Switch Mode

အပိုင်း (၁၀၇၂)

ဟင်္သာငှက်နိုးထလာခြင်း

မူလစွမ်းအင်သည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာသည့် မီးတောက်ထဲ၌ ပြည့်နေ၏။ ဝမ်လင်းသည် ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကို ၎င်းစွမ်းအား စုပ်ယူရန် အမိန့်ပေးသည်။ သူက စုပ်ယူလိုက်သည့်အခိုက် သူ့မူလစိတ်ဝိညာဉ်ထဲမှ နာကျင်မှုကို ခံစားရသည်။

ဝမ်လင်းသည် အံတင်းတင်းကြိတ်ထား၏။ နာကျင်မှုများကို တောင့်ခံထားသည်။

အချိန်မည်မျှ ကြာသွားမှန်း မသိသည့်နောက် သူ့မူလစိတ်ဝိညာဉ်ထဲရှိ နာကျင်မှုမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာ၏။ မီးတောက်ထဲရှိ မူလစွမ်းအင်သည်လည်း သူ့မူလစိတ်ဝိညာဉ်နှင့်အတူ ဖြည်းညင်းစွာ‌ ပေါင်းစပ်ကာ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။

ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ ပင်ပန်းနွမ်းနယ်မှုတို့ကို တွေ့ရသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်၌ သူ့ပတ်လည် ပေသုံးဆယ်အတွင်းရှိ မီးတောက်များသည် သူ့ဒွာရပေါက်များထဲသို့ ပြန်ဝင်ရောက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိလာသည်။

သို့ရာတွင် ဝမ်လင်းသည် သည်တစ်ကြိမ်၌ နွေးထွေးမှုကိုသာ ခံစားရ၏။မီးတောက်များက သူ့မူလစွမ်းအင်နှင့် အလျင်အမြန် ပြန်ပေါင်းစပ်သွားသည်။

“ငါ့မူလစွမ်းအင် နည်းနည်း တိုးပွားလာပြီ။ ဒီနည်းလမ်းက အန္တရာယ်များပေမယ့်လည်း အလုပ်ဖြစ်နိုင်တယ်…” ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းကာ မျက်လုံး ပြန်မှိတ်သည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူက မတ်တပ်ထရပ်၏။ သူသည် ပင်ပန်းဟန်ပေါ်နေသော်လည်း‌ မျှော်စင်ပြင်ပသို့ လှမ်းထွက်သွား၏။

မျှော်စင်ပြင်ပတွင် မီးတောက်လောက ဖြစ်နေ၏။ အနက်ရောင်အခိုးငွေ့များက ကောင်းကင်ကို ခြုံလွှမ်းထားသည်။ သည်တစ်ကြိမ်၌ ဝမ်လင်းသည် အပြင်တွင် နည်းနည်းပိုကြာကြာနေလိုက်၏။ သူ့ညာလက်ဖြင့် လက်သီးစုပ်ခန့် မီးတောက်တစ်ခုကို ဖမ်းဆုပ်ယူကာ မျှော်စင်ထဲသို့ ပြန်ဝင်ရောက်လာသည်။

မီးတောက်များ ဝန်းရံလာသည်ကို လစ်လျူရှု၍ ဝမ်လင်းသည် မျှော်စင်အတွင်း၌ ထိုင်ချ၏။ သူသည် သူ့လက်ထဲရှိ မီးတောက်ကို စူးရဲစွာ ကြည့်သည်။ထို့နောက် ၎င်းကို ဝါးမြိုပစ်လိုက်သည်။

အချိန်သည် ခပ်ဖြည်းဖြည်းချင်း ကုန်နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ကို ပြန်စုဆောင်းနိုင်ဖို့ သူသည် နာကျင်မှုကို တောင့်ခံ၏။ သူသည် မီးပင်လယ်ထဲမှ မီးတောက်များကို ဆက်လက် ထုတ်ယူကာ သူ့မူလစွမ်းအင်များနှင့် ရောယှက်သမူဟ ဖြစ်စေသည်။

အစပိုင်း၌ သူသည် လက်သီးစုပ်ခန့်မီးတောက်ကိုသာ စုပ်ယူနိုင်၏။သို့သော် နောက်ပိုင်း ဦးခေါင်းအရွယ် မီးတောက်ကို စုပ်ယူလာနိုင်၏။ဝမ်လင်းသည် ၎င်းကို ဝါးမြိုရန်ပင် မလိုတော့ဘဲ ၎င်းမီးတောက်အားလုံးကို ခုချိန်တွင် ရှိုက်သွင်းနိုင်နေပြီပင်။

ဝမ်လင်းကို သိခဲ့ဖူးသူများပင် သည်မျှော်စင်ထဲရှိ သူ့ကို မှတ်မိနိုင်ဖို့ ခက်ခဲပေမည်။ သူသည် ခုချိန်၌ အချိန်အတန်ကြာ မိစ္ဆာစွမ်းအင်များကို စုပ်ယူခဲ့သည့်အတွက် အရိုးပေါ်အရေတင်နေသည်။ ခုချိန်တွင်လည်း သူ့အရေပြားပေါ်တွင် အက်ကြောင်းများ ပေါ်နေကာ သူ့ရုပ်သွင်ကို ပို၍ ကြောက်မက်ဖွယ်ကောင်းနေစေသည်။

သူ့ဆံပင်များမှာလည်း တောက်ပခြင်းအလျင်းကင်း၍ သွေ့ခြောက်နေသည်။ သို့သော် သူ့မျက်လုံးကမူ တောက်ပသထက် တောက်ပနေ၏။ ဝမ်လင်းအကြည့်ကို တွေ့မြင်ရပါက ထိုသူသည် လောင်ကျွမ်းသောအပူဓာတ်ကို ခံစားရပေလိမ့်မည်။

အမှန်တကယ် ထူးဆန်းသည်က သူ့မျက်ခုံးနှစ်ခုကြားက အရာပင်။ လွန်ခဲ့သောရက်အချို့က သူသည် မီးတောက်များစွာကို စုပ်ယူပြီးသည့်နောက် သူ့မျက်ခုံးနှစ်ခုကြား၌ တစ်ခုခုပြောင်းလဲလာသည်ဟု ခံစားမိ၏။ ထိုခံစားချက်သည် ဟင်္သာငှက်အမှတ်အသားကနေ လာခြင်းပင်။

“ဒီမီးတောက်တွေကို စုပ်ယူတာက ငါ့မူလစွမ်းအင်ကို ပြန်ကောင်းမွန်စေရုံတင်မက ဒီအပူဓာတ်ကိုပါ ဖန်တီးစေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့လည်း ငါ့ခန္ဓာကိုယ်ထဲက အပူဓာတ်ဟာ ချင်းလင်ရဲ့ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း မန္တာန်က အပူနဲ့တော့ ကွာခြားတယ်…” ဝမ်လင်းသည် မျက်လုံးဖွင့်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်၏။

“အစတုန်းကတော့ ငါက မူလစွမ်းအင် ပြန်ကောင်းမွန်ဖို့ပဲ ဒီမီးတောက်ကို စုပ်ယူဖို့ ရည်ရွယ်ထားခဲ့တာ။ ခု ကြည့်ရတာ ငါ များများ ပိုစုပ်ယူလေလေ ငါ့အတွက် ပိုအကျိုးရှိလေ ဖြစ်နေတဲ့ပုံပဲ…” ဝမ်လင်းသည် မတ်တပ်ထရပ်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

သူက မျှော်စင်အပြင်ဘက်သို့ ခြေချလိုက်သည့်နောက် မီးတောက်များသည် သူ့ထံသို့ လှိုင်းတံပိုးများအလား တိုးဝင်လာကြသည်။ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင်။ သူက မီးတောက်များ ရိုက်ခတ်ကာ သူ့အား ဝန်းရံသည်ကိုလည်း ခွင့်ပြုပေးထားသည်။

သူသည် မီးတောက်များကြား၌ ရပ်နေရင်း ရှေ့သို့ တည်ငြိမ်စွာ ဆက်လျှောက်သည်။

မီးတောက်ပင်လယ်ကြား၌ လျှောက်လှမ်းခြင်းက အံ့ဩဖွယ်ရာပင်။ လင်းထျန်ဟူသာ သည်နေရာတွင် ရှိနေပါက ခုချိန်တွင် ဝမ်လင်းကို ကြည့်ကာ တုန်လှုပ်မိပေလိမ့်မည်။

လင်းထျန်ဟူပင် သည်မီးတောက်ပင်လယ်ထဲ၌ ခုလိုမျိုး ဘာသိဘာသာ လျှောက်နိုင်ခြင်း မရှိပေ။

ဆယ့်ငါးမိနစ်ခန့် တည်ငြိမ်စွာ လျှောက်လှမ်းသွားပြီးနောက်တော့ သူသည် ရပ်တန့်လိုက်သည်။ ဆယ့်ငါးမိနစ်လောက် မနှေးမမြန် လျှောက်၍ ရောက်လာသည့်အကွာအဝေးမှာ သူ့အကန့်အသတ်ပင်။ ပို၍ ဆက်လျှောက်လေလေ မီးတောက်များက ပို၍ အားကောင်းလာမည် မဟုတ်လား။ပို၍လည်း ပူပြင်းလာမည်သာ။

သူ့ရှေ့ရှိ မီးတောက်ပင်လယ်ကို ကြည့်ကာ ဝမ်လင်းသည် ထိုင်ချ၍ သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိက်သည်။ ထို့နောက် သူ့ဘယ်ညာနှစ်ဖက်စလုံးတွင် မီးတောက်အမျှင်တန်းနှစ်ခု စတင် စုစည်းကာ သူ့ခန္ဓာကိုယ်အရွယ်အစားလောက်ရှိသည့် မီးတောက်လုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်လင်းသည် သူ့ပါးစပ်ကို ဟ၍ ရှိုက်သွင်း၏။ မီးတောက်လုံးသည် ဝမ်လင်းပါးစပ်ထဲတွင် ပျောက်ကွယ်သွားသည့်အထိ ကျုံ့လာခဲ့သည်။ အပူဓာတ်မြောက်များစွာသည် သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသည်။ ဝမ်လင်းသည် မီးတောက်ပင်လယ်အတွင်း၌ အမှန်ပင် နစ်မြုပ်နေ၏။

သုံးရက်ကြာပြီးနောက် သူ့ပတ်လည်ရှိ မီးတောက်များသည် အထက်သို့ ရုတ်တရက် ဆန်တက်၏။ ဝမ်လင်းသည် ဖြည်းဖြည်းချင်း မတ်တပ်ပြန်ရပ်သည်။ သူ့အသားအရေသည် ပို၍ ခြောက်ကပ်လာ၏။သူ့မျက်လုံးကမူ ပို၍ တောက်ပနေလေပြီ။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်၍ ပတ်ဝန်းကျင်မီးတောက်များနှင့် ပေါင်းစပ်သည်။ ထိုအဖြစ်က အံ့မခန်းအပူကိုထုတ်လွှတ်စေ၏။

“နည်းနည်းလွဲနေသေးတယ်…” ဝမ်လင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်၍ သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ကာ ရှေ့သို့ ဆက်လျှောက်သည်။ သူ ရှေ့သို့ ပိုဆက်လျှောက်လေလေ အနက်ရောင်မျှော်စင်က သူ့မြင်ကွင်းကနေ ပျောက်လာတော့သည်။

ဝမ်လင်း ရှေ့ဆက်လျှောက်နေရင်း အချိန်သည် ကုန်ဆုံးနေ၏။ သူသည် သူ့အကန့်အသတ်သို့ ရောက်တိုင်း ထိုင်ချ၍ ကျင့်ကြံ၏။ထို့နောက် မီးတောက်များကို ခုခံနိုင်သည့် စွမ်းအား ပိုင်ဆိုင်လာသည်နှင့် ရှေ့ဆက်လျှောက်သည်။

မျက်စိတစ်မှိတ်အတွင်း လေးလကုန်သွားခဲ့ပေပြီ။

ဝမ်လင်းသည် ခုချိန်၌ အနက်ရောင်မျှော်စင်နှင့် အတော်လှမ်းဝေးနေလေပြီ။သူ့ပတ်ပတ်လည်တွင်လည်း မီးတောက်ပင်လယ်က ဝန်းရံထားသည်။

ဝမ်လင်းအရောပြားပေါ်ရှိ မီးလောင်အက်ကြောင်းများမှာ ပျက်စီးသွားခဲ့ပြီး ဖြစ်ကာ အရေပြားအသစ်ပေါ်လာ၏။သို့ရာတွင် သိပ်မကြာခင်တွင်ပင် ထိုအရေပြားသစ်သည်လည်း အက်ကြောင်းများနှင့် ပြန်ပြည့်သွားပြန်သည်။

“ဒီနေရာရဲ့ အပူနဲ့ဆို လုံလောက်သင့်ပြီ…” ယနေ့တွင် ဝမ်လင်းသည် လျှောက်လှမ်းနေခြင်းကို ရပ်တန့်ကာ ခပ်ပြင်းပြင်း အသက်ရှိုက်၏။ သူက ရှိုက်သွင်းနေရင်း သူ့ရှေ့ရှိ မီးတောက်ပင်လယ်သည် ရွှေ့လျားလာသည်။ မီးတောက်များစွာသည်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသည်။

သို့ရာတွင် သည်တစ်ကြိမ်၌ ဝမ်လင်းသည် သူ့မူလစွမ်းအင်ကို မီးတောက်များနှင့် ပေါင်းစပ်ခြင်း မပြုတော့ပေ။ ထိုအစား သူသည် ၎င်းမီးတောက်အားလုံးကို သူ့မျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားရှိရာသို့သာ စီးဆင်းစေသည်။

၎င်းမီးတောက်အားလုံးသည် အမှတ်အသားထဲသို့ ဝင်ရောက်သွားသည့်နောက် ယင်းအမှတ်အသားသာသည် ပို၍ မြင်သာထင်သာ ရှိလာကာ အသက်ဝင်လာသည့်အလား။ ထိုအမှတ်အသားမှာ ဟင်္သာငှက်အမှတ်အသားမည်၏။

ထိုအမှတ်အသားပုံစံသည် သည်လများအတွင်း အတော်လေး ပြောင်းလဲနေခဲ့ပြီးနောက် ခုမှ ပထဆုံးမြင်သာထင်သာ ရှိလာခြင်းပင်။ ဝမ်လင်းသည် မီးတောက်များကို ပို၍ စုပ်ယူလေလေ အမှတ်အသားသည် မြန်ဆန်စွာ ပြောင်းလဲနေ၏။ထိုအမှတ်အသားသည် တဖြည်းဖြည်းဖြင့် အစစ်အမှန်ဟင်္သာငှက်အသွင်သို့ ပြောင်းနေ၏။

ဟင်္သာငှက်တစ်ကောင် မြန်ဆန်စွာ ကြီးထွားလာသည့်အလား ထင်ရ၏။၎င်းက ဆက်လက်၍ အထည်ဒြပ်ပိုဆန်လာကာ အမှတ်အသားထဲမှ ချိုးဖျက်လွတ်လပ်ရန် အဆင့်သင့် ဖြစ်နေသည့်အလား။

“မလုံလောက်သေးဘူးလား…” ဝမ်လင်းသည် ရုတ်တရက် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ကာ သည်ဧရိယာကို ခြုံလွှမ်းသည်။ မီးတောက်များအားလုံးသည် သူ့ထံသို့ ဆွဲငင်ခြင်း ခံရကာ သူ့ခန္ဓာကိုယ်တစ်လျှောက် လွှမ်းခြုံသည်။ သိပ်မကြာခင်တွင် မီးတောက်များအားလုံးသည် ဝမ်လင်း၏ ဒွာရပေါက်များကနေ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြ၏။

အဆုံးမဲ့မီးတောက်များက သူ့ကိုယ်ထဲသို့ ဝင်ရောက်နေရင်း ဝမ်လင်းသည် ၎င်းတို့အားလုံးကို သူ့မျက်ခုံးနှစ်ခုကြားထဲသို့ တွန်းပို့၏။ ထိုအမှတ်အသားသည် နီရဲစွာတောက်ပလာ၏။

ဝမ်လင်းသည် ကောင်းကင်ထက်သို့ ခုန်တက်လိုက်၏။ အနီရောင်အလင်းသည်လည်း တောက်ပနေသည်။ မြေပြင်ထက်မှ မီးတောက်များမှ သူ့နောက်သို့ လိုက်ပါလာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်၍ ဝင်ရောက်နေသည်။ ဤမြင်ကွင်းက တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။

“ခုထိ မလုံလောက်သေးဘူးလား…” ဝမ်လင်း၏မျက်လုံးသည် ထူးဆန်းသောအလင်းတစ်ခုကို ထုတ်ဖော်လာ၏။ သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ ဆန့်ထုတ်သည်။ သူသည် မီးတောက်ပင်လယ်တစ်ခုလုံးကို ထွေးပွေ့လိုက်သည့်အလား သူ့မူလစွမ်းအင်များလည်း ဖြန့်ကားထွက်လာသည်။ ဝမ်လင်းမူလစွမ်းအင် ပျံ့နှံ့နေရင်း နောက်ထပ် မီးတောက်ပင်လယ်သည် ကောင်းကင်ထက်၌ ပေါ်လာသည်။

သည်မီးတောက်များသည် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ မီးတောက်များနှင့် ဖန်တီးထားခြင်းပင်။ မီးတောက်ပင်လယ်က စုပ်အားကိုဖန်တီး၍ မြေပြင်ထက်ရှိ မီးတောက်များနှင့် ပြည့်လျှမ်းလာသည်ဟု ထင်ရသည်။မြေပြင်ထက်ရှိ မီးတောက်အားလုံးသည် တဟုန်ထိုး ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြ၏။

မြေပြင်ထက်ရှိ မီးတောက်များသည် ရွှေ့လျားနေရင်း အဆုံးမဲ့မီးတာက်များသည် အရပ်မျက်နှာအနှံ့ကနေ စုစည်းလာသည်ဟုပါ ထင်ရသည်။

မီးတောက်မြောက်များစွာ သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်ဝင်ရောက်နေရင်း ၎င်းတို့၏ လားရာသည် ဝမ်လင်းမျက်ခုံးနှစ်ခုကြားရှိ အမှတ်အသားဆီသို့ပင်။ အမှတ်အသားထံမှ အနီရောင်အလင်းသည် အထွတ်အထိပ်သို့ ရောက်လာချိန်၌ နီရဲတောက်သော ဟင်္သာငှက်အမှတ်အသား ဖြစ်ပေါ်လာတော့သည်။

ထိုဟင်္သာငှက်အမှတ်အသား ပေါ်လာချိန်တွင် ဤပုလ္လင်းကမ္ဘာအတွင်း၌ ကောင်းကင်တုန်ဟီးဖွယ်အသံတစ်ခုသည် လေဟာနယ်ကို ထိုးခွင်းစုတ်ဖြဲ ပေါ်လာခဲ့တော့သည်။

ထိုအော်မြည်သံက ဟင်္သာငှက်၏အော်သံပင်။ ထိုအော်သံက ကောင်းကင်ကို တုန်ယင်စေသည်။ ထိုဟင်္သာငှက်အော်မြည်သံသည် ဟင်္သာငှက်တသီတသန်းအဖွဲ့ဝင်အဖြစ် ဝမ်လင်း ဖြစ်လာသည်ဟု ဆိုလိုနေသကဲ့သို့ပင်။

ထိုနီရဲသော ဟင်္သာငှက်သည် အလွန်ထည်ဝါကာ ဉာဏ်ပညာနှင့်ပြည့်လျှံသည်။ ၎င်းပေါ်လာကာ အော်မြည်သံကို ထုတ်ဖော်သည်နှင့် သဲနက်ကန္တာရအတွင်းရှိ မီးတောက်အားလုံးသည် စတင် ရူးသွပ်လာကြချေသည်။

အတောမသပ်နိုင်သည့် မီးတောက်များသည် ဝမ်လင်းဘေးနားရှိ ဟင်္သာငှက်အနားသို့ အံ့မခန်းအမြန်နှုန်းဖြင့် တိုးဝင်လာကြသည်။

ထိုအမှတ်အသားသည် နိုးထလာခဲ့ချေပြီ။ ဟင်္သာငှက်စိတ်ဝိညာဉ် ပေါ်ထွန်းလာချေပြီ။ အတိတ်တုန်းက နတ်လေးပါးကလန်၌ ကိစ္စရပ်ကြီးတစ်ခု ရှိခဲ့၏။ ဟင်္သာငှက်တသီတတန်းမှ အစိတ်အပိုင်းတစ်ခုကို နိုးထစေနိုင်သူတိုင်းသည် မတော်တဆကိစ္စသာ မဖြစ်လာခဲ့ပါက နတ်လေးပါးအင်ပါယာများ ဖြစ်လာကြသည်နှင့် တူသည်ဟု သတ်မှတ်ခဲ့ကြသည်။

ဤအခိုက်အတန့်၌ ဝမ်လင်းသည် ဟင်္သာငှက်တသီတတန်းတွင် နိုးထစေနိုင်သည့်သူ တစ်ယောက် ဖြစ်လာခဲ့ချေပြီ။

ထိုဟင်္သာငှက်၏အော်မြည်သံသည် ဝမ်လင်းရှိနေသော နယ်မြေကိုသာ တုန်လှုပ်စေသည် မဟုတ်ပါ။ ဤအခိုက်အတန့်၌ ပုလင်းကမ္ဘာထဲရှိ အခြားနယ်မြေအားလုံးတွင်လည်း တုန်လှုပ်ဖွယ် ဟင်္သာငှက်အော်မြည်သံကို ကြားလိုက်ရပေသည်။

လင်းထျန်ဟူသည်လည်း သူ့နယ်မြေရှိ အနက်ရောင်မျှော်စင်အတွင်း၌ ထိုင်နေကာ ကျင့်ကြံနေသည်။သို့ရာတွင် ဤအခိုက်အတန့်၌ ဟင်္သာငှက်အော်မြည်သံ ထွက်ပေါ်လာခဲ့၏။ဤအော်မြည်သံသည် လောကကိုပင် တုန်ယင်စေနိုင်သည်။

လင်းထျန်ဟူသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ အလွန်တုန်လှုပ်မှုတို့ ပေါ်ထွက်နေသည်။

“ဟင်္သာငှက်အော်မြည်သံလား…”

ရှေ့ဖြစ်ဟောသူသည် လေထဲ၌ ရှိနေ၏။သူက ကောင်းကင်ကိုကြည့်၍ ရှေ့ဖြစ်ဉာဏ်ကို အသက်သွင်းနေသည်။ သူ့မျက်လုံးသည် တောက်ပသထက် တောက်ပနေ၏။ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာရင်း ခပ်တိုးတိုး ဆိုသည်။ “ဒါက ဒီလို…”

သို့သော် သူ့စကားမဆုံးသေးခင်မှာပင် ဟင်္သာငှက်အော်မြည်သံသည် သူရှိနေသော နယ်မြေတွင် ချက်ခြင်း မြည်ဟိန်းလာသည်။

ရုတ်တရက် ဟင်္သာငှက်အော်မြည်သံသည် ရှေ့ဖြစ်ဟောသူ၏ တွက်ချက်နေမှုကို ပျက်စီးသွားစေသည်။ သူ့ရှိနေသော နယ်မြေသည်ပင် တုန်ခါကာ ကောင်းကင်သည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွား၏။ဖြစ်တောင့်ဖြစ်ခဲပင် ရှေ့ဖြစ်ဟောသူ၏အသွင်သည် ပြောင်းလဲသွားသည်။

“မဖြစ်နိုင်ဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset