ရှေ့ဖြစ်ဟောသူသည် တစ်ယောက်သာ ထိုသို့ တုန့်ပြန်မိခြင်း မဟုတ်ပေ။ ပုလ္လင်းကမ္ဘာရှိ နောက်ထပ်နယ်မြေတစ်ခုတွင် မဟာမိတ်အကြီးအကဲ ခေါင်းဆောင် အရှင်ကျုံးရွှမ်၏ ဂျူနီယာညီ အရှင်လေဟာနယ်သည်လည်း အစိမ်းရောင်တစ်တိုက်တစ်ခုပေါ်၌ ရွှေ့လျားနေ၏။ သူ့လက်ထဲ၌ ခရမ်းစိမ်းရောင်ကျောက်စိမ်းတစ်ခုကို ကိုင်ထားသည်။ထိုကျောက်စိမ်းအရောင်က မရေမတွက်နိုင်သော ကီလိုမီတာများစွာအထိ တောက်ပလို့နေ၏။
အရှင်လေဟာနယ်တစ်ဦးတည်းတော့ မဟုတ်ပေ။ သူသည် ကျင့်ကြံမှုအဆင့်အလွန်မြင့်မားသည့်သူ ဖြစ်ရာ သူ ရောက်ရှိခဲ့သည့် ဦးဆုံးနယ်မြေကို ချိုးဖျက်ပြီး သည်ပုလင်းကမ္ဘာ၏ အခြားနယ်မြေများကိုပါ ဆက်လက်ချိုးဖျက်ခဲ့ပေသည်။
သူ့နောက်၌ လှပသောသက်လတ်ပိုင်းအမျိုးသမီးနှင့် တပည့်လေးယောက်လည်း ရှိနေသည်။
“ငါ မမှားဘူးဆိုရင် ဒီနေရာဟာ အင်ပါယာချင်းလင်ရဲ့ နာမည်ကျော်ပုလင်းကမ္ဘာပဲ။ ပြောကြတာကတော့ ချင်းလင်ဟာ ကျူးကျော်သူ တက်တူးကလန်ဝင် သုံးဆယ့်ကိုးယောက်ကို သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ တော်ဝင်အမွေအနှစ်ကို သိမ်းပိုက်ခဲ့တယ်တဲ့။ အဲ့နောက်မှာ ဒီတော်ဝင်အမွေအနှစ်တွေကို အစွမ်းထက်မန္တာန်တစ်ခုနဲ့ သန့်စင်မွန်းမံပြီး ဒီပုလင်းကမ္ဘာထဲမှာ သူပေါင်းစပ်နိုင်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီးခဲ့တယ်လို့ ဆိုကြတယ်…”
“ဒါက ဘယ်လောက် မှန်နိုင်လဲတော့ မသိရဘူး။ ဒါပေမဲ့လည်း မဟာမိတ်ရဲ့ မှတ်တမ်းတွေအရ ဒီပုလင်းကမ္ဘာကို ချင်းလင်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေ စုဆောင်းဖို့ရာအတွက် အသုံးပြုခဲ့တယ်လို့ ဆိုတယ်။ကောလဟာလဆိုကြတာကတော့ ဒီရတနာဟာ ကြယ်အဖွဲ့အစည်းကြီးလေးခု အနားပတ်လည်မှာ ရှိတဲ့ ကမ္ဘာ့ချိပ်ပိတ်မှုကိုတောင် ချိုးဖျက်နိုင်တယ်လို့လည်း ပြောကြတယ်…”
အရှင်လေဟာနယ်သည် သူ့လက်ထဲရှိ ခရမ်းစိမ်းရောင်ကျောက်စိမ်းကို ကြည့်နေရင်း စကားဆိုနေခြင်းပင်။
သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်၍ စကားပြောဟန် ပြင်လိုက်စဉ် ရုတ်တရက် ကောင်းကင်သည် တုန်ယင်လာ၏။ ကောင်းကင်ထက်၌ ကြီးမားသော ပြောင်းလဲမှုဖြစ်လာကာ မြေပြင်ထုသည်ပင် တုန်ခါလေ၏။
တချိန်တည်းမှာပင် အော်မြည်သံတစ်ခုသည် အရပ်မျက်နှာအနှံ့ကနေ မြည်ဟိန်းလာသည်။
ဟင်္သာငှက်အော်မြည်သံသည် လောကအနှံ့ မြည်ဟိန်းလေ၏။
သက်လတ်ပိုင်းမိန်းမလှက ထိုဟင်္သာငှက်အော်သံကို ကြားလိုက်ရသည့်အခါ သူမ၏အသွင်သည် ကြီးမားစွာ ပြောင်းလဲသွားသည်။ သူမသာမက ပန်းရောင်ဝတ်စုံနှင့် တောက်ပသောလေဟာနယ် သခင်မ ဟု ထင်ကြေးရှိသည့် အမျိုးသမီး၏ဟန်ပန်သည်လည်း အေးစက်စက်ဖြစ်လာခဲ့သည်။
အရှင်လေဟာနယ်က မျက်မှောင်ကြုတ်သွား၏။
“ဟင်္သာငှက်အော်မြည်သံလား။ ဟင်္သာငှက်နိုးထလာတာလား…။ နင်ပြောခဲ့တဲ့ ဟင်္သာငှက်အမှတ်အသားနဲ့ ဆိုတဲ့ ဂျူနီယာ ဖြစ်နေနိုင်လောက်တယ်….”
သက်လတ်ပိုင်းမိန်းမလှ၏ မျက်နှာထက်၌ တုန်လှုပ်မှုတို့ ပြည့်နေ၏။ သူမမျက်နှာထက်၌ စိုးရိမ်မှုတစွန်းတစလည်း ရှိနေကာ သူမသည် ခပ်သွက်သွက် ပြောလိုက်သည်။ “ကျွန်မ သူ့ကို အရင်တုန်းက တွေ့တုန်းက သူ့မှာ ဟင်္သာငှက်အမှတ်အသားရှိတာ မှန်ပါတယ်။ဒါပေမဲ့ အဲ့အမှတ်အသားက လုံးဝ ချိပ်ပိတ်ခံထားရတာ။ ဒီလောက်အချိန်တိုအတွင်း နိုးထလာဖို့ မဖြစ်နိုင်ဘူး…”
“ဟင်္သာငှက်နိုးထလာခြင်း…။ဒါက နတ်လေးပါးကလန်မှာ မိုးလောက်ကြီးတဲ့ အဖြစ်အပျက်ပဲ…နတ်လေးပါးကလန်…” အရှင်လေဟာနယ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာ၏။သူသည် ထိုအမှတ်အသား နိုးထလာခွင့်အား မည်သူ့ကိုမျှ ခွင့်ပြုမည် မဟုတ်ပေ။သူသည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကို ထိန်းချုပ်နိုင်ဖို့ နတ်လေးပါးကလန်နှင့် တိုက်ခိုက်ခဲ့စဉ်က ဘယ်လောက်ခက်ခဲ၊ကြမ်းတမ်းခဲ့လည်း ဆိုတာ လုံးဝ မေ့နိုင်လိမ့်မည် မဟုတ်ပေ။မဟာမိတ်အဖွဲ့အစည်းသည် မိုးကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်တွေကို ပိုမိုရရှိခဲ့ခြင်း။ တောက်ပသောလေဟာနယ်သခင်မ၏ အကူအညီကို ရရှိခဲ့ခြင်းတို့ကြောင့်သာ မဟုတ်ပါက အခုလက်ရှိ မဟာမိတ်လို့ခေါ်နေသည့် ကြယ်အဖွဲ့အစည်းကို နတ်လေးပါးကြယ်အဖွဲ့အစည်းဟု ခေါ်တွင်နေရလောက်ပေပြီ။
သည်လိုအင်အားမျိုးဖြင့်ပင် မဟာမိတ်သည် နတ်လေးပါးကလန်ကို လုံးဝ အမြစ်မဖျက်နိုင်ခဲ့ပေ။ အရှင်လေဟာနယ်က နတ်လေးပါးကလန်၏ မည်မျှကြောက်မက်ဖွယ်ကောင်းပုံကို ပြန်တွေးမိချိန်၌ သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်က ပိုအားကောင်းလာတော့၏။
“ဒီလူက အောင်အောင်မြင်မြင် ဒီအမှတ်အသားကို နိုးထာစေပြီး ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေက ထွက်သွားနိုင်ခဲ့ရင် နတ်လေးပါးကလန်က သူ့ကို မြန်နိုင်သမျှ မြန်မြန် ရှာကြမှာပဲ။ နောက် သူ့ကို အမွေအနှစ်ဆက်ခံဖို့ ခေါ်ယူပြီး ကျိန်းသေပေါက် အကာအကွယ်ပေးလိမ့်မယ်…”
ငါတို့ ဒီလို ဖြစ်ခွင့် ပေးလို့ မရဘူး။ သူက နိုးထလာတဲ့အချိန်မှာ မသေခဲ့ဘူးဆိုရင်တောင် ငါတို့ ဒီနေရာမှာပဲ သူ့ကို သေချာပေါက် သတ်ပစ်ရမယ်…”
ဟင်္သာငှက်အော်မြည်သံသည် သည်ပုလင်းကမ္ဘာထဲ၌ အင်အားပြည့်အဟုန်ဖြင့် ထွင်းဖောက် ပျံ့နှံ့နေ၏။
ပုလင်းကမ္ဘာ၏ နယ်မြေ(၉၉)ခုလုံးသည် ဟင်္သာငှက်အော်သံနှင့် ပြည့်နေ၏။
သဲနက်ကန္တာရာတစ်ခုပေါ်၌ လူတစ်ယောက် ထိုင်နေ၏။ သူက ဝတ်စုံနက်ဝတ်ဆင်ထားကာ သည်ကန္တာရကနေ အဆုံးမဲ့မိစ္ဆာစွမ်းအင်းများ ထွက်ပေါ်ရင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေ၏။
သူသည် သည်နေရာ၌ ထိုင်နေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်၏။ သူက သည်နယ်မြေသို့ ဝင်ရောက်လာသည်နှင့် မိစ္ဆာစွမ်းအင်များကို ခုလိုထိုင်၍ စုပ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သူ့ပတ်လည်၌ မိစ္ဆာစွမ်းအင်များ ခြုံလွှမ်းနေ၏။ ထိုအခိုက်၌ ဟင်္သာငှက်အော်သံသည် မြည်ဟိန်းလာ၏။ထိုလူ့ ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များသည် ရုတ်တရက် ပြိုပျက် ပြန့်ကြဲသွားသည်။
ဝတ်စုံနက်နှင့်လူက ရုတ်တရက် မျက်လုံးဖွင့်လာကာ ကောင်းကင်ထက်သို့ သုန်မှုန်စွာ ကြည့်သည်။
ဟင်္သာငှက်အော်သံ ထွက်ပေါ်လာချိန်၌ ထိုလူ၏မျက်လုံးသည် အလွန်တောက်ပလာကာ သူ့မျက်ခုံးနှစ်ခုကြား၌ နဂါးအမှတ်အသား ပေါ်လာ၏။ ထိုအမှတ်အသားမှာ နဂါးနက်အမှတ်အသားပင်။
“သူ နိုးထလာပြီလား…။သူသာ ရှင်သန်နိုင်ခဲ့ရင် ငါနဲ့ တိုက်ခိုက်နိုင်ပြီ…” ထိုလူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားကို အနက်ရောင်အခိုးငွေ့များက မြန်ဆန်စွာ ပြန်ဖုံးကွယ်ပေးသွားသည်။ သူ့ထက်ကျင့်ကြံမှုအဆင့် မြင့်မားသည့်သူပင် တူညီသောသွေးမျိုးဆက်ရှိသူမဟုတ်ပါက ထိုအမှတ်အသားကို သတိပြုမိရန် အလွန့်အလွန်ခက်ခဲပေလိမ့်မည်။
ပုလင်းကမ္ဘာ၌ စစ်ထူနန်ကလည်း မိစ္ဆာစွမ်းအင်များကို စုပ်ယူနေ၏။
စစ်ထူနန်က သူသည် တော်ဝင်နေရာတစ်ခုသို့ ရောက်နေသည်ဟု ခံစားနေရ၏။ သူ့နယ်မြေရှိ သဲနက်တစ်ဝက်ကျော်သည် ဖုန်မှုန့်ဘဝ ရောက်သွားခဲ့ပြီ ဖြစ်၏။ သူ့မောက်မာသောရယ်သံက သည်နယ်မြေတစ်ခွင် ပျံ့နှံ့နေ၏။ သူ့ပတ်လည်၌လည်း မိစ္ဆာစွမ်းအင်ဝဲကတော့တစ်ခု ရှိနေ၏။
ထူးဆန်းစွာ စစ်ထူနန်၏ဆံပင်များက ထိုဝဲကတော့ဗဟိုချက်အတွင်းသို့ လွင့်မြောနေ၏။ သူသည် မိစ္ဆာစွမ်းအင်များနှင့် အလုံးစုံ ဖုံးနေသည်။ သူသည် မိစ္ဆာစွမ်းအင်များကို ပို၍ စုပ်ယူလေလေ သဲများသည် ပို၍ ပျက်စီးလာလေ ဖြစ်နေရင်း သူ့ခန္ဓာကိုယ်ထဲသို့ မိစ္ဆာစွမ်းအင်များ ဝင်ရောက်နေသည်။
“သိပ်ကောင်းတယ်…သိပ်ကောင်းတယ်။ ဒီနေရာမှာ ဒီလိုမိစ္ဆာစွမ်းအင် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒီအဘိုးအိုအိုအတွက်တော့ ဒါက အကောင်းဆုံးပဲ။ ကံမကောင်းစွာနဲ့ ငါက အများကြီး မစုပ်ယူနိုင်ဘူး။ ငါ့မှာ လုံလောက်တဲ့ပမာဏရရင် ဝမ်လင်းကို သွားရှာဖို့ လိုသေးတယ်။ ဒီကောင် အခု ဘာလုပ်နေလဲ ငါ သိချင်မိတယ်…” စစ်ထူနန်က မိစ္ဆာစွမ်းအင်များကို စုပ်ယူနေရင်း သူ့မျက်လုံးတို့မှာ တောက်ပနေချေသည်။
ဟင်္သာငှက်အော်မြည်သံက လောကတွင် ပဲ့တင်ထပ်လာသည့်အခါ စစ်ထူနန်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်ဝဲကတော့ကို ရုတ်တရက် ပျက်စီးသွားစေ၏။
သူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်၏။သူ့ပုံစံက ကြမ်းကြုတ်၍ စိတ်မရှည်နိုင်ဟန် ဖြစ်နေသည်။သို့သော် သူ့မျက်လုံးတို့က ပို၍ တောက်ပလာကာ သူသည် စတင် ရယ်မောတော့၏။
“ဒီငှက်အော်သံထဲမှာ ဝမ်လင်းရဲ့အော်ရာ ပါဝင်နေတယ်။ ကြည့်ရတာ ဒီကောင်လေးလင်းက မသေဘူးပဲ။ ဒါဆို ငါသူ့အတွက် စိတ်ပူစရာ မလိုတော့ဘူး…”
ပုလင်းကမ္ဘာထဲ၌ နောက်တစ်ယောက် ရှိနေ၏။သူကတော့ ခေါင်းတုံးပြောင်လူငယ်ပင်။သူသည် သဲနက်ထုထဲတွင် နတ်ဆိုးအပြုံးကို တပ်ဆင်၍ လျှောက်နေ၏။ သူ့ခန္ဓာကိုယ်က ဖျပ်ခနဲဖျပ်ခနဲဖြင့် နယ်မြေတို့ကို ချိုးဖျက်နေ၏။ သူသည် သဲနက်ကန္တာရာတစ်ခု၌ နောက်တစ်ကြိမ် ပေါ်လာ၏။ သည်နေရာက ပုလင်းကမ္ဘာထဲရှိ နောက်ထပ်နယ်မြေတစ်ခုပင်။
“ဒီနယ်မြေတွေအတွင်းမှာ အထီးကျန်ကန္တာရအခိုးအငွေ့ပန်းချီကား ရှိနေသင့်တယ်။ ရှေးဟောင်းနတ်ဆိုးထာကျား…ငါ…ပေလောက ခုထိ အလုံးစုံပြန်မကောင်းသေပေမဲ့ ငါ့စွမ်းအားရဲ့ (၈၀) ရာခိုင်နှုန်း ပြန်ရပြီ။ ဒီတစ်ခါတော့ မင်း အတိတ်တုန်းကလို တူညီတဲ့အခွင့်အရေးမျိုး ရှိတော့မှာ မဟုတ်ဘူး…”
ပေလော၏ ညာမျက်လုံးသည် တောက်ပနေ၏။ သူ့ညာမျက်လုံးထဲရှိ နတ်ဆိုးစွမ်းအင်များထဲ၌ တောက်ပသောကြယ်ခုနစ်လုံး ရှိနေ၏။
ရှေးဟောင်းနတ်ဘုရားသည် သူတို့၏မျက်ခုံးကြား၌ သူတို့၏ကြယ်များ ရှိကြ၏။ ရှေးဟောင်းနတ်ဆိုးများကမူ သူတို့၏ ညာမျက်လုံးထဲတွင် ကြည်များရှိကြသည်။ ရှေးဟောင်းမိစ္ဆာများကမူ သူတို့၏ဘယ်မျက်လုံးထဲ၌ ကြယ်များရှိကြပေသည်။
နတ်ဆိုးကြယ်ခုနစ်လုံးက မြန်ဆန်စွာ လှည့်လည်နေ၏။ သူ့ ခြေထောက်ကို နောက်ထပ်လှမ်း၍ ပင့်မြှောက်လိုက်စဉ် ဟင်္သငှက်အော်မြည်သံ ထွက်ပေါ်လာ၏။ ပေလော ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များမှာ လွင့်ပါးသွား၏။ သူက နယ်မြေနှစ်ခုကြား ရပ်၍ အထက်သို့ မော့ကြည့်လိုက်သည်။
“ချိပ်ပိတ်နယ်မြေရဲ့ မဟာနတ်သားရဲလေးကောင်ထဲက ဟင်္သာငှက်…” ပေလောသည် ခဏတာ စဉ်းစားနေ၏။ထို့နောက် သူ့ညာမျက်လုံးထဲရှိ ကြယ်များသည်လည်း ပျောက်ကွယ်သွားသည်။ သည့်နောက် ခြေတစ်လှမ်းဖြင့် သူလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
ပုလင်းကမ္ဘာထဲရှိ လူများသည် ဟင်္သာငှက်အော်မြည်သံကြောင့် တုန်လှုပ်နေမိကြသည်။ သူတို့အားလုံးက သည်ကိစ္စအပေါ်၌ မတူညီသောအတွေးကိုယ်စီ ရှိနေကြသည်။သူတို့အပြင် ပုလင်းကမ္ဘာ၏ ပြင်ပတွင်လည်း တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့ပေသည်။
သစ်သားတံတားပေါ်တွင် မိစ္ဆာစွမ်းအင်များအတွင်း၌ ထိုင်နေသည့်သူသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအင်တို့သည်လည်း မြန်ဆန်စွာ ပျံ့လွင့်လာသည်။
တံတားအောက်ရှိ ပုန်းကွယ်နေသော ရိပ်များသည်ပင် ထိုတံတားပေါ်မှ လူ၏ မိစ္ဆာစွမ်းအင်များကို ကြောက်ရွှံ့ကာ တုန်ယင်နေကြသည်။
သူ့ရှေ့ရှေ့ အဖြူရောင်ကျောက်စိမ်းပုလင်းသည်လည်း အတွင်းမှ ဟင်္သာငှက်အော်မြည်သံ ထွက်ပေါ်လာချိန်တွင် တုန်ယင်နေသည်။ ထိုတုန်ခါမှုက အထွတ်အထိပ်သို့ ရောက်လာကာ အော်မြည်သံသည် ထွင်းဖောက်ထွက်လာတော့မည့်အလားပင်။
“သေစွမ်း ဒီချိပ်ပိတ်နယ်မြေရဲ့ ဟင်္သာငှက်က ဘယ်လိုလုပ် ဝင်ရောက်လာတာလဲ…”
သူ့အံတင်းတင်းကြိတ်သံသည် မြူနက်များအတွင်းက ထွက်ပေါ်နေသည်ကို ကြားရ၏။ သူသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ မရေမတွက်နိုင်သော မိစ္ဆာစွမ်းအင်အမျှင်တန်းများသည် သူ့လက်ချောင်း၌ ပေါ်လာ၏။ သူ့လက်ချောင်းကို ညွှန်လိုက်ရာ မိစ္ဆာစွမ်းအင်အားလုံးသည် ထိုပုလင်းထဲသို့ ဝင်ရောက်သွားကြသည်။
ပုလင်းကမ္ဘာထဲပ ဝမ်လင်းပတ်လည်ရှိ မီးတောက်ပင်လယ်သည် ဟင်္သာငှက်ထံသို့ တဟုန်ထိုး တိုးဝင်နေ၏။
ပေတစ်ရာလောက်ရှိသည့် ဟင်္သာငှက်သည် လုံးဝ နီရဲနေ၏။၎င်း၏ တောင်ပံခတ်သည့်အခါ ပေရာချီ၍ ပြန့်ကား၏။၎င်း၏ အမြှီးသည် ပို၍ထည်ဝါလို့ပင် နေသည်။
အထူးသဖြင့် သည်ဟင်္သာငှက်၏မျက်လုံးကနေ အေးစက်စက်အကြည့် ပေါ်နေခြင်းပင်။ထို့အကြည့်က ဝမ်လင်း၏အကြည့်နှင့် ထပ်တူ တူနေသည်။
မီးတောက်ပင်လယ်သည် စတင် စုစည်းရင်း မျက်စိတစ်မှိတ်အတွင်း ဟင်္သာငှက်၏ စုပ်ယူခြင်းကို ခံရသည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက မီးတောက်ပင်လယ်သည် အရပ်မျက်နှာအနှံ့ကနေ မြင့်တက်နေသည်ကို တွေ့ရပေမည်။ ဟင်္သာငှက်အော်မြည်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သည်တစ်ကြိမ်၌ ဤအသံတွင် ကျေနပ်ပျော်ရွှင်မှုတို့ ပါနေသည်။
ထိုဟိန်းမြည်သံ ထွက်ပေါ်လာနေရင်း သည်နယ်မြေအတွင်းရှိ ကီလိုမီတာသန်းချီကို ဖုံးအုပ်ထားသည့် မီးတောက်များသည် ၎င်းငှက်ထံသို့ အရူးအမူး စုစည်းလာနေ၏။
မီးတောက်အရှိန်က ကြီးမားလွန်းလှ၏။ ထိုမီးတောက်များမှ ထွက်ပေါ်နေသည့် အပူရှိန်ကပင် သတ်ဖြတ်ပစ်ဖို့အတွက် လုံလောက်နေသည်။
ထိုအံ့မခန်းအပူချိန်အောက်၌ ဝမ်လင်း၏ အရေပြားတို့မျာ အက်ကွဲနေ၏။ သူ့အရေပြားသည် အပူချိန်ကြောင့် ကွာကျလိုက် အသစ်ဖြစ်ပေါ်လိုက် သိပ်မကြာခင်တွင် အပူအက်ကြောင်းများပေါ်လာလိုက် ဖြစ်နေ၏။
သူ့ခန္ဓာကိုယ်ထဲရှိ အပူဓာတ်သည်လည်း အံ့မခန်းအဆင့်သို့ ရောက်နေလေပြီ။ အစောပိုင်းကသာဆိုပါက အခုလိုမျိုးအပူအားကို သူ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အား ပြာမှုန်ဖြစ်သွားစေနိုင်၏။ သိုသော် ဟင်္သာငှက်နိုးထလာပြီးသည့်နောက် ထိုအပူအားမှာ သူ့တောင့်ခံနိုင်သည့်အရာ ဖြစ်လာ၏။
ဝမ်လင်း၏မျက်လုံးတို့ကလည်း တောက်ပနေကာ သူ့မူလစွမ်းအင်သည်လည်း အရူးအမူးလှည့်ပတ်ရင်း အပူကို စုပ်နေ၏။ သိပ်မကြာခင်တွင် သူ့မူလစိတ်ဝိညာဉ်၏ အပူချိန်သည် အံ့မခန်းအဆင့်ထိတိုင် ရောက်လာသည်။
သည်လိုအပူမျိုးက မည်မျှာမာကြောသည့် အသားအရေကို ဖြစ်စေ ဖျက်စီးပစ်နိုင်ပေ၏။ ဟင်္သာငှက်အစစ်အမှန် နိုးထလာဖို့က ခက်ခဲသည်မှာ မှန်၏။ မရေမတွက်နိုင်သောနှစ်များအတွင်း နတ်လေးပါးကလန်၌ ဟင်္သာငှက်နိုးထလာစေသူများ ရှိခဲ့ပေသည်။သို့ရာတွင် နိုးထလာသည့်အခိုက်အတန့်၌ ထိုသူများထဲမှ အများစုသည် အပူကို တောင့်ခံနိုင်ခြင်း မရှိဘဲ ပြာမှုန့်ဘဝသို့ ရောက်သွားခဲ့ရပေသည်။
***