွက် ပိုလွယ်ကူသွားစေမှာ မဟုတ်လား…”

“ငါက နင့်မျက်လုံးတွေကို ဖောက်ထုတ်ဖြစ်ခဲ့တာ ဟုတ်တယ်။ဒါပေမဲ့ အဲ့အချိန်တုန်းက နင်ခံစားရတဲ့ နာကျင်မှုထက် အဆသောင်းချီပိုတဲ့ နာကျင်မှုကို ငါ ခံစားခဲ့ရတာကော နင်သိလား…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက နင့်ကို မသက်ရက်ခဲ့ဘူး။ ဒါ့ကြောင့် နင့်ကို ကောင်းကင်ဘုံမြှပ်နှံခြင်း ရေကန်နဲ့အတူ ချိပ်ပိတ်ထားခဲ့တာ။ လူတိုင်းကိုတော့ နင် သေပြီလို့ ငါ ပြောခဲ့တယ်။ နင် ငါ့နှလုံးသားထဲက နာကျင်မှုကို သိခဲ့ရဲ့လား..”

“ချူးယောင်…နင် ငါ့ကို မုန်းခွင့် ရှိတယ်လို့ ထင်လား။ ဒီကနေ့ထိတောင် ဒီနေရာကို ရောက်လာဖို့ အတွက် ငါ ဖျားယောင်းခဲ့တဲ့လူတွေ စိတ်ထွေပြားသွားအောင်လို့ နင့်ကိုယ်ပွားကို တုံ့ဆိုင်းခြင်းမရှိ ဖျက်စီးပစ်ခဲ့သေးတယ်။ဒါ့အပြင် နင့်ကိုယ်ပွားရဲ့ ဖျက်စီးမှုအားကို အသုံးချပြီး ငါ့အသက်ဖယောင်းတိုင်(၂၃)တိုင်ကိုလည်း ငြှိမ်းစေခဲ့သေးတယ်…”

ထိုလူ၏မျက်နှာထက်၌ နာကျင်မှုတို့ ပြည့်နေ၏။ သူ့မျက်နှာထက်၌ အနက်ရောင်အခိုးငွေ့များ ဝန်းရံနေသည်။ထိုအနက်ရောင်အခိုးငွေ့များက မိစ္ဆာအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ကို ဝါးမြိုပစ်ချင်လာသလားဟုပင် ထင်ရသည်။

“နင် ငါ့ကို မုန်းဖို့ အခွင့်အရေး မရှိဘူး။ နင့်ရဲ့ တက်တူးကလန်ဝင် လက်ကျန်တွေဟာ ဒီချိပ်ပိတ်နယ်မြေအတွက် အန္တရာယ်ပဲ။ ဒါ့ကြောင့် ငါက သူတို့ကို ဘယ်လိုလုပ် ဒီအတိုင်း ရှိစေလို့ ရပါ့မလည်း။ ငါ့ချိပ်ပိတ်နယ်မြေရဲ့ နောက်မျိုးဆက်များစွာအတွက် အဆုံးမဲ့ဒုက္ခပြသနာ ဖြစ်စေမယ့် လူတွေကို ဘယ်လိုလုပ် ဒီအတိုင်း လွှတ်ပေးလို့ ရပါ့မလဲ။ သူတို့ တည်ရှိနေနိုင်ပါတယ်။ဒါပေမဲ့ ငါ့ကောင်းကင်ဘုံသားတွေအတွက် ထာဝရကျေးကျွန်အဖြစ်နဲ့ပဲ တည်ရှိခွင့် ပေးလို့ရတယ်။ငါ သူတို့ကို အသက်ရှင်လျက် ချန်ထားတယ်ဆိုတာ…အပြင်ဘက်နယ်မြေရဲ့ ငါတို့အပေါ် အားကောင်းလှတဲ့ သတ်ဖြတ်ချင်စိတ်ကို မေ့မသွားဖို့အတွက်ပဲ…”

ချင်းလင်၏မျက်နှာ ပတ်လည်ရှိ အနက်ရောင်အခိုးငွေ့များသည် ပို၍ အားကောင်းလာသည်။ ၎င်းအခိုးအငွေ့တို့က သူ့မျက်ခုံးနှစ်ခုကြားတွင် စုစည်းကာ ချိုးဖျက်လိုဟန် ဖြစ်နေကြသည်။ သို့ရာတွင် ၎င်းတို့က နှဖူးကြားထဲသို့ ဝင်ရောက်ရန် ချိုးဖျက်ခါနီး အခိုက်၌ အလင်းစက်ဆယ့်နှစ်ခုသည် ဖြစ်ပေါ်လာကာ ထိုအနက်ရောင်အခိုးငွေ့များ ချိုးဖျက်ဝင်ရောက်ခြင်းကနေ တားဆီးပေးလာသည်။

“ငါ့မှာ လုံလောက်တဲ့ အချိန် ရှိနေသေးလား…” သူက သက်ပြင်းချ၍ ဖြည်းဖြည်းချင်း မျက်လုံးပြန်မှိတ်သွားသည်။

ထိုအချိန်၌ ဝမ်လင်း၏ မျက်လုံးတို့က သူ့ရှေ့တည့်တည့်သို့ ကြည့်ကာ ကြမ်းကြုတ်ဟန် ပေါ်နေ၏။ သူသည် အဆုံးသပ်ကို မမြင်ရသည့် အဆုံးမဲ့ပင်လယ်ကြီးတစ်ခုအတွင်းသို့ ရောက်နေသည်။ သူ့ရှေ့၌ လှိုင်းများသာ ရှိ၏။ သူသည် ပင်လယ်ပြင်ထက်၌ ရပ်နေရင်း စဉ်းစားလို့နေ၏။

သူက ပန်းများအတွင်းရှိ အတားအဆီးကို ထိလိုက်မိပြီးနောက် သည်နေရာသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရခြင်း ဖြစ်သည်။ အခုသည်နေရာ၌ သူပထမဆုံး တွေ့မြင်ရသည်က သည်အပြာရောင်ပင်လယ်ပြင်ကြီးပင်။

“ငါ ဒီနေရာကို တည်နေရာရွှေ့ပြောင်းခံလိုက်ရတဲ့ အခိုက်မှာ ငါနဲ့ သိပ်မဝေးလှတဲ့ ပန်းတွေထဲမှာ တခြားတစ်ယောက်ကို ခပ်ရေးရေး တွေ့လိုက်ရသေးတယ်။ ဒီလူက နတ်ဆိုးစွမ်းအင်တွေနဲ့ ဖုံးလွှမ်းနေတာ။ ငါက သူမကို သိသလို ခံစားမိခဲ့တယ်…”

စဉ်းစားနေရင်း ဝမ်လင်းအသွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်၏။ သူသည် အကွာအဝေးတစ်ခုမှ နံရံတံတိုင်းကြီးတစ်ခုနီးပါး ဖြစ်ပေါ်နေသော လှိုင်းလုံးကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset