Switch Mode

အပိုင်း(၁၀၇၄):

ချိုးဖျက်ခြင်း(၂)

နတ်လေးပါးကလန်၌ ရှေးဟောင်းအချိန်တွေတည်းက တည်ရှိခဲ့သော လက်ဆင့်ကမ်းခဲ့သော စကားစု တစ်ခုရှိ၏။

ဤစကားစုမှာ နတ်လေးပါးနိုးထ၊ လိပ်နက်က အမြန်ဆုံး၊ကျားဖြူကာ အကြမ်းဆုံး၊ အဇူရာနဂါးက အသန်မာဆုံး၊ ဟင်္သာငှက်က အခက်အခဲဆုံး ဟူ၍ပင်။

နတ်လေးပါးကလန်၌ လိပ်နက်နိုးထာစေခဲ့သူများ မရှားလှပါ။ ထိုလိပ်နက်နိုးထာသူများသည် အန္တရာယ်အနည်းဆုံး ဖြစ်၏။ ကျားဖြူနိုးထစေသူများသည်လည်း အဆုံးစွန်ကြမ်းကြ၏။ ထိုကျားဖြူကို နိုးထာစေသူများသည် မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ပြီးမှ နိုးထတက်ကြ၏။

အဇူရနဂါးမှာ စွမ်းအားအကောင်းဆုံး ဖြစ်၏။၎င်းနိုးထလာသည်မှာ ဖြစ်တောင့်ဖြစ်ခဲပင်။ သို့သော် ၎င်းတို့က နိုးထာလာသည်နှင့် ကျရှုံးဖို့လည်း သိပ်မဖြစ်နိုင်တော့ပေ။ သူတို့က နိုးလာပြီးသည်နှင့် တဖြည်းဖြည်းချင်း အဇူရာနဂါးအင်ပါယာ ဖြစ်လာနိုင်သည်။

ဟိုးလွန်ခဲ့သော အတိတ်ဟောင်းက အဇူရာနဂါးအင်ပါယာသည် ထူးဆန်းစွာပျောက်ကွယ်သွားခဲ့မှု၊ ဟင်္သာငှက်အင်ပါယာသည် သူ့တတိယကောင်းကင်ဘုံဒုက္ခနှင့် ရင်ဆိုင်နေရချိန် (ဆိုလိုသည်က သူ့ကျင့်ကြံမှုအပြည့်အဝကို အသုံးမချနိုင်သည့်အခိုက်) ကြောင့်သာ မဟုတ်ခဲ့ပါက မဟာမိတ်နှင့်စစ်ပွဲတွင် ရလဒ်က အခုအချိန်နှင့် ကွာခြားခဲ့ပေမည်။

ဟင်္သာငှက်ကတော့ နတ်လေးပါးကလန်ကြား၌ အဇူရာနဂါးပြီးလျှင် နိုးထဖို့ အခက်ဆုံး ဖြစ်၏။ ဟင်္သာငှက်ကို အောင်မြင်စွာ နိုးထစေနိုင်သူများသည်လည်း စမ်းသပ်ချက်အခက်အခဲများစွာတွင် ရှင်သန်နိုင်မှ နတ်အင်ပါယာ ဖြစ်လာ၏။ ထို့ကြောင့် အရေအတွက်အားဖြင့် ဟင်္သာငှက်အင်ပါယာဖြစ်လာဖို့ နည်းနေတော့၏။

သူတို့သည် ဟင်္သာငှက်ကို နိုးထာစေချိန်၌လည်း နိုးထာလာစဉ်အတွင်း အံ့မခန်းအပူကြောင့် မသေဆုံးနိုင်ရန် ဒဏ္ဌာရီလာဟင်္သာငှက်ကာယကျင့်စဉ်ကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပေ၏။ထိုမှသာ ဟင်္သာငှက်ကို နိုးထာစေပြီးနောက် ဖြစ်ပေါ်လာမည့် အပူဒဏ်ကို တောင့်ခံနိုင်ပေမည်။

လူတစ်ယောက်သည် ဟင်္သာငှက်ကာယနည်းစနစ်ကို မပိုင်ဆိုင်ထားပါက သူတို့သည် အတွင်းပိုင်းနိုးထမှုကို အောင်မြင်အောင် လုပ်နိုင်ကြလိမ့်မည် မဟုတ်ဘဲ ပြင်ပအားကိုသာ နိုးထစေဖို့အတွက် မှီခိုရ၏။ ဟင်္သာငှက်နတ်ကလန်၏ ရှည်ကြာလှသော သမိုင်းစဉ်တစ်လျှောက်တွင် မည်သူကမျှ ထိုသို့အပြင်ပိုင်းအကူညီနည်းလမ်းဖြင့် အောင်မြင်ခဲ့ဖူးသည်ဟူ၍ မရှိခဲ့ပေ။

ဝမ်လင်းသည်လည်း အပြင်ပိုင်းအားကို ယူ၍ ဟင်္သာငှက်ကို နိုးလာစေခဲ့သည့်သူ တစ်ယောက်ဖြစ်၏။မီးတောက်များသည် စုစည်းလာနေရင်း အပူသည် ပိုပြင်းထန်လာနေ၏။ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ဝမ်လင်းသည် အစောကတည်းက အမှုန့်ဖြစ်နေလောက်ချေပြီ။

ဟင်္သာငှက်နတ်ကလန်၏ သမိုင်းစဉ်တစ်လျှောက် ပြင်ပအားကို အသုံးပြု၍ မည်သူကမျှ ပြင်ပအားဖြင့် နိုးထာစေခဲ့သူဟူ၍လည်း မရှိခဲ့ပါ။ သို့ရာတွင် ဟင်္သာငှက်အမှတ်အသားကို သူတို့၏ခန္ဓာကိုယ်စွမ်းအားဖြင့် နိုးထမှုကို တောင့်ခံနိုင်သော ရှေးဟောင်းနတ်ဘုရားတစ်ပါးကိုလည်း ဘယ်တုန်းကမျှ မပေးအပ်ခဲ့ဖူးပေ။

ဝမ်လင်းသည် ခုလက်ရှိ၌ ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် အပူဒဏ်ကို တောင့်ခံနေ၏။ သူ့အရေပြားများက ကွဲအက်နေတိုင်း အရေပြားအသစ်များ ခပ်မြန်မြန် အစားထိုးပေးနေ၏။ တဖြည်းဖြည်းဖြင့် သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်မှာ သည်လိုမြင့်မားသည့်အပူချိန်နှင့် လိုက်လျောညီထွေဖြစ်လာနေ၏။

မီးတောက်များက သည်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားခြင်း ဖြစ်၏။ ဟင်္သာငှက် မီးတောက်များကို စုပ်ယူနေရင်း သိပ်မကြာခင်တွင် မီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုမီးလုံးက ဖြစ်ပေါ်လာသည်နှင့် ဝမ်လင်းနှင့်ဟင်္သာငှက်တို့အား ဝန်းရံသွား၏။

ချက်ခြင်းလိုလိုပင် ဟင်္သာငှက်က နောက်တစ်ကြိမ် အော်မြည်လိုက်၏။၎င်း၏ နီရဲသောခန္ဓကိုယ်မှ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာပြီး သူ့အား ထွေးခြုံသွားသည်။သိပ်မကြာခင်တွင် ၎င်းသည် ဝမ်လင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် တက်တူအမှတ်အသားကဲ့သို့ အရာမျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။

ခုချိန်၌ ဝမ်လင်းသည် အက်ကြောင်းများနှင့် ဖုံးနေ၏။ အနီရောင်ဟင်္သာငှက်အမှတ်အသားတက်တူးနှင့် တွဲစပ်၍ ကြည့်ပါက မထင်မှတ်စွာဖြင့် သူ့အသွင်သည် ထည်ဝါနေတော့သည်။အထူးသဖြင့် ကြယ်များအလား တောက်ပနေသည့် သူ့မျက်လုံးများပင်။

မီးလုံးသည် ဝမ်လင်းကို လျင်မြန်စွာ ဝါးမြိုဖို့ ကြိုးစားရင်း တဖြည်းဖြည်း ကြီးမားလာနေ၏။

သိပ်မကြာခင်တွင် အဖျက်အစီးအားတစ်ခု ပေါ်လာ၏။ မီးတောက်များ စုစည်းနေရင်း မီးလုံးသည် ပိုပိုကြီးမားလာ၏။

မည်သို့ဖြစ်ပျက်နေသည်ကို ဖော်ပြန်ရန်မှာ ခက်ခဲလွန်းလှ၏။ လူတစ်ယောက်သည် အထက်စီးမှ ကြည့်ပါက မီးတောက်ပင်လယ်ကြီး ကျုံ့နေသည်ကိုတော့ တွေ့မြင်နိုင်ပေမည်။

ထိုအဆုံးမဲ့မီးတောက်များသည် မီးအလုံးကို ဗဟိုပြုကာ ကျုံ့နေ၏။ မီးတောက်များ မီးလုံးထဲသို့ ပို၍ ဝင်လာလေလေ ကျုံ့သည့်နှုန်းက အကန့်အသတ်တိုင်လာ၏။

မီးတောက်လုံးမှာလည်း ကြီးမားသထက် ကြီးမားလာကာ ကောင်းကင်ယံထိ ရောက်ရှိလာ၏။သည်နယ်မြေရှိ မီးတောက်များအားလုံးမှာ မီးလုံးထဲသို့ စုစည်းလာခဲ့ကြလေပြီ။

ဤအခိုက်အတန့်၌ မီးလုံးကြီးကလွဲ၍ ကျန်သည့်မီးတောက်များ လုံးဝ မကျန်ရှိတော့ပေ။ မန်ဟိုင်၏ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း မန္တာန်ဖြင့် ဆင့်ခေါ်ခဲ့သည့် အဆုံးမဲ့မီးတောက်များအားလုံးသည် ယခုမီးလုံးထဲအတွင်းတွင် ရှိနေကြလေပြီ။

ခုချိန်၌ ကောင်းကင်အနှံ့၌ အနက်ရောင်အခိုးငွေ့များ ခြုံလွှမ်းနေကာ မီးလုံးအနားပတ်လည်တွင် ရှိနေ၏။

အခိုးအငွေ့များ မီးလုံးဘေးနားသို့ ဝန်းရံသည့်အခိုက် မိစ္ဆာစွမ်းအင်မြောက်များစွာမှာ ကောင်းကင်ထက်တွင် ပေါ်လာသည်။ ၎င်းက အနက်ရောင်မြူလွှာအဖြစ်သို့ ပြောင်းလဲ၍ တဟုန်ထိုး ဝင်လာနေသည်။

မိစ္ဆာစွမ်းအင်များ ဆင်းသက်လာနေရင်း ၎င်းသည် မိစ္ဆာပုံရိပ်ကြီးတစ်ခုဖြစ်ပေါ်သည့်အထိ စုစည်းမိလာသည်။ ၎င်းသည် မီးလုံးထံသို့ တဟုန်ထိုး တိုက်ရိုက် ဝင်လာသည်။

သို့သော် ၎င်းမိစ္ဆာအရိပ်က မီးလုံးထံမှ အပူဒဏ်ကို ချက်ခြင်း ခံစားရ၏။၎င်းက ရပ်တန့်သွားကာ နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်သွားသေး၏။ ထို့နောက် ၎င်းက မီးတောက်လုံးကို စူးရဲစွာ ကြည့်၍ ၎င်းမိစ္ဆာအရိပ်၏မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်သည် ပိုပြင်းထန်လာနေသည်။

ဝမ်လင်းသည် ဤဧရာမမီးတောက်လုံးကြီးအတွင်း၌ မျက်လုံးမှိတ်ထားလျက် ရှိ၏။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ဟင်္သာငှက်အမှတ်အသားသည် လွန်စွာ တောက်ပ၍ မီးတောက်များအားလုံးကို စုပ်ယူနေရင်း ဝမ်လင်းက ဝါးမြိုပစ်နေသည်။

ထိုအဖြစ်က ဝမ်လင်း၏ခန္ဓာကိုယ်ကို ပို၍ သန်မာလာစေကာ အပူချိန်သည်း မြင့်မားသည့်အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာ၏။ ဝမ်လင်း၏မူလစွမ်းအင်တို့ပင် ပြောင်းလဲလာကာ ကြောက်မက်ဖွယ်အပူဓာတ်တို့ ပါဝင်လာသည်။

ဝမ်လင်းက မှိတ်ထားသော မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။ သူမျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် သူ့အရေပြားပေါ်ရှိ အက်ကြောင်းများအားလုံးသည် တစစီဖြစ်ကုန်ကာ သူ့နီမြန်းသောအရေပြားတစ်ခု ထွက်ပေါ်လာ၏။

ဝမ်လင်းမျက်လုံးဖွင့်လိုက်ချိန်၌ အံ့မခန်းမုန်တိုင်းတစ်ခု ဖြစ်တည်သည်။ ဟင်္သာငှက်တက်တူးအမှတ်အသားသည် သူ့ခန္ဓာကိုယ်ကနေ ပျံသန်းထွက်၍ သူ့ပတ်လည်တွင် မြန်ဆန်စွာလှည့်ပတ်နေ၏။

ဝမ်လင်းအား ဝန်းရံထားသည့် မီးတောက်လုံးသည် အံ့မခန်းနှုန်းနှင့် ကျုံ့လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတော့သည်။ မိစ္ဆာအရိပ်က ချက်ခြင်း လှုပ်ရှားလာ၏။၎င်းက ကျုံ့နေသောမီးလုံးနောက်သို့ တိုးဝင်လာရင်း မိစ္ဆာစွမ်းအင်များ လောကတွင် ပြည့်နှက်လာသည်။

ဧရာမမီးလုံးကြီးသည် အချိန်တိုအတွင်း မြန်ဆန်စွာ ကျုံ့၍ ကျယ်လောင်စွာ မြည်ဟိန်းကာ ဝမ်လင်းခန္ဓာကိုယ်အတွင်းသို့ လုံးဝ ဝင်ရောက်သွားတော့သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်းရှိနေသော ပုလင်းကမ္ဘာ၏ နယ်မြေတါင် မီးတောက်အကြွင်းအကျန်တစ်စပင် မရှိတော့ပေ။

သူ့နီရဲသောအသားအရေ၊ဟင်္သာငှက်အမှတ်အသား၊သူ့တောက်ပ လောင်ကျွမ်းသောမျက်လုံးတို့က ဝမ်လင်းကို ဟင်္သာငှက်နတ်အင်ပါယာတစ်ပါးလို ဖြစ်နေစေတာ့၏။

မီးတောက်များ လွင့်ပြယ်သွားသည်နှင့် မိစ္ဆာအရိပ်က နီးကပ်လာ၏။ ၎င်းက နီးကပ်လာသည့်အခါ အဆုံးမဲ့မိစ္ဆာစွမ်းအင်များသည် အနက်ရောင်မြူများအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းကို ခြုံလွှမ်းကာ သူ့အား အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန် တာဆူလာသည်။

သို့ရာတွင် ၎င်းမိစ္ဆာအရိပ် နီးကပ်လာချိန်၌ ဝမ်လင်းမျက်လုံးထဲ၌ မီးတောက်များ ပေါ်လာခဲ့သည်။ သည့်နောက် သူ့ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်မီးများ ပေါက်ကွဲထွက်ပေါ်လာ၏။

ဝမ်လင်းသည် မီးတောက်များစွာကို ဝါးမြိုပစ်ခဲ့၏။ထိုမီးတောက်များကို သူ့ခန္ဓာကိုယ်ကို လုံလောက်အောင် စုပ်ယူပြီးချိန်၌ပင် များစွာ ပိုနေသေး၏။၎င်းပိုလျှံသည့် မီးတောက်များကိုသာ သူ့ခန္ဓာကိုယ်အတွင်း၌ ဆက်ထိန်းသိမ်းထားပါက သူ့ကို ဘေးဖြစ်စေနိုင်သည်။ထို့ကြောင့် သူက ၎င်းပိုလျှံသည့် မီးတောက်များကို ပေါက်ကွဲထွက်စေကာ ထုတ်လွှတ်လိုက်ခြင်းပင်။

ထွက်ပေါ်လာသည့် မီးများက ကောင်းကင်ဘုံလောင်ကျွမ်းခြင်းမှ မီးတောက်များနှင့် ခြားနားပေ၏။ ၎င်းမီးများထဲ၌ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း စွမ်းအားအပြင် ဟင်္သာငှက်နတ်မီးတောက် အမျှင်တန်းတစ်ခုလည်း ပါဝင်နေပေသည်။

ပေါက်ကွဲထွက်လာသည်နှင့် မီးတောက်ပင်လယ်ကြီးက ကောင်းကင်နှင့်မြေကြီးကို ခြုံလွှမ်းသွား၏။၎င်းက ပျံ့နှံ့လာနေရင်း အနက်ရောင်မြူများကြားရှိ ပုန်းကွယ်နေသော မိစ္ဆာအရိပ်လူနှင့် ထိပ်တိုက်တွေ့တော့သည်။

မိစ္ဆာအရိပ်ထံမှ ထိတ်လန့်နာကျင်ဖွယ် အော်သံ တစ်ခု ထွက်ပေါ်လာ၏။၎င်း၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားကာ မြန်ဆန်စွာ ဆုတ်၏။

သို့သော် နောကျသွားပေပြီ။

၎င်းက နောက်ဆုတ်နေရင်း မီးတောက်ပင်လယ်သည် ဒေါမာန်ကြီးသည့် လှိုင်းများပမာ မိစ္ဆာအရိပ်ကို ခြုံလွမ်းလာ၏။ မိစ္ဆာအရိပ်က မီးတောက်ပင်လယ်ထဲ၌ နာကျင်စွာအော်ဟစ်ရင်း မြန်ဆန်စွာ လွင့်ပြယ်နေ၏။နောက်ဆုံးတွင်တော့ ၎င်းမိစ္ဆာအရိပ်၏ အစိတ်အပိုင်းငယ်တစ်ခုကသာ မီးတောက်ပင်လယ်ကို ချိုးဖျက်ကာ ထွက်ပြေးသွားနိုင်သည်။

သို့ရာတွင် ၎င်းမိစ္ဆာအစိတ်အပိုင်းက မီးတောက်ပင်လယ်၏စွမ်းအားကို လျှော့တွက်ခြင်းပင်။ ဟင်္သာငှက်၏နတ်မီးတောက်နှင့် ကောင်းကင်ဘုံကျွမ်းလောင်ခြင်းမန္တာန်တို့မှ ပေါင်းစပ်ထွက်ပေါ်လာသည့် မီးတောက်၏ အပူရှိန်မှာ အစောပိုင်း ကောင်းကင်ဘုံလောင်ကျွမ်းခြင်းမန္တာန်မှ ဆင့်ခေါ်ခဲ့သည့် မီးတောက်များထက် အဆများစွာ ပိုအားကောင်းပေ၏။

၎င်းမီးတောက်က ဝမ်လင်းရှိနေသော နယ်မြေကိုသာ လောင်ကျွမ်းပစ်ခြင်း မဟုတ်ဘဲ ပုလင်းကမ္ဘာထဲရှိ အခြားနယ်မြေများအားလုံးထိပါ လောင်ကျွမ်းမှု ကူးစက်စေနိုင်သည်။

မီးတောက်လှိုင်းများ တဝုန်းဝုန်း ပျံ့နေရင်း ကောင်းကင်ထက်၌ပင် အက်ကြောင်းများ ပေါ်လာကာ ပြိုပျက်ရသည်။ထိုပြိုပျက်မှုသည် သည်နယ်မြေတစ်ခုတည်းတွင် ဖြစ်သည်မဟုတ်။ မီးတောက်များက အခြားနယ်မြေများထိပါ ဆက်လက်၍ ချဲ့ကားနေခြင်းပင်။၎င်းမီးတောက် ဖြတ်သန်းသွားသည့်နေရာတွင် လောင်ကျွမ်းပြိုပျက်သွားရ၏။

ဝမ်လင်းရှိနေသော နယ်မြေ ပြိုပျက်စီးပြီးနောက် ပုလင်းကမ္ဘာထဲရှိ နောက်ထပ်နယ်မြေတစ်ခု ပေါ်ထွက်လာ၏။

ထိုနယ်မြေသည်လည်း သဲနက်များနှင့် ပြည့်နေ၏။ မီးတောက်မြောက်များစွာသည် ၎င်းသဲနက်နယ်မြေထဲသို့ တရကြမ်း တိုးဝင်လာ၏။ မီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေရာ အနှီနယ်မြေသည်လည်း စတင်ပျက်စီးလာရသည်။

ဝုန်း…၊ဝုန်း…၊ဝုန်း…ဝုန်း…။

ပုလင်းကမ္ဘာထဲရှိ နယ်မြေများ မီးတောက်ကြောင့် တစ်ခုပြီးတစ်ခု ပျက်စီးနေရင်း တဝုန်းဝုန်းအသံများ ထွက်ပေါ်နေ၏။ နယ်မြေတစ်ခု ပျက်စီးသွားသည့်နောက် မီးတောက်များသည် နောက်ထပ်နယ်မြေသို့ တရကြမ်းဝင်လာကာ ၎င်းနယ်မြေကိုလည်း ပျက်စီးစေနေသည်။

ကြွင်းကျန်သည့်မိစ္ဆာအရိပ်သည် နယ်မြေတစ်ခုကနေ လွတ်မြောက်နိုင်စွမ်းရှိ၏။ သို့သော် ၎င်းသည် နယ်မြေ(၉၉)ခုလုံးတစ်လျှောက်တွင်မူ လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။နယ်မြေ(၁၃)ခုပြီးသည့်နောက် ထိုမိစ္ဆာအရိပ်အကြွင်းအကျန်သည် နာကျင်စွာအော်ဟစ်၍ ပျောက်ကွယ်လောင်ကျွမ်းသွားရတော့သည်။

သို့ရာတွင် ထိုနယ်မြေများ ပြိုကျပျက်စီးမှုသည် အဆုံးသပ် မဟုတ်သေးပါ။ ခုမှ အစပြုရုံ ဖြစ်၏။ မီးတောက်များသည် ဆက်လက်ပျံ့နှံ့နေရင်း မုန်တိုင်းတစ်ခုဖြစ်လာကာ နယ်မြေများ တစ်ခုပြီးတစ်ခုကို ဖျက်စီးလာသည်။

ဤအခိုက်၌ နောက်ထပ်နယ်မြေတစ်ခု ပျက်စီးလာ၏။ စစ်ထူနန်က ထိုနယ်မြေအတွင်းကနေ ဒေါသတကြီး အော်ဟစ်လာသည်။

“ဘယ်ခွေးကောင်က ဒီအဘိုးအို ကျင့်ကြံနေတာကို နှောက်ယှက်ဝံ့တာလဲကွ…”

သူသည် ထိုသို့ အော်ဟစ်လိုက်ပြီးနောက် ထိတ်လန့်တကြား ဖြစ်သွားကာ တိုးဝင်လာသည့် မီးတောက်ပင်လယ်ကနေ လွတ်အောင် ထွက်ပြေးရတော့သည်။

“သေစမ်း…ဒါက ဘယ်လို မီး အမျိုးအစားလဲဟ…”

စစ်ထူနန်က ထိုသို့ အလန့်တကြား အော်ဟစ် ထွက်ပြေးသည့်အခိုက် သူရှိနေသော နယ်မြေသည် ပျက်စီးသွားကာ နောက်ထပ်နယ်မြေတစ်ခု ပေါ်လာ၏။

လင်းထျန်ဟူသည် ကောင်းကင်ကို ဆုတ်ဖြဲလိုသည့်အလား စူးစိုက်ကြည့်နေ၏။ ထိုအခိုက် ကောင်းကင်ထက်မှ အဆုံးမဲ့မီးတောက်များ သက်ဆင်းလာသည်။သူ့ဦးရေပြားပင် ထုံထိုင်းသွားကာ သူသည် ထိုမီးတောက်များက တုံ့ဆိုင်ခြင်းမရှိ ရှောင်လိုက်ရ၏။

ထိုမီးတောက်များက ရပ်တန့်ခြင်းမရှိဘဲ အတားအဆီးနယ်စပ်များကို ဖျက်စီးချေမွနေသည်။ ထိုမီးတောက်များ၏ ဖျက်စီးအားက ဝမ်လင်းရှိနေခဲ့သော နယ်မြေမှ စထွက်လာသည့်အတိုင်းပင်။ သည်လိုနှင့် ပုလင်းကမ္ဘာထဲရှိ နယ်မြေများသည် ပျက်စီးသံများ ထွက်ပေါ်နေတော့၏။

ရှေ့ဖြစ်ဟောသူသည် ပျက်စီးပြိုပျက်နေသော ကောင်းကင်ထက်၌ ပေါ်လာ၏။ သူက သူ့အောက်ရှိ လူတိုင်းကို စူးစိုက်ကြည့်ရင်း စဉ်းစားနေသည်။ မီးတောက်များ ဖြတ်သန်းသွားသည့်အခိုက် သူက ဘေးတစ်ဖက်သို့ ခြေလှမ်းလိုက်ရာ ၎င်းမီးတောက်များသည် သူ့ညာဘက်ခြမ်းကနေ ဖြတ်ကျော်သွားလေသည်။

လင်းထျန်ဟူ၊စစ်ထူနန်၊ ရှေ့ဖြစ်ဟောသူတို့သာ ထိုမီးတောက်၏စွမ်းအားကို ခံစားရသည် မဟုတ်။ နယ်မြေ(၉၉)ခုလုံးရှိ လူအားလုံး ဤမီးတောက်၏အစွမ်းကို ခံစားရခြင်းပင်။

နယ်မြေများ တစ်ခုပြီးတစ်ခု ပျက်စီးနေရင်း ပိုပိုများပြားသည့်သူများသည် ပြိုပျက်နေသည့်ဟင်းလင်းပြင်တွင် ပေါ်လာနေကြသည်။ ခေါင်းကြီးကောင်လေး၊ ချန်ညီကိုသုံးယောက်၊ ဘူးသီးခြောက်ပေါ်ရှိ အဘိုးအို၊ ဝတ်စုံနက်နှင့် အရှင်လေဟာနယ်တို့ပင် ပါသေး၏။

သို့သော် ဤပျက်စီးမှုက အဆုံးမသပ်သေးဘဲ ဆက်လက် ပျံ့နှံ့နေသေးသည်။ မည်သူကမျှ ထိုမီးတောက်၏အားကို ရပ်တန့်နိုင်ခြင်း မရှိသကဲ့သို့ပင်။ ၎င်းသည် ပိုပိုအားကောင်းလာရင်း ပုလ္လင်းကမ္ဘာရှိ နောက်ဆုံးနယ်မြေရှိရာသို့ တိုးဝင်လာတော့သည်။

ထိုနောက်ဆုံးနယ်မြေ ဖျက်စီးခံလိုက်ရပြီးပါက သူတို့သည် ဤအဖြူရောင်ကျောက်စိမ်းပုလင်း ဝါ ပုလင်းကမ္ဘာထဲကနေ ထွက်ခွာနိုင်ကြမည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset