Switch Mode

အပိုင်း(၁၀၇၅):

ပုလင်းကို ချိုးဖျက်ခြင်း

မီးတောက်ပင်လယ်၏ စွမ်းအားက ဝမ်လင်း စိတ်ကူးနိုင်သည်ထက် လွန်နေ၏။ သူ့မျက်လုံးထဲရှိ မီးတောက်သည်လည်း ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်နေသည်။ ပုလင်းကမ္ဘာအတွင်းရှိ နယ်မြေများအားလုး ပျောက်ကွယ်သွားချိန်၌ သူသည် အနက်ရောင်မျှော်စင်နှင့် ကျန်ခဲ့သော ဆန်းကြယ်သည့်သူ သူ့အားပေးခဲ့သော အဝါရောင်သလင်းနှင့် သူ့သိုလှောင်အိတ်ကို ချက်ခြင်း ပြန်သိမ်းယူလိုက်သည်။

သူ့တွင် ထိုအဝါရောင်သလင်းကို စစ်ဆေးကြည့်နေဖို့ အချိန်မရှိပေ။ သူက ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်း၍ ပုလင်းကမ္ဘာ၏ နောက်ဆုံးနယ်မြေရှိရာသို့ ထွက်လာတော့သည်။

မီးတောက်ပင်လယ်သည် နယ်မြေ(၉၈)ခု တစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။ ၎င်းက ထိုနယ်မြေများကို ဖျက်စီး၍ တားဆီးမရသောအားတစ်ခုအဖြစ် နောက်ဆုံးအရံအတားဖြစ်သည့် နောက်ဆုံးနယ်မြေနှင့် ဝင်ဆောင့်သည်။

ပုလင်းကမ္ဘာ၏ နေရာတိုင်း၌ မြေကမ္ဘာတုန်ဟီးသံများ ထွက်ပေါ်လာကာ ပြင်းထန်သောအပူက လောကတွင် ခြုံလွှမ်းသည်။ ဝမ်လင်းသည် ထိုသို့ သက်ရောက်မှုကို အောင်မြင်အောင်လုပ်နိုင်ခြင်းမှာ သူသည် မီးတောက်မြောက်များစွာကို စုပ်ယူ၍ ပိုလျှံသည့် မီးတောက်များကို ပြန်စွန့်ထုတ်သောကြောင့်သာ ဖြစ်သည်။သူ့အတွက် အခုလိုမျိုးစွမ်းအားကို နောက်တစ်ကြိမ်ထပ်၍ ဖော်ထုတ်ရန်မှာ မဖြစ်နိုင်တော့ပေ။

နောက်ထပ် တစ်ယောက်ယောက်က အခုလိုမျိုး မီးတောက်ပင်လယ်ကြီးကို ဖြစ်စေအောင် ပြုလုပ်၊ဝမ်လင်းက ၎င်းမီးတောက်များကို သူ့အကန့်အသတ်ထိ ရောက်အောင် စုပ်ယူ၊ထိုသို့ဖြစ်မှသာ သူသည် နောက်တစ်ကြိမ် ခုလိုမျိုး မီးတောက်စွမ်းအားကို ထပ်၍ ထုတ်လွှတ်နိုင်ပေလိမ့်မည်။

ဝမ်လင်းခန္ဓာကိုယ်ပေါ်ရှိိ တောက်ပနေသော အနီရောင်မှာလည်း ဖြည်းဖြည်းချင်း ပြန်မှိန်ဖျော့သွား၏။သို့သော် ဟင်္သာငှက်တက်တူးအမှတ်အသားကမူ ကြက်သွေးရောင်နီနေဆဲပင်။ ထိုအမှတ်အသားက သူ့ကို ပြောမပြတတ်သည့်အော်ရာကို ပေးစွမ်းနေသည်။

ဟင်္သာငှက်၏ အမြီးတောင်အမွှေးက သူ့လည်ပင်းတွင် ရစ်ပတ်၍ သူ့မျက်ခုံးနှစ်ခုကြားတွင် ရပ်တန့်ကာ သူ့အနက်ရောင်ဆံပင်များနှင့် ရောထွေးပေါင်းစပ်နေသကဲ့သို့ပင်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သူ့အနက်ရောင်ဆံပင်များ ပတ်လည်၌ ခရမ်းရောင်မီးတောက်တစ်ခု ရှိိနေသကဲ့သို့ ထင်ရမည်။

ဟင်္သာငှက်နိုးထာလာခြင်းက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေခြင်းတော့ မရှိပေ။သို့သော် ထိုသို့ နိုးထမှုက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို ပြောင်းလဲစေ၏။ သူ့မူလစွမ်းအင်ထဲ၌ အဆုံးစွန်အပူဓာတ်တို့ ပါဝင်နေခြင်းက ဝမ်လင်း၏မန္တာန်များကို ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်ပေးနိုင်သည်။

သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကလည်း သည်မီးတောက်များနှင့် လိုက်လျောညီထွေ ဖြစ်သွားခဲ့ပြီးပင်။ထို့ကြောင့် ခုချိန်၌ သူသည် သူ့လက်တစ်ချက်ဝေ့ရုံဖြင့် မီးတောက်များကိုပါ ဆင့်ခေါ်နိုင်ပေပြီ။

ဝမ်လင်းသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်များကြား၌ အစွမ်းထက်ဆုံးဟု ဆိုနိုင်မည်။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကိုပါ ထည့်တွက်ပါက နိဗ္ဗာနသန့်စင်ခြင်း နောက်ဆုံးအဆင့်များပင် ဝမ်လင်း၏ကြောက်မက်ဖွယ်မန္တာန်၊ခန္ဓာကိုယ်စွမ်းအားတို့နှင့် ရင်ဆိုင်ရာ၌ ခေါင်းကိုက်သွားနိုင်သည်။

သို့ရာတွင် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှာ ကြယ်ငါးလုံးအဆင့်သာ ရှိ၏။ ထို့ကြောင့် သူ ထုတ်ဖော်နိုင်သည့်စွမ်းအားမှာလည်း အကန့်အသတ်ရှိသည်။ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်အားမျိုး ထုတ်ဖော်နိုင်မှုက သူ့အကန့်အသတ်ပင်။

ဝမ်လင်းသည် နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် ယှဉ်တိုက်နိုင်လို၏။ သို့သော် သူသည် ထိုသို့ ပြုလုပ်နိုင်ရန်မှာ သူကိုယ်တိုင် နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိဖို့ လိုအပ်သည်။

တကယ်တော့ ဒုတိယအဆင့်ကျင့်ကြံခြင်း၌ အဆင့်သေးတစ်ခုစီ ကွာခြားမှုတွင်ပင် ကြီးမားလှသည် မဟုတ်လား။

သွေးဘိုးဘေးသည် နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်နှင့် အချိန်အကြာကြီး တန့်နေခဲ့ကာ နောက်ဆုံးအဆင့်သို့ ရောက်နိုင်စွမ်း မရှိခဲ့ပေ။ထိုအရာကပင် အဆင့်တက်ဖို့ မည်မျှခက်ခဲကြောင်းကို ပြသနေ၏။

အမှန်တော့ မဟာကံကောင်းမှုကြီးတစ်ခုခု မကြုံရပါက ကျင့်ကြံသူများအတွက် နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးနှင့် အထွတ်အထိပ်အဆင့်တို့ကို ရောက်ဖို့ အလွန်တရာ ခက်၏။ ထိုသို့ အဆင့်တက်နိုင်ရန်မှာ မိမိကိုယ်ပိုင်နယ်ပယ် တိုးတက်လာရမည့်အပြင် လောကရှိဥပေဒသများကိုလည်း မည်သို့ ထိန်းချုပ်ရမည့်အား သင်ယူနိုင်ရသည်။

နိဗ္ဗာနသန့်စင်ခြင်းနောက်ဆုံးအဆင့်များဖို့ ဥပဒေသနှင့်မိမိနယ်ပယ်ကို ပေါင်းစပ်ဖို့ လို၏။ ထိုမှသာ သင်သည် နိဗ္ဗာနသန့်စင်ခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်ထိ ရောက်ကာ ကျင့်ကြံခြင်း၌ အမြင့်ဆုံးအဆင့်ဟု သိကြသည့် ကျင့်ကြံသူများ၏ အိပ်မက်ဖြစ်သည့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ တက်လှမ်းနိုင်မည်။

မီးတောက်ပင်လယ်က ပုလင်းကမ္ဘာအတွင်း နောက်ဆုံးနယ်မြေကို တရကြမ်း ထိပ်တိုက်တွေ့နေ၏။ ၎င်းထိပ်တိုက်တွေ့ချိန်တိုင်း ပုလင်းကမ္ဘာသည် တုန်ခါရသည်။

အဆုံးမဲ့မီးတောက်များက မြည်ဟိန်းကာ နောက်ဆုံးနယ်မြေကို အဆက်မပြတ် တိုးဝင်ကာ တရကြမ်း ဖျက်စီးနေ၏။နောက်ဆုံးနယ်မြေသည် နောက်ဆုံးတွင် ပျက်စီးသွားရချေသည်။

ကောင်းကင်သည်ပင် အစိတ်စိတ် ဖြစ်သွားသည့်အလား ထင်ရ၏။ ရှေးဟောင်းနတ်ဆိုးပေလာ၏ ပုံရိပ်က နောက်ဆုံးနယ်မြေတွင် ပေါ်လာ၏။

သူ့လက်ထဲပ မီးခိုးရောင်စာလိပ်တစ်ခုကို ဆုပ်ကိုင်ထားသည်။ထိုစာလိပ်ထဲမှ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်ကာ ပေလောထံသို့ တရကြမ်း တိုးဝင်နေ၏။ ထိုစာလိပ်မှာ စိတ်ဝိညာဉ်ရှိသည့်အလား ရှေးဟောင်းနတ်ဆိုး၏ ထိန်းချုပ်မှုကို ငြင်းဆန်နေသည့်ပုံပင်။ထို့ကြောင့် ၎င်းက ရုန်းကန်လို့နေ၏။

ပေလာ၏ အေးစက်စက်အကြည့်က ပျက်စီးနေသည့် နောက်ဆုံးနယ်မြေကို ထွင်းဖောက်ကာ ပုလင်းကမ္ဘာထဲရှိ လူတိုင်းကို သိမ်းကြုံးကြည့်ရင်း နောက်ဆုံးဝမ်လင်းထံသို့ ကျရောက်လာသည်။

ဤအခိုက်အတန့်၌ စာလိပ်မှ ထွက်ပေါ်နေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ပို၍ အားကောင်းလာနေ၏။ပေလောသည် အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့လက်ကို ဖြစ်ညှစ်လိုက်၏။ သူ့ညာမျက်လုံးထဲရှိ ကြယ်ခုနစ်လုံးသည် တဖျပ်ဖျပ် ဖြစ်လာကာ မြောက်များစွာသောနတ်ဆိုးစွမ်းအင်များ သူ့ညာလက်ရှိ စာလိပ်ထဲသို့ တရဟော ဝင်ရောက်သည်။

စာလိပ်ပေါ်ရှိ ချိပ်ပိတ်မှုများ ပျက်စီးသွားသကဲ့သို့ တစီစီအသံများ ထွက်ပေါ်လာ၏။ ထိုစာလိပ်က အညံ့မခန့်သည့်ဟိန်းသံကို ထုတ်လွှတ်နေသေးသည်။သို့သော် သိပ်မကြာခင်တွင် အစိမ်းရောင်အလင်းတစ်ခုက ၎င်းစာလိပ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ဟိန်းမြည်သံလည်း ပျောက်ကွယ်သွားသည်။ စာလိပ်မှ ထုတ်လွှတ်နေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးသွားကာ ထိုအစား အဆုံးမဲ့နတ်ဆိုးစွမ်းအင်များ အစားထိုးလာခဲ့သည်။စာလိပ်၏ အရောင်ပင် မီးခိုးရောင်ကနေ အစိမ်းရောင်အဖြစ်သို့ ပြောင်းသွားရသည်။

ထိုအရာများက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းသာ။ ကောင်းကင်သည်ပင် ပျောက်ကွယ်ကာ ပုလင်းကမ္ဘာထဲရှိ နယ်မြေ(၉၉)ခုလုံးသည်လည်း လွင့်ပျောက်သွားပေပြီ။ လူတိုင်းသည် မူလစကြဝဠာထဲသို့ ပြန်ရောက်ရှိလာသည့်အလား သည်နေရာက ကဗြောင်းကဗြန်ဖြစ်မှုများ၊မြူများနှင့်သာ ပြည့်လာတော့၏။

ထိုမြူများက တဝီဝီလည့်လည်၍ မီးတောက်များထဲသို့ နစ်မြုပ်၏။ဤအဖြစ်က မီးတောက်များကို လောင်စာပေးလိုက်သလိုပင်။ မီးတောက်များက ပို၍ ပြင်းထန်လာကာ ပြင်ပကမ္ဘာထဲသို့ ဖောက်ထွက်တော့သည်။

ထိုဖောက်ထွက်အားက လေကကို တုန်ဟီးစေရင်း သည်လေဟာနယ်ထိပ်ထံသို့ ဦးတည်သည်။

သစ်သားတံတားပေါ်ရှိ အနက်ရောင်မြူများကြား ထိုင်နေသောလူ ရှေ့မှ ပုလင်းသည် နီရဲလာကာ မြင့်မားသည်အပူချိန်ကို ထုတ်လွှတ်လာ၏။ ပုလင်းဝအဆို့သည်လည်း ပြင်းပြင်းထန်ထန် တုန်ယင်၏။

မြူနက်များကြားရှိ လူထံမှ အေးစက်စက်အကြည့် ပေါ်ထွက်လာ၏။ထို့နောက် သူက သူ့ခြောက်သွေ့သောညာလက်ဖြင့် ပုလင်းဆို့ထံသို့ ညွှန်၏။ မိစ္ဆာစွမ်းအင်များသည် သူ့လက်ချောင်းမှ ချက်ခြင်း ထွက်ပေါ်လာကာ ပုလင်းဆို့ကို ဖြတ်၍ ပုလင်းထဲသို့ ဝင်ရောက်သည်။

သို့ရာတွင် မိစ္ဆာစွမ်းအင်များသည် ပုလင်းအဆို့က‌နေ ပုလင်းထဲသို့ ဖြတ်သန်းခါနီး၌ ကောင်းကင်ဘုံအင်ပါယာလှိုင်ဂူအတွင်း တုန်ဟီးဖွယ် ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

သည့်နောက် အဖြူရောင်ကျောက်စိမ်းပုလင်း၏ ပုလင်းဆို့သည်လည်း မရေမတွက်နိုင်သောအပိုင်းအစများဖြစ်ကုန်တော့သည်။

ထိုပေါက်ကွဲအားက ပြင်းထန်သောလေပြင်းကို ဖြစ်စေကာ အနက်ရောင်မြူများကိုပင် သုံးလက်မခန့် နောက်ဆုတ်သွားစေသည်။

ထိုအခါ အနက်ရောင်မြူများကြားမှ ခပ်ဝါးဝါးပုံရိပ်တစ်ခု လှစ်ဟပေါ်လာသည်။

ထိုလူ၏ ကိုယ်ပေါ်၌ အနက်ရောင်ချပ်ဝတ်တစ်စုံ ရှိနေသည်မှာ သိသာပါသည်။၎င်းချပ်ဝတ်ပေါ်၌လည်း ရှုပ်ထွေးသောစာလုံးများ ရွေးထွင်းထားသေးသည်။ ၎င်းချပ်ဝတ်က အေးစက်စက်မိစ္ဆာစွမ်းအင်ကို လောကထဲသို့ ပေးစွမ်းနေသည်။

သူ့ခြောက်သွေ့သောလက်ချောင်းကလည်း နောက်ပြန်ကန်လာ၏။ပုလင်းအဆို့သည် ပေါက်ကွဲထွက်သွားလေပြီ။ ချပ်ဝတ်ခမောက်နောက်မှ သုန်မှုန်သောအကြည့်က ပုလင်းပေါ်သို့ ကျရောက်လာ၏။

ပုလင်းအဆို့ တစစီဖြစ်နေရင်း အနီရောင်မီးတောက်တစ်ခုသည် ပုလင်းအဝကနေ ထွက်ပေါ်လာ၏။ ထိုမီးတောက်က အံ့မခန်းအပူကို သယ်ဆောင်သည်။

သာမန်လူများသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို တွေးကြည့်နိုင်လိမ့်မည် မဟုတ်ပေ။အခုအဖြစ်က ကျောက်စိမ်းပုလင်းမှာ မီးတောင်၊ အခု မီးတောင်ဝက ပေါက်ကွဲထွက်လာသည်ဟု ဥပမာ ပေးနိုင်သည်။ မြောက်များစွာသော မီးတောက်များသည် နေရာအနှံ့သို့ ပျံ့နှံ့သည်။

၎င်းမီးတောက်များ၏ အပူချိန်မှာ မြင့်မားလွန်းလှချေ၏။ ၎င်းကပေါ်ထွက်လာသည်နှင့် သစ်သားတံတားမှာ စတင်လောင်ကျွမ်းလာသည်။ တံတားအောက်ရှိ မြစ်ရေများပင် ခြောက်ခမ်းကာ မြစ်ကြမ်းပြင် ပေါ်လာသည်။

ထို့နောက် သစ်သားတံတားသည် ပြာပုံဘဝသို့ ရောက်သွားတော့၏။

အနက်ရောင်မြူများကြားရှိလူကမူ ခြံဝင်းတစ်ခုထဲ၌ ထိုင်နေ၏။ထိုခြံဝန်းထဲတွင်လည်း အဆောက်အဦများစွာ ရှိသည်။သိပ်မဝေးသောနေရာတွင် ဝါးလုံးအချို့ ရှိ၏။ မူလက စိမ်းလန်းနေသော ဤနေရာမှာ ရုတ်တရက် မိစ္ဆာစွမ်းအင်များနှင့် ပြည့်နှက်လာကာ ချက်ခြင်း ပြောင်းလဲသွားသည်။အဆောက်အဦများသည် ညစ်သိုးသိုး ဖြစ်လာကာ ဝါးများသည်လည်း အစိမ်းရောင်ကနေ အနက်ရောင်အဖြစ်သို့ ပြောင်းသွားတော့သည်။

သို့သော် သည်နေရာက ကောင်းကင်ဘုံနယ်မြေလို စိမ်းလန်းနေပါစေ သို့မဟုတ် မိစ္ဆာနယ်မြေ ဖြစ်နေပါစေ ကိစ္စမရှိပေ။ မီးတောက်ပင်လယ်ရှေ့၌ ချက်ခြင်း ပြာပုံဘဝသို့ ရောက်သွားရပေသည်။

မီးတောက်ပင်လယ်များကြောင့် မြူနက်များသည် ပေရာချီလွင့်စင်၍ ၎င်းတို့ကြားရှိ လူ၏ ပုံပန်းသွင်ပြင်ပင် ထွက်ပေါ်လာရ၏။

သူ့မှိန်ဖျော့ဖျော့ဆံပင်များက ခရမ်းနက်ရောင်ချပ်ဝတ်နောက်တွင် မြောလွင့်နေ၏။ မီးတောက်များ ပေါ်လာသည့်အခိုက်တွင် သူသည် လေထဲသို့ ခုန်တက်လိုက်ရ၏။သူ့အသွင်က သုန်မှုန်လို့နေသည်။

ထိုအခိုက်၌ မီးတောက်များ ထိုးထွက်လာသည့် ပုလင်းအဝကနေ လူတစ်ယောက် ရုတ်တရက် လှမ်းလျှောက်ထွက်လာသည်။သူကတော့ ခေါင်းတုံးပြောင်ဖြစ်ကာ လက်ထဲတွင် အစိမ်းရောင်စာလိပ်ကို ကိုင်ထား၏။ထိုသူမှာ ရှေးဟောင်းနတ်ဆိုးပေလာပင်။

သူက ချပ်ဝတ်နှင့်လူကို ပြုံး၍ကြည့်သည်။ထို့နောက် ခေါင်းယမ်း၍ ဆိုသည်။ “အင်ပါယာရဲ့ သက်တော်စောင့်လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရိုင်းစိုင်းဓားသွားက ခုချိန်မှာ ရှေးဟောင်းမိစ္ဆာအတွက် ပြန့်ကြဲနတ်ဆိုးသာသာ ဖြစ်နေပြီပဲ။ သနားစရာပဲ…”

ထို့နောက် ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူ၊အရှင်လေဟာနယ်၊ စစ်ထူနန်နှင့် သက်လတ်ပိုင်းအမျိုးသမီးတို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။

သည့်နောက် ဘူးသီးခြောက်ပေါ်မှအဘိုးအို၊ ပုန်းကွယ်နေသောနဂါးအမှတ်အသားနှင့် ဝတ်စုံနက်၊ချန်ညီကိုသုံးယောက်၊ ခေါင်းကြီးကောင်လေးတို့သည်လည်း ပုလင်းထဲကနေ ထွက်လာကြသည်။ ထို့နောက်တွင် မိစ္ဆာစွမ်းအင်များဖုံးလွှမ်းနေသော အမျိုးသမီး၊အကြီးအကဲစွန်တို့သည်လည်း ထွက်ပေါ်လာကြ၏။

ဝမ်လင်းနှင့်တိမ်ကောင်းကင်စုံတွဲတို့မှလွဲ၍ ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ ဝင်ရောက်ခဲ့သူတိုင်း ထွက်ပေါ်လာခဲ့ကြပြီ။

ဤအခိုက်အတန့်မှာပင် ဝမ်လင်းသည်လည်း ပုလင်းဝထဲကနေ ထွက်လာခဲ့တော့သည်။သူထွက်ပေါ်လာသည်နှင့် လူတိုင်း၏အကြည့်က သူ့ထံသို့ ရောက်လာကြ၏။

အရှင်လေဟာနယ်၏အသွင်က ပုံမှန်ပင်။သို့သော် ဝမ်လင်းကို မြင်သည့်အချိန်၌ သူ့စိတ်ထဲတွင်မူ သတ်ဖြတ်ချင်စိတ်တို့ ပြည့်လာ၏။လင်းထျန်ဟူက စိတ်ရှုပ်ထွေးဟန် ရှိနေသည်။ သူက ဝမ်လင်းနှင့် ပို၍ သိလာလေလေ ဝမ်လင်းကို လျှော့တွက်၍မရဟု ပို၍ ခံစားမိလေ ဖြစ်နေသည်။

ရှေ့ဖြစ်ဟောသူက မျက်မှောင်မဆိုသလောက် ကျုံ့သွား၏။

အခြားလူများသည်လည်း အမျိုးမျိုးသောဟန်ပန်အမူအရာများ ဖြစ်ပေါ်ကုန်ကြသည်။ သက်လတ်ပိုင်းအမျိုးသမီး သို့မဟုတ် သူမ၏တပည့်လေးယောက် သို့မဟုတ် ဝတ်စုံနက်တို့၏ ဝမ်လင်းအပေါ် အကြည့်များကလည်း ခြားနားသွားခဲ့ပြီ ဖြစ်သည်။

ချပ်ဝတ်နှင့်ပြန့်ကြဲနတ်ဆိုးပင် ဝမ်လင်းကို အေးစက်စွာ ကြည့်လာ၏။

လူတိုင်းသည် မီးတောက်ပင်လယ် မည်သည့်နေရာကနေ ထွက်ပေါ်လာခဲ့သည်ကို သိရှိကြ၏။ သူတို့အားလုံးသည် မူလက သူတို့စိတ်ပူဖို့ မထိုက်တန်ဟု ယူဆထားသည့် ဝမ်လင်းကို ပြန်အမှတ်ရမိကြသည်။

သည်ဧရိယာကို မီးတောက်များက ဝန်းရံထားတုန်းပင်။ လူတိုင်း ထွက်ပေါ်လာသည်နှင့် ချပ်ဝတ်နှင့်လူက သွေးဆာသောအပြုံးကို ထုတ်ဖော်၏။ သူသည် လေထဲသို့ ပျံတက်ရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ သူ့ချပ်ဝတ်ထံမှ များလှစွာသော မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

မိစ္ဆာစွမ်းအင်များသည် သူ့လက်ထဲ၌ ဝဲကတော့နှစ်ခုအဖြစ် ဖြစ်တည်၍ အထက်သို့ ဆန်တက်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset